ရိုးမစင်ထရယ်စီမံကိန်းကြီးကြပ်ရန် အတိုင်ပင်ခံကုမ္ပဏီရှာဖွေ

နိုင်ငံပိုင် မြန်မာ့မီးရထားမှဝန်ထမ်းများက ဒေါ်လာ သန်း ၇၀၀ တန် ရိုးမစင်ထရယ်စီမံကိန်းကြီးကို ကြီးကြပ်ရန် ကျွမ်းကျင်မှု အလုံအလောက်မရှိပါကြောင်း၊ လုပ်ငန်းအရည်အသွေးနှင့် ကုန်ကျစရိတ်ကို စောင့်ကြည့်ကြီးကြပ်ပေးမည့် အတိုင်ပင်ခံများ ခေါ်ယူရန်လိုကြောင်း ပြောသည်။

ရဲမွန်နှင့် သောမတ်စ်ကင်း(န်) ရေးသားသည်။

ဒေါ်လာ သန်း ၇၀၀ တန် ရိုးမစင်ထရယ်စီမံကိန်းကို ကန်ထရိုက်စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်များအတိုင်း အချိန်မီပြီးစီးနိုင်ရေး စောင့်ကြပ်ကြည့်ရှုမည့် အတိုင်ပင်ခံကုမ္ပဏီ ငှားရမ်းရန် မြန်မာ့မီးရထားလုပ်ငန်းက စီစဉ်လျက်ရှိသည်။

စီမံကိန်း အကောင်အထည်ဖော်မည့်ကုမ္ပဏီစု Consortium ကို စင်ကာပူစာရင်းဝင် Yoma Strategic Holdings ကုမ္ပဏီက ဦးဆောင်သည်။ YSH ကုမ္ပဏီကို ဦးဆောင်ပဲ့ကိုင်သော မစ္စတာ ဆာ့ချ်ပန်း Mr. Serge Pun ကတော့ “ဒီစီမံကိန်းဟာ ခေတ်သစ်ရန်ကုန်မြို့တော်မှာ ရည်မှန်းချက်အကြီးမားဆုံး ဆောက်လုပ်ရေးစီမံကိန်း တစ်ခုပါပဲ”ဟု ဆိုသည်။

ရန်ကုန်မြို့လယ်တွင် အကောင်းဆုံးဟုဆိုနိုင်သည့် ၁၀ ဧက (၄ ဒသမ ၆ ဟက်တာ) ကျယ်ဝန်းသော မြန်မာ့မီးရထားပိုင်မြေပေါ်တွင် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း B.O.T စနစ်ဖြင့် တည်ဆောက်မည့် ဤစီမံကိန်းတွင် အဆင့်မြင့်လူနေတိုက်ခန်းများ၊ အထပ်မြင့်ရုံးခန်းများ လုပ်ငန်းသုံးဟိုတယ်နှင့် ဝန်ဆောင်မှုပေးသော လူနေတိုက်ခန်းများပါဝင်သည်။ ၎င်းပြင် ၁၈၇၇ ခုနှစ်က တည်ဆောက်ခဲ့သော အမွေအနှစ်စာရင်းဝင် မြန်မာ့မီးရထားရုံးချုပ်ကိုလည်း ကြယ်ငါးပွင့်အဆင့် Peninsula Hotel အဖြစ် ပုံစံပြောင်းလျက်ရှိသည်။

ရိုးမစင်ထရယ်ကဲ့သို့သော ပမာဏကြီးမားပြီး ရှုပ်ထွေးလှသော စီမံကိန်းကြီးကို စောင့်ကြပ်ကြည့်ရှုရန် မြန်မာ့မီးရထားတွင် စွမ်းဆောင်ရည်မရှိပါဟု နိုင်ငံပိုင်မြန်မာ့မီးရထားမှ အထက်တန်းအရာရှိများက Frontier ကို ပြောပြသည်။ တာဝန်ယူတည်ဆောက်သူများက သတ်မှတ်စည်းကမ်းအားလုံးကို အတိအကျ လိုက်နာလုပ်ဆောင်မှု မပြုကြမှာကိုလည်း မီးရထားဌာနအရာရှိများက စိုးရိမ်ပူပန်နေကြသည်။

