ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည့် ဘဏ္ဍာနှစ်အပြောင်းအလဲ

ဘဏ္ဍာနှစ်ကို အောက်တိုဘာ – စက်တင်ဘာ အချိန်ဇယား ပြောင်းလဲထားရှိရန် ဆုံးဖြတ်ချက်က အခွန်ကောက်ခံရေး ခေါင်းခဲစေရုံမျှမက ယင်းဖြစ်ရပ်က တိုင်းပြည်ကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ကြောင်း သက်သေပြရန် လိုသေးသည့် အစိုးရတစ်ရပ်အတွက် ယုံကြည်မှု ထပ်မံကျဆင်းစရာလည်း ဖြစ်စေသည်။

ဇော် အာစကိုင်း ရေးသားသည်။

အောက်တိုဘာနှောင်းပိုင်းတွင် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်၏ ဘဏ္ဍာနှစ်ကို ပြင်ဆင်ရန် သမ္မတ၏ အဆိုပြုချက်ကို ထောက်ခံမဲပေးခဲ့ကြသည်။ ယခုကဲသို့ ပြောင်းလဲခြင်းအားဖြင့် မြန်မာနိုင်ငံ၏ လက်ရှိဘဏ္ဍာနှစ် အချိန်ကာလဖြစ်သည့် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ သတ်မှတ်ထားရာမှ ၂၀၁၈-၁၉ ခုနှစ်မှစ၍  အောက်တို ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလပြောင်းလဲ သတ်မှတ်မည့်သဘောဖြစ်သည်။

ပြောင်းလဲရသည့်အကြောင်းရင်းမှာ မြန်မာနိုင်ငံ၏ မုတ်သုံရာသီသည် ထုံးစံအားဖြင့် ဇွန်မှ အောက်တိုဘာအထိ ရှိပြီး ယင်းကာလအတွင်း ကဏ္ဍအများအပြား၌ စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရသောကြောင့် ဖြစ်ကြောင်း အဆိုပြုချက်ကို လက်ခံပြီးနောက် လွှတ်တော်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

ပြောင်းလဲမှုက ဘဏ္ဍာရေးနှစ်အစ၌ စီးပွားရေးလုပ်ငန်းများကို လပေါင်းများစွာ အဆင်ပြေညီညွတ်စွာ ဆောင်ရွက်သွားနိုင်စေလိမ့်မည်ဟု ယူဆကြသည်။ သို့ရာတွင် ပြောင်းလဲမှုနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများ ရှိနေသည်။ အခွန်ကောက်ခံမှု ရည်မှန်းချက်များအတွက် ယင်းပြောင်းလဲမှုက မည်သို့သော အဓိပ္ပာယ်ကို ဆောင်နေပါသနည်း ဟူသောအချက်က အရေးပါလှသည်။

ယခုဆောင်းပါးရေးနေချိန်ထိ မြန်မာနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများအတွက် ပြောင်းလဲမှုက မည်သည့်သဘော ဆောင်လာမည်ကို ရှင်းလင်းပြတ်သားစွာ မသိရသေးပေ။

လက်ရှိယူဆချက်မှာ နိုင်ငံအတွင်း၌ စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေကြသော ကုမ္ပဏီများသည် အသစ်သတ်မှတ်လိုက်သည့် နေ့ရက်များနှင့် ကိုက်ညီစေရန် ယင်းတို့၏ တစ်နှစ်တာအမြတ်ခွန် ကြေညာလွှာကို ပြောင်းလဲရန်လိုအပ်သည်။ သို့ရာတွင် ယင်းအချက်ကို အတည်မပြုရသေးပေ။ ပြောင်းလဲရန်လိုမလို ဟူသောအချက်မှာ ပြည်တွင်းအခွန်များဦးစီးဌာန IRD အပေါ်တွင် မူတည်နေသည်။

IRD က မည်သို့ပင် ဆုံးဖြတ်သည်ဖြစ်စေ မြန်မာနိုင်ငံတွင် လုပ်ငန်း ဆောင်ရွက်နေသော ကုမ္ပဏီများအတွက် လာမည့်ဘဏ္ဍာနှစ် ကုန်ဆုံးချိန်မှာ ၂၀၁၈ ခုနှစ် မတ်လ ဖြစ်သည်။ ကုမ္ပဏီများအားလုံးသည် အခွန်ဆိုင်ရာ အစီရင်ခံစာများကို ဇွန် ၃၀ ရက်တွင် ပုံမှန်အတိုင်း တင်သွင်းရမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်ပြီးနောက် IRD ၏ဆောင်ရွက်မှုအပေါ်မူတည်၍ ဖြစ်နိုင်ခြေသုံးခု ရှိလာသည်။

