ရင်းနှီးမြှုပ်နှံလိုသူများအတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အဓိက အပြောင်းအလဲများ

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ပြဋ္ဌာန်းခဲ့သော ဥပဒေများကြောင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် အဓိက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့ရာ ရင်းနှီးမြှုပ်နှံသူများက အကောင်းမြင် ကြိုဆိုခဲ့ကြသော်လည်း သတိဖြင့် စောင့်ကြည့်နေကြဆဲဖြစ်သည်။  

ROSS TAYLOR ရေးသားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ ၂၀၁၆ (MIL) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ (MIR) တို့က ဆောင်ယူလာသော အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) တွင် အဓိက ပြုပြင်ပြောင်းလဲမှုများကို ပြီးခဲ့သည့် လပိုင်းက ပြုလုပ်ခဲ့သည်။

ထိုအပြောင်းအလဲများမှ အကျိုးကျေးဇူးများကို အပြည့်အဝ ခံစားရရှိနိုင်ရန်အတွက် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမည့်သူများသည် ထိုအပြောင်းအလဲများ၏ သက်ရောက်မှုကို နားလည်သဘောပေါက်ရန် အရေးကြီးသည်။ သီအိုရီအရပြောရလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ရေရှည် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိရန် ပိုမိုလွယ်ကူသွားရမည် ဖြစ်မည်။ လုပ်ငန်းများစွာတွင် ထိုသို့ရရှိရန်မှာ အလွန်အရေးကြီးလှသည်။ သို့ရာတွင် MIL ၌ အခွန်ရပ်နားချိန်ကာလကို ပိုမိုတင်းကြပ်စွာ ပြဋ္ဌာန်းထားသည်။ ဤအပြောင်းအလဲများသည် ရင်းနှီးမြုပ်နှံသူများအတွက် သိသိသာသာ အကျိုးဖြစ်ထွန်းမှု ရှိမရှိုကမူ လာမည့်နှစ်အတွင်း သိသာထင်ရှားလာပေလိမ့်မည်။

MIC ခွင့်ပြုမိန့်

အပြောင်းအလဲများ မပြုလုပ်မီက MIC လျှောက်ထားမှုသည် MIC ခွင့်ပြုချက်အတွက် လျှောက်ကြရခြင်းဖြစ်သည်။ ထိုခွင့်ပြုချက်တွင် အခွန်အတွက် အထူးအခွင့်အရေးများနှင့် ရေရှည်ငှားရမ်း လုပ်ကိုင်ခွင့်များလည်း အလိုအလျောက် ပါဝင်ပြီး ဖြစ်သည်။ ယခုအပြောင်းအလဲများအရ အောက်ပါလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန်အတွက် MIC ခွင့်ပြုမိန့် လိုအပ်သည်။

၁. မြန်မာနိုင်ငံအတွက် မဟာဗျူဟာ ကျသည်ဟု ယူဆထားသော ရင်းနှီးမြှုပ်နှံမှုများ

၂. ရင်းနှီးမြုပ်နှံငွေ ကြီးမားသော စီမံကိန်းကြီးများ

၃. ပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ထင်ရှားသော သက်ရောက်မှုရှိနိုင်သည့် စီမံကိန်းများ

၄. နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို အသုံးပြုသော ရင်းနှီးမြှုပ်နှံမှုများ

၅. MIC ထံ အဆိုပြုလွှာတင်ပြရန် လိုအပ်သည်ဟု အစိုးရက သတ်မှတ်ထားသော ရင်းနှီးမြှုပ်နှံမှုများ

အောက်ပါတို့ကို မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုဟု MIR က သတ်မှတ်ထားသည်။

၁. နည်းပညာကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံ၊ စွမ်းအင် အခြေခံအဆောက်အအုံ၊ မြို့ပြဖွံ့ဖြိုးရေး အခြေခံ အဆောက်အအုံ၊ မြို့သစ်များ တည်ဆောက်ခြင်း၊ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးကဏ္ဍ၊ မီဒီယာ၊ အမေရိကန်ဒေါ်လာ သန်း ၂၀ ထက်ပိုသော ရင်းနှီးမြှုပ်နှံမှုများ။

