ပြည်ပတရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၏ အငြင်းပွားဖွယ်ရာစီမံကိန်းသုံးခုအနက်မှ ကရင်ပြည်နယ် မြဝတီမြို့နယ်မှ ရွှေကုက္ကိုစီမံကိန်း။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

“ရွှေကုက္ကိုစီမံကိန်းသည် ရပ်ဝန်းနှင့်လမ်းမစီမံကိန်း(BRI) နှင့် မသက်ဆိုင်ပါ”

ယာ့ထိုင်အပြည်ပြည်ဆိုင်ရာဦးပိုင်ကုမ္ပဏီသည် ထိုင်းနိုင်ငံနယ်စပ်အနီး ကရင်ပြည်နယ်အတွင်းရှိ ၎င်းအကောင်အထည်ဖော်နေသည့် အငြင်းပွားဖွယ် ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံ ရွာသားများကို သူတို့၏မြေယာများမှ ဖယ်ရှားပစ်ခြင်း၊ တရားမဝင်လောင်းကစားလုပ်ငန်းများ၊ ငွေကြေးခဝါချမှုများနှင့် အစိုးရ၏ တည်ဆဲဥပဒေများကို လက်တလုံးခြားလုပ်သည်ဟု အကြီးအကျယ် စွပ်စွဲခံနေရသည်။ယင်းစီမံကိန်းသည် ဖရွန်းတီးယားမြန်မာအပါအဝင် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု၊ နိုင်ငံတကာပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် စသည့် အဖွဲ့အစည်းများ အာရုံစိုက်၍ စုံစမ်းလေ့လာနေသည့် စီမံကိန်းဖြစ်သည်။

လူသိနည်းသော ယာ့ထိုင်၏ ဥက္ကဋ္ဌမစ္စတာ ရှားကျိကျန်း (ရှီလန်ကိုင်၊ တန်ကရိုင်ကိုင်စသည့် အမည်များကိုလည်း အသုံးပြုသည်)၏ နောက်ကြောင်းရာဇဝင်ကို ဖရွန်းတီးယားမြန်မာက မကြာသေးမီက စုံစမ်းဖော်ထုတ်ရေးသားခဲ့သေးသည်။ ယာ့ထိုင်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ပိုင်ကုမ္ပဏီတို့ မိတ်ဖက်အဖြစ်ဆောင်ရွက်သော ရွှေကုက္ကို မြန်မာစီမံကိန်းကို စုံစမ်းစစ်ဆေးမည့် အစီအစဉ်ကို မြန်မာအစိုးရက မကြာသေးမီက ကြေညာခဲ့သည်။

ယင်းသို့ကြေညာပြီးနောက် တရုတ်အစိုးရက ယာ့ထိုင်ကုမ္ပဏီနှင့် ရွှေကုက္ကိုစီမံကိန်းသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ထုတ်ဖော်ပြောဆိုလာသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်က လွန်ခဲ့သည့်လက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် ရွှေကုက္ကိုစီမံကိန်းသည် တရုတ်အစိုးရ၏ မဟာစီမံကိန်းကြီးဖြစ်သော ရပ်ဝန်းနှင့်လမ်းမစီမံကိန်းနှင့် သက်ဆိုင်မှုမရှိကြောင်း ပြောဆိုခဲ့သည်။ ယင်းသို့ ပြောဆိုချက်မှာ ယာ့ထိုင်ကုမ္ပဏီ၏ ယခင်ပြောကြားချက်များနှင့် ဆန့်ကျင်နေသည်။ စီမံကိန်းနှင့်ပတ်သက်၍ ကန့်ကွက်သံ​ပိုမိုကျယ်လောင်လာခြင်းကြောင့် ယာ့ထိုင်ကုမ္ပဏီသည် ပြင်ပဆက်ဆံရေးကုမ္ပဏီတစ်ခုကို မကြာသေးမီက ငှားရမ်းခဲ့ပြီး မီဒီယာများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ရပ်ကို ထူထောင်ရန် ကြိုးပမ်းလာသည်။ သတင်းထုတ်ပြန်ချက်များ ဖော်ပြခြင်း၊ အင်တာဗျူးဖြေဆိုမှုများလည်း ပြုလုပ်လာသည်။