ဖြစ်နိုင်ခြေ ၁

IRD က အခွန်ဘဏ္ဍာနှစ်ကို အစိုးရ၏ အခွန်နှစ်ကုန် ဘဏ္ဍာရေးသတ်မှတ်ချက်နှင့်အညီ ပြောင်းလဲခြင်း မပြုရန် ဆုံးဖြတ်သည်။ သဘောမှာ ကုမ္ပဏီများအပေါ်တွင် သော်လည်းကောင်း၊ အစိုးရဌာနများအပေါ်တွင် သော်လည်းကောင်း အုပ်ချုပ်မှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ထပ်မံမတက်စေဘဲ  စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်း ဆက်လက် လည်ပတ်သွားမည့်သဘော ဖြစ်သည်။

မည်သို့ဆိုစေ အစိုးရအတွက်မှာမူ အခွန်ကောက်ခံချိန်နှင့် ဘတ်ဂျက်စီမံရေးဆွဲချိန်တွင် ပြဿနာများ ရှိလာနိုင်သည်။

အဖွဲ့အစည်းတစ်ရပ်၊ သို့မဟုတ် အစိုးရအတွက် လွန်ခဲ့သော ၁၂ လက ဝင်ငွေမည်မျှရခဲ့ပြီး လာမည့် ၁၂ လတွင် အခွန်ဝင်ငွေ မည်မျှရမည်ကို မခန့်မှန်းနိုင်ပါက အသုံးစရိတ် ဘတ်ဂျက်ကို မှန်မှန်ကန်ကန် ရေးဆွဲနိုင်မည် မဟုတ်ပေ။

အစိုးရ၏ အဓိကဝင်ငွေရင်းမြစ်မှာ အခွန်အကောက်ဖြစ်သဖြင့် ယင်းကဲ့သို့ပြောင်းလဲမှုကြောင့် လက်ရှိအစိုးရက လာမည့်နှစ်အတွက် ဘတ်ဂျက်ကို အတိအကျရေးဆွဲရာ၌ အခက်အခဲ ရှိလာနိုင်သည်။

ဖြစ်နိုင်ခြေ ၂

IRD က အစိုးရ၏ ဘဏ္ဍာနှစ်နှင့် ကိုက်ညီအောင် ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲရန်ဆုံးဖြတ်သည်။ ကုမ္ပဏီများသည်  ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ နှစ်ကုန်အစီရင်ခံစာအဖြစ် အချိန်တိုခြောက်လစာကို တင်သွင်းရန်လိုသည်။ ယင်းသို့ဆောင်ရွက်ရသည့်အတွက် ကုမ္ပဏီများသည် ဇွန် ၃၀ တွင် ၁၂ လအတွက် အမြတ်ခွန် ကြေညာလွှာကို တင်ပြီးနောက် ဒီဇင်ဘာ ၃၁ ရက်၌ နောက်ထပ်အမြတ်ခွန်ကြေညာလွှာကို တင်သွင်းရမည့်သဘော ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပြီးနောက်ပိုင်း၌ ကုမ္ပဏီများ၏ အမြတ်ခွန်ကြေညာလွှာကို နှစ်စဉ် ဒီဇင်ဘာတွင် တင်သွင်းရတော့မည်ဖြစ်သည်။

ယင်းအခြေအနေမှာ ကုမ္ပဏီများအတွက် အုပ်ချုပ်မှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုး အပိဆုံးဖြစ်မည့် ဖြစ်နိုင်ခြေ အလားအလာဖြစ်ပြီး ရေတိုတွင် IRD အတွက် အလားတူအဖြစ်မျိုး ကြုံတွေ့နိုင်သည်။

IRD အတွက် နောက်ထပ်တိုးလာမည့် အလုပ်ထဲတွင် နောက်ထပ်အမြတ်ခွန် ကြေညာလွှာအားလုံးကို ပြန်လည်စစ်ဆေးရမည့် လုပ်ငန်းလည်း ပါဝင်သည်။ လောလောဆယ်၌ နှစ်ကုန်အမြတ်ခွန် ကြေညာလွှာများကို စစ်ဆေးရာတွင် IRD သည် သုံးလမှ ၁၂ လအထိ အချိန်ယူ၍ ဆောင်ရွက်ရသည်။ အစိုးရသည် IRD ၏ အရွယ်အစားကို ထူးထူးကဲကဲ တိုးမြှင့်ခြင်း မပြုပါက (မည်သို့ဆိုစေ တနည်းနည်းဖြင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းလည်းဖြစ်သည်။)  IRD သည် ယင်း၏လုပ်ငန်းတာဝန်ကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်မည်မှာ ထင်ရှားသည်။

