ရန်ကုန်မြစ်ထဲမှာ တစ်နေ့တာ

ရန်ကုန် Water Bus သည် လိုင်းကားနှင့် မီးရထားတို့အား အစားထိုးနိုင်မည့် သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်မလာသေးသော်လည်း စနေ၊ တနင်္ဂနွေကဲ့သို့ အလုပ်ပိတ်ရက်များတွင် အပျော်ခရီးထွက်ရန်အတွက်မူ အလွန်ကောင်းသောနည်းလမ်းတစ်ခု ဖြစ်နေသည်။

အိုလီဗာ ဆလိုး ရေးသားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က အင်းစိန်မြို့နယ်တွင် လူတစ်ဦးနှင့်ေ တွ့ဆုံရန်အတွက် ရန်ကုန်မြို့လယ်ရှိ Frontier ရုံးခန်းမှ ညနေ ၄ နာရီခွဲတွင် ကျွန်တော် စတင် ထွက်ခွာလာခဲ့သည်။ အင်းစိန်သို့ ညနေ ၆ နာရီခန့်တွင် ရောက်ရှိနိုင်မည်ဟုလည်း မျှော်လင့်ခဲ့သည်။

မရောက်နိုင်မှန်းကိုမူ အစကတည်းက ကျွန်တော် သိသင့်ခဲ့သည်။

ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် လှည်းတန်းလမ်းဆုံတွင် နာရီဝက်ခန့်ကြာအောင် ယာဉ်ကြော ပိတ်မိနေသဖြင့် ကျွန်တော်တွေ့ဆုံရမည့်သူထံ “ကျွန်တော်ယာဉ်ကြောပိတ်နေလို့ ၁၀ မိနစ်လောက်နောက်ကျမယ်” ဟု စာတိုပို့လိုက်သည်။

ထိုသူကလည်း “ရပါတယ်” ဟု ပြန်လည် ဖြေကြားလေသည်။

သို့သော် နောက်ထပ် ၁၅ မိနစ်ခန့်ကြာသည့်တိုင် ကားက နေရာမှ မရွေ့နိုင်သေးပေ။

ထို့ကြောင့် မိနစ် ၂၀ ခန့် နောက်ကျလိမ့်မည်ဟု စာတိုတစ်ခု ထပ်ပို့လိုက်ရပြန်သည်။

ထိုသူကလည်း စာနာ နားလည်သည့် သဘောဖြင့် “ရပါတယ်” ဟုဆိုပြန်သည်။

ညနေ ၆ နာရီခွဲခန့်တွင် လှည်းတန်းလမ်းဆုံမှ လွတ်မြောက်လာနိုင်ခဲ့သော်လည်း အင်းစိန်လမ်းမကြီးပေါ်တွင်  ကားဒါဇင်ပေါင်းများစွာ ပိတ်ဆို့နေပြီး ထိုအထဲတွင် ကျွန်တော်၏ကားလည်း ထပ်မံ ပိတ်မိနေပြန်သည်။ စီးလာသော တက္ကစီ၏ ပြတင်းပေါက်မှာ ထက်ဝက်ခန့် ပွင့်နေပြီး ကားကလည်း လမ်းဘေးအမှိုက်ဘေးတွင် ရပ်နေရခြင်းဖြစ်သည်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ကျွန်တော်ကလည်း ယဉ်ကျေးရာ ရောက်စေလိုသော သဘောဖြင့် ကျွန်တော်တွေ့ဆုံရမည့်သူထ့ ဖုန်းဆက်ရှင်းပြရမည်ဟု တွေးလိုက်ပြီး ဖုန်းဆက်လိုက်လေသည်။ သို့သော် ထိုသူက ရယ်မောပြီး “နားလည်ပါတယ်” ဟု ဆိုလေသည်။ သူ၏ လေသံတွင်မူ စိတ်ပျက်နေဟန် ပေါက်နေသည်ကို ကျွန်တော် ခံစားသိရှိလိုက်ရသည်။

နောက်ထပ်မိနစ် ၂၀ ခန့် ကြာပြီးမှ ပါရမီလမ်းပေါ်သို့ ကျွန်တော် ရောက်ရှိသွားသည်။ ထို့ကြောင့် ကျွန်တော်က “ရောက်တော့မယ်၊ ၁၀ မိနစ်လောက်ပါပဲ” ဟု စာတိုပို့လိုက်သည်။

သို့သော် သူ့ထံမှ အဖြေချက်ချင်း ပြန်လာခဲ့သည်။ “ကျွန်တော့်မှာ တခြားအစည်းအဝေးတစ်ခု ရှိသေးလို့။ အခု တွေ့ဆုံမှုကို ဖျက်လိုက်ပါတော့” ဟုပင်ဖြစ်သည်။

ကျွန်တော် ထိုအချိန်က စိတ်ပျက်သွားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

