ရုပ်ရှင်အနုပညာဆိုင်ရာ ရပိုင်ခွင့်

ပဉ္စမအကြိမ်မြောက် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်သည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းမှု မည်မျှအထိ ခရီးပေါက်ခဲ့ပြီကို အတွင်းကျကျ ဖော်ပြချက်တစ်ခုဖြစ်သည်။

ဆင်းဂ်လီ ရေးသားသည်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

လေးနှစ်ဟူသောကာလသည် ရှည်ကြာသော ကာလတစ်ခုဟု ဆိုနိုင်ကောင်းပါသည်။ နိုင်ငံရေး အသွင်ကူးပြောင်းမှုများ မရေမရာဖြစ်နေချိန် ၂၀၁၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ပွဲဦးထွက်အဖြစ် စတင်ကျင်းပခဲ့သည်။

နိုင်ငံအတွင်းရှိ ထောင်များတွင် နိုင်ငံရေး အကျဉ်းသား ရာပေါင်းများရှိသည်ဟု မဆိုနိုင်သည့်တိုင်အောင် ဒါဇင်ပေါင်းများစွာရှိခဲ့သော မကြာသေးမီကာလအထိ “လူ့အခွင့်အရေး” ဆိုသော စကားလုံးသည် မပြောကောင်း၊ မဆိုကောင်းသော တားမြစ်စကားလုံး ဖြစ်ခဲ့သည်။

ပွဲတော်ဖြစ်မြောက်အောင် ဆောင်ရွက်သူများနှင့် ပါဝင်ဆင်နွှဲသူများအတွက် ဝိဇယရုပ်ရှင်ရုံနှင့် ဂျန်းရှင်းစီးတီး JCGV ရုပ်ရှင်ရုံတို့တွင် ဇွန် ၁၄ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် ရုပ်ရှင်ပွဲတော်သည် နိုင်ငံတော် လျှောက်ခဲ့သောခရီး မည်မျှရောက်ခဲ့ပြီ၊ နောက်ထပ်မည်မျှ ခရီးဆက်ရဦးမည်ကို ညွှန်ပြသော အမှတ်အသားတစ်ခုဖြစ်သည်။

ပထမဆုံးပွဲတော်ကို ကျင်းပရန် သူတို့ စတင်ပြင်ဆင်ချိန်က ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီက ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

အကဲဆတ်သော အကြောင်းအရာများကို တွေ့ထိထားသော ရုပ်ရှင်ကားများ ပြသရန် အတည်ပြုချက်ရရှိအောင် ခက်ခက်ခဲခဲ ဆောင်ရွက်ရရုံမက ပွဲစီစဉ်သူများမှာ ပြပွဲကျင်းပရေး ခွင့်ပြုမိန့်ရရှိအောင် အသည်းအသန် ကြိုးပမ်းရုန်းကန်ခဲ့ရကြောင်း သူက ပြောသည်။

ယခုကျင်းပသောပွဲသည် အရှေ့တောင်အာရှ လူ့အခွင့်အရေးပွဲတော်များတွင် အကြီးမားဆုံး ပွဲတော်ကြီးဖြစ်ပြီး ပြည်တွင်းတီထွင်ဖန်တီးမှု လုပ်ငန်းပြက္ခဒိန်တွင် နေ့ကောင်းရက်မြတ်တစ်ရက် ဖြစ်ကြောင်း ကိုဂျင်မီက ပြောသည်။

အဖွင့်ရုပ်ရှင်ကားဖြစ်သည့် Burma Storybook တွင် ပါဝင်သရုပ်ဆောင်ထားသော ကဗျာဆရာ မောင်အောင်ပွင့်နှင့် ထောင်ထဲတွင် အတူတကွ နေခဲ့ရသော နေ့ရက်များအကြောင်းကိုလည်း သူက ပြန်ပြောင်းပြောပြပြန်သေးသည်။

