ရိုဟင်ဂျာများအတွက် NVCအစီအစဉ် ကုလအရာရှိများနှင့်INGOများ မျက်စိမှိတ်ခေါင်းငြိမ့်ခဲ့ကြခြင်း

ဂျက်ဖရီ ဂေါ့ဒတ်

ရန်ကုန်-ကုလသမဂ္ဂအထက်တန်းအရာရှိများနှင့်နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းအချို့သည်ရိုဟင်ဂျာမွတ်ဆလင်များအား နိုင်ငံသားစိစစ်ရေးကတ်ပြား(National Verification Cards)ထုတ်ပေးမည့် မြန်မာအစိုးရမူဝါဒကို ထောက်ခံလာကြပြီဟု လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Fortify Rights ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

“Tools of Genocide: National Verification Cards and the denial of citizenship of Rohingya Muslims in Myanmar”ဟု ခေါင်းစဉ်တပ်ထားသော စာမျက်နှာ ၁၀၂ မျက်နှာပါအစီရင်ခံစာတွင် ယင်းသို့စွပ်စွဲထားခြင်းဖြစ်ပြီး စက်တင်ဘာ ၃ ရက်က ဘန်ကောက်တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်၏ “နယ်မြေရှင်းလင်းမှုစစ်ဆင်ရေး”ဆောင်ရွက်စဉ်အတွင်း ရိုဟင်ဂျာများသားကောင်ဖြစ်ခဲ့ရသည်ဟူသော စွပ်စွဲချက်များအပေါ် အပြည့်အဝစုံစမ်းစစ်ဆေးရန်သင့်မသင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကစဉ်းစားနေစဉ် ယင်းအစီရင်ခံစာထွက်လာခြင်းဖြစ်သည်။

စစ်သွေးကြွ ARSA အကြမ်းဖက်သမားများကို တပ်မတော်ကရှင်းလင်းမှုတွင် လူပေါင်း ၇၄၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးခဲ့ရပြီး သတ်ဖြတ်မှု၊ညှဉ်းပမ်းနှိပ်စက်မှု၊မုဒိန်းမှုနှင့်ရွာများကိုမီးတင်ရှို့မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲထားသည့်အစီရင်ခံစာများကျယ်ပြန့်စွာထွက်ပေါ်ခဲ့သည်။

ယခင်အစိုးရလက်ထက်ကရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုရလက်ထက်တွင်ပါ လုပ်ဆောင်နေသော NVC လုပ်ငန်းစဉ်ကို ကုလသမဂ္ဂအထက်တန်းအရာရှိများနှင့်သံတမန်အသိုင်းအဝိုင်းက တိုးတိုးတစ်မျိုးကျယ်ကျယ်တစ်ဖုံ ထောက်ခံနေကြသည်ဟု Fortify Rights အစီရင်ခံစာက ဆိုသည်။

NVC အစီအစဉ်သည် မြန်မာနိုင်ငံကပါဝင်လက်မှတ်ရေးထိုးထားသော “International Covenant on Economic, Social, and Cultural Rights နှင့်ဆန့်ကျင်နေသည့်ကြားမှ ထောက်ခံခဲ့ကြခြင်းဟု အစီရင်ခံစာကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Ms Christine Schraner Burgener ၏ ယခုနှစ်ဆန်းပိုင်းကမြန်မာခရီးစဉ်အပြီးထုတ်ပြန်ချက်တွင် “ရိုဟင်ဂျာ”ဟူသောအသုံးကိုပင်မသုံးတော့ပါ။နေရပ်စွန့်ခွာသူများနှင့်တွေ့ဆုံစဉ် NVC လျှောက်ရန်ပင် တိုက်တွန်းခဲ့သည်။“NVCသည် နိုင်ငံသားဖြစ်ရေးအတွက် ပထမခြေလှမ်း”ဟူသော အစိုးရ၏အာဘော်ကို ကုလအထူးကိုယ်စားလှယ်က သံယောင်လိုက်ခဲ့သေးသည်။

Burgener အရင် ကုလအထူးကိုယ်စားလှယ်Mr Vijay Nambiar သည်လည်း “ထိုနည်းလည်းကောင်း”ဟု Fortify Rights အစီရင်ခံစာက ဆိုသည်။

“NVCသည်ခက်ခဲသည့်အခြေအနေတွင်မြန်မာအစိုးရ၏စိတ်ကောင်းစေတနာဖြင့်လက်တွေ့ကျသောဆောင်ရွက်ချက်”အဖြစ် မြန်မာ၊ဂျနီဗာနှင့်နယူးယောက်တို့တွင်ရှိသော ကုလအရာရှိများကထောက်ခံခဲ့ကြသည်မှာကြာခဲ့ပေပြီ။

NVC အပါအဝင် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များမှာ ရှုပ်ထွေးကြောင်း ကုလ၏တုန့်ပြန်မှုကိုမူ Fortify Rights ကအသိအမှတ်ပြုသည်။