၂. လုပ်ပိုင်ခွင့် ပေးအပ်ချက်အရသော်လည်းကောင်း၊ အာဏာပိုင်များက အလားတူ ခွင့်ပြုချက်အရသော်လည်းကောင်း ဒေါ်လာသန်း ၂၀ ကျော်မည်ဟု ယူဆရသည့် ရင်းနှီးမြှုပ်နှံမှုများ။

၃. ပမာဏ အသင့်အတင့်ရှိ အခြားရင်းနှီးမြှုပ်နှံမှုမှ အမျိုးအစားနှင့် အရွယ်အစား အမျိုးမျိုး။

ဒေါ်လာသန်း ၁၀၀ ထက်ကျော်သော ရင်းနှီးမြှုပ်နှံမှုများကို အရင်းအနှီး အားကောင်းသော ရင်းနှီးမြှုပ်နှံမှုဟု MIR က သတ်မှတ်ဖွင့်ဆိုထားသည်။

MIC ထောက်ခံချက်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (MIL) တွင် MIC endorsement (ထောက်ခံချက်) ဟုခေါ်သော MIC သဘောတူချက် (MIC approval) ပုံစံသစ်တစ်မျိုး မိတ်ဆက်ပါရှိသည်။ MIC ခွင့်ပြုမိန့် မလိုသော လျှောက်လွှာများအားလုံးသည် MIC ထောက်ခံချက် လျှောက်ထားရန် လိုအပ်သည်။ လျှောက်လွှာအားလုံးကို MIC ရုံးချုပ်၌ လျှောက်ထားနိုင်ကြသည်။ ဒေါ်လာငါးသန်းထက် နည်းသော ရင်းနှီးမြုပ်နှံမှုများကို ပြည်နယ်၊ ဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မီတီထံ လျှောက်ထားနိုင်ကြသည်။ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းကော်မတီရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ငါးသန်းအောက် ဖြစ်ပါက MIC  က သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး ကော်မတီထံ လွှဲပြောင်း တာဝန်ပေးနိုင်သည်။

အခွန်မက်လုံး

ဝင်ငွေခွန် မက်လုံးကလည်း လုံး၀ ပြောင်းလဲသွားသည်။ ယခင်က MIC ခွင့်ပြုမိန့် ရပြီးလျှင် ဝင်ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ် အလိုအလျောက် ရရှိပြီးဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ (MIL) တွင် ဝင်ငွေခွန်ကင်းလွတ်ခွင့်ကာလကို သီးခြားဆုံးဖြတ်ခွင့်ရှိပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်မည့် နေရာဒေသပေါ် မူတည်ဆုံးဖြတ်နိုင်သည်။ ဖွံ့ဖြိုးမှုနည်းပါးသေးသော ဒေသများကို ဇုံ (၂) ဟု သတ်မှတ်ပြီး ထိုဒေသများတွင် ရင်းနှီးလုပ်ကိုင်သူကို ဝင်ငွေခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်အထိ ခွင့်ပြုထားသည်။ အတော်အသင့် ဖွံ့ဖြိုးနေသော ဇုံ (၂) ဒေသများအတွက် အခွန်ကင်းလွတ်ခွင့် ငါးနှစ်နှင့် လုံလုံလောက်လောက် ဖွံ့ဖြိုးပြီး ဇုံ (၃) ဒေသများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို သုံးနှစ် သတ်မှတ်ထားသည်။

ဤသို့ ဇုံခွဲခြားသတ်မှတ်သည့်စနစ် ထားရှိသည့် အတွေးအခေါ်ကို နားလည်နိုင်သော်လည်း ထိုသို့ ခွဲခြားထားမှုသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရင်းနှီးမြုပ်နှံမှုများ မမျှမတ ဖြစ်နေမှုအား ပြောင်းလဲပစ်ရန် လုံလောက်မှုရှိမရှိကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။ လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်မည့် အခြေခံအဆောက်အအုံများ ရှိပြီးဖြစ်သည့် ဒေသများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလိုသော လုပ်ငန်းများမှာ အခွန်ကင်းလွတ်ခွင့်ကာလ လျှော့ချခံရတော့မည့် အလားအလာ ရှိနေသည်။

