ရာဇဝတ်မှုတွေ ပိုမိုဖြစ်ပွားလာတာလား

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ မှတ်တမ်းတွေအရ ၁၉၉၉ ကနေ ၂၀၁၄ ခုနှစ်အထိ ၁၆ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝှမ်းလုံးမှာ လူသတ်မှုပေါင်း ၁၄,၅၈၇ မှု၊ တစ်နည်အားဖြင့် ရက်သတ္တပတ်တစ်ခုမှ ၁၇ ဒသမ ၄ မှုလောက်ဖြစ်ပွားခဲ့ပါတယ်။

ထွန်းခိုင် ရေးသားသည်။

မိုးရာသီဆိုရင် အလုပ်ပါးလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ ထူးထူးခြားခြား အလုပ်ကောင်းနေတယ်လို့ တာမွေ အဝိုင်းထိပ်က သော့ပြင်ဆရာ ကိုသန်းထိုက်က ဆိုလိုက်ပါတယ်။

ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါမကျန် ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့သတင်းတွေ လူမှုကွန်ယက်တွေကဆင့် ပျံ့နှံ့လာတဲ့နောက်ပိုင်း လူတွေဟာ သူတို့လုံခြုံရေးအတွက် ပိုမို ဂရုစိုက်လာကြပါတော့တယ်။

အခန်းပေါင်းများစွာရှိတဲ့ ကန်ထရိုက်တိုက်တွေက လှေခါးတံခါးတွေကို နေထိုင်သူတွေက သတိထားပြီး သော့ခတ်လာကြတာကြောင့် နေထိုင်သူတွေ အားလုံးအတွက် သော့မိတ္တူတွေရဖို့ ကိုသန်းထိုက်လို သော့ပြင်တဲ့သူတွေဆီမှာ လာရောက်အပ်နှံကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းက ရက်စက်တဲ့ လူသတ်မှုတွေကလည်း လူတွေရဲ့ ကြောက်စိတ်ကို အမြင့်ဆုံးရောက်အောင် တွန်းပို့နေသလိုဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ တစ်နှစ်တစ်နှစ်ကို ထောင်နဲ့ချီတဲ့ လူသတ်မှုတွေဖြစ်ပွားနေခဲ့တာ ၁၀ စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ 

လူသတ်မှုဟာ ခိုးမှု၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေပြီးရင် မြန်မာနိုင်ငံမှာ စတုထ္ထမြောက် အဖြစ်အများဆုံး မှုခင်းပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ မှတ်တမ်းတွေအရ ၁၉၉၉ ကနေ ၂၀၁၄ ခုနှစ်အထိ ၁၆ နှစ်တာကာလ အတွင်း နိုင်ငံတစ်ဝှမ်းလုံးမှာ လူသတ်မှုပေါင်း ၁၄,၅၈၇ မှု၊ တစ်နည်အားဖြင့် ရက်သတ္တပတ်တစ်ခုမှ ၁၇ ဒသမ ၄ မှုလောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါကာလတွေအတွင်းမှာ လူသတ်မှုအနည်းဆုံး ဖြစ်ပွားတဲ့နှစ်ဟာ ၅၇၀ မှု ဖြစ်ပွားခဲ့တဲ့ ၁၉၉၉ ခုနှစ်ဖြစ်ပြီး အများဆုံးကတော့ ၂၀၁၄ ခုနှစ်မှာ ၁၃၃၇ မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခင်ကတော့ ဒီလိုသွေးထွက်သံယို မှုခင်းတွေဟာ လူမြင်ကွင်းထဲကိုရောက်ရှိဖို့ အတော်လေး ခဲယဉ်းလှပါတယ်။ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ ကာလတွေက သတင်းဖော်ပြမှုတွေကို တင်းတင်းကျပ်ကျပ် စိစစ်ခဲ့ပြီး လူသတ်မှုအပါအဝင် မှုခင်းတွေကို ပြည်သူတွေ ထိတ်လန့်စေမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စာနယ်ဇင်းတွေမှာ အကန့်အသတ်နဲ့သာ ပုံနှိပ်ခွင့်ပေးခဲ့ပါတယ်။

စစ်အစိုးရလက်ထက်မှာ ရဲတပ်ဖွဲ့ရံပုံငွေအဖြစ် မှုခင်းမဂ္ဂဇင်းနဲ့ သတင်းဂျာနယ်တွေ ထုတ်ဝေခဲ့ပေမယ့် တရားခံပေါ်တဲ့အမှုတွေကို ဦးစားပေးရေးသားခဲ့တဲ့အတွက် ရက်ဆက်ကြမ်းကြုတ်တဲ့ မှုခင်းဖြစ်စဉ်တိုင်းကို လူတွေ သိခွင့်မရခဲ့ပါဘူး။