ဖြစ်နိုင်ခြေ  ၃

IRD သည် ဘဏ္ဍာနှစ်ကုန်ကာလကို အစိုးရ၏ သတ်မှတ်ချက်နှင့် ကိုက်ညီအောင် ဆောင်ရွက်ရန် ဆုံးဖြတ်သည်။ သို့ရာတွင် အမြတ်ခွန် ကြေညာလွှာကို နှစ်ကြိမ်တင်ရမည့်အစား ကုမ္ပဏီများက အမြတ်ခွန် ကြေညာလွှာ တင်သွင်းရမည့်ကာလကို ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ၁၈ လဖြင့် တစ်ကြိမ်တည်း သတ်မှတ်သည်။

ရေတိုတွင် ယင်းအခြေအနေမှာ အုပ်ချုပ်ရေးအရ ဝန်ထုတ်ဝန်ပိုး အနည်းငယ်သာ ရှိသော်လည်း လာမည့်သုံးနှစ်အတွက် အစိုးရ၏ ဘတ်ဂျက်ရေးဆွဲရေးလုပ်ငန်းတွင် အကြီးအကျယ် ဖရိုဖရဲဖြစ်မည့် အကျိုးသက်ရောက်မှုများ ရှိနိုင်သည်။

နောက်ဘတ်ဂျက်နှစ် စတင်သည့်အချိန်တွင် အစိုးရသည် အခွန်အကောက်မည်မျှအထိ ကောက်ခံရရှိပြီးပြီ၊ သို့မဟုတ် ၂၀၁၈ ခုနှစ် မတ် ၃၀ ရက်အထိ မည်မျှကောက်ခံရရှိနိုင်မည်ကို သိရှိနိုင်ပေမည်။ သို့ရာတွင် ၂၀၁၈ ခုဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း မည်မျှကောက်ခံရရှိမည်ကို အတိအကျ သိနိုင်မည် မဟုတ်ပေ။ ဘတ်ဂျက်သစ် ရေးဆွဲသောအခါ အချိန်နှင့်တပြေးညီမဟုတ်သည့် သတင်းအချက်အလက်များကို အခြေခံ၍ ဆောင်ရွက်ရပေလိမ့်မည်။

ဖြစ်နိုင်ခြေအလားအလာ ၃ နှင့်အညီ ဆောင်ရွက်မည်ဆိုပါက အစိုးရသည် ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကုန်ဆုံးသောကာလအတွက် ၁၈ လစာ အခွန်ကိန်းဂဏန်းများကို ရယူသောအခါ  ပထမခြောက်လတွင် မည်မျှကောက်ခံပြီးပြီ၊ နောက်ဆုံး ၁၂ လ၌ မည်မျှကောက်ခံပြီးပြီကို သိနိုင်လိမ့်မည် မဟုတ်ပေ။ ယင်းအခြေအနေက နောက်ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်စီမံကိန်း ထိထိရောက်ရောက် ရေးဆွဲနိုင်ရေးကို စိန်ခေါ်လျက်ရှိသည်။

ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ဘတ်ဂျက်နှစ်သစ်စတင်မှုကို စောင့်ကြည့်ပြီး အပြောင်းအလဲများ ရှင်းလင်းပြီးပြတ်သည်ထိ စောင့်ကြည့်ဦးမည့်သဘောရှိသည်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ဘတ်ဂျက်နှစ်သစ်စတင်မှုကို စောင့်ကြည့်ပြီး အပြောင်းအလဲများ ရှင်းလင်းပြီးပြတ်သည်ထိ စောင့်ကြည့်ဦးမည့်သဘောရှိသည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အထက်တွင် ဖော်ပြခဲ့သော ဖြစ်နိုင်ခြေအလားအလာများအနက် မည်သည့်အခြေအနေကမှ ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများကို ထူးထူးခြားခြား မဆွဲဆောင်နိုင်ပေ။ ကုမ္ပဏီများအားလုံးအတွက် ယင်းစိန်ခေါ်မှုများသည် စိတ်ရှုပ်စရာဖြစ်ပြီး အတတ်ပညာရှင်ကြေးနှင့် အချိန်စီမံခန့်ခွဲမှုအရ အကုန်အကျ မြင့်မားလာနိုင်သည်။

