ရန်ကုန်က အထပ်မြင့် အဆောက်အဦးတွေရဲ့ အနာဂတ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ စိစစ်မှုတွေကြောင့် အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး လည်ပတ်နေတဲ့ အထပ်မြင့်အဆောက်အဦး တည်ဆောက်ရေးစီမံကိန်းတွေ ရပ်တန့်နေရတဲ့အပေါ် မတူညီတဲ့ အမြင်တွေ ရှိနေပါတယ်။

ထွန်းခိုင် ရေးသားသည်။

အငှားယာဉ်မောင်း ကိုကျော်ဇင်ထွဋ်တယောက် သူ့ဖောက်သည်တွေ ဆုံးရှုံးသွားတဲ့အတွက် စိတ်ပျက်နေပါတယ်။

ယာဉ်ကြောပိတ်နေလို့ နေ့တွက်မကိုက်တဲ့ အချိန်မှာ သူ့ကို နေ့စဉ်ဝင်ငွေပေးနေတဲ့ ဖောက်သည်တယောက် ဆုံးရှုံးသွားရတာကလည်း စိတ်ပျက်စရာလို့ သူကဆိုပါတယ်။

သူ့ဖောက်သည်တွေက လှိုင်သာယာကနေ ရန်ကုန်မြို့ထဲကို စုပေါင်းပြီး ငှားစီးကြတဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တွေပါ။

သူ့ဖောက်သည် ဆောက်လုပ်ရေးကန်ထရိုက်တွေ အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်ကို အစိုးရက ရုတ်တရတ် ရပ်တန့်ခိုင်းလိုက်တာရဲ့အကျိုးဆက်အနေနဲ့ သူလည်း ဖောက်သည်လျော့သွားပါတော့တယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ရန်ကုန်မြို့က ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘယ်သူကမှ မမျှော်လင့်ထားတဲ့ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့က ရုတ်တရတ် ချမှတ်ခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းဦးဆောင်တဲ့ အစိုးရသစ်ဟာ အရင်အစိုးရလက်ထက်က လွှတ်တော်ထဲမှာ ကာလရှည်ကြာ အငြင်းပွားနေခဲ့တဲ့ ရန်ကုန်မြို့အနောက်ဘက်၊ မြစ်တစ်ဘက်ကမ်းမှာ အသစ်ဆောက်လုပ်မယ့် မြို့သစ်စီမံကိန်းကို အာရုံစိုက်နိုင်တယ်လို့ ဆောက်လုပ်ရေးအသိုင်းအဝိုင်းက တွက်ဆထားခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ တိုင်းဒေသကြီးအစိုးရက ရန်ကုန်မှာ အပြီးသတ်အတည်ပြုချက် မရသေးတဲ့ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံတွေကို ချက်ချင်းရပ်တန့်ဖို့ မေ ၂၀ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။

အဆိုပါ သတိပေးချက်က ရန်ကုန်က မိုးမျှော်တိုက်စီမံကိန်း ၂၅၀ လောက်ကို အကျိုးသက်ရောက်စေခဲ့ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရဲ့ အဆိုအရ ရန်ကုန်က အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးတစ်ခုမှာ ပညာရှင်နဲ့ အခြေခံအလုပ်သမား ၂၀၀ ကနေ ၃၀၀ အထိ အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။ ဒီနှုန်းအတိုင်းသာ တွက်ချက်မယ်ဆိုရင် လူ ၅၀,၀၀၀ ကနေ ၇၅,၀၀၀ လောက်ဟာ ရုတ်တရတ် အလုပ်လက်မဲ့အဖြစ် ကြုံတွေ့ နေရတာဖြစ်ပါတယ်။

ဒီအလုပ်သမားတွေကို မှီခိုပြီး ဈေးရောင်းနေတဲ့သူတွေကိုပါ ထည့်ပေါင်းရင် အရေအတွက်က ဒီထက်ပိုများဖို့ပဲ ရှိပါတယ်။