ဒါ့အပြင် စာနယ်ဇင်းတွေကို စောင့်ကြည့်တည်းဖြတ်တဲ့ ဆင်ဆာစနစ်တွေဖျက်သိမ်းပြီးနောက် မှုခင်းသတင်းတွေကို ပုဂ္ဂလိကသတင်းဌာနတွေက ဖော်ပြခွင့်ရရှိလာချိန်မှာလည်း သတင်းခန်းက အယ်ဒီတာတွေက လူတွေကြည့်ဖို့ မသင့်တော်တဲ့ သတင်းဓာတ်ပုံတွေကို တည်းဖြတ်ပြီးမှ ပုံနှိပ်လေ့ ရှိကြပါတယ်။

ဒါပေမယ့် ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုနဲ့အတူ အရင်က ကျပ်သိန်းချီပေးရတဲ့ မိုဘိုင်းဖုန်းတွေကို ၂၀၁၄ ခုနှစ်မှာ ၁,၅၀၀ ကျပ်နဲ့ လူတိုင်းဝယ်ယူအသုံးပြုလာနိုင်ချိန်မှာတော့ အင်တာနက်အသုံးပြုမှု ကျယ်ပြန့်လာခြင်းနဲ့အတူ မှုခင်းသတင်းတွေကို လူတွေ ချက်ချင်းသိရှိနိုင်လာပါတော့တယ်။

လူဦးရေ ၅၁ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ငါးပုံတစ်ပုံခန့်ဖြစ်တဲ့ လူ ၁၁ သန်းလောက်ဟာ လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့ဘုတ် (Facebook) သုံးစွဲသူတွေ ဖြစ်လာပါတယ်။

ကျွမ်းကျင်တဲ့ပညာရှင်တွေက တည်းဖြတ်ထားတာမဟုတ်တဲ့ မှုခင်းဓာတ်ပုံတွေက Facebook သုံးစွဲသူတွေထံကို လွယ်လင့်တကူ အလ ျှင်အမြန် ရောက်ရှိနိုင်တဲ့အတွက်  လူတွေရဲ့ စိုးရိမ်စိတ်တွေကလည်း မြင့်တတ်လာပါတော့တယ်။

အငှားယာဉ်မောင်းကို သတ်ဖြတ်လုယက်သွားတဲ့ သတင်းမျိုးတွေကနေ ရန်ကုန်ဆင်ခြေဖုန်းတစ်နေရာမှာ မိန်းကလေးတစ်ယောက်ကို ကားပေါ်တင်ခေါ်သွားပြီး သတ်ဖြတ်ဖို့ ကြိုးစားကာ ကားပေါ်က ပစ်ချထားခဲ့တဲ့ သတင်းမျိုးတွေအထိ ထိတ်လန့်ဖွယ် သတင်းတွေက လူမှုကွန်ယက်ပေါ်မှာ ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ လ ျှင် လ ျှင်မြန်မြန် ပြန့်နှံ့သွားတတ်ပါတယ်။

အများအမြင်မှာ ကြည့်ရှု့ဖို့ မသင့်တော်တဲ့ သွေးသံရဲရဲနဲ့ မှုခင်းဓာတ်ပုံတွေနဲ့အတူ ပြန့်နှံ့နေတဲ့ ဒီလိုသတင်းတွေကြောင့် လူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကလည်း တဟုန်ထိုး မြင့်တက်လာပါတယ်။

“အရင်တုန်းကတော့ အစိုးရသတင်းစာမှာပါမှ သိရတာကိုး။ အခုကတော့ ဖေ့ဘုတ်ပေါ်ကနေ ချက်ခြင်းသိလာကြတော့ စိုးရိမ်ကြောင့်ကြမှုလည်း ရှိလာကြတယ်။ သတိထားမှုလည်း ရှိလာကြတယ်”လို့ ရန်ကုန်မြို့၊ ကမာရွတ် အမှတ်(၃)ရပ်ကွက်နေ ဦးရွှေသွေးက ပြောပါတယ်။

နှစ်ပေါင်း ၅၀ လောက် မှုခင်းသတင်းတွေကို အဆက်ပြတ်နေခဲ့ပြီး ဘယ်လိုကိုင်တွယ် ကာကွယ်ရမယ်ဆိုတာ မသိတဲ့အခြေအနေကနေ ရုတ်တရက် မှုခင်းတွေအကြောင်း ကြားလာရတဲ့အခါ လူတွေအတွက် ထိတ်လန့် တုန်လှုပ်စရာတွေ ဖြစ်လာရတယ်လို့ သူကပြောပါတယ်။

