လုပ်ငန်းအင်ပါယာကြီး တစ်ခုထူထောင်တဲ့ ပုဂံကခရိုနီ

ရန်ကုန်နဲ့ မန္တလေးက တောက်ပတဲ့ မီးရောင်တွေနဲ့ ဝေးကွာတဲ့နေရာမှာ ပုဂံဒေသခံတစ်ဦးဟာ အထက်တန်းလွှာက မိတ်ဆွေတချို့အကူအညီနဲ့ လုပ်ငန်းအင်ပါယာကြီးတစ်ခုကို ထူထောင်နိုင်လိုက်ပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ရဲမွန် ရေးသားသည်။
ဦးညွန့်လူဟာ ဂူပြောက်ကြီးဘုရားကို စောင့်ရှောက်နေတာ နှစ်ပေါင်း ၃၀ နီးပါးရှိ‌နေပါပြီ။ ဒီဂူဘုရားကို ၁၂ ရာစုက တည်ဆောက်ခဲ့ပြီး အိန္ဒိယသြဇာ လွှမ်းမိုးတဲ့အသွင်ရှိပါတယ်။ ဦးညွန့်လူက ဒီဘုရားအတွက် လုံခြုံရေးယူပေးပြီး ဘုရားမှာရှိတဲ့ အဖိုးတန်နံရံဆေးရေးပန်းချီတွေ မပျက်စီးရအောင်လည်း စောင့်ရှောက်ပေးပါတယ်။ 
ဒီတာဝန်တွေထမ်းဆောင်ဖို့ ဦးညွန့်လူဟာ ၁၉၈၈ ခုနှစ်ကတည်းက ဘုရားပရဝုဏ်ဘေးက အိမ်လေးတစ်လုံးမှာ နေလာခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ သူဟာ အောက်တိုဘာလကုန်မှာ  နှင်ထုတ်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အိမ်ဟာ အဲဒီနေရာတဝိုက်က အထင်ရှားဆုံးနဲ့ သြဇာအရှိဆုံး စီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမင်းဦး ပိုင်ဆိုင်တယ်ဆိုတဲ့မြေပေါ်မှာ ရှိနေလို့ပဲဖြစ်ပါတယ်။
ဦးညွန့်လူရဲ့အိမ်ဟာ ပုဂံမြို့ဟောင်းရဲ့အရှေ့မြောက်ဘက် ဝက်ကြီးအင်းရွာက ဘုရားပရဝုဏ်နဲ့ ဦးမျိုးမင်းဦးပိုင်တဲ့ ပုဂံကဟိုတယ်တွေထဲက တစ်ခုဖြစ်တဲ့ ရွိုင်ရယ်ဟောက်စ်ဟိုတယ် Royal House Hotel ရဲ့ကြားမှာ တည်ရှိပါတယ်။ ပုဂံတဝိုက်မှာတော့ ဦးမျိုးမင်းဦးရဲ့ စီးပွားရေးလုပ်ငန်းအကျိုးစီးပွားတွေက ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါတယ်။
ဦးညွန့်လူကတော့ သူ့အိမ်ဟာ ညောင်ဦးမြို့နေဒေါ်ခင်မာကြည်က ဘုရားကိုလှူခဲ့တဲ့ မြေပေါ်မှာပဲ ဆောက်ထားတာလို့ဆိုပါတယ်။ (Frontier က ဒေါ်ခင်မာကြည်ကို ဆက်သွယ်လို့မရခဲ့ပါဘူး။)
“၁၉၈၈ ခုနှစ်ကတည်းက ကျွန်တော် ဒီမှာနေလာတာပါ။ အဲဒီအချိန်တုန်းကတော့ ဒီမြေကို ကျွန်တော်မသိတဲ့ တစ်ယောက်က ပိုင်ပါတယ်။ ဒါပေမဲ့ အခု ဒီမြေကို ဦးမျိုးမင်းဦးက ပိုင်တာလို့ အခြေချမှုနဲ့ မြေစာရင်းဦးစီးဌာနက ဆိုပါတယ်” လို့ ဦးညွန့်လူက သူ့အိမ်မှာ Frontier ကို ပြောပါတယ်။
၎င်းအားနှင်ထုတ်မှုကို ရှေးဟောင်းသုတေသနဌာနက ထောက်ခံပြီး ၎င်းကို ဂူပြောက်ကြီးဘုရားနဲ့ မီတာ ၆၀၀ ဝေးတဲ့ နောက်အိမ်တစ်လုံးမှာ နေရာချပေးစေချင်တာလို့ သူကပြောပါတယ်။ သူ့ရဲ့အကျပ်အတည်းအကြောင်း ဧည့်သည်တွေနဲ့ သူဆွေးနွေးတာကို ရှေးဟောင်းသုတေသနဌာနနဲ့ ဦးမျိုးမင်းတို့က မကြိုက်ဘူးလို့လည်း သူကပြောပြပါတယ်။