ထို့နောက် ရက်အနည်းငယ်အကြာတွင် ကျွန်တော်၏ မိတ်ဆွေတစ်ဦးက အင်းစိန်သို့ အပျော်လျှောက်လည်ကြမယ်ဟု ဆိုသောအချိန်တွင် ကျွန်တော် စိတ်ပျက်ခဲ့ရပြန်သည်။

“အင်းစိန်ကို သွားလည်သည်ပဲ ထားပါတော့၊ အင်းစိန်မှာ ဘာတွေများ ကြည့်ရှုလည်ပတ်စရာ ရှိလို့လဲ” ဟု ကျွန်တော်စိတ်ထဲတွင် တွေးမိလိုက်သည်။

“အင်းစိန်မှာ အကျဉ်းထောင်ရှိတယ်။ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းကြီးတွေရှိတယ်” ဟု မိတ်ဆွေဖြစ်သူက ဆိုလေသည်။

ထို့ပြင် ထပ်ပြောလိုက်သော စကားကြောင့် ကျွန်တော် တွေဝေမိသွားသည်။ “အင်းစိန်ကို water bus နဲ့ သွားလို့ရတယ်” ဟု ဆိုခြင်းဖြစ်သည်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

ရန်ကုန် water bus ဖွင့်လှစ်ပွဲကို ပြီးခဲ့သည့် အောက်တိုဘာလက ကြားသိခဲ့ရသည်။ ထိုအကြောင်းလည်း Frontier စာမျက်နှာများပေါ်တွင် ရေးသားခဲ့ဖူးသည်။ သို့သော် water bus ဖြင့် ခရီးသွားခြင်းသည် ပျော်ရွှင်ဖွယ်ကောင်းသော ခရီးတစ်ခု ဖြစ်လိမ့်မည်ဆိုသည်ကိုမူ ကျွန်တော် မယုံကြည်ခဲ့ပေ။

ရန်ကုန်ဘတ်စ်ကားလိုင်းစနစ် (YBS) အား ဖွင့်လှစ်လိုက်အပြီးတွင် ပြဿနာများ အများအပြား ကြုံခဲ့ရသဖြင့် ယခု ရန်ကုန် water bus သည်လည်း အဆင်ပြေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ရန်ကုန်မြို့လယ်တွင်လည်း အလုပ်ပိတ်ရက် လုပ်စရာ ရှိမည်မဟုတ်သောကြောင့် ကျွန်တော်က စိတ်မပါတပါဖြင့် သဘောတူလိုက်လေသည်။ ထိုသို့ဖြင့် စနေနေ့တစ်ရက်တွင် ကျွန်တော်သည် ဗိုလ်တစ်ထောင်ဆိပ်ကမ်းသို့ ရောက်ရှိသွားခဲ့သည်။

ဤနေရာတွင် ကျွန်တော် တစ်ခု ဝန်ခံရမည်ဖြစ်သည်။ ဝန်မခံချင်၍လည်း မရပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏သံသယများ အားလုံး မှားယွင်းနေခဲ့သောကြောင့်ပင် ဖြစ်သည်။

Water bus တွင် သင်္ဘောအမျိုးအစား နှစ်မျိုးရှိသည်။ တစ်မျိုးမှာ သေးငယ်ပြီး ဗိုလ်တထောင်မှ အင်းစိန်သို့ နှစ်နာရီခန့် သွားရသည်။ ကျန်တစ်မျိုးမှာ သြစတြေးလျနိုင်ငံလုပ်ဖြစ်ပြီး ပိုမိုကြီးမားသည်။ ထိုခရီးကိုပင် တစ်နာရီခန့်သာ သွားရသည်။ ကျွန်တော်တို့က ဒုတိယ အမျိုးအစားကို ရွေးချယ်လိုက်သည်။ ၎င်းသည် နံနက် ၉ နာရီ ၄၀ မိနစ်တွင် ထွက်ခွာသည်။

ဒုတိယအမျိုးအစားဖြစ်သော အမြန် (express) သင်္ဘောလက်မှတ် ဈေးနှုန်းမှာ ခရီးစဉ်တစ်ခုကို ကျပ် ၁,၄၀၀ ကျသင့်သည်။ ၎င်းသည် ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ လမ်းသစ်၊ ကြည့်မြင်တိုင်နှင့် ရွှေပိတောက်စသော ဆိပ်ကမ်းငါးခုတွင် ရပ်တန့်သည်။ ထို့နောက် အင်းစိန်သို့ ရောက်ရှိမည်ဖြစ်သည်။ လာမည့်နှစ်များတွင် ဆိပ်ကမ်းများ ပိုမို တိုးချဲ့ ထားရှိပေးမည်ဟုလည်း သိရသည်။