စက်တင်ဘာ ၂၃ ရက်၌ မြန်မာ့မီးရထားသည် ပြည်တွင်းပြည်ပမှ ‘စီမံကိန်းအာမခံချက် ဝန်ဆောင်မှုကုမ္ပဏီ’ များထံမှ စိတ်ဝင်စားမှုဖော်ပြချက် EOI – Expressions of Interest များကို ဖိတ်ခေါ်လိုက်သည်။ ရိုးမစင်ထရယ်စီမံကိန်းကို ရက်စွဲအလိုက် လုပ်ငန်းပြီးစီးမှု၊ ထွက်လာမည့် စီမံကိန်းရလဒ်ကို ကြိုတင်ပြောကြားမှုအပါအဝင် စီမံကိန်းလုပ်ဆောင်ပုံ တရားနည်းလမ်းကျမှုနှင့် အလားအလာများကို စောင့်ကြည့်ကြီးကြပ်ရန် အတိုင်ပင်ခံ ဝန်ဆောင်မှုကုမ္ပဏီ ခေါ်ယူခန့်ထားရန်ဖြစ်သည်။

EOI တင်သွင်းရန် နောက်ဆုံးရက်ကို အောက်တိုဘာ ၂၈ ရက် သတ်မှတ်ထားပြီး စီမံကိန်းအရည်အသွေး၊ ကုန်ကျစရိတ်နှင့် ကြာမြင့်ချိန်တို့အပေါ် မူတည်ပြီး စီမံကိန်းဆက်လုပ်ရန် သင့် မသင့် ဆုံးဖြတ်မည်ဟု ဖော်ပြထားသည်။

စီမံကိန်းကို စောင့်ကြပ်ကြည့်ရှုရန် ငှားရမ်းထားသော ကုမ္ပဏီသည် မြန်မာ့မီးရထားက ဖွဲ့စည်းပေးထားသော စီမံကိန်း စီမံခန့်ခွဲရေးအဖွဲ့နှင့် စီမံကိန်းတာဝန်ခံကော်မတီထံ တည်ဆောက်ရေးစတင်သည့်အခါ အကူအညီပေးရမည်ဖြစ်သည်။

၂၀၁၈ ဇူလိုင်လက မိုးသည်းထန်စွာရွာသဖြင့် မြောက်ဘက်အပြင်နံရံ၏ အစိတ်အပိုင်းပြိုကျခဲ့သည်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

၂၀၁၈ ဇူလိုင်လက မိုးသည်းထန်စွာရွာသဖြင့် မြောက်ဘက်အပြင်နံရံ၏ အစိတ်အပိုင်းပြိုကျခဲ့သည်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုအပ်သည်

ဤစီမံကိန်းကို စောင့်ကြည့်ကြီးကြပ်နိုင်စွမ်းရှိသောဝန်ထမ်းများ မြန်မာ့မီးရထားတွင် မရှိသည်ကို ကျွန်တော်တို့ သဘောပေါက်သဖြင့် စောင့်ကြည့်ပေးမည့် အတိုင်ပင်ခံကုမ္ပဏီငှားရမ်းရန် ဆုံးဖြတ်ခဲ့ရကြောင်း မြန်မာ့မီးရထား ထောက်ပံ့ရေးဌာန ဒု-အထွေထွေမန်နေဂျာ ဦးကျော်မိုးဇော်က ပြောသည်။

“တာဝန်ယူတည်ဆောက်သူက စာချုပ်ပါစည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်နေတယ်၊ စီမံကိန်းက နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ မီးရထားဝန်ထမ်းတွေက တိုင်လာကြပါတယ်” ဟု သူက ပြောသည်။ သို့သော် အသေးစိတ်ကိုမူ ပြောမပြခဲ့ပေ။

“စီမံကိန်းကို စနစ်တကျ စောင့်ကြည့်ဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ လောလောဆယ်မှာ စနစ်တကျ ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး” ဟု သူက ပြောသည်။