ပုဂံက ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်ဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကတော့ ဦးညွှန့်လူပြောသလို လှူဒါန်းတဲ့ မှတ်တမ်းမျိုးမရှိဘဲ အဲဒီမြေကို ဦးမျိုးမင်းဦးကသာ ပိုင်ဆိုင်တာလို့ဆိုပါတယ်။ “ဒါ့ကြောင့် ဘုရားစောင့်ရှောက်တဲ့သူဖြစ်တဲ့ ဦးညွန့်လူကို နေရာရွှေ့ပေးရမှာပါ” လို့ သူကပြောပါတယ်။
သတင်းရင်းမြစ်တချို့ကတော့ အဲဒီဘုရားရဲ့ပရဝုဏ်ထဲမှာ ရှေးဟောင်းစေတီနှစ်ဆူရှိပေမဲ့ ဟိုတယ်က ဧည့်သည်တွေကလွဲပြီး ဦးမျိုးမင်းဦးက ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘူးလို့ဆိုပါတယ်။ ဦးညွန့်လူကလည်း သူ(ဦးမျိုးမင်းဦး) ဟာ ရှေးဟောင်းသုတေသနဌာနအရာရှိတွေအပါအဝင် ဘယ်သူ့ကိုမဆို ခွင့်ပြုချက်မရှိဘဲ သူ့ဟိုတယ်ထဲဝင်ခွင့်မပေးရ၊ ဝင်လာသူမှန်သမျှ ကျော်နင်းမှုနဲ့ တရားစွဲဖို့ သူ့ဝန်ထမ်းတွေကို ညွှန်ကြားထားတယ်လို့ဆိုပါတယ်။
ဂူပြောက်ကြီးဘုရားဟာ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံဇုန်ထဲမှာရှိပြီး ပုဂံကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ လျှောက်ထားခဲ့လို့ အစိုးရရဲ့ စီမံခန့်ခွဲမှုအစီအစဉ်အရ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းကို တားမြစ်ထားပါတယ်။
ကပ်လျက်ရှိနေတဲ့ ဟိုတယ်ဝင်းဟာ အကာအကွယ်ပေးထားတဲ့ ထိန်းသိမ်းရေးဇုန်ထဲမှာရှိနေပြီး ကြားခံဇုန်လို့ခေါ်တဲ့ အဲဒီထဲမှာ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းကို ခွင့်ပြုချက်အရ ဆောင်ရွက်ခွင့်ရှိပါတယ်။ မြန်မာဟာ သူ့ရဲ့စီမံခန့်ခွဲရေးအစီအစဉ်ရဲ့အစိတ်အပိုင်းအရ ၂၀၂၈ ခုနှစ်မှာ ဟိုတယ်အားလုံးကို ကြားခံဇုန်ထဲက ဖယ်ရှင်းပေးရမှာဖြစ်ပါတယ်။
ဒါပေမဲ့လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွိုင်ရယ်ဟောက်စ်ဟိုတယ်ဟာ မျက်နှာသာပေးခံနေရတယ်လို့ စွပ်စွဲမှုတွေလည်းရှိနေပါတယ်။ ဒီဟိုတယ်ဝင်းဟာ ပုံမှန်အားဖြင့် ဂူပြောက်ကြီးဘုရားဝန်းကျင်က တားမြစ်ဇုန်ထဲမှာ ပါဝင်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံရှေးဟောင်းသုတေသနအသင်းရဲ့ အတွင်းရေးမှူး ဦးသူရအောင်က ပြောပါတယ်။ ဟိုတယ်ဝင်းဟာ ဘုရားအနီးက ကြားခံဇုန်ရဲ့အစိတ်အပိုင်းသာဖြစ်ပြီး ပတ်ပတ်လည်မှာ တားမြစ်ဇုန်ရှိနေတယ်လို့ သူကဆိုပါတယ်။