နယ်သာလန်၌ ထုတ်လုပ်ခဲ့သော Burma Storybook က အောင်ချိမ့်နှင့် သုခမိန်လှိုင်တို့အပါအဝင် နာမည်ကြီးပြီး နိုင်ငံရေးတွင် တက်ကြွလှုပ်ရှားသော မြန်မာကဗျာဆရာများအကြောင်း ဖြစ်သည်။ ယင်းကဗျာဆရာနှစ်ဦးက ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပြီး ပြပွဲစင်ပေါ်တွင် သူတို့ကဗျာများကို ရွတ်ဆိုခဲ့ကြသည်။

ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံ၌ ကျင်းပသော ပဉ္စမအကြိမ်မြောက် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်။ ဓာတ်ပုံ - သိမ့်မွန်စိုး(ဂျေ)

ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံ၌ ကျင်းပသော ပဉ္စမအကြိမ်မြောက် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

ရန်ကုန်တွင် ပြသခြင်းမှာ Burma Storybook အတွက် အရေးအကြီးဆုံးဖြစ်ပြီး ရုပ်ရှင်အတွက် ပြည်တော်ပြန် အထိမ်းအမှတ်တစ်ခုလည်း ဖြစ်ကြောင်း ဒါရိုက်တာ ပီတာ လုမ် Peter Lom နှင့် ကိုရင်း ဗန် အီဂရတ် Corinne Van Egeraat တို့က ပြောသည်။

မှတ်တမ်းရုပ်ရှင် ပြသရသည့်အတွက် “ထူးဆန်းသော” ခံစားမှုကို ခံစားရကြောင်းနှင့် ပရိသတ်ထံသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေနိုင်ရေးအတွက် ပြင်ပလဟာပြင်များနှင့် ကျောင်းများတွင် ပြသသင့်ကြောင်း ပီတာ လုမ်က Frontier ကို ပြောသည်။

ပီတာ လုမ်သည် လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် မှတ်တမ်းတင် ရုပ်ရှင်ကားများကို ရိုက်ကူးခြင်းဖြင့် အသက်မွေးနေသူဖြစ်သည်။ သူ့အတွေ့အကြုံအရဆိုပါက ယင်းကဲ့သို့သော ရုပ်ရှင်ကားမျိုးကို မိခင်နိုင်ငံတွင် ပြသခွင့်ရခြင်းသည် ထိုနိုင်ငံသည် တိုးတက်မှု ရှိသည်ကို ပြသခြင်းဖြစ်ကြောင်း သူက ပြောသည်။

 “အာရပ်နွေဦး ကာလအတွင်းက ကျွန်တော်တို့ အီဂျစ်မှာ ရုပ်ရှင်တစ်ကား ရိုက်ခဲ့ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးက အကြမ်းဖက်မှုအဖြစ် ပြောင်းလဲသွားပြီး အီဂျစ်ပြည်သူတွေခမျာ သူတို့ တိုက်ခိုက်ခဲ့တဲ့ ရည်ရွယ်ချက် မပြည့်မြောက်ခဲ့တဲ့အပြင် ရှိပြီးသားကလေးတွေပါ ဆုံးရံှုးခဲ့ရတဲ့အတွက် အဲဒီရုပ်ရှင်ကားကို သူ့နိုင်ငံမှာ ကျွန်တော်တို့ မပြနိုင်ခဲ့ပါဘူူး” ဟု သူက ပြောသည်။

နိုင်ငံခြားမှာ ထုတ်လုပ်ပြီး ရုပ်ရှင်ပွဲတော်ကို တင်သည့်ကား ၆၄ ကားအနက် ၁၂ ကားကို ရွေးချယ်ခဲ့ရာမှာ Burma Storybook ကလည်း တစ်ကားအဖြစ် ပါဝင်ခဲ့သည်။