မြန်မာ-ယာ့ထိုင်နိုင်ငံတကာဟိုးဒင်းကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ မစ္စတာဟယ်ရီဝေါင်နှင့် ဖရွန်းတီးယားမြန်မာတို့၏ ပထမဆုံးအင်တာဗျူးတွင် ယာ့ထိုင်သည် ရွှေကုက္ကိုစီမံကိန်းကို တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် စံနမူနာယူရသည့် စံပြစီမံကိန်းဖြစ်လာအောင် အကောင်အထည်ဖော်မည်ဟု မျှော်မှန်းထားသော်လည်း စီမံကိန်းနယ်မြေအတွင်း အခြားကုမ္ပဏီများက ဆောင်ရွက်နေသည့် လုပ်ငန်းများကို မျက်စိဒေါက်ထောက်ကြည့်နေရန် တာဝန်မရှိဟု ဆိုသည်။ စီမံကိန်းသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်မပြုခင်ကပင် စတင်နေခဲ့သည်ကို ဖရွန်းတီးယားမြန်မာက ကွင်းဆင်းလေ့လာခြင်းအရသော်လည်းကောင်း၊ ဂြိုဟ်တုဓာတ်ပုံများအရသော်လည်းကောင်း အတည်ပြုနိုင်ခဲ့သည်။ တည်ဆောက်ရေးလုပ်ငန်းများသည် ၂၀၁၈၊ ဇူလိုင်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထားသည့်အတိုင်းအတာထက်ပင် ကျော်လွန်နေပြီဖြစ်သည်။

ဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ခင်ဗျားအနေနဲ့ ဘာများပြောချင်ပါသလဲ။

အခုချိန်မှာ ကျွန်တော်တို့ စီမံကိန်းနယ်မြေအတွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်တန့်ထားပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ နောက်ထပ် ခွင့်ပြုချက်ရဖို့အတွက် စောင့်နေပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ရိုးသားစွာ အနူးအညွတ်တောင်းပန်ပါတယ်။ ကျွန်တော်တို့က ဒီစီမံကိန်းကို ပုဂ္ဂလိကပိုင်မြေပေါ်မှာ ဆောက်နေတယ်လို့ပဲ ယူဆပြီး ဆက်လုပ်နေခဲ့တာ။

ကျွန်တော်တို့အနေနဲ့ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လေ့လာသူတွေနဲ့အကြား ဆက်ဆံရေးမရှိခဲ့ဘူး။ အဲဒီအတွက် ဒီလိုအကျိုးဆက်တွေဖြစ်လာတာ တကယ့်ကိုပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် စီမံကိန်းအတွင်း ဆက်စပ်နေတဲ့ ပါဝင်ပတ်သက်သူအားလုံးနဲ့ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေနဲ့ကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ပြန်လည်ကြိုးစား ဆောင်ရွက်သွားပါမယ်။

ရွှေကုက္ကိုစီမံကိန်းကို စုံစမ်းစစ်ဆေးဖို့ ခုံရုံးဖွဲ့စည်းတဲ့ အစိုးရရဲ့ဆုံးဖြတ်ချက်အပေါ်မှာ ခင်ဗျားရဲ့သဘောထားက ဘယ်လိုရှိပါသလဲ။

ယာ့ထိုင်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရိုးသားပွင့်လင်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်ဖို့ သန္နိဋ္ဌာန်ချထားတဲ့အကြောင်း အစိုးရခုံရုံးကို သိစေချင်တာပါတယ်။ ခုံရုံးအဖွဲ့က ရွှေကုက္ကိုစီမံကိန်းကို စုံစမ်းစစ်ဆေးမယ့်ကိစ္စကိုလည်း ဝမ်းမြောက်စွာလက်ခံတယ်လို့ ပြောကြားလိုပါတယ်။ စီမံကိန်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေမေးတဲ့ မေးခွန်းတွေကို တတ်နိုင်သမျှ အကောင်းဆုံး ဖြေကြားသွားမှာဖြစ်ပြီး လိုအပ်တဲ့နေရာမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့လည်း အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာအစိုးရက ချမှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အဝလိုက်နာဖို့ ဆန္ဒရှိတဲ့အကြောင်းလည်း ဒီနေရာမှာ ပြောကြားလိုပါတယ်။