ကျွန်တော်တို့ သင်္ဘောပေါ်တက်ရချိန်တွင် ကလေးတစ်ယောက်ကဲ့သို့ ကျွန်တော် စိတ်လှုပ်ရှားမိနေသည်ကိုလည်း ဝန်ခံရမည်ဖြစ်သည်။ လိုက်ပါစီးနင်းလာသော အခြားခရီးသည် တစ်ဒါဇင်ခန့်မှာလည်း ကျွန်တော့်ကဲ့သို့ပင် စိတ်လှုပ်ရှားနေပုံရသည်။ ကျွန်တော် သွားစကားပြောဖြစ်သော ခရီးသည်အားလုံးမှာ အလုပ်ကိစ္စဖြင့် သွားလာခြင်းထက် အပျော်ခရီး ထွက်လာကြသည်ကသာ များနေသည်။ လှိုင်မြို့နယ်မှ သူငယ်ချင်းများထံ သွားရောက် လည်ပတ်သည်ဟုဆိုသော တရုတ်-မြန်မာစပ် အဖိုးကြီး ခြောက်ဦးလည်း ပါဝင်သည်။ ငယ်ရွယ်သော ကလေးအမေတစ်ယောက်ကမူ သူ၏ကလေးများကို ရန်ကုန်မြို့ မြစ်ကမ်းတစ်လျှောက် လိုက်လံပြသလို၍ စီးနင်းလာခြင်းဖြစ်သည်ဟု ဆိုသည်။

tzhygn_water_bus53.jpg

ဓာတ်ပုံ-တေဇလှိုှုင်

သင်္ဘောက ကျယ်ဝန်းပြီး သန့်ရှင်းလှသည်။ အောက်ထပ်တွင် လေအေးပေးစက် တပ်ဆင်ထားပြီး သက်တောင့်သက်သာရှိသော ထိုင်ခုံကြီးများ ရှိသည်။ အပေါ်ထပ်သည် လေဟာပြင်ဖြစ်သော်လည်း အခန်းငယ်တစ်ခုကို လေအေးပေးစက် တပ်ပေးထားသည်။ ထူးခြားသည့် အချက်တစ်ခုမှာ သြစတြေးလျ ခရီးသွားနေရာတစ်ခုကို ကြေညာထားသော ဆိုင်းဘုတ်တစ်ခု ရှိနေခြင်းဖြစ်သည်။ သင်္ဘောပေါ်တွင် အဆာပြေ စားသောက်ဖွယ်ရာများ ဝယ်ယူ သုံးဆောင်နိုင်ကြသည်။

ရန်ကုန် Water bus ကို အောက်တိုဘာ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်သောအခါ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထို water bus သည် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

Water bus သင်္ဘောများကို ချဲ့ထွင်ရန် အစီအစဉ်များလည်း ရှိသည်ဟု ဆိုသည်။ ရန်ကုန်မြို့၏ အရှေ့ဘက် ငမိုးရိပ်ချောင်း၊ လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်အိမ်ယာနှင့် သန်လျင်မြို့နယ်ရှိ Star City အိမ်ယာများအထိ ချဲ့ထွင်ရန် စီစဉ်ထားသည်။

လာရောက်စီးနင်းသော ခရီးသည်အများစုမှာ အလုပ်ကိစ္စ သွားလာခြင်းထက် အပျော်ခရီးထွက်ကြခြင်းဖြစ်ရာ ရန်ကုန် water bus ၏ စီးပွားရေးဆိုင်ရာ တွက်ခြေကိုက်မှုအတွက် သံသယများ ရှိနေကြသည်။ ကျွန်တော်၏ အတွေ့အကြုံအရဆိုပါက water bus က စီးရတာ သက်တောင့်သက်သာရှိပြီး မြန်မြန်လည်း ခရီးရောက်သည်။ ဝန်ဆောင်မှုများကို ချဲ့ထွင်လိုက်ပါက ရန်ကုန်မြို့မြောက်ပိုင်းမှ ပြည်သူများအတွက် မြို့လယ်သို့ လာရောက်ရန် ရွေးချယ်စရာ လမ်းကြောင်းတစ်ခု ရရှိမည်ဖြစ်သည်။

ကျွန်တော်တို့၏ခရီးစဉ်မှာ အင်းစိန်သို့ သင်္ဘောဖြင့်သွားရောက်ပြီး လျှောက်လည်ကာ တက္ကစီစီးပြီး မြစ်တစ်ဘက်ကမ်းရှိ ပန်းလှိုင်အိမ်ယာတွင် နေ့လည်စာစားရန် ဖြစ်သည်။ ထို့နောက်တွင် တက္ကစီဖြင့် မြစ်တစ်ဖက်ကမ်းကို ပြန်ကူးပြီး ရထားဖြင့် ရန်ကုန်ဘူတာကြီးသို့ ပြန်လာရန်ဖြစ်သည်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