မြန်မာ့မီးရထားနှင့် တည်ဆောက်သူကုမ္ပဏီ developer တို့အကြား ချုပ်ဆိုထားသော ကန်ထရိုက်စာချုပ်အရ မြန်မာ့မီးရထားက လိုအပ်သည်ဟု ယူဆပါက အတိုင်ပင်ခံကုမ္ပဏီ ငှားရမ်းနိုင်တယ်။ ဒီအတွက် အတိုင်ပင်ခံ ကုန်ကျစရိတ်ကို တည်ဆောက်သူကုမ္ပဏီက ကျခံရမည်ဟု ပါရှိကြောင်း အထွေထွေမန်နေဂျာ ဦးအောင်ဝင်းက ပြောသည်။

“ဒီစီမံကိန်းက သိပ်ကြီးတယ်။ ဒါကြောင့် စောင့်ကြည့်ဖို့ လိုပါတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ပဲ စောင့်ကြည့်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဒါလောက်ကြီးမားတဲ့ စီမံကိန်းအတွေ့အကြုံမျိုး မရှိခဲ့ပါဘူး”

“သူတို့တတွေ စာချုပ်ပါအတိုင်း လိုက်နာလုပ်ဆောင်ခြင်း ရှိ မရှိ စစ်ဆေးချင်ပါတယ်။ ကုမ္ပဏီက ၂၀၂၂ မှာ စီမံကိန်းအပြီး လုပ်မယ်လို့ ပြောထားပါတယ်” ဟု၎င်းကပြောသည်။

EOI အရ Yoma Central စီမံကိန်းကို လေးနှစ်အတွင်းအပြီး တည်ဆောက်ရမည်။ သို့သော် အချိန်ထပ်ပေးနိုင်ပေသည်။

သို့ရာတွင် ဟောင်ကောင်အိမ်ခြံမြေနှင့် ရှန်ဟိုင်းဟိုတယ်များအုပ်စု ဒါရိုက်တာ Group director for properties at Hong Kong and Shanghai Hotels မစ္စတာ မာတင်ဆောယာ က စီမံကိန်းမှာ မူလအစီအစဉ်အတိုင်း ၂၀၂၂ တွင် ပြီးပါလိမ့်မည်ဟု ပြောသည်။

ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်တို့က သုည ဒသမ ၅ ဧကကျယ်ဝန်းသည့် Peninsula Yangon ဟိုတယ်အပိုင်းကို ရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး ထိုအထဲတွင် Yoma Strategic က ၂၄ ရာခိုင်နှုန်းနှင့် ဆာ့ချ်ပန်းထိန်းချုပ်လုပ်ကိုင်ပြီး အကျိုးအမြတ်အနည်းစုသာရှိသော FMI က ခြောက် ရာခိုင်နှုန်းသာပါဝင်သည်။

 “စီမံကိန်းတွေ အားလုံးဟာ ကြိုတင်မမြင်နိုင်တဲ့ ပြဿနာတွေ ကြုံတွေ့ရတတ်ကြတာပါပဲ၊ ခြုံကြည့်ရင်တော့ စီမံကိန်းက ကြိုတင်တွေးဆထားတဲ့ အခက်အခဲလောက်ပဲရှိပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ အတိုင်ပင်ခံ ငှားရမ်းခြင်းနှင့်ပတ်သက်၍ အားလုံးကို မြန်မာ့မီးရထားကသာ စီမံလုပ်ကိုင်ပါသည်ဟုလည်း ၎င်းကပြောပြသည်။

“မြန်မာ့မီးရထားမှာ ဒီ BOT စီမံကိန်းမှာ ပါဝင်လုပ်ဆောင်ဖို့အတွက် နည်းပညာနဲ့ ကျွမ်းကျင်မှု အတွေ့အကြုံမရှိပါဘူး။ ဒါကြောင့် သူတို့မှာ တတိယအုပ်စုရဲ့ အကြံပေးမှုတွေ လိုအပ်ပါတယ်”

မစ္စတာဆောယာက ပင်မသဘောတူညီချက်ပါ အချက်များကို တည်ဆောက်သူက ခိုင်ခိုင်မာမာ မကျင့်သုံးဟု ထင်မြင်ချက်ပေးနေခြင်းမှာ “မမှန်ကန်ကြောင်း” ပြောကြားသည်။