ယင်းတို့က ရင်းနှီးမြှုပ်နှံမည့်သူများကို မလာချင်အောင် အဟန့်အတားဖြစ်စေနိုင်သည်။

မြန်မာနိုင်ငံသို့ လာရောက်လုပ်ကိုင်ကြမည့် ပြည်ပရင်းနှီးမြှုပ်နှံသူများသည် အပြီးသတ်ဆုံးဖြတ်ချက်ကို မချမှတ်မီ ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာမည့် ရလဒ်များကို စောင့်ကြည့်ဦးမည့်သဘောရှိသည်။ ရင်းနှီးမြှုပ်နံှမှု မပြုမီ ယခုနှစ်အတွက် ဘတ်ဂျက်နှစ်သစ်စတင်မှုကို စောင့်ကြည့်ပြီး ထပ်တိုးဆောင်ရွက်ရမည့် အုပ်ချုပ်ရေးပိုင်း လုပ်ငန်းများကို ရှောင်ရှားကြမည်ဖြစ်သည်။ အခြေအနေ ပြတ်သားအောင် စောင့်ကြည့်နေသည့်ကာလအတွင်း ၎င်းတို့သည် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ကဲ့သို့သော ဆွဲဆောင်မှုကောင်းသည့် အိမ်နီးချင်းဈေးကွက်များတွင် သွားရောက်ရင်းနှီးမြှုပ်နှံနိုင်ဖွယ် ရှိပေသည်။

ရင်းနှီးမြှုပ်နှံလိုသူတို့က ကုမ္ပဏီအက်ဥပဒေကဲ့သို့သော ဥပဒေများပြင်ဆင်မည်ကို စောင့်ဆိုင်းနေကြသည်ဟု ဆိုသော်လည်း လက်တွေ့၌ ကုမ္ပဏီအများစုက အခြားဈေးကွက်များဘက်သို့ လေ့လာကြည့်ရှုခြင်း အပါအဝင် အခြားရွေးချယ်စရာများကို စူးစမ်းရှာဖွေတတ်ကြသည်။ အစိုးရ၏ ဆောင်ရွက်မှုများကို ရင်းနှီးမြှုပ်နှံသူများနှင့် အကြံပေးများက နေ့စဉ် စူးစမ်းလေ့လာ အကဲခတ်လျက်ရှိကြသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌၊ သို့မဟုတ် ဒေသတွင်း၌ပင် တစ်ခုတည်းသော ထွန်းသစ်စ ဈေးကွက်မဟုတ် ဟူသောအချက်နှင့် ကုမ္ပဏီတစ်ခုသည် အခြားနေရာ တစ်ခုခုတွင်လည်း ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်နိုင်သည် ဟူသောအချက်တို့ကို သတိချပ်သင့်ပေသည်။

ရှုပ်ထွေးလျက်ရှိသော အခြေအနေတွင် ဘဏ္ဍာနှစ် ကုန်ဆုံးချိန် ပြောင်းလဲမှုကြောင့် အများဆုံးထိခိုက်မှုမှာ လက်ဆုပ်လက်ကိုင် မပြနိုင်သောအရာ ဖြစ်ရုံသာမက ယင်းအခြေအနေကြောင့် စီးပွားရေးသမားများက အစိုးရအပေါ် ထားရှိသည့်ယုံကြည်မှုကိုပါ ယိုယွင်းစေနိုင်သည်။ ဘဏ္ဍာနှစ်ကုန်ဆုံးချိန် အပြောင်းအလဲမှာ မကြာသေးမီကမှ ပြုလုပ်ခဲ့သော အပြောင်းအလဲ ကြေညာချက်များတွင် ပါဝင်ခဲ့ပြီး  ထိထိရောက်ရောက် ညှိနှိုင်းတိုင်ပင်မှုနှင့် အဖွဲ့အစည်းများကို ပြင်ဆင်နိုင်ရန် အချိန်အလုံအလောက် မပေးဘဲ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးတစ်ခုလုံးအတွက် ဘဏ္ဍာနှစ် ပြောင်းလဲခြင်းက ကသောင်းကနင်းနှင့် ခေါင်းခဲစရာများ ဖြစ်စေခဲ့သည်ဟု သေချာပေါက်ပြော၍ မရနိုင်ပါ။ ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုကို ကောင်းမွန်စွာ ရယူနိုင်သော အစီအမံ အများအပြား ရှိသည်။ ယင်းတို့အထဲတွင် ညှိနိုင်းတိုင်ပင်မှုများကို အပြင်းအထန် ဆောင်ရွက်ခြင်း၊ ပါဝင်ပတ်သက်နေသူများ၏ စကားသံကို နားထောင်ခြင်း၊ ရှင်းလင်းပြတ်သားသော အချိန်ကာလကို သတ်မှတ်ခြင်း၊ အသွင်ကူးပြောင်းမှုကာလတွင် ရရှိစေနိုင်မည့် အရာများအတွက် ရှင်းလင်းပြတ်သားသော လမ်းညွှန်မှုများ ချမှတ်ခြင်းနှင့် အဆိုပြုထားသော အပြောင်းအလဲနှင့်အညီ ဆောင်ရွက်ရန် အစိုးရဌာနများအား အချိန်ပေးခြင်းစသည့် အချက်များပါဝင်သည်။ ယင်းအစီအမံများက လုပ်ငန်းစဉ်ကြောင့် ဖြစ်ပေါ်မည့် ထိခိုက်မှုကို အထိုက်အလျောက် သက်သာစေပြီး ပါဝင်ပတ်သက်နေသူအားလုံးတို့အား အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