အဂတိလိုက်စားမှုတွေ ရှိနေတယ်ဆိုတဲ့ခန့်မှန်းမှုတွေ ရှိနေကြောင်းလည်း သူကပြောပါတယ်။ ဒါပေမဲ့ အထောက်အထားတော့ မရှိဘူးလို့ သူက Frontier ကို သြဂုတ် ၁၉ ရက်က ပြောပါတယ်။
ပုဂံအတွက် ဇုန်စီမံချက်ရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူရဲ့ သုံးသပ်ချက်ကိုရရှိဖို့ ဆက်သွယ်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
Frtontier ဟာ ဦးမျိုးမင်းဦးနဲ့ သူရဲ့စီးပွားရေးလုပ်ငန်းတချို့ကို ဆောင်ရွက်နေတဲ့၊ လူသိများတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ရှင်သန်သူဆီက သုံးသပ်ချက်ရဖို့လည်း မေတ္တာရပ်ခံခဲ့ပါသေးတယ်။

tz-8099.jpg

ပုဂံမှရွိုင်ရယ်ပဲလေ့စ်ဟိုတယ်သည် ဦးမျိုးမင်းဦးပိုင်ဖြစ်သည်။ ဓာတ်ပုံ – သူရဇော်

ဦးမျိုးမင်းဦးဆိုတာ ဘယ်သူလဲ
ဦးမျိုးမင်းဦးရဲ့ဇာတိမြို့က ပုဂံရဲ့အဝင်အထွက်ဖြစ်တဲ့ ညောင်ဦးဖြစ်ပြီး အတန်အသင့်ကြွယ်ဝတဲ့ မိသားစုက ပေါက်ဖွားလာသူဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဒါပေမဲ့ သူဟာ ထူးကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌ ဦးတေဇနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကနေ အကျိုးအမြတ်တွေရလာတာလို့လည်း ယုံကြည်ကြပါတယ်။ ဦးတေဇကတော့ စစ်အစိုးရလက်ထက်မှာ နာမည်ဆိုးနဲ့အကျော်ကြားဆုံး ခရိုနီစီးပွားရေးသမားတစ်ဦးအဖြစ် ယူဆခံရပါတယ်။
များပြားလှတဲ့ သတင်းရင်းမြစ်တွေက Frontier ကို ပြောခဲ့တာကတော့ ၂၀၀၇ ခုနှစ်မှာ ဦးတေဇနဲ့ သူ့ရဲ့ကုမ္ပဏီတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို အမေရိကန်အစိုးရက ချမှတ်ပြီးတဲ့နောက် သူတို့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေ ဆိုးဆိုးရွားရွားထိခိုက်လာခဲ့ပြီး ပုဂံကပိုင်ဆိုင်မှုတချို့ရဲ့ထိန်းချုပ်မှုကို ဦးမျိုးမင်းဦးဆီလွှဲအပ်ရာက ဦးမျိုးမင်းဦးဟာ ချမ်းသာလာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဒီကနေ ဦးမျိုးမင်းဦးရဲ့ ပုဂံကစီးပွားရေးလုပ်ငန်းတွေမှာ ရွိုင်ရယ်ဟောက်စ်နဲ့ ပုဂံနားမှာ အကြီးဆုံးဟိုတယ် တစ်ခုဖြစ်တဲ့ ရွိုင်ရယ်ပဲလေ့စ်ဟိုတယ် Royal Palace Hotel ၊ ပုပ္ပားကဟိုတယ် နှစ်လုံးအပါအဝင် စုစုပေါင်း ဟိုတယ် လေးလုံး၊ စားသောက်ဆိုင် သုံးဆိုင်၊ ၁၅၁၇ လက်မှုပစ္စည်းဆိုင်၊ အငှားကားလုပ်ငန်း၊ မီးပုံးပျံကုမ္ပဏီ တစ်ခု၊ နန်းမြင့်ရှုခင်းကြည့်မျှော်စင်၊ ဆေးခန်း တစ်ခန်း၊ ဆိုင်ကယ်အရောင်းပြခန်းတို့အပြင် သတင်းအချက်အလက်ဆိုင်ရာ ထုတ်ကုန်များနဲ့ စာကြည့်တိုက်နည်းပညာတွေကို အထူးပြုဆောင်ရွက်တဲ့ နိုင်ငံစုံအုပ်စု တစ်ခုဖြစ်တဲ့ ဟောင်ကောင်အခြေစိုက် အိုင်ဂရု(ပ်) iGroup နဲ့ပူးပေါင်းဖွင့်လှစ်တဲ့ မန္တလေးက သက်မွေးပညာသင်တန်းကျောင်း တစ်ခုတို့ ပါဝင်ပါတယ်။