Yoma Central လုပ်ငန်းကြီးပိုင်းနည်းတူ ဟိုတယ်စီမံကိန်းအတွက် ထိန်းသိမ်းရေးလုပ်ငန်းနှင့် နည်းပညာပိုင်း အသေးစိတ်အချက်အလက်များကို အကြံပေးသူတို့က မြန်မာ့မီးရထားကို ပေးသွားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

Yoma Central ကို တည်ဆောက်မည့် ကန်ထရိုက်တာမှာ BTJV Myanmar ဖြစ်သည်။ ပြင်သစ်ဆောက်လုပ်ရေးကုမ္ပဏီကြီး ဘူးဝိ(စ်) Bouygues ၏ စင်ကာပူကုမ္ပဏီလက်ခွဲ ဒရိတ်ဂျက်စ်စင်ကာပူ Dragages Singapore နှင့် ဂျပန်နိုင်ငံမှ တိုင်ဆေးကော်ပိုရေးရှင်း Taisei Corporation တို့ ဖက်စပ်ထူထောင်ထားသော ကုမ္ပဏီဖြစ်သည်။

လောလောဆယ်တွင် ပင်နီစူလာ ရန်ကုန် Peninsula Yangon ဟိုတယ်စီမံကိန်းကို Yoma Strategic နှင့် Dragages တို့ ဖက်စပ်တည်ထောင်ထားသော BYMA က တည်ဆောက်လျက်ရှိသည်။

ရန်လို စိတ်ဆတ်သော ဆက်ဆံရေး

Yoma Central Project တွင် အချိန်နှင့်ငွေများ သတ်မှတ်ချက်ထက်ကျော်လွန်သွားမည်ကို မြန်မာ့မီးရထားက ဘာကြောင့်စိုးရိမ်နေရသည်ဆိုသည်မှာ မရှင်းလင်းပေ။ ဤစီမံကိန်းတွင် မြန်မာ့မီးရထား၏ အဓိက ငွေကြေးဆိုင်ရာ အကျိုးစီးပွားမှာ မြေငှားရမ်းခ နှစ်စဉ်ကြေးသာလျှင် ဖြစ်သည်။ ဤသည်ကလည်း စီမံကိန်း မည်သည့်အချိန်ပြီးသည်ဖြစ်စေကာမူ နှစ်စဉ်ပေးနေရမည့် မြေငှားခသာဖြစ်သည်။ ပင်မ မြေအငှားချထားမှုကာလ ပြီးဆုံးသွားလျှင် ထိုစီမံကိန်းကြီးတစ်ခုလုံးကို နိုင်ငံပိုင်အဖြစ် လွှဲပြောင်းအပ်နှံရမည်ဖြစ်သည်။ ယင်းကလည်း နောက်ထပ် အနှစ် ၃၀ မှ ၅၀ အထိ ကြာဦးမည့် ကာလဖြစ်သည်။

သို့ရာတွင် ဆာ့ချ်ပန်းသည် ရိုးမစင်ထရယ်လုပ်ငန်းခွင်နှင့်ပတ်သက်၍ မြန်မာ့မီးရထားနှင့် တင်းမာသော ဆက်ဆံရေး ဖြစ်လေ့ရှိသည်။ သူက ဒီလုပ်ငန်းကို ၂၀၀၀ ပြည့်လွန်နှစ်အစောပိုင်းမှာ စတော့အိပ်ချိန်းစာရင်းဝင် ထိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် နဝရတ် ပါတာနာကန် အများပိုင်ကုမ္ပဏီ Nawarat Patanakarn နှင့် ပထမဆုံးဖက်စပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နဝရတ် ပါတာနာကန်၏ ထိုင်းစတော့အိပ်ချိန်းမှာ ထုတ်ဖော်ကြေညာချက်များအရ ၎င်းတို့ပိုင် ဖက်စပ်လုပ်ငန်း Meeyahta International Hotel Limited (MIHL) မှာ ၁၉၉၀ ပြည့်လွန်နှစ်များနောက်ပိုင်း၌ မြန်မာ့မီးရထားနှင့် နှစ် ၃၀ သက်တမ်းရှိအငှားစာချုပ်ချုပ်ခဲ့ကြသည်။ သို့သော် မကြာခင် ဘဏ္ဍာရေးပြဿနာများ ကြုံတွေ့လာပြီး မြန်မာ့မီးရထားကို ငွေပေးချေမှုရပ်ဆိုင်းခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်၌ အကြွေးပမာဏမှာ ဒေါ်လာ ၁၉ သန်းရှိကြောင်း ကုမ္ပဏီက ပြောကြားသည်။