အရင်အစိုးရတွေလက်ထက်တုန်းက လူတွေကို မှုခင်းပညာပေးတာ အားနည်းခဲ့ပြီး မှုခင်းတွေဖြစ်လာရင် ရဲတပ်ဖွဲ့နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ လူထုကိုအသိပညာပေးခဲ့တာလည်း အားနည်းခဲ့တယ်လို့ စစ်အစိုးရအုပ်ချုပ်စဉ် ၂၀၀၆ ခုနှစ်တုန်းက ကမာရွတ်အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးရွှေသွေးကပြောပါတယ်။

“စစ်အစိုးရလက်ထက်မှာ ရဲနဲ့ ထွေအုပ်တွေကလည်း နိုင်ငံရေးသမားတွေကိုပဲ အာရုံစိုက်နေရတော့ မှုခင်းပညာ ပေးဆိုတာ အားနည်းသွားတယ်။ အရင်(ဦးသိန်းစိန်အစိုးရ) ငါးနှစ်အထိ ဒီအတိုင်းပဲ”လို့ ဦးရွှေသွေးက ပြော ပါတယ်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

သူနေထိုင်တဲ့ ရန်ကုန်မြို့ဟာလည်း လူသတ်မှု ထူပြောတဲ့ မြို့တော်တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်အတွင်း ရန်ကုန်ဟာ မန္တလေးပြီးရင် လူသတ်မှု ဒုတိယအများဆုံးဖြစ်ပွားတဲ့မြို့ဖြစ်ပါတယ်။

၁၉၉၉ ကနေ ၂၀၁၄ ခုနှစ်အထိ ၁၆နှစ်အတွင်း ရန်ကုန်မှာ လူသတ်မှုပေါင်း ၂၀၀၀ ကျော်ဖြစ်ပွားခဲ့ရာမှာ  တစ်နိုင်ငံလုံးမှာ ဖြစ်ပွားမှုရဲ့ ၁၃ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။

ရန်ကုန်မြို့က အချက်အခြာကျတဲ့ ကမာရွတ်မြို့နယ် လှည်းတန်း ၂ လမ်းမှာနေထိုင်တဲ့ ကိုအောင်နေမျိုးကလည်း လူသတ်သမားတွေနဲ့ ရင်ဆိုင်ရမှာ ကြောက်လန့်နေတယ်လို့ သူ့အတွေ့အကြုံတွေကို ပြောပါတယ်။

ဘာကြောင့်လဲဆိုတော့ သူနေထိုင်ရာ တိုက်ခန်းပေါ်တက်တဲ့လှေခါးမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို မကြာခဏတွေ့နေရပြီး အဲဒီလူတွေကရန်ပြုရင် တစ်နှစ်တစ်နှစ် ထောင်နဲ့ချီပြီး သတ်ဖြတ်ခံရသူတွေထဲက တယောက်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ဆိုပါတယ်။

“သွားပြောလိုက်လို့ဆေးကြောင်ပြီး ဓားနဲ့ထိုးရင် ကိုယ်ပဲခံရမှာ” လို့ ဆေးသုံးသွားတဲ့သူတွေ ထားခဲ့တဲ့ ဆေးထိုးအပ်တွေကို ရိုက်ထားတဲ့ သူ့ဖုန်းထဲက ပုံကိုပြရင်း ပြောပါတယ်။

လူသတ်မှုတွေ ဖြစ်ပွားလာရခြင်းရဲ့ အဓိကအကြောင်းအရင်းက မူးယစ်ဆေးကြောင့်လည်းဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဆိုပါတယ်။

“အသက် ၁၀ နှစ်လောက်ဆိုရင်ပဲ လက်ထဲမှာ ဘီယာဘူးနဲ့ ဖြစ်နေပြီ”လို့ စမ်းချောင်းမြို့နယ်၊ ကွျှန်းတောတောင် ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်က ဆိုပါတယ်။

အစိုးရက ထုတ်ပြန်တဲ့စာရင်းဇယားအရ စစ်အစိုးရကနေ အရပ်သားအစိုးရကို ကူးပြောင်းလာတဲ့ ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ လူသတ်မှုတွေ သိသိသာသာ မြင့်တက်လာတာကို တွေ့ရပါတယ်။

၁၉၉၉ ခုနှစ်ကနေ စစ်အစိုးရရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၀ ပြည့်နှစ်အထိ ၁၂ နှစ်တာကာလအတွင်း တစ်နှစ်ကို လူသတ်မှု ပျမ်းမျှ ၇၈၁ မှုလောက်ပဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလဖြစ်တဲ့ ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ်အတွင်း လေးနှစ်တာကာလအတွင်းမှာတော့ တစ်နှစ်ကို ပျမ်းမျှ ၁,၃၀၂ မှုအထိ ရှိလာခဲ့ပါတယ်။