လူ့အခွင့်အရေးဆိုင်ရာကုလမဟာမင်းကြီးရုံးအပါအဝင် ကုလအကြီးတန်းအရာရှိအချို့၊ မြန်မာဆိုင်ရာလွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်အတွက် ကုလလူ့အခွင့်အရေးကောင်စီက ခန့်အပ်ထားသည့် ကျွမ်းကျင်သူများနှင့် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးဆိုင်ရာကုလအထူးကိုယ်စားလှယ်များက NVC လုပ်ငန်းစဉ်နှင့် ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုပြဿနာများကို ပွင့်ပွင့်လင်းလင်းပြောကြားထားသည်ဟု Fortify Rights က ဖော်ပြခဲ့သည်။

NVC လုပ်ငန်းစဉ်သည် နှေးကွေးပြီးအချိန်ဆွဲ၍ နိုင်ထက်စီးနင်းဆန်ကြောင်း အချက်အလက်ရှာဖွေရေးမစ်ရှင် FFM ကိုကိုးကား၍ ၂၀၁၈ အစီရင်ခံစာတွင် Fortify Rights ကဖော်ပြသည်။ ရခိုင်တွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ပြစ်မှုများအတွက် တပ်မတော်အကြီးတန်းအရာရှိများကို စုံစမ်းစစ်ဆေးမှုနှင့် တရားစွဲဆိုမှုပြုလုပ်ရန် လုံလောက်သည့် သတင်းအချက်အလက်ရှိကြောင်းလည်း ၎င်းအစီရင်ခံစာက သုံးသပ်ခဲ့သည်။

ထို့အပြင်ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ဆောင်နေသောအဖွဲ့အစည်းများထဲမှ ငါးဖွဲ့ထက်မနည်းသည် ၂၀၁၆ ခုနှစ်ကတည်းက NVC ကိုလက်ခံရန် ရိုဟင်ဂျာများကို အကြပ်ကိုင်ခဲ့ပြီး ရိုဟင်ဂျာအဖြစ် သတ်မှတ်ဖော်ပြခြင်းမပြုလုပ်ရန် ရိုဟင်ဂျာအလုပ်သမားဝန်ထမ်းများကို တားဆီးခဲ့သည်ဟု Fortify Rights က ပြောသည်။

ယင်းကဲ့သို့ အဖွဲ့အစည်းများတွင် လုပ်ကိုင်နေသည့် ရိုဟင်ဂျာအချို့၏ ပြောကြားချက်အရ ၎င်းတို့အား NVC ကိုလက်ခံရန် ဖိအားပေးမှုများရှိပြီး အချို့ကိစ္စများတွင် တောင်းဆိုချက်ကို သဘောတူပါက လပိုင်းစာချုပ်လုပ်ကိုင်မှုမှ နှစ်အလိုက်စာချုပ်လုပ်ကိုင်မှုကဲ့သို့ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်လုံခြုံမှုပေးမည့်ကတိများရှိနေသည်ဟု အစီရင်ခံစာက ဖော်ပြခဲ့သည်။

ခွဲခြားဆက်ဆံသည့် အစိုးရပေါ်လစီများနှင့် ရိုဟင်ဂျာများအပေါ် ဆန့်ကျင်သည့်အပြုအမူများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆောင်ရွက်နေသည့် နိုင်ငံတကာအကူအညီပေးသည့်အဖွဲ့များအတွက် သီးခြားစိန်ခေါ်မှုများကို ဖြစ်စေကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။ အဆိုပါမူဝါဒများတွင် ရိုဟင်ဂျာအကူအညီပေးအလုပ်သမားများအနေဖြင့် လုပ်ငန်းသဘာဝအရ ခရီးသွားမည်ဆိုပါက NVC ကိုင်ဆောင်ရန် လိုအပ်နေမှုလည်းပါဝင်နေသည်။

ရခိုင်ရှိ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များအတွက် အလုပ်လုပ်ခဲ့ဖူးသည့် ရိုဟင်ဂျာများက Fortify Rights ကို ပြောကြားခဲ့သည်မှာ အဖွဲ့အစည်းအတွင်း ရိုဟင်ဂျာဆိုသည့် ဝေါဟာရကိုအသုံးပြုခွင့်မပေးခဲ့ဟု ဆိုသည်။ ရိုဟင်ဂျာအလုပ်သမားတစ်ဦးက”ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ရိုဟင်ဂျာလို့ ခေါ်ရတာတောင်သက်တောင့်သက်သာမဖြစ်ခဲ့ဘူး”ဟုဆိုသည်။