၂၀၀၇ ခုနှစ်အစောပိုင်းမှာ အစိုးရသည် မြန်မာ့မီးရထားအဆောက်အအုံ ပြင်ဆင်မွမ်းမံရန် ကုမ္ပဏီများ၏ပျက်ကွက်မှုနှင့် ကြွေးမြီများကြောင့် အငှားစာချုပ်ကို ဖျက်သိမ်းရန် စီစဉ်လုပ်ဆောင်လာသည်ဟု ကုမ္ပဏီကဆိုသည်။ ယင်းနောက်ပိုင်းမှာ ဆာ့ချ်ပန်းသည် နဝရတ် ပါတာနာကန်ကို ဖက်စပ်လုပ်ငန်းသဘောတူညီချက် ဖောက်ဖျက်သည်ဟု စွပ်စွဲပြီး သူ့ကုမ္ပဏီကို ရှယ်ယာ ၅၃ ရာခိုင်နှုန်းလွှဲပေးဖို့ တောင်းဆိုခဲ့ကြောင်း အမှုတွဲများအရ သိရသည်။

နဝရတ် ပါတာနာကန်သည် မပေးသေးသည့် ဒေါ်လာ ၁၄ သန်းခန့်အတွက် MIHL ကို အောင်မြင်စွာ တရားစွဲဆိုနိုင်ခဲ့ပြီး ကုမ္ပဏီက သူ့ရှယ်ယာများကို အမည်မဖော်သည့် ဝယ်ယူသူတစ်ဦးထံ ရောင်းချခဲ့ကြောင်း ဆိုသည်။

၂၀၁၂ ခုနှစ်၌မူ ထိုစဉ်က သမိုင်းဝင် ပရောဂျက်ကြီးဟု ရည်ညွှန်းခဲ့သော ရိုးမစင်ထရယ်အတွက် စီမံချက်များကို ဆာ့ချ်ပန်းက ကြေညာခဲ့သည်။ မြန်မာ့မီးရထားနှင့် ကြွေးမြီရှင်း၊ နဝရတ် ပါတာနာကန်နှင့်လည်း စာရင်းရှင်းပြီးနောက် ဆာ့ချ်ပန်း၏ ပုဂ္ဂလိကကုမ္ပဏီ Serge Pun & Associates က စာချုပ်တန်ဖိုး၏ ၈၀ ရာခိုင်နှုန်းကို ဒေါ်လာသန်း ၈၀ ဖြင့် Yoma Strategic ကို ရောင်းချခဲ့သည်။

သို့ရာတွင် ပရောဂျက်ကို ရှေ့ဆက်ဆောင်ရွက်ရန် စာချုပ်သက်တမ်းတိုးရာတွင်မူ Yoma Strategic သည် လေးနှစ်နီးပါးအချိန်ယူခဲ့ရသည်။ ၂၀၁၆ ဇူလိုင်လမှာ ယင်းကုမ္ပဏီသည် မြန်မာ့မီးရထားနှင့် လုပ်ငန်းခွင်အတွက် စာချုပ်သစ်ကြီးတစ်ခု လက်မှတ်ရေးထိုးပြီး ၁၉၉၈ ဇန်နဝါရီ ၁ ရက်မှစကာ နှစ် ၅၀ အထိ မြေကွက် နှစ်ကွက် အငှားစာချုပ်များကို သက်တမ်းတိုးခဲ့သည်။ ဆယ်နှစ် နှစ်ကြိမ်သက်တမ်းတိုးမှု ဖြစ်နိုင်သည်။