မိုးပျံပူပေါင်းလုပ်ငန်းကိုတော့ ရှင်သန်သူကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက်တာဖြစ်ပြီး အဲဒီကုမ္ပဏီက ပုဂံရှေးဟောင်းသုတေသနဇုန်အတွက် ခရီးသည်တွေဆီက ဝင်ခကောက်ခံခွင့်ကို ကျပ် ခုနှစ်သန်းနဲ့ ၂၀၁၈ က လေလံအောင်ထားပါတယ်။ ဇူလိုင်လက ပုဂံကို Frontier သွားရောက်စဉ်က အမည်မဖော်လိုတဲ့ ဦးမျိုးမင်းဦးရဲ့ ဆွေမျိုးနီးစပ်တော်သူတစ်ဦး ပြောကြားတာကတော့ ဦးမျိုးမင်းဦးမှာ ရှေးဟောင်းအထိမ်းအမှတ် ဇုန်အတွင်းအပြင်မှာ စီမံကိန်းတွေ မစရသေးတဲ့ မြေကွက်တွေ အတော်များများရှိတယ်ဆိုပါတယ်။
ဦးမျိုးမင်းဦးအနေနဲ့ ရှေးဟောင်းသုတေသနဌာနက လူတွေအပါအဝင် အဆင့်အားလုံးက အစိုးရအရာရှိတွေနဲ့ ဆက်ဆံရေးကောင်းတွေရှိလို့ သူ့ရဲ့စီမံကိန်းတွေကို ဘယ်သူကမှ ငြင်းမှာမဟုတ်ဘူးလို့ အဲဒီဆွေမျိုးတော်စပ်သူက ပြောပါတယ်။
စစ်အစိုးရလက်ထက်က စစ်အစိုးရနဲ့နှီးနွှယ်ပြီး ချမ်းသာတဲ့သူတွေကို ခေါ်ဝေါ်ခဲ့တဲ့ ဝေါဟာရတစ်ခုဖြစ်တဲ့ ခရိုနီစကားလုံးကိုယူပြီး ဒေသခံတွေက ဦးမျိုးမင်းဦးကို ခရိုနီအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရည်ညွှန်းသုံးနှုန်းကြပါတယ်။ ဒါ့အပြင် သူဟာ ညောင်ဦးမြို့နယ်က အမတ်တွေအပြင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။
ဦးမျိုးမင်းဦးရဲ့စီမံကိန်းတွေဟာ ဥပဒေပြုအမတ်များထံကနေ မျက်နှာသာပေးမှုရရှိနေတယ်လို့ ‌‌ဝေဖန်မှုတွေအပေါ် ညောင်ဦးမဲဆန္ဒနယ် – ၂ က အင်န်အယ်လ်ဒီအမတ် ဦးမြင့်စိန်က “ဒီလိုမေးခွန်းမျိုးတော့ မမေးသင့်ဘူး။ ဒါကို အတိတ်မှာပဲ ထားလိုက်အောင်” လို့ ဒေါသတကြီးပြောကြားခဲ့ပါတယ်။ သို့သော်လည်း ဦးမျိုးမင်းဦးအနေနဲ့ ပုဂံမှာရှိတဲ့ ရှေးဟောင်းနေရာတွေရဲ့ တည်တံ့ခိုင်မြဲမှုကို ပိုပြီးလေးစားသင့်တယ်လို့ ဦးမြင့်စိန်က ပြောကြားခဲ့ပါတယ်။ ပုဂံကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ မြန်မာက အမည်စာရင်းသွင်းပြီး ၂၅ နှစ်နီးပါးအကြာ ဇူလိုင်လကမှ စာရင်းဝင်ခဲ့ပါတယ်။ 