စာရင်းဇယားတွေ မှန်ကန်မှုနဲ့ ပတ်သက်ပြီ မကြာခဏ ဝေဖန်ခံရလေ့ရှိတဲ့ မြန်မာနိုင်ငံမှာ အစိုးရက ထုတ်ပြန်တဲ့ ဒီစာရင်းဇယားတွေဟာ ဘယ်လောက်အထိ တိကျမှု ရှိမလဲဆိုတာကတော့ သံသယဖြစ်စရာ ကောင်းပါတယ်။

ဒါပေမယ့် မှုခင်းနှိမ်နင်းရေးတွေကို လက်တွေ့လုပ်ဆောင်နေတဲ့ ရဲအရာရှိတွေအဆိုအရ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို ထိန်းသိမ်းရတာ ပိုခက်လာတဲ့အတွက် သူတို့တွေကို ပြစ်မှုတွေ အလွယ်တကူ ကျူးလွန်ကြဖို့ ခွင့်ပြုသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။

“သူတို့ နားလည်တဲ့ ဒီမိုကရေစီက တမျိုးဖြစ်နေတယ်။ ရဲတွေကို ထိတ်တိုက်တွေ့လိုက်မယ်ဆိုပြီး လုပ်လာတယ်” လို့ ရန်ကုန်မြို့မှာ ၁၃နှစ်ကြာ ရဲတပ်ကြပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ် မှာ အနားယူသွားခဲ့တဲ့ ဦးမြတ်သူဟိန်းက ပြောပါတယ်။

အရင်ကတော့ နိုင်ငံရေးသမားတွေအပါအဝင် သံသယရှိသူတွေကို ရဲတွေက လွယ်လွယ်ကူကူ ဖမ်းဆီးတာတွေ လုပ်ကြပေမယ့် နိုင်ငံရေးအပြောင်းအလဲကြောင့် ဆက်လက်လုပ်ဆောင်ဖို့ အကန့်အသတ် ရှိသွားခဲ့ပါတယ်။

ရာဇဝတ်သားတွေကလည်း ဒီလိုအပြောင်းအလဲကို အဓိကအသုံးချနေတယ်လို့ ရဲတွေက ဆိုပါတယ်။

ရာဇဝတ်မှုကျူးလွန်ဖို့ ကြိုးစားနေတာကို မသင်္ကာလို့ ဖမ်းဆီးရင် လူ့အခွင့်အရေးချိုးဖောက်ခံရတယ်ဆိုပြီး မကြာခဏ တိုင်ကြားခဲ့ကြတဲ့အတွက် ရဲတွေဘက်က လွယ်လွယ်ကူကူ ဖမ်းဆီးတာတွေလုပ်ဖို့ ဝန်လေးလာ ကြတယ်လို့ ဆိုပါတယ်။

“ရဲတယောက် အတိုင်ခံရရင် ဌာနတွင်း စစ်ဆေးခံရတယ်။ ရဲမှာမကောင်းတာက အတိုင်ခံရပြီဆိုရင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အရေးယူမယ်ဆိုပြီး အထက်အရာရှိတွေက စွဲနေတာဘဲ။ အဲဒါကို ရာဇဝတ်သားတွေက ကောင်းကောင်းသိတယ်”လို့ ရဲပရဟိတကွန်ယက်ရဲ့ဥက္ကဋ္ဌ ဦးမြတ်သူဟိန်းက ပြောပါတယ်။

လူသတ်မှုတွေကြောင့် စိုးရိမ်ပိုနေတဲ့လူတွေရဲ့ အကြောက်တရားကို ကာကွယ်တဲ့အနေနဲ့ရပ်ကွက်တချို့မှာ အရပ်သားတွေက ကင်းလှည့်တာမျိုးတွေလည်း လုပ်နေကြပါတယ်။

“ည ၁၂ နာရီလောက်အထိ ရပ်ကွက်က ကင်းလှည့်တယ်။ ရဲကမိုးလင်းအထိ စောင့်တယ်။ အဲဒီတော့ ညဘက်ကျူးလွန်တဲ့အမှုတွေတော့ လျော့သွားတယ်။ ဒါပေမယ့် နေ့ဘက်ကျ ပြန်ဖြစ်လာပြန်တယ်”လို့ ကမာရွတ် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောပါတယ်။

ရပ်ကွက်ထဲကို လူစိမ်းတွေ ဝင်ထွက်တာတွေကို အဓိကစောင့်ကြည့်နေပြီး မသင်္ကာစရာ လူတွေတွေ့ရင် သတင်းပေးတိုင်ကြားတဲ့စနစ်ကို ကျင့်သုံးနေတယ်လို့လည်း ဦးမျိုးအောင်က ပြောပါတယ်။

“မှုခင်းတွေကြားရတော့ လူတွေလန့်ပြီး လိုက်နာတာတွေရှိတယ်။ ဒါပေမယ့် ခဏနေတော့ အဲဒီစိတ်က ပျောက်သွားမှာ စိုးရတယ်”လို့လည်း သူကပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.