ရုတ်တရတ် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အရေအတွက်နဲ့ပတ်သတ်ပြီး တိကျတဲ့ စစ်တမ်းသုတေသန မရှိသေးပေမဲ့ လူတွေ ထောင်သောင်းချီပြီး အလုပ်လက်မဲ့ ဖြစ်သွားတာတော့ အမှန်ပဲလို လှိုင်သာယာက အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးအောင်လင်းက ဆိုပါတယ်။

အကျပ်အတည်းများရဲ့ အစ

၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့နောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်အများစုပါတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သစ် ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီလွှတ်တော်အမတ်တွေက ရန်ကုန်မှာ ဖရိုဖရဲဖြစ်နေတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ မိုးမျှော်တိုက်စီမံကိန်းတွေကို အစိုးရက ပြန်လည် ကြပ်မတ်စေဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

အဲ့ဒိတုန်းက လက်ရှိ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေတဲ့ ကာလဖြစ်ပါတယ်။ 

သက်တမ်းရက်ပိုင်းပဲကျန်တော့တဲ့ ဝန်ကြီးချုပ်ဦးမြင့်ဆွေ အစိုးရလက်ထက်မှာ ဒီအဆိုကို အကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး။

ဦးမြင့်ဆွေထံကနေ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူးကို ဦးဖြိုးမင်းသိန်းက လွှဲပြောင်းရယူပြီးမှာတော့ မိုးမျှော်တိုက်စီမံကိန်းတွေကို ကိုင်တွယ်ဖို့ သူက စတင် ပြင်ဆင်ပါတော့တယ်။

“လွှတ်တော်မှာ အတည်ပြုပြီးသားအဆိုတစ်ခုကို အစိုးရတွေက အကောင်အထည်ဖော်ပေးဖို့ တာဝန်ရှိတယ်” လို့ အထပ်မြင့်တိုက်တွေ ပြန်လည်စိစစ်ရေးနဲ့ ပတ်သတ်ပြီး ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဦးရဲမင်းဦးအပါအဝင် ပညာရှင် ၁၃ ဦးပါတဲ့ “ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့အညီ အဆောက်အဦးများ ဆောက်လုပ်မှု စိစစ်ရေးကော်မတီကို” ဇွန် ၁၇ ရက်မှာ ဖွဲ့စည်းပြီး အထပ်မြင့် အဆောက်အအုံတွေကို စိစစ်စေခဲ့ပါတယ်။

အဆေက်အအုံတွေဆောက်လုပ်ခွင့်ကို ရန်ကုန်မှာ ကျင့်သုံးနေတဲ့စနစ်အရ ကိုးထပ်ကနေ ၁၂ ထပ်ခွဲအထိ ဆောက်လုပ်ခွင့်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဆုံးဖြတ်ပါတယ်။ ၁၃ ထပ်နဲ့အထက် ဆောက်လုပ်ခွင့်ကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုံးဖြတ်ပါတယ်။

မိုးမျှော်တိုက် ဆောက်လုပ်ခွင့်အတွက် အနည်းဆုံးအစိုးရဌာန ခြောက်ခုထက်မနည်းကို ဖြတ်သန်းရပါတယ်။ စိစစ်ရေးလုပ်ငန်းတွေက နှစ်နှစ်ကနေ သုံးနှစ်အထိ ကြာမြင့်နိုင်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရန်ကုန်က တိုက်တွေအတွက် အမြင့်ဆုံး သတ်မှတ်ချက်