၉ ဒသမ ၅ ဧကအကျယ် အငှားစာချုပ်မှာ ရိုးမစင်ထရယ်ပါဝင်ပြီး Yoma Strategic က ၄၈ ရာခိုင်နှုန်း၊ ဆာ့ချ်ပန်းကပင် ထိန်းချုပ်ထားသော ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင် FMI က ၁၂ ရာခိုင်နှုန်း၊ ဂျပန်မှ မစ်ဆူဘီရှီက ၃၀ ရာခိုင်နှုန်း၊ အေဒီဘီက ငါး ရာခိုင်နှုန်းနှင့် ကမ္ဘာ့ဘဏ်၏အစိတ်အပိုင်းဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းက ငါး ရာခိုင်နှုန်းပါဝင်သည့် ဖက်စပ်လုပ်ငန်းက အကောင်အထည်ဖော်နေသည်။ရန်ကုန်အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ YHT မှဒေါ်မိုးမိုးလွင်။ ဓာတ်ပုံ - သူရဇော်

ရန်ကုန်အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ YHT မှဒေါ်မိုးမိုးလွင်။ ဓာတ်ပုံ – သူရဇော်

အမွေအနှစ်ဆိုင်ရာ အပြိုင်အဆိုင်အမြင်များ

မြန်မာ့မီးရထားအဆောက်အအုံ ပြင်ဆင်မွမ်းမံမှုအပေါ် Yoma Strategic နှင့် သူ့ပါတနာများ၏ ချဉ်းကပ်ပုံနည်းလမ်းနှင့်ပတ်သက်၍ အမွေအနှစ်ကိုတန်ဖိုးထားသူများကြားမှာတော့ ရတက်မအေးဖြစ်နေကြသည်။

ထိုအဆောက်အအုံမှာ ၁၉၉၆ ခုနှစ်ကတည်းက ရန်ကုန်စည်ပင် အမွေအနှစ်စာရင်းထဲ ပါဝင်ထားပြီး တရားဝင်အတည်ပြချက်မရှိဘဲ မွမ်းမံခြင်း၊ ဖြိုဖျက်ခြင်း မလုပ်နိုင်ပေ။

ပရောဂျက်ကြောင့် အဆောက်အအုံ၏ အတွင်းပိုင်းမှာ အခွံချည်းသာကျန်ပြီး ရှေ့ပိုင်းမျက်နှာစာသာ အကောင်းကျန်တော့သည်။ ၂၀၁၈ ဇူလိုင်လက အပြင်နံရံ၏ အစိတ်အပိုင်းပြိုကျခဲ့ပြီး မြောက်ဘက်က ရထားသံလမ်းကို မျက်နှာမူနေသော ပွင့်နေသည့်အပိုင်းတစ်ခု ဖြစ်ကျန်ခဲ့သည်။

အမွေအနှစ်အဆောက်အအုံ ပြိုပျက်ရသည့်အတွက် စိတ်မသက်မသာဖြစ်ရကြောင်း ရန်ကုန်အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ YHT မှဒေါ်မိုးမိုးလွင်က ပြောသည်။ ယခင်အစိုးရလက်ထက်က YHT သည် “မူရင်းတည်ဆောက်မှုပုံစံ ပျက်စီးခြင်းမှ ရှောင်ရှားနိုင်စေရန်” ဟိုတယ်အဖြစ်ပြုလုပ်ခြင်းထက် ဈေးဝယ်စင်တာ၊ သို့ှမဟုတ် ပန်းချီပြခန်း တစ်ခုလုပ်ရန် အကြံပေးခဲ့ဖူးကြောင်း သူကပြောသည်။

“ကုမ္ပဏီက ကျွန်မတို့ရဲ့အကြံပြုချက်တွေကို လျစ်လျူရှုခဲ့တယ်။ အဆောက်အအုံရဲ့အတွင်းပိုင်းကို ဖယ်ရှားတာဟာ အမွေအနှစ်ထိန်းသိမ်းတာ မဟုတ်ပါဘူး။ အတွင်းပိုင်းက အရေးကြီးပါတယ်။ ဒီအဆောက်အအုံကို ရထားလမ်းတွေကို စီမံခန့်ခွဲတဲ့ နေရာတစ်ခုအဖြစ် အသုံးပြုခဲ့တာပါ။ သူ့မှာ သမိုင်းဆိုင်ရာအရေးပါမှုရှိပါတယ်”  ဟု ဒေါ်မိုးမိုးလွင်ကဆိုသည်။