ညှိနိုင်းတိုင်ပင်မှုမရှိ၊ ကြိုတင်သတိပေးမှုအနည်းငယ်ဖြင့် ညံ့ဖျင်းစွာ စဉ်းစားဆောင်ရွက်ထားသော အပြောင်းအလဲဖြင့် တွန်းအားပေး ဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွင်း၌ လုပ်ငန်းဆောင်ရွက်နေကြသော ကုမ္ပဏီများအတွက် ဦးနှောက်ချောက်စရာ သက်သက်မျှသာ ဖြစ်ပေလိမ့်မည်။

ယင်းသို့သော အပြောင်းအလဲကြောင့် ရလာမည့် အကျိုးကျေးဇူးမှာလည်း အနည်းငယ်မျှသာ ရှိနိုင်ပေသည်။

ပြောင်းလဲမှုက ဘဏ္ဍာနှစ်အစတွင် စီးပွားရေးလုပ်ငန်းများကို လပေါင်းများစွာ အဆင်ပြေပြေ ဆောင်ရွက် သွားစေနိုင်မှာဖြစ်ကြောင်း အစိုးရက ပြောသည်။ ဘဏ္ဍာနှစ် မည်သည့်အချိန်တွင်စ၍ မည်သည့်အချိန်တွင် ဆုံးသည်ဖြစ်စေ မိုးရာသီကာလမှာ လေးလမှ ငါးလအထိရှိသည်ဟူသော အချက်ကိုလည်း ထည့်သွင်းစဉ်းစားထားခြင်း မရှိပေ။ ဘဏ္ဍာနှစ် ကုန်ဆုံးချိန်ကို ပြောင်းလဲလိုက်ခြင်းကြောင့် ဆောက်လုပ်ရေး ကုမ္ပဏီများကို အဆောက်အအုံများ ဆောက်လုပ်ရန် အချိန်ပို၍ မပေးနိုင်သကဲ့သို့ ခရီးသွားလုပ်ငန်း အကောင်းဆုံးအချိန်ကိုလည်း မထိခိုက်အောင် အချိန်ပို၍ ပေးနိုင်မည်မဟုတ်ပေ။ ဆောင်ရွက်ပေးနိုင်သမျှမှာ ဘဏ္ဍာနှစ်၏ အစမှအဆုံးထိ ကာလအတွင်း သူတို့အလုပ်များ ထိထိရောက်ရောက် မလုပ်ရသောကာလကို ရွှေ့ပေးရုံသာဖြစ်သည်။           

အရေးကြီးဆုံးအချက်မှာ ယင်းပြောင်းလဲမှုက  အနည်းဆုံး ပုဂ္ဂလိကကဏ္ဍကို ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ အကျိုးမရှိသော၊ အကုန်အကျများပြီး ဝန်ထုတ်ဝန်ပိုးကြီးမားသော ပြောင်းလဲမှုများကို ဆောင်ရွက်တတ်သည့် အစိုးရရှိသောနိုင်ငံ၌ သူတို့ အလုပ်ချင်ပါမည်လားဟူသော မေးခွန်းဖြင့် သူတို့ကိုယ်သူတို့ စောကြောမေးမြန်းရန်သာ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ပေလိမ့်မည်ဟူသော အချက်ပင် ဖြစ်သည်။

ယခုရေးနေချိန်ထိ ပြည်တွင်းအခွန်များ ဦးစီးဌာနက ၂၀၁၇-၁၈ ခု ဘဏ္ဍာနှစ်ကုန်ကာလအဖြစ် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်ကို အတည်ပြုထားပြီးဖြစ်သည်။ ကုမ္ပဏီများသည် နောက်ထပ်အမြတ်ခွန်ကို ၂၀၁၈ ဧပြီ – စက်တင်ဘာ ကာလအတွက် ထပ်မံတင်ပြရန် လိုလာချေပြီဖြစ်သည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.