မြေပြင်ပေါ်ရှိ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်ခုကို ၂၀၁၉၊ ဖေဖော်ဝါရီ ၁၁ရက်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တစ်နေရာတွင် မြင်တွေ့ရစဉ်။ ယင်းဓာတ်ပုံ ရိုက်ကူးမှုမတိုင်မီ ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့ အဆိုပါဒေသတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

“၂၀၂၀ ရွေးကောက်ပွဲအလွန် ရခိုင်ပြည်နယ် ဘယ်ပုံစံဖြစ်လာမလဲ”

ရခိုင်ပြည်နယ်အတွင်းက နေရာအတော်များများတွင် ရွေးကောက်ပွဲမကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်က ရခိုင်နိုင်ငံရေးသမားများ၏ လွှတ်တော်အတွင်း ကိုယ်စားပြုမှုကို ပိတ်ပင်တားဆီးလိုက်သလို ဖြစ်သွားသည်။ သို့သော် ယင်းအခြေအနေထိ ရောက်ရှိလာရခြင်းသည် ရက္ခိုင့်တပ်မတော်တွင်လည်း တာဝန်မကင်းပေ။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ အောက်တိုဘာ၁၆ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ “ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း” ကို ထုတ်ပြန်ကြေညာပါတယ်။ ကြေညာချက်ထဲမှာ မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ မြို့နယ်၁၅မြို့နယ် ပါဝင်ပါတယ်။

အဲဒီထဲမှာ ဝတပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ မြို့နယ်ငါးခုပါဝင်ပြီး ကျန်တာကတော့ ရခိုင်ပြည်နယ်ကကိုးမြို့နယ်နဲ့ ရှမ်းပြည်နယ်ကတစ်မြို့နယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ခုရှိတဲ့အနက် တစ်ဝက်ကျော်ဖြစ်တဲ့ ကိုးမြို့နယ်အပါအဝင် ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု အတော်များများမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ကြေညာလိုက်တဲ့အခါ ဝေဖန်သံတွေ ဆူညံသွားစေပါတယ်။

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာများနေခြင်းဟာ နိုင်ငံရေးဘောင်ကိုကျုံ့စေပြီး စစ်ဘောင်ကို ကျယ်စေတဲ့လုပ်ရပ်ဖြစ်တယ်၊ တိုင်းရင်းသားတွေကို ဖိနှိပ်တဲ့လုပ်ရပ်ဖြစ်တယ် စတာတွေတင်မက အင်န်အယ်လ်ဒီအစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ပြိုင်ဘက် တိုင်းရင်းသားပါတီတွေကို အင်အားနည်းသွားအောင်လုပ်တယ် ဆိုတဲ့အထိ စွပ်စွဲမှုတွေ ရှိလာပါတယ်။

ရခိုင်ပြည်နယ်မှာ အခုလိုရွေးကောက်ပွဲ မကျင်းပနိုင်တဲ့နေရာ ဘာကြောင့်အများကြီး ဖြစ်ပေါ်လာရသလဲ၊ ရွေးကောက်ပွဲအပြီး ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးအခင်းအကျင်း ဘယ်လိုဖြစ်ပေါ်လာနိုင်သလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အခုတစ်ပတ် အဲဒီအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ နေရာတွေအဖြစ် ကြေညာခဲ့တာမှာ မြို့နယ်တစ်ခုလုံး မကျင်းပနိုင်တာ ကိုးမြို့နယ်၊ နယ်မြေအလိုက် မကျင်းပနိုင်တာက မြို့နယ်လေးမြို့နယ်ထဲမှာ ပါဝင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၅၂ ခုရှိပါတယ်။ ရွေးကောက်ပွဲစကားနဲ့ပြောရရင် အဲဒီထဲမှာ ပြည်သူ့လွှတ်တော်အတွက်ကိုးနေရာ၊ အမျိုးသားလွှတ်တော်အတွက် ရှစ်နေရာနဲ့ ပြည်နယ်လွှတ်တော်အတွက် အနည်းဆုံး၁၈နေရာ စုစုပေါင်း၃၅နေရာ ပါဝင်သွားပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အဲဒီ၃၅နေရာမှာ ရခိုင်အမျိုးသားပါတီ (ANP – အေအင်န်ပီပါတီ) က ၃၂ နေရာအနိုင်ရခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက သုံးနေရာပဲ အနိုင်ရခဲ့တာမို့ အေအင်န်ပီပါတီအတွက် အတော်လေးအထိနာသွားစေမဲ့၊ တနည်းအားဖြင့် ရခိုင်ပါတီတွေအတွက် အထိနာသွားစေတဲ့ အခြေအနေမျိုးလို့ ပြောလို့ရပါတယ်။ ၂၀၁၅တုန်းက ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်မှာ စုစုပေါင်း အမတ်နေရာ၄၄ နေရာ အနိုင်ရခဲ့တာမို့ လက်ရှိရွေးကောက်ပွဲမကျင်းပနိုင်လို့ ဆုံးရှုံးသွားရမဲ့ အခြေအနေဟာ ၇၃ရာခိုင်နှုန်းလောက်ရှိတာမို့ ကြီးမားတဲ့ ဆုံးရှုံးမှုပါ။