မစ္စတာဆော်ယာက YHT က ဟိုတယ်ပရောဂျက်ကို ထောက်ခံချက်မပေးသည်ကို “မကြာသေးခင်” ကမှ သိရှိခဲ့ကြောင်းဆိုသည်။ ငှားရမ်းမှုတွင် ဟိုတယ်တစ်လုံးဆောက်ရန် လိုအပ်ချက် ပါရှိကြောင်း၊ ကုမ္ပဏီ၏ စီမံချက်တစ်ခုလုံးထဲ၌ မူလအဆောက်အအုံ၏ အတွင်းပိုင်းကို ဖယ်ရှားဖို့ပါနေခဲ့ပြီး မျက်နှာစာကိုသာ ချန်ထားမည်ဟု ပါရှိကြောင်း သူကမှတ်ချက်ပြုသည်။ အဆောက်အအုံမှာ “အလွန်အမင်းဆိုးဝါးသည့် အခြေအနေတွင်ရှိနေခဲ့ပြီး အန္တရာယ်ကင်းစွာအသုံးပြုရန် မသင့်တော်သဖြင့်” ယင်းသို့လုပ်ရန် လိုအပ်သည်ဟုလည်း သူကဆိုသည်။

“နိုင်ငံတကာအဆင့် ကုမ္ပဏီတစ်ခုအနေနဲ့ ကျွန်တော်တို့ဧည့်သည်တွေ၊ ဝန်ထမ်းတွေနဲ့ အများပြည်သူအတွက် အတတ်နိုင်ဆုံး အလုံခြုံဆုံး၊ စိတ်အချရဆုံးဝန်းကျင်ကို ဖန်တီးပေးရမှာဖြစ်ပါတယ်။ အဲဒီမှာ တခြားတခြားဟာတွေနဲ့အတူ ငလျင်ဒဏ်ကာကွယ်ဖို့အတွက်လည်း ပါဝင်ပါတယ်” ဟု မစ္စတာဆော်ယာက ပြောသည်။

“ပြီးတော့လည်း အရင်အဆောက်အအုံက ရုံးဆိုတော့ လုံလောက်တဲ့ပြုပြင်ပြောင်းလဲမှုမလုပ်ဘဲ ဇိမ်ခံဟိုတယ်အခန်းဖွဲ့စည်းဖို့ မသင့်တော်ဘူးလေ”

ပရောဂျက်လုပ်ငန်း မစတင်မီကပင် မျက်နှာစာနှင့် အတွင်းပိုင်းကို တိုင်းတာမှတ်တမ်းတင်ခဲ့ပြီး ပြတင်းပေါင်များကို ဘောင်ကွပ်ထားသော ပေါင်းမိုးများအပါအဝင် ကျွန်းတံခါးများ၊ ပြတင်းပေါက်များနှင့် သံကြွပ်ဖြင့်ပြုလုပ်ထားသော အစိတ်အပိုင်းများကဲ့သို့ ဖယ်ရှားနိုင်သည့် အစိတ်အပိုင်းအားလုံးကို ဂရုတစိုက်ဖယ်ရှားကာ မွမ်းမံပြင်ဆင်မှုအတွက် စာကပ်သိမ်းဆည်းထားခဲ့ကြောင်းဆိုသည်။

“အတွင်းပိုင်း ယိုယွင်းပျက်စီးရာက ဖြစ်လာတဲ့အရာတွေ၊ ဂဝံကျောက်တွေ၊ အုတ်တွေနဲ့စီထားတဲ့ အုတ်ရိုးတွေကို တစ်ခုချင်းစီ ဂရုတစိုက်ဖျက်သိမ်းတယ်။ သန့်စင်ဆေးကြောတယ်၊ သိမ်းဆည်းထားတယ်။ နောက်ပိုင်း ပြန်ဆောက်ဖို့အတွက်ပေါ့။ အမွေအနှစ်ဖြစ်တဲ့ ဂဝံနဲ့ အုတ်မျက်နှာစာကို ထိန်းသိမ်းဖို့ ထိန်းချုပ်ဘောင်တွေကိုတော့ စိုက်ထူထားခဲ့တယ်” ဟု မစ္စတာဆော်ယာက ဆိုသည်။