အခွန်နှင့်ပတ်သက်သော အခြားမက်လုံးများမှာမူ ယခင်အတိုင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် သွင်းကုန်၊ ထုတ်ကုန်အပေါ် စည်းကြပ်သည့် အခွန်များနှင့် ဆောက်လုပ်ရေး စက်ကိရိယာများအပေါ် စည်းကြပ်သည့်အခွန်များမှ ကင်းလွတ်ခွင့်၊ ပို့ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းများကို ပြည်ပမှ တင်သွင်းရာ၌ စည်းကြပ်သောအခွန်ကို ကင်းလွတ်ခွင့်ပေးခြင်း၊ သို့မဟုတ် လျှော့ပေါ့ပေးခြင်းတို့ ဖြစ်သည်။

လျှောက်ထားမှု အချိန်ကာလ

MIC ခွင့်ပြုမိန့် အဟောင်းနှင့် ပတ်သက်သော ပြဿနာမှာ လျှောက်ထားမှုလုပ်ငန်းစဉ် အဆင့်ဆင့်တွင် ကြန့်ကြာလွန်းခြင်းပင် ဖြစ်သည်။ လျှောက်ထားပြီးနောက် ခြောက်လအထိ ကြာတတ်ပြီး တစ်ခါတစ်ရံ တစ်နှစ်အထိ ကြာမြင့်သည်များလည်း ရှိပေရာ လက်တွေ့ မကျလှပေ။

ရင်းနှီးမြှုပ်နှံမှုဥပဒေက ထိုပြဿနာကို ဖြေရှင်းရန်အတွက် MIC ခွင့်ပြုမိန့်နှင့် MIC ထောက်ခံချက် လျှောက်လွှာများ စိစစ်ရန် ကြာမြင့်ချိန်ကို အတိအကျ သတ်မှတ်ပေးထားသည်။

MIC ခွင့်ပြုမိန့်အတွက် လျှောက်လွှာ လက်ခံရရှိပြီး ရက် (၇၀) အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်သည်။ သို့သော် MIC က နောက်ထပ် အချက်အလက်များ တောင်းခံထားပါက လျှောက်လွှာစိစစ်မှုကို တစ်ကြိမ်မက ရပ်ဆိုင်းထားနိုင်သည်။ MIC က နောက်ထပ်အချက်အလက်များကို အမြဲတမ်း လိုအပ်နေခြင်းကလည်း လုပ်ငန်းစဉ်ကို ခက်ခဲစေသည်။ သို့ဖြစ်ရာ လျှောက်လွှာ စိစစ်သည့်ကာလမှာ ရက်ပေါင်း (၇၀) ထက် ပိုမိုကြာမြင့်နေမည်သာ ဖြစ်သည်။ စိစစ်မှု ပြီးစီးရမည့်အချိန်ကို ဥပဒေက MIC အတွက် သတ်မှတ်ပေးထားသည်။ သို့သော် ကော်မရှင်အား နောက်ထပ် အရင်းအမြစ်များ ပေးမထားလျှင် ထိုသတ်မှတ်ချက်သည် ဆန္ဒတစ်ခုသက်သက်ထက် ပိုလာမည်မဟုတ်ချေ။

MIC ထောက်ခံချက်အတွက် လျှောက်လွှာ စိစစ်ရာတွင်လည်း အလားတူ ပြဿနာများပင် ကြုံတွေ့ရမည်ဖြစ်သည်။ လျှောက်လွှာတစ်ခု စိစစ် အတည်ပြုရာတွင် ရက် (၄၀) ထက်မကြာစေရဟု ဥပဒေကဆိုထားသည်။ ၎င်းတို့ အကျွမ်းတဝင်မရှိသေးသော ဤအချိန်ကာလတိုအတွင်း ကော်မရှင်က လုပ်ဆောင်နိုင်ခြင်းရှိမရှိကိုမူ စောင့်ကြည့်ရန်သာ ရှိလေသည်။