ယင်းရုပ်ရှင်ကားကို ပြသနိုင်ခြင်းက အပြုသဘောဆောင်သော်လည်း အခြားကားတစ်ကားကို မပြသနိုင်သည့် အခြေအနေက မြန်မာနိုင်ငံ၏ အပြောင်းအလဲတွင် လူသိရှင်ကြား ဆွေးနွေးရန် ခက်ခဲနေသေးသည့် လိုအပ်ချက်တစ်ခုကို မီးမောင်းထိုးပြလျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော လူမျိုးရေး ပဋိပက္ခအကြောင်း အမေရိကန် ဒါရိုက်တာ ဂျင်း ဟော်လေးစီ Jeanne Hallacy ရိုက်ကူးသော မှတ်တမ်းရုပ်ရှင် Sittwe ကိုမူ အာဏာပိုင်များ၏ အမိန့်အရ အဆိုပါ အခမ်းအနားတွင် ပြသခွင့် မရခဲ့ပေ။

ရုပ်ရှင်ကား ပြသခွင့် ပိတ်ပင်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီအတွက် အာမခံချက်ရပြီဟု မယူဆနိုင်သေး ဟူသောအချက်နှင့် ဒီမိုကရေစီကို ခိုင်မာအောင် ကာကွယ်ဖို့လိုသေးသည်ဟူသော အချက်တို့က မြန်မာနိုင်ငံကို သတိပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပေါ်တူဂီသံအမတ် မစ္စတာ ဝေါတာ ယူးဂင်းစ် Mr Wouter Jurgens က ပြောသည်။

Smile Education and Development Foundation ၏ အမှုဆောင် ဒါရိုက်တာလည်းဖြစ်သူ Sittwe ဇာတ်ကားထုတ်လုပ်သူ ဦးမျိုးဝင်းလည်း ဖွင့်ပွဲညက ပွဲတော်သို့ တက်ရောက်လာခဲ့သည်။

မွတ်စလင်နှင့် ခရစ်ယာန်များကဲ့သို့သော လူနည်းစုများ၏ အခွင့်အရေးကို အစိုးရက လျစ်လျူရှုပြီး ဥပဒေအရ အကာအကွယ် မပေးပါက စစ်မှန်သော ဒီမိုကရေစီ မရှိနိုင်သေးကြောင်း သူက ပြောသည်။ ပဋိပက္ခ ဖြေရှင်းရေးအတွက် ပညာရေးကလည်း အဓိကကျကြောင်း သူက ပြောသည်။

သို့သော် လွန်ခဲ့သော နှစ်များအတွင်း ဆင်ဆာဖြတ်တောက်မှုကို လျှော့ချပေးခဲ့ကြောင်း၊ အမျိုးသမီး အခွင့်အရေးနှင့် ဘာသာတရားကို အခြေခံရိုက်ကူးထားသော ပြည်တွင်းဒါရိုက်တာ ကြယ်ရီလင်းစစ်၏ မှတ်တမ်းရုပ်ရှင်ကား ပြသခွင့်ပြုထားသည်ကို ရည်ညွှန်း၍ ပီတာ လုမ်က ပြောသည်။ အလားတူအကြောင်းအရာကို ယင်းဒါရိုက်တာပင် ရိုက်ကူးခဲ့သော ရုပ်ရှင်ကားကို ၂၀၁၄ ခုနှစ်က ပိတ်ပင်ခံခဲ့ရကြောင်း သူက ပြောသည်။

ရုပ်ရှင်ပွဲတော်တွင် အောင်ချိမ့် ကဗျာရွတ်ဆိုစဉ်။ ဓာတ်ပုံ - သိမ့်မွန်စိုး(ဂျေ)

ရုပ်ရှင်ပွဲတော်တွင် အောင်ချိမ့် ကဗျာရွတ်ဆိုစဉ်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