စီမံကိန်းမှာ တရားမဝင်လောင်းကစားရုံတွေ ပါဝင်နေတယ်လို့ စွပ်စွဲပြောဆိုချက်တွေကို ယာ့ထိုင်အနေနဲ့ ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

ယာ့ထိုင်အနေနဲ့ အလေးအနက်ပြောကြားလိုတာက ကျွန်တော်တို့ လောင်းကစားလုပ်ငန်းတွေကိုတရားမဝင်ဖွင့်တာမျိုး ဘယ်တော့မှမလုပ်ပါဘူး။ အခုလည်းမလုပ်သလို နောင်လည်းလုပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရခွင့်ပြုချက်နဲ့ တရားဝင် (ကာစီနိုလောင်းကစားရုံ) ဖွင့်ခွင့်ကိုတော့ စောင့်ဆိုင်းနေပါတယ်။ လောင်းကစားလုပ်ငန်းတွေ တရားမဝင်လည်ပတ်လုပ်ကိုင်နေတာကိုလည်း ကျွန်တော်တို့ဘယ်တော့မှ ထောက်ခံအားပေးမှာ မဟုတ်ပါဘူး။ ဥပဒေနဲ့မညီတဲ့၊ စည်းမျဉ်းစည်းကမ်းမလိုက်နာတဲ့ တတ်နိုင်သမျှကင်းရှင်းအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။

ယာ့ထိုင်က ရွှေကုက္ကိုစီမံကိန်းမှာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို ကိုယ်တိုင်လုပ်နေတာမရှိဘူးဆိုရင် ယာ့ထိုင်ရဲ့ စီမံကိန်းနယ်မြေအတွင်း တခြားကုမ္ပဏီတွေကရော အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသလား။

တခြားကုမ္ပဏီတွေ လုပ်တာက သူတို့ကိစ္စပါပဲ၊ ယာ့ထိုင်နဲ့မဆိုင်ပါဘူး။ ကျွန်တော်တို့က ကျွန်တော်တို့လုပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကရင်ပြည်နယ်က ဒေသခံပြည်သူလူထု အကျိုးရှိစေမယ့် အခွင့်အလမ်းတွေဖော်ဆောင်ပေးတဲ့ အဖွဲ့အစည်းတစ်ရပ်အဖြစ် ကျွန်တော်တို့ရဲ့ ရပ်တည်ချက်အပေါ်မှာသာ ကျွန်တော်တို့ပြောနိုင်ပါတယ်။ ကျွန်တော်တို့စီမံကိန်းနယ်မြေအတွင်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေအားလုံးကိုလည်း မြန်မာနိုင်ငံအစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ အမိန့်ညွှန်ကြားချက်တွေကိုလိုက်နာကြဖို့ ကျွန်တော်တို့ တိုက်တွန်းသွားမှာဖြစ်ပါတယ်။

ယာ့ထိုင်ရဲ့စီမံကိန်းကို တရုတ်အစိုးရက ဘယ်လောက်အထိ ကူညီထောက်ပံ့ပေးပါသလဲ။

ကျွန်တော်တို့ကုမ္ပဏီရဲ့ ဥက္ကဋ္ဌကြီးက နိုင်ငံရပ်ခြားတရုတ်နွယ်ဖွားစွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖွဲ့ချုပ် (တရုတ်)ရဲ့ အဖွဲ့ဝင်တစ်ဦးသာ ဖြစ်ပါတယ်။ တရုတ်အစိုးရက ကျွန်တော်တို့နဲ့ ပတ်သက်ဆက်နွယ်မှုမရှိပါဘူး။