နံနက် ၉ နာရီ မိနစ် ၄၀ တွင် သင်္ဘောက စက်နှိုးပြီး ဗိုလ်တထောင်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသည်။ အနောက်ဘက်သို့ ခုတ်မောင်းသွားချိန်တွင် ကမ်းနားလမ်းတစ်လျှောက်ရှိ အဆောက်အဦးများကို မြင်တွေ့နေရသည်။

ပန်းဆိုးတန်းတွင် ခေတ္တရပ်ပြီးသောအခါ လမ်းသစ်ဆိပ်ကမ်းသို့ ရောက်ရှိသွားခဲ့သည်။ ထိုမှ အလုံသင်္ဘောကျင်းကို ကျော်သွားချိန်တွင် အနောက်ဘက်၌ မြစ်ဝကျွန်းပေါ်ဒေသ၏ စပါးစိုက်ခင်းများကို တွေ့ရှိရသည်။ မြို့၏အစွန်လေးတွင်ပင် ကျေးလက်ဒေသကို မြင်တွေ့ရခြင်းဖြစ်သည်။

ထို့နောက်တွင် မြောက်ဘက်သို့ ခုတ်မောင်းသွားပြီး ဆိပ်ကမ်းများကို ဖြတ်ကျော်ကာ ကြည့်မြင်တိုင်မြို့နယ်ရှိ စံပြငါးဈေးသို့ ရောက်ရှိသွားသည်။ ထိုအခါ ရောင်းဝယ်ဖောက်ကားသူများကို မြင်တွေ့လိုက်ရပြီး ငါးညီနံ့များမှာလည်း သင်္ဘောပေါ်သို့ပင် ဝင်ရောက်လာသည်။

ထို့နောက် လှိုင်မြို့နယ်ရှိ စက်မှုနယ်မြေများကို ဖြတ်ကျော်ပြီးသောအခါ အင်းစိန်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။ အချိန်က နံနက် ၁၁ နာရီပင် မထိုးသေးပေ။ ခရီးစဉ်တစ်ခုလုံး ၁ နာရီနှင့် မိနစ် ၂၀ သာကြာမြင့်ခဲ့သည်။

Water bus ဝန်ဆောင်မှု၏ တခြားကောင်းသည့်အချက်တစ်ခုမှာ ဆိပ်ကမ်းတိုင်းတွင် သာမာန် ကော်ဖီဆိုင်ငယ်လေးများ ထားရှိ ပေးထားခြင်းဖြစ်သည်။ ကျွန်တော်တို့ ထိုကော်ဖီဆိုင်လေးတွင် ခေတ္တမျှထိုင်ကာ စားသောက်ပြီးနောက် ခရီးကို ဘယ်နေရာက အစပြုချင်သနည်းဟု ကျွန်တော်က မိတ်ဆွေဖြစ်သူကို မေးလိုက်သည်။ သူက ကြောင်တောင်တောင်နိုင်သော မျက်နှာဟန်ပန်ဖြင့် “ရေကူးကန်ပဲ သွားကြရင် မကောင်းဘူးလား” ဟု ဆိုလေသည်။

ဤသို့ဖြင့် အင်းစိန်မြို့နယ်တွင်း နောက်တစ်ကြိမ်မှသာ လည်ပတ်ကြရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် တက္ကစီဖြင့် မြစ်တစ်ဖက်ကမ်းမှ ပန်းလှိုင်အိမ်ရာသို့သွားကာ ပီဇာများ စားသောက်ပြီး ရေကူးကန်ဘေးတွင် ဘီယာများ သောက်ခဲ့ကြလေသည်။ စနေရုံးပိတ်ရက်တစ်ရက်ကို ကောင်းမွန်စွာ အချိန်ဖြုန်းနည်းတစ်ခုပင် ဖြစ်သည်။

ကျွန်တော်၏ အခြားမိတ်ဆွေတစ်ချို့ကတော့ အင်းစိန်မြို့နယ်အတွင်း လည်ပတ်ပြီး အချိန်ဖြုန်းခဲ့ကြသည်။ သူတို့၏ အဆိုအရ အင်းစိန်မြို့၏ လည်ပတ်စရာများမှာ ဈေး၊ အကျဉ်းထောင်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် ပန်းခြံငယ်လေးများ ဖြစ်ကြသည်။

ကျွန်တော်တို့က တက္ကစီဖြင့် ပန်းလှိုင်တစ်ဖက်ကမ်းမှ အင်းစိန်သို့ သွားရောက်ပြီး ရထားဖြင့် ရန်ကုန်မြို့လယ်သို့ ပြန်လာခဲ့ရာ နေမဝင်ခင်လေးတွင်ပင် ပြန်လည်ရောက်ရှိခဲ့လေသည်။

ခေါင်းစီးဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.