ရန်ကုန်မှာ မိုးမျှော်တိုက်တစ်လုံးဟာ အမြင့်ဆုံး ဘယ်လောက်အထိ ဆောက်လို့ရနိုင်ပါသလဲ။

ဒီအမြင့်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၆၀၀ ကျော်က တည်ထားတယ်လို့ ယုံကြည်ထားကြပြီး ရန်ကုန်မြို့ရဲ့ အထင်ကရဖြစ်တဲ့ ရွှေတိဂုံစေတီတော်အမြင့်နဲ့ ဆုံးဖြတ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်ကနေ တိုင်းတာရင် ၅၁၆ ပေမြင့်တဲ့ စေတီတော်ကို အဝေးကနေ လှမ်းမျှော်ဖူးရတဲ့ မြင်ကွင်းကို အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်တဲ့အကြောင်းပြချက်နဲ့ အထပ်မြင့်တွေကို ကန့်သတ်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အဆိုအရကတော့ ရွှေတိဂုံစေတီတော်အနီး ကန့်သတ်ဧရိယာထဲမှာရှိတဲ့ အထပ်မြင့်အဆောက်အအုံတွေဟာ ရွှေတိဂုံစေတီတော်ကုန်းမြေထက် မကျော်လွန်ရပါဘူး။

ရွှေတိဂုံစေတီတော်ကုန်းမြေဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၁၉၀ ရှိပြီး စီးပွားရေးနဲ့ ဆိုင်တဲ့ အဆောက်အအုံတွေဟာ အဲဒီကန့်သတ်ချက်ကိုလိုက်နာဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ရွှေတိဂုံစေတီတော်အနီး ကန့်သတ်ဧရိယာ အပြင်ဘက်မှာရှိတဲ့ အထပ်မြင့် အဆောက်အအုံတွေကတော့ စေတီတော်ရဲ့ ငှက်ပျောဖူးအောက်ခြေဖြစ်တဲ့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၁၇ ကို ကျော်လွန်ပြီး ဆောက်လုပ်ခွင့် မရှိပါဘူး။ 

ရန်ကုန်မြို့လယ်က အထပ်မြင့်ဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှ လုပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ရန်ကုန်မြို့လယ်က အထပ်မြင့်ဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှ လုပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ထိချက်ပြင်းတဲ့ ဆုံးဖြတ်ချက်

”ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အဦးများ ဆောက်လုပ်မှု စိစစ်ရေး ကော်မတီ”ကို ဖွဲ့စည်းပြီး သုံးပတ်လောက်အကြာမှာပဲ ရန်ကုန်က မိုးမျှော်တိုက်တွေအတွက် ဆုံးဖြတ်ချက်တွေ ထွက်လာပါတော့တယ်။

ကနဦးအနေနဲ့ ဆောက်လုပ်နေဆဲဖြစ်တဲ့ မိုးမျှော်တိုက် ၆၄ လုံးကို အဖွဲ့က အသေးစိတ် စိစစ်မှုတွေလုပ်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။ ၆၄ လုံးအနက် ပညာရှင်တွေထောက်ပြတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး မိုးမျှော်တိုက် ၁၂ လုံးကို အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်ဖို့အတွက် ညွှန်ကြားခဲ့ပါတယ်။

ဆုံးဖြတ်ချက်ထဲမှာ ၂၇ ထပ်အထိ ဆောက်လုပ်မယ့် စီမံကိန်းတွေကို အထပ် ၂၀ သာ ခွင့်ပြုတော့မယ့် ဆုံးဖြတ်ချက်တွေနဲ့ ဒီဇိုင်းအသစ် ရေးဆွဲခိုင်းတာတွေ ပါဝင်ပါတယ်။

ဒီဆုံးဖြတ်ချက်တွေဟာ မျှတမှုမရှိပဲ ပြင်းထန်လွန်းတယ်လို့ ရပ်နားခံရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

“နေ့စဉ်နဲ့အမျှ ကုန်ကျစားရိတ်က တက်နေတယ်”လို့ အလုံမြို့နယ်မှာ ၂၇ ထပ်အမြင့်ရှိ Paragon Residence ကို တည်ဆောက်နေတဲ့ Resources Groups Construction ဒါရိုက်တာ ဦးကျော်မြင့်ဦးက ပြောပါတယ်။

အစိုးရရဲ့ ဆုံးဖြတ်ချက်က သင်ရိုးညွှန်းတန်းအသစ် ရေးဆွဲလိုက်လို့ ယခင်သင်ရိုးညွှန်းတန်းနဲ့ စာမေးပွဲအောင်ထားသူတွေရဲ့ အောင်လက်မှတ်ကို လိုက်သိမ်းသလိုဖြစ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က ဆိုပါတယ်။