ရွှေကုက္ကိုစီမံကိန်းက ရပ်ဝန်းနှင့်လမ်းမစီမံကိန်း (BRI)ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ယာ့ထိုင်ဘက်က အရင်တုန်းက ကြေညာခဲ့ဖူးတယ်။ အဲဒါက မှန်ကန်ပါသလား။

ဒီနေရာမှာ ကျွန်တော်တို့ ရှင်းအောင်ပြောချင်တာက (ရွှေကုက္ကို)စီမံကိန်းရဲ့ အခြေခံအဆောက်အအုံပိုင်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေဟာ BRI ရဲ့ရည်မှန်းချက်တွေနဲ့ ကိုက်ညီနေတဲ့အတွက် အစတုန်းကတော့ BRIနဲ့ ချိတ်ဆက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ စီမံကိန်းဟာ BRIနဲ့ သက်ဆိုင်မှုမရှိပါဘူးလို့ ထုတ်ဖော်ပြောကြားလိုပါတယ်။ တရုတ်အစိုးရဆီကလည်း ဘာတရားဝင်ထောက်ခံမှုမှ ရရှိထားတာမဟုတ်ပါဘူး။

ကျွန်တော်တို့ဟာ အရှေ့တောင်အာရှနိုင်ငံတွေကသာမက ကမ္ဘာတဝန်းက စီးပွားရေးလုပ်ငန်းရှင်တွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ရွှေကုက္ကိုစီမံကိန်းကို  နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဇုန်အဖြစ် ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေပါတယ်။

ရွှေကုက္ကိုစီမံကိန်းမှာ ယာ့ထိုင်ရဲ့မိတ်ဖက်အဖွဲ့အစည်းက တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ BGF ဖြစ်တယ်။ ယာ့ထိုင်ကုမ္ပဏီက BGF နဲ့ ဘယ်ကဘယ်လိုစပြီး ဆက်သွယ်မိသွားတာလဲ။ တပ်မတော်ကွပ်ကဲမှု အောက်က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနဲ့ မိတ်ဖက်အဖြစ် စီးပွားရေးအတူတကွလုပ်ရတာ အခက်အခဲတစုံတရာများ ရှိပါသလား။

ယာ့ထိုင်က ချစ်လင်းမြိုင်ကုမ္ပဏီနဲ့ စီးပွားဆက်ဆံရေးတစ်ရပ် ထူထောင်ထားပါတယ်။ ချစ်လင်းမြိုင်ကုမ္ပဏီကို ကရင်(ပြည်နယ်)နယ်ခြားစောင့်တပ်ဖွဲ့က အဖွဲ့ဝင်တွေ ဦးစီးဦးဆောင်ပြုနေတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။

ကရင်ပြည်နယ်ရဲ့ ဒေသခံဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သူတို့က အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်တဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်။ ဒါကြောင့် ကျွန်တော်တို့က BGF နဲ့ စီးပွားမိတ်ဖက်တွေအဖြစ် ဆက်ဆံရေးတစ်ရပ် ထူထောင်ခဲ့တာဖြစ်ပါတယ်။

ရွှေကုက္ကိုစီမံကိန်းမှာ ပါဝင်နေတဲ့ မိတ်ဖက်လုပ်ငန်းတွေက BCB Blockchain (ဘလော့ချိန်း) နည်းပညာသုံး မိုဘိုင်းငွေကြေးလည်ပတ်မှုစနစ် BCB Blockchain နဲ့ Fincy တွေမှာလည်း ပါဝင်ပတ်သက်နေတယ်။ သမားရိုးကျဘဏ်လုပ်ငန်းတွေကို အသုံးပြုတဲ့ စီးပွားရေးလုပ်ငန်းတွေထက် BCB Blockchain လုပ်ငန်းတွေကို ဘာကြောင့်စီးပွားမိတ်ဖက်အဖြစ် ရွေးချယ်ခဲ့ရတာလဲ။