အထူးသဖြင့် ပြည်ထောင်စုအဆင့်လွှတ်တော်နှစ်ရပ်အတွက် အမတ်အများဆုံး တတိယ အဆင့်၊ တစ်နည်းအားဖြင့် အမတ်၂၂နေရာ အနိုင်ရခဲ့တဲ့ ပါတီတစ်ခုအတွက် အခုလာမဲ့ ရွေးကောက်ပွဲမှာ ၁၇နေရာ မကျင်းပနိုင်တာမို့ ရွေးကောက်ပွဲပြီးခဲ့ရင်တောင် ပြည်ထောင်စု အဆင့် လွှတ်တော်တွေထဲမှာ လက်ရှိလွှတ်တော်သက်တမ်းလောက် အသံကျယ်ကျယ်နဲ့ ပြောဆို၊ ဆွေးနွေးနိုင်တော့မှာ မဟုတ်ပါဘူး။

အလားတူ ပြည်နယ်လွှတ်တော်မှာ ၃၅နေရာရှိတဲ့အနက် ၂၀၁၅တုန်းက အေအင်န်ပီက ၂၂ နေရာ အနိုင်ရခဲ့ပေမဲ့ အခုသူတို့အနိုင်ရခဲ့တဲ့ ၁၈ နေရာမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုလေတော့ ပြည်နယ်လွှတ်တော်မှာလည်း လူများစုဖြစ်ရေး လွယ်ကူတော့မှာမဟုတ်ပါဘူး။ ပြောရရင် ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခင်းအကျင်းမှာ အေအင်န်ပီပါတီရဲ့ နိုင်ငံရေးအရ ကိုယ်စားပြုနိုင်မှု အတော့်ကိုအားနည်းသွားမဲ့ အခြေအနေမျိုးပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိ၊ မရှိကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေဆီကနေ သဘောထား မှတ်ချက်တောင်းခံပြီးမှ ကြေညာခဲ့တယ်လို့ ဆိုပါတယ်။ မှန်ပါတယ်။ တကယ်လည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ဆိုရင် အဲဒီနယ်မြေစစ်ပွဲတွေ၊ တိုက်ပွဲတွေ ဖြစ်မနေရဘူး၊ မတည်မငြိမ် ဖြစ်မနေရဘူး ဆိုတာကတော့ ရှင်းပါတယ်။

ဒါတင်မက အဲဒီနေရာမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တရားဥပဒေစိုးမိုးရေး ကောင်းကောင်းလုပ်နိုင်ရဲ့လား ဆိုတာမျိုး လိုပါတယ်။ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်လို့ ရွေးကောက်ပွဲကျင်းပမဲ့ ကော်မရှင်အဖွဲ့ဝင်တွေ၊ မဲရုံတာဝန်ယူမဲ့သူတွေ၊ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ သွားရောက်တာဝန်ယူလို့ ရဖို့လိုပါတယ်။

ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးပါတီတွေ ပြိုင်ဆိုင်ကြမဲ့ ပွဲဖြစ်တာကြောင့် အဲဒီနိုင်ငံရေးပါတီဝင်တွေ၊ အမတ်လောင်းတွေ၊ သူတို့ရဲ့ ကိုယ်စားလှယ်တွေ လွတ်လွတ်လပ်လပ် သွားလာလို့ ရသလား၊ မဲဆွယ်စည်းရုံးလို့ရသလား၊ ရွေးကောက်ပွဲကျင်းပချိန်မှာ လွတ်လွတ်လပ်လပ် ဝင်ပြီး လေ့လာစောင့်ကြည့်လို့ရသလားဆိုတဲ့ အခြေအနေကောင်း ရှိဖို့လိုပါတယ်။

ဒါတင်မက မဲပေးကြမှာက တိုင်းရင်းသားပြည်သူလူထုဖြစ်တာကြောင့် သူတို့ကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေက ခြိမ်းခြောက်မှုရှိနေသလဲ၊ ဖိအားပေးပြီး ပါတီတစ်ခုခုကို မဲပေးအောင်စေခိုင်းတာမျိုး ရှိနေသလား၊ ပါတီတစ်ခုခုကို မဲမပေးဖို့ခြိမ်းခြောက်တာမျိုး ရှိနေသလားဆန်းစစ်ပြီး လွတ်လွတ်လပ်လပ် အကြောက်အလန့်ကင်းကင်း မဲပေးနိုင်ဖို့လိုအပ်ပါလိမ့်မယ်။

ရခိုင်ပြည်နယ်ထဲမှာ ခုလို နေရာအများအပြား ရွေးကောက်ပွဲကျင်းပလို့ မရနိုင်ဘူးဆိုတာ နေရာအတော်များများမှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ဆိုတာဟာ အကြောင်းအချက် တစ်ခုပဲဖြစ်ပါတယ်။

ဒါ့ပြင် အေအေလက်နက်ကိုင်အဖွဲ့ရဲ့ သဘောထားကလည်း အရေးကြီးပါတယ်။ ရွေးကောက်ပွဲ ကာလမတိုင်ခင် အချိန်အတော်ကြာကတည်းက အေအေအဖွဲ့ဟာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မလိုလားတဲ့ဟန်ပြခဲ့ပြီး ဆန့်ကျင်တာတွေကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ အင်န်အယ်လ်ဒီအမတ်ကို ဖမ်းဆီးတာ၊ အင်န်အယ်လ်ဒီ ထောက်ခံသူတွေကို ဖမ်းဆီးပြီး တစ်ချို့ဆို အသက်သေဆုံးသွားတဲ့ အခြေအနေအထိ ရောက်သွားစေတာ စတဲ့အခြေအနေဟာ အဲဒီ ဒေသတွေမှာ နိုင်ငံရေးပါတီတစ်ခု လွတ်လွတ်လပ်လပ် လှုပ်ရှားမှုလုပ်လို့မရနိုင်ဘူးဆိုတဲ့ အခြေအနေကို ဖန်တီးထားခဲ့တာပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ နီးလာတော့လည်း အေအေအဖွဲ့ဟာ ရွေးကောက်ပွဲကို မနှောင့်ယှက်ပါဘူး၊ ဘယ်ပါတီမဆို လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့်ရှိပါတယ် စသဖြင့် ပြောဆိုလုပ်ကိုင်ရမဲ့အစား ရခိုင်ပြည်နယ် တောင်ပိုင်းတောင်ကုတ်မြို့နယ်က အင်န်အယ်လ်ဒီအမတ်နှစ်ယောက်နဲ့ အမတ်လောင်းတစ်ယောက်ကို ပြန်ပေးဆွဲဖမ်းဆီးသွားတဲ့ အလုပ်ကိုပဲ လုပ်ခဲ့ပါတယ်။

ပြောရရင် ရခိုင်ပြည်နယ် နေရာအများအပြားမှာ ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းဟာ တိုက်ပွဲတွေ ဖြစ်ပွားနေတာတွေ အပါအဝင် အေအေအဖွဲ့ရဲ့ အခြားသော နိုင်ငံရေးပါတီတွေအပေါ် ခြိမ်းခြောက် ဟန့်တားမှုတွေရှိနေတာ၊ ရွေးကောက်ပွဲသွားရာလမ်းကို မယုံကြည်တာ စတာတွေကြောင့်လို့ဆိုရင် မှားမယ် မထင်ပါဘူး။