တိုက်တွန်း အားပေးသော လုပ်ငန်းများ

MIC ခွင့်ပြုမိန့်နှင့် MIC ထောက်ခံချက် လျှောက်ထားမှု နှစ်ခုလုံးအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်ကာလ စဉ်းစားရာတွင် ဥပဒေက ကော်မရှင်အတွက် နောက်ထပ်အခက်အခဲများ ဖြစ်စေခဲ့ပြန်သည်။ ရင်းနှီးမြုပ်နှံမှုများသည် ကော်မရှင်က အဓိပ္ပာယ်ဖွင့်ဆိုထားသော တိုက်တွန်းအားပေးသည့် လုပ်ငန်းများ (Promoted Businesses) တွင် ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ ဤ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ Promoted Businesses တွင် စီးပွားရေးလုပ်ငန်း အမျိုးအစား  (၂၀) ပါဝင်သည်။ စိုက်ပျိုးရေးနှင့် ဆက်စပ် ဝန်ဆောင်မှုလုပ်ငန်းများ၊ သစ်တောထိန်းသိမ်းရေး၊ သစ်တောစိုက်ပျိုးရေးနှင့် အခြားသော သစ်တောဆိုင်ရာ လုပ်ငန်းများ၊ မွေးမြူရေး၊ ထုတ်လုပ်ရေး၊ ငါးလုပ်ငန်းနှင့် ဆက်စပ်ဝန်ဆောင်မှုများ၊ ကုန်ထုတ်လုပ်ငန်းများ (အရက်၊ စီးကရက်နှင့် အလားတူ ထုတ်ကုန်များမှတပါး) စက်မှုဇုံတည်ထောင်ခြင်း၊ မြို့ပြဧရိယာသစ်များ တည်ထောင်ခြင်း၊ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လမ်းတံတားနှင့် ရထားလမ်းများ၊ ပင်လယ်ဆိပ်ကမ်း၊ မြစ်ဆိပ်နှင့် ကုန်းတွင်းဆိပ်ကမ်းများ တည်ဆောက်ခြင်း၊ လေဆိပ်စီမံခန့်ခွဲခြင်း၊ လည်ပတ်လုပ်ကိုင်ခြင်းနှင့် ထိန်းသိမ်းခြင်း၊ လေယာဉ်ထိန်းသိမ်းခြင်း၊ ထောက်ပံ့၊ ပို့ဆောင်ဝန်ဆောင်မှုလုပ်ငန်းများ၊ လျှပ်စစ်ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဝေခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ခြင်း၊ ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေး ၊ ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှု၊ သတင်းအချက်အလက် နည်းပညာဝန်ဆောင်မှု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ သိပ္ပံသုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်ကြသည်။

ကာလရှည် အငှားချထားမှုများ

၁၉၈၇ ခုနှစ်၊ မရွှေ့ပြောင်းနိုင်သောပစ္စည်း (ကန့်သတ်) လွှဲပြောင်းမှုဥပဒေအရ နိုင်ငံခြားသားနှင့် နိုင်ငံခြားကုမ္ပဏီများသည် မြေကို တစ်နှစ်ထက်ပို၍ ငှားရမ်းခွင့်မရှိပေ။ ထိုဥပဒေက ရင်းနှီးမြုပ်နှံမှုများအတွက် အဟန့်အတားဖြစ်စေသည်မှာ သိသာ ထင်ရှားလှသည်။ ဥပဒေသစ်က ယခင်ရင်းနှီးမြုပ်နှံမှုဥပဒေဟောင်းကဲ့သို့ပင် ခွင့်ပြုမိန့်နှင့် ထောက်ခံချက် လျှောက်ထားသူ နှစ်ဦးလုံးအား ကာလရှည်ကြာငှားရမ်းခွင့် ပြုထားသည်။ ယခင်ဥပဒေကဲ့သို့ပင် နှစ် (၅၀) အထိ ငှားရမ်းနိုင်ပြီး (၁၀) နှစ် သက်တမ်းတိုးခွင့် နှစ်ကြိမ်နှင့် အများဆုံး နှစ် (၇၀)  ငှားရမ်းခွင့်ပြုထားသည်။

သို့ရာတွင် MIL ဥပဒေနှင့် ၂၀၁၄ ခုနှစ် မြန်မာ့အထူး စီးပွားရေးဇုံ ဥပဒေတို့အကြား ကွဲပြားမှုတစ်ခုရှိနေသည်။ ၂၀၁၄ ဥပဒေတွင် SEZ တည်ထောင်သူ (သို့မဟုတ်) ရင်းနှီးမြုပ်နှံသူကို အစဦး နှစ် (၅၀) ငှားရမ်းခွင့်ပြုထားပြီး ၂၅ နှစ် သက်တမ်းတိုးခွင့် ပြုထားသည်။ MIC ခွင့်ပြုမိန့်နှင့် ထောက်ခံချက်က ခွင့်ပြုသည်ထက် ငါးနှစ်ပိုပေးထားခြင်းဖြစ်သည်။ ဤသို့ တပြေးညီ မဖြစ်မှုကို ပြင်ဆင်နိုင်သည့်အခွင့်အလမ်းကို MIL က အဘယ်ကြောင့် မယူခဲ့သနည်းဆိုသည်မှာမူ မရှင်းလင်းလှချေ။