She ရုပ်ရှင်ကားသည် မြန်မာသီလရှင်တစ်ပါး၊ ခရစ်ယာန်သီလရှင်တစ်ပါးနှင့် မွတ်စလင်အမျိုးသမီးတစ်ဦးတို့၏ ဘဝများနှင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို မှတ်တမ်းတင်ထားသည့် ရုပ်ရှင်ကားဖြစ်သည်။ ဇွန် ၁၉ ရက်တွင် ဆုများကို ကြေညာသောအခါ ယင်းရုပ်ရှင်ကားက ယခုနှစ်ပွဲတော်တွင် ကျားမတန်းတူညီမျှရေးဆု Gender Equality Award ကို ရရှိခဲ့သည်။

ယခုနှစ် အကောင်းဆုံး နိုင်ငံတကာ မှတ်တမ်းရုပ်ရှင်ဆုဖြစ်သော အောင်ဆန်းစုကြည်ဆုကို ဂျိုးနပ်စ် ရှူ Jonas Scheu ၏ Ma Yan Chan – Waves of Transition က ရရှိခဲ့သည်။ ဧရာဝတီမြစ်ပေါ်တွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့သော သင်္ဘောကျင်း လုပ်သားများအား အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းသည်ကို ပြသသော ဇာတ်ကားဖြစ်သည်။

စိတ္တဇ အခြေအနေများနှင့်ပတ်သက်၍ ပြည်တွင်းဒါရိုက်တာ ၁၄ ဦး၏ လက်ရာများကို စုစည်းထားသော Psycho Zero က အကောင်းဆုံး အမျိုးသားဇာတ်ကားဆုအဖြစ် ရွေးချယ်ခံခဲ့ရပြီး ဟံသာဝတီ ဦးဝင်းတင်ဆုကို ဆွတ်ခူးခဲ့သည်။

ယခုပွဲတော်ကြောင့် ယေဘုယျအားဖြင့် သူတို့ မကပ်နိုင်ခဲ့သော ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံကြီးများတွင် သူတို့လက်ရာများကို ပြသနိုင်သည့် အခွင့်အလမ်းများကို ပြည်တွင်းမှ လွတ်လပ်သော ရုပ်ရှင်သမားတို့ ရရှိခဲ့ကြောင်း Psycho Zero ကားဖြစ်မြောက်ရေးကို အထောက်အကူပေးခဲ့သော ဒါရိုက်တာများအနက် တစ်ဦးဖြစ်သော မိုးဇက် မတ်စ်က ပြောသည်။

ပရိသတ်၏ တုံ့ပြန်မှုမှာ အများအားဖြင့် အပြုသဘောဆန်လှသည်။ မှတ်တမ်းရုပ်ရှင်ကား Listen ကို သူ အထူးစိတ်ဝင်စားကြောင်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက်သူ ဂျပန် အလွတ်တန်းဂျာနယ်လစ် မစ္စတာ ယူကီ ခီတဇုမိက ပြောသည်။ မင်းမင်းဟိန်း၏ ဇာတ်ကားတွင် သရုပ်ဆောင် အနုပညာနှင့် အခြားအနုပညာပုံစံတို့ဖြင့် ၎င်း၏နိုင်ငံရေးအမြင်ကို ဖော်ပြသော ပန်းချီပညာရှင် ချောအိသိန်းကို မဏ္ဍိုင်ထား၍ ရိုက်ကူးခဲ့သည်။

အနာဂတ်ကာလတွင် နိုင်ငံတစ်ဝန်းလုံးရှိ မြို့ကြီးများ၌ ပွဲတော်ကို ကျင်းပနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျန်းရှင်းစီးတီးတွင် ပြသသောပွဲကို ကြည့်ခဲ့သည့် နော်သဇင်တုတ်က ပြောသည်။

“နိုင်ငံဖွံဖြိုးတိုးတက်ဖို့အတွက် လူတွေရဲ့အသိအမြင်ကို ပြုပြင်ပြောင်းလဲရာမှာ ဒီဇာတ်ကားတွေက အထောက်အကူ ပေးနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်” ဟု သူက ပြောသည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.