“မူဝါဒအသစ်ချမှာမို့လို့ ဒါတွေကို ဖျက်သိမ်းတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တာမဟုတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်”လို့ ဦးမျိုးမြင့်က ပြောပါတယ်။

နှစ်ပေါင်းများစွာ စီစဉ်လာခဲ့တဲ့ စီမံကိန်းတွေကို အစိုးရက ရပ်တန့်ခိုင်းတဲ့အတွက် ငွေကြေးဆုံးရှုံးမှုတွေ အကြီးအကျယ်ရှိတယ်လို့လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရပ်နားခံရတဲ့ ၁၂ လုံးထဲမှာပါဝင်တဲ့ ကမ္ဘာအေးဘုရားလမ်းမပေါ်က Kabaraye Executive Residence တည်ဆောက်ရေးအတွက် အောက်ခြေ ဖောင်ဒေးရှင်းတစ်ခုတည်းပင် အမေရိကန်ဒေါ်လာ ၁၂ သန်း တန်ကြေးရှိတယ်လို့ ဦးမျိုးမြင့်က ဆိုပါတယ်။

Kabaraye Executive Residence ဟာ မြေအောက်ထပ်တွေ အပါအဝင် ၃၂ ထပ်စီမံကိန်းဖြစ်ပြီး ပေ ၃၇၀ လောက်မြင့်ပါတယ်။ ဒါပေမဲ့ အစိုးရက တိုက်အမြင့်ကို ထက်ဝက်နီးပါးလျော့ချဖို့ ညွန်ကြားခဲ့ပါတယ်။

အစိုးရရဲ့ ဒီလို ဆုံးဖြတ်ချက်တွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ဈေးကွက်တစ်ခုလုံး ရပ်တန့်နေခဲ့ပြီး ဆုံးရှုံးမှုက ဒေါ်လာ ငါးဘီလျံကနေ ခြောက်ဘီလျံလောက်အထိ ရှိနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ခန့်မှန်းကြပါတယ်။

“ငွေကြေးတစ်ခုထဲတင် ဆုံးရှုံးတာ မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာတွေ၊ ယုံကြည်မှုတွေအားလုံး ဆုံးရှုံးသွားတာပါ” လို့ Resources Groups Construction ရဲ့ ဒါရိုက်တာ ဦးကျော်မြင့်ဦးက ပြောပါတယ်။

သူရင်းနှီးမြုပ်နှံထားတဲ့ ၂၇ ထပ်မြင့် Paragon Residence ဟာ အထပ် ၂၀ အထိ လျှော့ချဖို့ ဖိအားပေး ခံထားရပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း ဈေးကွက်

အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရုတ်တရတ် ရပ်တန့်စေတဲ့နောက်မှာ ကွင်းဆက်အဖြစ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ဈေးကွက်လည်း ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပါတယ်။

ဈေးကွက်ထဲမှာ ရောင်းဝယ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ ရုတ်တရက် အရောင်းအဝယ် ရပ်တန့်ခဲ့တဲ့အထိ အကျိုးဆက်က ကြီးမားခဲ့ပါတယ်။ ရန်ကုန်မှာ ဒီလိုမျိုးဖြစ်တာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးပဲလို့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ရောင်းချတဲ့သူတွေက ဆိုပါတယ်။

အစိုးရရဲ့ တရားဝင်စာရင်းဇယားတွေအရ ဆောက်လုပ်ရေးလုပ်ငန်းမှာ မရှိမဖြစ်ဖြစ်တဲ့ ဘိလပ်မြေ တင်သွင်းမှုဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်တန့်ဖို့ ကြေငြာချက်ထုတ်အပြီးမှာတော့ ၁၃ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။