အကျိုးဆက်ကတော့ တိုက်ပွဲတွေဖြစ်၊ ပြည်သူတွေ သေကြေ၊ ဒဏ်ရာရ၊ စစ်ဘေးရှောင်စခန်းမှာ ခိုလှုံရ စတာတွေအပြင် ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမားတွေ နိုင်ငံရေးအရ တရားဝင်ကိုယ်စားပြုမှုမရ၊ ရပ်တည်ခွင့်မရှိသလို ဖြစ်သွားစေပါတယ်။ ဒီအတွက် ရခိုင်နိုင်ငံရေးသမားတွေအနေနဲ့ အာဏာရအင်န်အယ်လ်ဒီပါတီနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုပဲ အပြစ်ပုံချဖို့သင့်တော်မယ် မဟုတ်ပါဘူး။

အေအေအဖွဲ့ စပြီးလှုပ်ရှားလာတဲ့ ၂၀၁၅ဝန်းကျင်ကနေအစ အင်န်အယ်လ်ဒီအစိုးရအဖွဲ့ သက်တမ်း တစ်လျှောက်လုံး ရခိုင်အမတ်တွေအပါအဝင် ရခိုင်နိုင်ငံသမား အားလုံးလိုလို အေအေအဖွဲ့ကို ထောက်ခံခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတိုင်းမှာ လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိနေကြတယ်၊ ဒါကြောင့် ရခိုင်တွေအတွက် အေအေအဖွဲ့ရှိတာ ဆန်းသလား၊ အေအေအေအဖွဲ့ဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်တာမို့ ရခိုင်ပြည်နယ်မှာ အခြေချဖို့ ကြိုးစားတာ ဘာများဆန်းသလဲဆိုပြီး ပြောဆိုလေ့ရှိကြပါတယ်။

အေအေအဖွဲ့ဟာ အဲဒီလို ရခိုင်တိုင်းရင်းသားတွေရော၊ ရခိုင်နိုင်ငံရေးသမားတွေရဲ့ ထောက်ခံမှုကို ရတာ၊ တိုက်ပွဲဝင်တပ်ဖွဲ့ဝင်တွေကို လက်နက်ခဲယမ်း ထောက်ပံ့နိုင်တာတွေကြောင့် ဒီကနေ့ထက်ထိ ရခိုင်ပြည်နယ်မှာ ကြည်း၊ ရေ၊ လေ အင်အားရှိတဲ့ တပ်မတော်ကို အံတုဖက်ပြိုင် တိုက်ခိုက်နေနိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေအကျိုးစီးပွား၊ တရားဝင်နိုင်ငံရေးလမ်းကြောင်းတွေအတွက်တော့ ရလဒ်က သိပ်မကောင်းလှပါဘူး။

၂၀၂၀ရွေးကောက်ပွဲပြီးသွားရင် ရခိုင်ပြည်နယ်မှာ တရားဝင်နိုင်ငံရေး လှုပ်ရှားမှုထက် စစ်ရေးတိုက်ပွဲတွေကပဲပိုပြီး လွှမ်းမိုးလာဖို့ ရှိနေပါတယ်။ ပြည်ထောင်စုအဆင့် လွှတ်တော်တွေမှာ၊ ပြည်နယ်လွှတ်တော်မှာ ရခိုင်နိုင်ငံရေးပါတီကိုယ်စားပြုမှု ပိုပြီးအားနည်းလာမှာ သေချာပါတယ်။ မေးရမဲ့မေးခွန်းကတော့ ရခိုင်ပြည်နယ်အတွက် ရခိုင်နိုင်ငံရေးသမားတွေ၊ ရခိုင်တိုင်းရင်းသားတွေ လိုလားနှစ်ခြိုက်တဲ့ အခြေအနေဟာ အဲဒီလို အခြေအနေပဲလားဆိုတာ ဖြေဆိုကြဖို့ပဲ ဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.