ပုဂံရဲ့ရှေးဟောင်းနေရာတွေကို ကာကွယ်ရာမှာ ညောင်ဦးဒေသခံဖြစ်တဲ့ ဦးမျိုးမင်းဦးအနေနဲ့ တခြားစီးပွားရေးသမားတွေထက် ပိုပြီးစံပြဖြစ်သင့်တယ်လို့ ယုံကြည်ကြတဲ့အတွက် ဒေသခံအများအပြားက စိတ်ပျက်နေကြတယ်လို့ အမွေအနှစ်ထိန်းသိမ်းရေးအုပ်စု တစ်ခုဖြစ်တဲ့ Save Bagan အဖွဲ့ရဲ့ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမျိုးဆက်စံကပြောပါတယ်။

tz-8116.jpg

ပုဂံမှနန်းမြင့်မျှော်စင်ကို အမေရိကန်က မြန်မာခရိုနီများအား စီးပွားရေးအရ အရေးယူပိတ်ဆို့စဉ်က ဦးတေဇထံမှ ဦးမျိုးမင်းဦးက လွှဲပြောင်းလက်ခံရရှိသည်ဟုဆိုကြသည်။ ဓာတ်ပုံ – သူရဇော်

အာဏာရှိအသိုင်းအဝိုင်းက မိတ်ဆွေများ
၂၀၁၈ နိုဝင်ဘာလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ ပုပ္ပားတောင်ကို အလည်အပတ်သွားရောက်နေစဉ် သူတို့နှစ်ယောက်ကို ဦးမျိုးမင်းဦးက ဂေါက်ကွင်းသုံးကားလေးမောင်းပြီး တင်သွားတဲ့ဓာတ်ပုံ ပေါ်ထွက်လာပြီးတဲ့နောက် လူမှုမီဒီယာမှာ ပြောဆိုဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီဓာတ်ပုံကို စစ်အစိုးရခေတ်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ဇနီး၊ ကျန်မိသားစုဝင်တွေ မန္တလေးကိုလာရောက်စဉ် သူတို့ကို ဦးတေဇက ဂေါက်ကွင်းသုံးကားနဲ့ တင်ခေါ်သွားတဲ့ ဓာတ်ပုံနဲ့နှိုင်းယှဉ်ပြီး လူမှုမီဒီယာပို့စ်တွေက ဖော်ပြကြပါတယ်။
ပုပ္ပားတောင်ကဓာတ်ပုံက ဦးမျိုးမင်းဦးနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်အပါအဝင် အစိုးရအရာရှိတွေကြား ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ဆိုတဲ့ အထောက်အထားဖြစ်ပေမဲ့ ဒီလိုဆက်ဆံရေးမျိုးက ပုဂံဒေသအတွက် ကောင်းကျိုးတွေယူလာတာတော့ မဟုတ်ဘူးလို့ မြန်မာရှေးဟောင်းသုတေသနအသင်းက ဦးသူရအောင်က ပြောပါတယ်။
“တကယ်လို့ သူကသာ စီမံကိန်းတစ်ခုကို တိုင်းဒေသကြီးအစိုးရကို အဆိုပြုတယ်ဆိုရင် ဒါကို ချက်ချင်းအတည်ပြုပေးကြမှာပါ” လို့လည်း သူက Frontier ကို ပြောခဲ့ပါတယ်။
၂၀၁၇ ဇန်နဝါရီလက ဒေါ်အောင်ဆန်းစုကြည်ဟာ ဘူတန်တော်ဝင်မိသားစုဝင် တစ်ဦးနဲ့အတူ ပုဂံကိုသွားတဲ့ ခရီးစဉ်တစ်ခုအတွင်း သူ့ရဲ့ခရီးစဉ်ကို ရုတ်တရက်အပြောင်းအလဲလုပ်ခဲ့ပြီး ၁၅၁၇ လက်မှုပစ္စည်းဆိုင်သွားကာ အဲဒီမှာ ဦးမျိုးမင်းဦးနဲ့ တွေ့ခဲ့ပါတယ်။ တကယ်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပုဂံဟောက်စ် Bagan House ယွန်းထည်ပစ္စည်းဆိုင်သွားဖို့ စီစဉ်ထားပြီးသားပါ။ ရုတ်တရက် အစီအစဉ်ပြောင်းလဲခြင်းအတွက် ဘာအကြောင်းပြချက်မှ မပေးခဲ့ပါဘူး။ ဒါဟာ ပုဂံဒေသမှာ ဦးမျိုးမင်းဦးရဲ့သြဇာကြောင့်လို့ တချို့က ယူဆကြပါတယ်။