ရိုဟင်ဂျာမွတ်ဆလင်များ၏ ကိုယ်ပိုင်လက္ခဏာနှင့် အခွင့်အရေးကို ပယ်ဖျက်ရန် အစိုးရအဆက်ဆက်က အကောင်အထည်ဖော်ခဲ့သည့် အရေးယူဆောင်ရွက်မှုများနှင့် ပြဋ္ဌာန်းမှုများက လူမျိုးတုံးသတ်ဖြတ်မှုဖြစ်လာစေရန် အားပေးသည့် ဝန်းကျင်တစ်ခုကို ဖန်တီးပေးခဲ့သည်ဟု Fortify Rights ကပြောသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်များမှတဆင့် သွားလာရမည်ဆိုသည့် တင်းကျပ်သည့်ပြဋ္ဌာန်းချက်များက NVC ကို လက်ခံရန် ရိုဟင်ဂျာများကိုအာဏာပိုင်များက ဆက်လက်ဖိအားပေးနေသည်ဟု ၎င်းအဖွဲ့က ပြောသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် NVC ကိုင်ဆောင်သော ရိုဟင်ဂျာများကို အမြဲတမ်းဖြတ်သန်းခွင့်ပြုသည်မဟုတ်ဘဲ ရံဖန်ရံခါ ရိုဟင်ဂျာများသည်စစ်ဆေးရေးဂိတ်များတွင် အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ နှိပ်စက်မှုနှင့် အခြားအနိုင်ကျင့်ခံရမှုများ ကြုံတွေ့ရလေ့ရှိသည်ဟုလည်း ဆိုသည်။

၂၀၁၇ သြဂုတ်လမတိုင်မီက NVC ကို ရိုဟင်ဂျာများအစုလိုက်အပြုံလိုက် ငြင်းဆန်သည့် ကိစ္စများကို မှတ်တမ်းတင်ခဲ့သည်ဟု Fortify Rights ကပြောသည်။ ထိုစဉ်က ရိုဟင်ဂျာများသည ် NVC ကိုလက်ခံရန် ဖိအားပေးမှုများမြင့်မားနေချိန်ဖြစ်သည်။တစ်စိတ်တစ်ပိုင်းအားဖြင့် ယင်းသို့အခြေအနေများကြောင့်လည်း ၎င်းတို့အား မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ရိုဟင်ဂျာများက Fortify Rights သို့ပြောသည်။

ဘင်္ဂလီဟု ဖော်ပြသော NVC ကိုလက်ခံရန် ၎င်းတို့အား အာဏာပိုင်များက ကိုယ်ထိလက်ရောက်ပင်ခြိမ်းခြောက်ခဲ့ကြောင်း အစီရင်ခံစာအတွက် တွေ့ဆုံမေးမြန်းခဲ့သော ရိုဟင်ဂျာများက ပြောကြားခဲ့သည်။ “NVC ကို လက်မခံရင် အသတ်ခံရမယ်”ဟု ရိုက်နှက်သတိပေးခံရကြောင်း အသက် ၆၂ နှစ်အရွယ် ရိုဟင်ဂျာ လယ်သမားတစ်ဦးက ပြောသည်။

အသက် ၆၁ နှစ်အရွယ်အမျိုးသားတစ်ဦးကလည်း ၎င်းတို့၏ မိသားစုဝင် ခုနှစ်ဦးအနက် လေးဦးကို NVC လက်ခံရန် စစ်သားများက သေနတ်နှင့် ထောက်ကာ အတင်းအကျပ်စေခိုင်းခဲ့သည်ဟု ပြောကြားခဲ့သည်။

“NVC ဆိုတာ လူမျိုးစုတစ်ခုကိုရှင်းလင်းဖို့ ကိရိယာတစ်ခုပါ” ဟု ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက Fortify Rights သို့ အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံသားပြန်ပေးစေလိုခြင်းကအဓိကဖြစ်ပြီး အမိမြေတွင် ညီမျှမှု၊ အန္တရာယ်ကင်းမှုနဲ့ လုံခြုံမှုတွေ ရှိရမယ် ဟု ၎င်းကဆက်လက်ပြောသည်။

ခွဲခြားဆက်ဆံသောဆောင်ရွက်မှု သို့မဟုတ် ပြဋ္ဌာန်းမှုများအပါအဝင် ရက်စက်သည့် ပြစ်မှုများကို ကျူးလွန်စေရန် ထောက်ကူပေးသည့် ဝန်းကျင်တစ်ခု ဖြစ်ပေါ်စေသည့် ညွှန်းကိန်းများကို လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးကုလရုံး၏ သတိပေးချက်များကိုလည်း အစီရင်ခံစာက အသိပေးခဲ့သည်။

လူမျိုးတုန်းရှင်းလင်းမှုဖြစ်ပွားသော နိုင်ငံများသည် ၎င်းတို့ပစ်မှတ်ထားသော အုပ်စုတစ်ခုအလွယ်တကူပျက်စီးစေရန် တရားရေးနှင့် အုပ်ချုပ်ရေးကိရိယာများကို အလုံးစုံသော်လည်းကောင်း တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း အသုံးပြုလေ့ရှိသည်ဟုလည်း ဖော်ပြခဲ့သည်။

ရိုဟင်ဂျာအများအပြားရှိရာ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများနှင့် ရခိုင်ပြည်နယ်တို့မှ ရိုဟင်ဂျာအမျိုးသမီး ၃၀၄ဦးအပါအဝင် ရိုဟင်ဂျာ ၆၂၈ ဦးကို တွေ့ဆုံမေးမြန်း၍ အစီရင်ခံစာကို ပြုစုခဲ့ခြင်းဖြစ်ကြောင်း Fortify Rights ကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.