ယာ့ထိုင်နဲ့ Blockchain ကုမ္ပဏီတို့ စီးပွားမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်တာက မြန်မာနိုင်ငံအနာဂတ်အတွက် တကယ့်ကို အကူအညီဖြစ်လာစေမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။

ယာ့ထိုင်ရဲ့ဥက္ကဋ္ဌ မစ္စတာရှားကျိကျန်း (She Lunkai နှင့် အခြားနာမည်များလည်း ရှိသေးသည်) က အရှေ့တောင်အာရှ တခြားဒေသတွေမှာလည်း စီးပွားရေးလုပ်ငန်းတွေ ရှိသေးတယ်။

မစ္စတာရှားကျိကျန်းက သူဖိလစ်ပိုင်နိုင်ငံမှာ ငွေတွေအများကြီးရှာခဲ့တယ်လို့ ပြောတယ်။ သူ အဲဒီမှာ ဘယ်အချိန်က စီးပွားရေးလုပ်ခဲ့တာလဲ။ ဘယ်လိုငွေရှာခဲ့တာလဲ။

ကျွန်တော်တို့ကုမ္ပဏီရဲ့ ဥက္ကဋ္ဌကြီးက လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းက အဲဒီမှာ ဖိလစ်ပိုင်လုပ်ငန်းစုတွေ ပါဝင်တဲ့ စီးပွားရေးကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စီးပွားရေးလုပ်ငန်းအတော်များများကို ဦးစီးခဲ့ပါတယ်။ ဖိလစ်ပိုင်ကလုပ်ငန်းတွေမှာ ခရီးသွားလုပ်ငန်းတစ်ခု၊ ရေပူစမ်းလုပ်ငန်းတစ်ခုနဲ့ အွန်လိုင်းအီလက်ထရွန်းနစ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုလည်း ပါဝင်တယ်။ ဒီလုပ်ငန်းတွေအားလုံးဟာ အဲဒီနိုင်ငံရဲ့ တရားဝင်စီးပွားရေးလုပ်ငန်းတွေဖြစ်ပါတယ်။

ယာ့ထိုင်ကုမ္ပဏီက အရှေ့တောင်အာရှ၊ တခြားနိုင်ငံတွေမှာ ကာစီနိုလောင်းကစားလုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ တိုးချဲ့ဖို့ အစီအစဉ်ရှိပါသလား။

လောလောဆယ်မှာတော့ နောက်ထပ် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်အတွင်းဝင်လာဖို့ ယာ့ထိုင်ကုမ္ပဏီက စံနမူနာယူစရာဖြစ်အောင် ကြိုးစားနေပါတယ်။ စီမံကိန်းရဲ့ အဓိက အကျိုးစီးပွားသက်ဆိုင်သူတွေဖြစ်တဲ့ ဒေသခံတွေနဲ့ ပေါင်းကူးဆက်ဆံမှုအပိုင်းမှာ ဖြစ်ပြီးခဲ့တဲ့အမှားတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ကိုပဲ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်။

၂၀၁၇ ဇန်နဝါရီမှာ မစ္စတာ ရှားကျိကျန်းက ကမ္ဘောဒီးယားဘုရင်ရဲ့တော်ဝင်အမိန့်နဲ့ အဲဒီနိုင်ငံရဲ့ နိုင်ငံသားဖြစ်လာတယ်လို့ သိရပါတယ်။ ဒီလိုတော်ဝင်အမိန့်နဲ့ နိုင်ငံသားအဖြစ် ခံယူခွင့်ရလာအောင် သူဘာတွေလုပ်ဆောင်ခဲ့ရပါသလဲ။ ဘာလို့လဲဆိုတော့ တရုတ်ပြည်ကတော့ တစ်ပြိုင်နက် နှစ်နိုင်ငံသားခံယူတာကိုလက်မခံဘူး။ ဆိုလိုတာက သူက တရုတ်နိုင်ငံသားမဟုတ်တော့ဘူးလား။