ရန်ကုန်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ လည်ပတ်နေတဲ့ မေလတုန်းက ဘိလပ်မြေတန်ချိန် ၁၈၁,၀၀၀ တင်သွင်းခဲ့ပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်တန့်သွားတဲ့ ဇွန်လမှာတော့ တန်ချိန် ၂၄,၀၀၀ လျှော့နည်းသွားပြီး တန်ချိန် ၁၅၇,၀၀၀ သာ တင်သွင်းခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇူလိုင်လ ပထမအပတ်က ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မြို့လယ်က အထပ်မြင့်ဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှ လုပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ရန်ကုန်မြို့လယ်က အထပ်မြင့်ဆောက်လုပ်ရေး စီမံကိန်းတစ်ခုမှ လုပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဆောက်လုပ်ရေးလုပ်ငန်းနဲ့ စည်းကမ်း

လူတွေပြောနေသလို ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံး ရပ်တန့်နေတာမဟုတ်ပဲ ပုံမှန်ပြန်လည်ပတ်နေတာတွေလည်း ရှိနေပြီလို့ ဦးရဲမင်းဦးက ပြောပါတယ်။

“ကျန်တဲ့အလုံးတွေက ပုံမှန်အတိုင်း လုပ်နေပြီ။ ၁၂ လုံးကိုပဲ တားခဲ့တာ”လို့ ဦးရဲမင်းဦးက ပြောပါတယ်။

လက်ရှိစိစစ်ခဲ့တဲ့ အဆောက်အအုံတွေမှာလဲ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတာတွေကို တွေ့ခဲ့တာတွေရှိပေမယ့် ၁၀၀ ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီမို့ ပြန်ဖျက်ချခိုင်းတာမျိုးတွေ မလုပ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

“ကော်မတီကို စဖွဲ့ထားတဲ့ ရည်ရွယ်ချက်ကိုက ဆောက်ပြီးသားတိုက်တွေ ပြန်ဖြိုဖို့ မဟုတ်ဘူး” လို့ ဦးရဲမင်းဦးက ပြောပါတယ်။

အများထင်နေသလို ဆောက်လုပ်ရေးလောကကို ရပ်တန့်စေဖို့ ကြိုးစားတာမဟုတ်ပဲ ပိုမိုစည်းစနစ်ကျတဲ့ ပုံစံနဲ့သွားဖို့အတွက် ကြိုးစားတာသာဖြစ်တယ်လို့ အစိုးရဘက်ကတော့ တုန့်ပြန်ပါတယ်။

“ကျနော်တို့နိုင်ငံမှာ အထပ်မြင့်အဆောက်အအုံပေါင်း ၂၀၀ ကျော်လောက် စတင်တည်ဆောက်နေတဲ့နေရာမှာ တော်တော်များများဟာ ဥပဒေအပြင်ကို ရောက်နေပါတယ်”လို့ ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ စီးပွားရေးဖိုရမ်တစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

ဒါဟာစီးပွားရေး ဖွံ့ဖြိုးမှုအတွက် အနှောင့်အယှက်ဖြစ်တယ်လို့လည်း သူကထောက်ပြပါတယ်။

တကယ်တော့ ရန်ကုန်က ဆောက်လုပ်ရေးလုပ်ငန်းတွေ စည်းကမ်းမလိုက်နာဘူးဆိုတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၅ ခုနှစ်အတွင်းမှာ စီမံချက်တစ်ခု ချမှတ်ခဲ့ပြီး လိုက်လံ စစ်ဆေးတဲ့အခါမှာ အထပ်မြင့် အဆောက်အအုံ ၁,၈၀၀ ဟာ ခွင့်ပြုချက်မဲ့ တည်ဆောက်ထားတာ ဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအတွက် အမှုပေါင်း ၁,၀၀၀ ကျော် စွဲဆိုထားတယ်လို့လည်း စည်ပင်က ထုတ်ပြန်ခဲ့ပါတယ်။

“ယာယီရပ်ဆိုင်းပါလို့ ညွှန်ကြားချက်ထုတ်တဲ့အခါမှာ ခြောက်ထပ်ပဲရှိတဲ့အလုံးတွေက စစ်နေတဲ့အချိန်မှာပဲ ၁၀ ထပ် ရောက်သွားတာရှိတယ်။ ခိုးဆောက်ခဲ့တဲ့သူတွေရှိတယ်”လို့ မိုးမျှော်တိုက်တွေ ပြန်လည်စီစစ်ရေးနဲ့ ပတ်သတ်ပြီး ဦးရဲမင်းဦးက ပြောပါတယ်။