ဒေသခံအမတ်တွေ၊ ဒေသခံတွေနဲ့ဖွဲ့စည်းထားတဲ့ ပုဂံ-ညောင်ဦး ယဉ်ကျေးမှုဇုန်နေရာ အကောင်အထည်ဖော်ရေးကော်မတီရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုနိုင်ထွန်းက ဇူလိုင် ၂၉ ရက်က Frontier ကို ပြောခဲ့တာကတော့ အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားမှုနဲ့ ပြောင်းခဲ့တာလို့ဆိုပါတယ်။ “ကျနော်တို့ အံ့သြသွားတယ်” လို့ ကိုနိုင်ထွန်းက ပြောပါတယ်။ ကိုနိုင်ထွန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့ ပုဂံဟောက်စ်မှာစောင့်နေတဲ့ အဖွဲ့ထဲမှာပါပါတယ်။ “ဒါနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သိခဲ့သလား ကျွန်တော်တော့မသိဘူး” လို့ဆိုပါတယ်။
ဦးမျိုးဆက်စံကလည်း မတ်လကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုနဲ့စပ်လျဉ်းလို့ ဒေါသဖြစ်နေဆဲဖြစ်ပါတယ်။ ထိုစဉ်က ပုဂံရှိစီမံကိန်းတွေကိုဆွေးနွေးဖို့ အရာရှိတွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေ၊ အမတ်တွေနဲ့ ရပ်ရွာကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပုံမှန်အစည်းအဝေးတစ်ခုကနေ ကိုမျိုးဆက်စံကိုထွက်သွားဖို့ ဒေါက်တာဇော်မြင့်မောင်က အမိန့်ပေးခဲ့ပါတယ်။ ဒီလိုဖြစ်ရတာဟာ ဦးမျိုးမင်းဦးရဲ့သြဇာကြောင့်လို့ တိုင်းဒေသကြီးအစိုးရနဲ့ ဦးမျိုးမင်းဦးကို အမြဲတစေဝေဖန်လေ့ရှိတဲ့ ဦးမျိုးဆက်စံကပြောပါတယ်။
“အဲဒီနေ့ကို ကျွန်တော် ဘယ်တော့မှမမေ့ဘူး။ ဒီလိုမျိုးက နိုင်ငံ စစ်အုပ်ချုပ်ရေးအောက်ရှိစဉ်ကသာ ဖြစ်ခဲ့တာမျိုးလို့ ကျွန်တော်ထင်ထားခဲ့မိတာ” လို့ ဦးမျိုးဆက်စံက ပြောပါတယ်။
ပုဂံဒေသခံတွေဟာ ဦးမျိုးမင်းဦးရဲ့သြဇာကို ကြောက် ကြောက်လာကြတယ်လို့ နှင်ထုတ်ခံရမယ့်အရေးကို ရင်ဆိုင်ဖို့ ပြင်ဆင်နေတဲ့ ဦးညွန့်လူကပြောပါတယ်။ 
“ဦးမျိုးမင်းဦးရဲ့ အရှိန်သြဇာက ကြီးသထက်ကြီးလာတယ်။ ပုဂံကအာဏာပိုင်တွေကလည်း သူ့ဆို သိပ်ကိုလေးစားပြနေကြတယ်။ သူ့ကို ဘုရားတစ်ဆူလို ဆက်ဆံကြတယ်။ သူလုပ်ချင်တာ ဘာမဆိုလုပ်နိုင်တယ်” လို့ ဦးညွန့်လူကဆိုပါတယ်။
အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ၂၀၁၈ နိုဝင်ဘာက ပုပ္ပားတောင်၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ကို ဦးမျိုးမင်းဦးက ဂေါက်ကွင်းသုံးကားလေးဖြင့် မောင်းပို့နေစဉ်။ ဓာတ်ပုံ – သာဗျော

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.