(ဤမေးခွန်းကို ပြန်လည်ဖြေကြားခြင်းမပြုခဲ့ပေ)

မစ္စတာရှားကျိကျန်း ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ရွှေကုက္ကိုစီမံကိန်းမှာ လုပ်ငန်းတွေကို စတင်ခဲ့တယ်။ စီမံကိန်းစဖို့အတွက် သူက ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ဖို့ စောင့်နေခဲ့တာလား၊ ဒါဟာ တကယ်သာဆိုရင် ဘာကြောင့်ပါလဲ။ ဒါမှမဟုတ် နောက်သီတင်းပတ် အနည်းငယ်အကြာမှာ လုပ်ငန်းစခဲ့တာ တိုက်ဆိုင်မှုသက်သက်ပဲလား။

မစ္စတာရှီလန်ကိုင်က ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦးဖြစ်တယ်။ ဒီလိုနိုင်ငံသားခံယူရာမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သူ နိုင်ငံသားခံယူမှုက သူ့ရဲ့ပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရဲ့ နိုင်ငံသားခံယူမှုဟာ အရှေ့တောင်အာရှက သူ့ရဲ့လုပ်ငန်းတွေမှာ ဘဝကိုနှစ်မြှုပ်လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးအနေနဲ့ သူ့ရဲ့လုပ်ငန်းတွေကို ပိုမိုလွယ်ကူစွာနဲ့ လုပ်ကိုင်နိုင်မယ်လို့ ယုံကြည်တာကြောင့်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဒီထက်ပိုပြီး ထင်မြင်ချက်ပေးစရာ မရှိပါဘူး။

ကရင်ပြည်နယ် BGF က ပြောတာကတော့ ၂၀၁၉၊ ဒီဇင်ဘာအထိ ရွှေကုက္ကိုမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၃,၀၀၀ လောက်ရှိတယ်လို့ဆိုပါတယ်။ သူတို့အဲဒီမှာ ဘာတွေလုပ်ကြပါသလဲ။ သူတို့အားလုံးက ယာ့ထိုင်ရဲ့ ကုမ္ပဏီဝန်ထမ်းတွေလား။ မဟုတ်ဘူးဆိုရင် သူတို့က ဘယ်သူ့ဝန်ထမ်းတွေလဲ။ ရွှေကုက္ကိုစီမံကိန်းက အလုပ်သမားတွေရဲ့ ပြည်ဝင်ခွင့်ဗီဇာသက်တမ်းအခြေအနေကရော ဘယ်လိုရှိပါသလဲ။ သူတို့က လုပ်ငန်းဗီဇာနဲ့ လာရောက်ပြီး အလုပ်လုပ်ကြတာလား။ အဲဒါဆိုရင် ဘယ်အစိုးရဌာနကပြည်ဝင်ခွင့်ဗီဇာထုတ်ပေးတာလဲ။

BGF က အဲဒီကိန်းဂဏန်းတွေ ဘယ်ကဘယ်လိုရလာသလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။

ကျွန်တော်တို့ ပြောနိုင်တာတစ်ခုကတော့ ယာ့ထိုင်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ကာလတစ်လျှောက် လာရောက်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားဝန်ထမ်း ၁၀၀ နဲ့ ၂၀၀ကြားမှာပဲရှိပါတယ်။ သူတို့အားလုံးဟာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးတဲ့ လုပ်ငန်းဗီဇာတွေနဲ့ မှန်မှန်ကန်ကန် လာရောက်လုပ်ကိုင်သူတွေ ဖြစ်ပါတယ်။

ယာ့ထိုင်စီမံကိန်းဧရိယာအတွင်းမှာ လုပ်ကိုင်နေတဲ့ တခြားကုမ္ပဏီတွေကိုလည်း မြန်မာနိုင်ငံရဲ့ ဥပဒေအရ လိုအပ်ချက်တွေနဲ့အညီ သူတို့ရဲ့အလုပ်သမားတွေကို လျှောက်ထားစေပြီး လုပ်ငန်းတွေလုပ်ကိုင်ကြဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.