ဒါကြောင့် မိုးမျှော်တိုက်တွေ တည်ဆောက်ရေးကို ပြန်လည်သုံးသပ်ဖို့အတွက် အစိုးရရဲ့ ဆုံးဖြတ်ချက်ထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စည်းကမ်းမလိုက်နာတာကိုလည်း အကြောင်းပြချက်တစ်ခုအဖြစ် ထည့်သွင်းထားပါတယ်။

ရန်ကုန်မှာ မိုးမျှော်တိုက်ဆောက်ရင် အခန်းအချိုးထက် မော်တော်ယာဉ်ရပ်နားစရာနေရာက ၂၀ ရာခိုင်နှုန်း ပိုရမှာပါ။ ဥပမာ အခန်း ၁၀၀ ရှိရင် မော်တော်ယာဉ်ရပ်ဖို့နေရာက ၁၂၀ ရှိရမှာပါ။

ဒါပေမဲ့ ရပ်နားခိုင်းလိုက်တဲ့ အဆောက်အအုံတွေမှာ အဲဒီစံနှုန်းနဲ့ မကိုက်ညီတာတွေ အမျိုးမျိုး တွေ့နေရတယ်လို့ အစိုးရဘက်က ထောက်ပြပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကတော့ အစိုးရအရာရှိအချို့ရဲ့စွပ်စွဲချက်တွေကို ငြင်းဆန်ပါတယ်။ သူတို့ဘက်က သတ်မှတ်စည်းမျဉ်းစည်းကမ်းအားလုံး လိုက်နာခဲ့ပြီး ဘာတစ်ခုမှ အမှားအယွင်း မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

အဲဒီအတွက် အစိုးရအရာရှိတွေဆီက ထောက်ခံချက်တွေလည်း ရထားပြီးဖြစ်တယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“ဒီဌာနက အခုထောက်ခံတယ်။ ဒီအစီးရေ လုံလောက်တယ်။ အခုပဲ ပြန်မလုံလောက်ဘူးဆိုရင် ဒါဘယ်လို အကြောင်း မှတ်ယူရမလဲ” လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က တုန့်ပြန်ပါတယ်။

ဖောက်သည်များရဲ့ စိတ်ပျက်မှု

အိမ်ခြံမြေဈေးကွက်ဟာ မြန်မာ့စီးပွားရေးအတွက် အရေးပါတဲ့ လုပ်ငန်းတစ်ခုပါ။

ပြည်တွင်းသာမက ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကပါ အိမ်ခြေမြေဈေးကွက်ထဲမှာ နေရာရဖို့ အသည်းအသန် ကြိုးစားနေကြပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ချက်ထဲမှာတော့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ အိမ်ခြံမြေ ဈေးကွက်ကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဒေါ်လာ သန်း ၇၃၀ လောက် ဝင်ရောက်ခဲ့ပါတယ်။ ပြည်တွင်းရင်းနှီးမြုပ်နှံသူ ၁၈ ရာခိုင်နှုန်းလောက်ကလည်း အိမ်ခြံမြေဘက်မှာလို့ ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ မြန်မာ့အိမ်ခြံမြေဈေးကွက်က နိုင်ငံရေးအခြေအနေပေါ်လည်း မူတည်နေပါတယ်။

အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ အဆိုအရ မြန်မာနိုင်ငံက ဘဏ်တွေပြိုပျက်သွားပြီး စီးပွားရေးပျက်ကပ်ကြုံတဲ့ ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ ခေတ်သစ် မြန်မာ့အိမ်ခြံမြေလောက တစ်ကျော့ပြန် စတင်ခဲ့တယ်လို့ ဆိုပါတယ်။