သံကူကွန်ကရစ် အဆောက်အအုံသစ် တစ်ခုကို အပြင်မျက်နှာစာ၏ အတွင်းဘက်၌ ဆောက်လုပ်ထားသည်။ ထိုနောက်မှ အတွင်းမျက်နှာစာကို သိမ်းထားသောအုတ်များကို အတတ်နိုင်ဆုံးများများသုံး၍ ပြန်ဆောက်မည်ဖြစ်ကြောင်း သူကပြောသည်။

မိုးသည်းထန်စွာရွာပြီးနောက် နံရံပြိုကျသွားခြင်းဖြစ်ကြောင်း မစ္စတာဆော်ယာကဆိုပြီး အဆောက်အအုံ၏ အချို့အစိတ်အပိုင်းများမှာလည်း ခိုင်ခံ့မှုအားနည်းနေသည်ဟု သူကထပ်ပြောသည်။

YHT နှင့် တည်ဆောက်အကောင်အထည်ဖော်သူများအကြား ထိန်းသိမ်းရေးဆိုင်ရာ အမြင်ကွဲပြားမှုကို ထင်ဟပ်နေသည်ဟု ဒေါ်မိုးမိုးလွင်က ပြောသည်။

“သူတို့မှာ မတူကွဲပြားတဲ့အမြင်တစ်ခုရှိတယ်။ အပိုင်းအစတစ်ခုချင်းစီနဲ့ ပတ်သက်လို့ပေါ့။ ဒါပေမဲ့ ကျွန်မတို့အမြင်ကတော့ တည်ဆောက်ထားမှုရဲ့ တည်တံ့ခိုင်မြဲမှုနဲ့ စစ်မှန်မှုက အရေးကြီးပါတယ်” ဟုသူက ထပ်ပြောသည်။

ပရောဂျက်ကို စောင့်ကြည့်စစ်ဆေးရန် အတိုင်ပင်ခံပညာရှင်များ ငှားရမ်းဖို့ ဆုံးဖြတ်ချက်မှာ အမွေအနှစ်ထိန်းသိမ်းမှုဆိုင်ရာ စိုးရိမ်ပူပန်မှုနှင့် မသက်ဆိုင်ကြောင်း မြန်မာ့မီးရထားမှ ဦးအောင်ဝင်းက ပြောသည်။

“နံရံပြိုကျတာ၊ ဒါမှမဟုတ် မွမ်းမံရေးလုပ်ငန်းနဲ့ ပတ်သက်လို့ ကျွန်တော်မစိုးရိမ်ပါဘူး။ ပင်နီဆူလာက နဂိုရ်အတိုင်း မွမ်းမံပြင်ဆင်ရာမှာ အတွေ့အကြုံအများကြီးရှိပါတယ်။ ဒီအမွေအနှစ်အဆောက်အအုံအတွက် အကောင်းဆုံးရလဒ်ထွက်လာအောင် သူတို့လုပ်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

“အဆောက်အအုံက အရမ်းအိုဟောင်းနေပါတယ်။ ဒီပရောဂျက်သာ ရှိမလာဘူးဆိုရင် အခွံချည်းပဲ ဖြစ်သွားမှာပါ။ ဒါကို ကျွန်တော်တို့ရဲ့ ရုံးခန်းအဖြစ်တောင် သုံးနိုင်မှာ မဟုတ်ပါဘူး။ အချိန်တွေကြာသွားရင် ပိုပြီးပျက်စီးလာပြီး နောက်ဆုံး အန္တရာယ်ဖြစ်လာမှာပါ” ဟု သူကဆိုသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ယခုသတင်းဆောင်းပါးကို PASC – Project Assurance Services Company က Peninsula Yangon နှင့် Yoma Central နှစ်ဘက်စလုံးကို အကြံပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းသိသာစေရန် နိုဝင်ဘာ ၂ ရက်က နောက်ဆုံးရအချက် ဖြည့်သွင်း၍ ပြင်ဆင်ပါသည်။

ခေါင်းစီးဓာတ်ပုံ – Yoma Central ပရောဂျက်ကို ယင်းနေရာ၏ အရှေ့ဘက်ညာစွန်ရှိ Peninsula Yangon ကိုပါထည့်သွင်း၍ ပန်းချီဆရာက ပုံဖော်ထားစဉ်။ ဓာတ်ပုံ – ပံ့ပိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.