တဖြည်းဖြည်းကြီးထွားလာတဲ့ အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်မှာ ရွှေခေတ်လို့ ပြောလို့ရတဲ့အထိ အလုပ်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ အပေါ်စိုးရိမ်စိတ်တွေနဲ့၂၀၁၅ အစမှာတော့အိမ်ခြံမြေဈေးကွက်ဟာ အေးစက်သွားခဲ့ပါတယ်။

“အိမ်ခြံမြေက၂၀၁၅ အစကနေစပြီး ခုချိန်အထိ တော်တော်လေး ရုန်းကန်နေရတယ်”လို့ ရန်ကုန်အခြေစိုက် Home and Service အိမ်ခြံမြေဂျာနယ်က အကြီးတန်းသတင်းထောက် ဦးဉာဏ်လင်းထက်က ပြောပါတယ်။

နလန်ထဖို့ကြိုးစားနေတဲ့ အိမ်ခြံမြေဈေးကွက်က အစိုးရက အထပ်မြင့်တွေကို ရပ်ဆိုင်းဖို့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် အကျပ်အတည်းပြန်တွေ့နိုင်တယ်လို့ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“Developer တွေကို ယုံကြည်မှု အားနည်းသွားတယ်။ ဒုတိယကတော့ အိမ်ခြံမြေမှာ စိတ်ဝင်စားမှုကို လျော့ပါး စေတာပေါ့။ ဒါဆိုရင် ထိခိုက်တယ်လို့ ပြောလို့ ရနိုင်တာပေါ့”ဟု ဆယ်စုနှစ်နှစ်ခုနီးပါးခန့် အတွေ့အကြုံရှိတဲ့ စိုင်းခွန်နောင် အိမ်ခြံမြေလုပ်ငန်းက မန်နေဂျင်းဒါရိုက်တာဖြစ်သူနဲ့ ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံ မြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးစိုင်းခွန်နောင်က ပြောပါတယ်။

အစိုးရရဲ့အစီအစဉ်

ရပ်တန့်ထားရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်စနိုင်ဖို့ ကြိုးစားနေတယ်လို့ အစိုးရက ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ မူအားဖြင့်ခွင့်ပြုထားပြီး ဆောက်လုပ်ခွင့်မရသေးတဲ့ အဆောက်အအုံ ၅၁ လုံးကို ဇူလိုင် ၂၅ ရက်နေ့အပြီး စိစစ်ပေးမယ်လို့ ဆိုပါတယ်။

ကျန်အဆောက်အအုံ ၁၀၀ ကျော်ကိုလည်း ဆောက်လုပ်ခွင့်ရဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ အကြောင်းကြားဖို့ နှိုးဆော်ထားပါတယ်။

ဒေါ်လာသန်းချီတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရန်ကုန်မှာ ရပ်တန့်နေတဲ့အတွက် မတူညီတဲ့ အမြင်တွေ ကိုယ်စီရှိနေကြဆဲပါ။

ဦးရဲမင်းဦးကတော့ “အစိုးရကို ပူးပေါင်းဆောင်ရွက်တဲ့အတွက် သူတို့ (စီးပွားရေး လုပ်ငန်းရှင်တွေ)အတွက် အကျိုးယုတ်စရာမရှိဘူး။ အကျိုးပို ဖြစ်ထွန်းမယ်။ တကယ်လို့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုပဲ တချို့ကိစ္စတွေကို သူတို့ဘက်က မလုပ်သင့် မလုပ်ထိုက်တာတွေ၊ မပြောသင့်မပြောထိုက်တာတွေ ပြောရင် အကျိုးသက်ရောက်မှုက ပြည်သူလူထုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် နှစ်ယောက်မျက်နှာခြင်းဆိုင် တွေ့သလို ဖြစ်သွားမယ်။ ကျွန်တော်တို့က အဲ့ဒါလေးပဲ စိတ်ပူတာ” လို့ပြောပါတယ်။

ခေါင်းစီးဓာတ်ပုံ- အထပ်မြင့်အဆောက်အဦးနှစ်ခုအကြားမှ မြင့်တွေ့ရသည့် ရန်ကုန်မြို့။ ဓာတ်ပုံ- အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.