ရင်းနှီးမြုပ်နှံမှု အာမခံချက်

နောက်ဆုံးအချက်အနေဖြင့် ရင်းနှီးမြုပ်နှံမှုကို အာမခံချက်ပေးထားသည်။ ရင်းနှီးမြုပ်နှံမှုကို အဆုံးသတ်သွားဖွယ်ရာရှိသော နိုင်ငံပိုင် သိမ်းယူခြင်း၊ ပစ္စည်းများကို သိမ်းယူခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အစိုးရက မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ပါဟု အာမခံချက်ပေးထားသည်။

ထိုသို့အာမခံချက်ပေးခြင်းသည် ကြိုဆိုဖွယ်ရာပင်ဖြစ်သည်။ သို့သော် ချွင်းချက်ထားရှိသည်။ ပြည်ထောင်စုနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် သိမ်းယူခြင်း၊ နိုင်ငံပိုင်ပြုလုပ်ခြင်းတို့ လုပ်ဆောင်ရန် လိုအပ်လာသော အခြေအနေတစ်ရပ်အတွက်မူ ထိုအာမခံချက်ကို ချွင်းချက်အဖြစ် ထားရှိထားသည်။ ထိုအခြေအနေကို အဓိပ္ပာယ်ဖွင့်ရာတွင် မတိမကျ မရေမရာနှင့် အလွန်ကျယ်ပြန့်ဖွယ်ရာ ရှိနေပေသည်။ ၎င်းပြင် နိုင်ငံပိုင် သိမ်းယူခြင်း၊ ပစ္စည်းဥစ္စာများကို သိမ်းယူခြင်း လုပ်ဆောင်ရာတွင် ခွဲခြားဆက်ဆံမှုမရှိစေဘဲ ဥပဒေနှင့်အညီ လုပ်ဆောင်သင့်ပြီး ထိုက်သင့်လုံလောက်သော နစ်နာကြေးကိုလည်း မဆိုင်းမတွ ပေးရပေမည်။ မျှတလုံလောက်သော နစ်နာကြေးကို စဉ်းစားဆုံးဖြတ်ရာတွင် ထည့်သွင်း စဉ်းစားမည့်အကြောင်း အချက်များကို ဖော်ပြထားသည်။ လူထုအကျိုးစီးပွား၊ ရင်းနှီးမြုပ်နှံသူ၏ အကျိုးစီးပွား၊ ရင်းနှီးမြုပ်နှံမှု၏ မျှတသော ဈေးကွက်တန်ဖိုးတို့ကို မျှမျှတတ စဉ်းစားဆုံးဖြတ်ရမည်။ သို့သော် ထိုအချက်အလက်များမှာ တိတိကျကျ ပီပြင်မှုမရှိသဖြင့် ရင်းနှီးမြုပ်နှံမှု အာမခံချက်၏တန်ဖိုးကို သိသိသာသာ ရုတ်လျော့နိုင်ပေသည်။

သွယ်ဝိုက်၍ သက်ရောက်မှုများ

ကွဲပြားခြားနားသော MIC သဘောတူခွင့်ပြုမိန့်များအတွက် မတူကွဲပြားသော အခွန်မက်လုံးများကို ပေးထားရာ မြန်မာ့ရင်းနှီးမြုပ်နှံမှုစနစ်တွင် ရှုပ်ထွေးမှုများတိုးလာအောင် MIL ဥပဒေက ဖြစ်စေသည်။ လိုအပ်သော MIC ခွင့်ပြုမိန့် အရေအတွက်ကို လျှော့ချပြီး MIC ထောက်ခံချက်နှင့်အစားထိုးခြင်းဖြင့် နှစ်ခုစလုံးအတွက် ရှင်းလင်းချိန် သတ်မှတ်ပေးထားရာ MIC စိစစ်မှု အချိန် လျင်မြန်လာအောင် လုပ်ကိုင်ထားသည်။ MIL ဥပဒေ၏ အဓိကရည်ရွယ်ချက်မှာ ရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်ရာတွင် အထောက်အကူပြုစေရန်နှင့် လျှောက်လွှာစိစစ်မှု လုပ်ငန်းစဉ်ကို ပိုမိုရှင်းလင်း လွယ်ကူစေရန် ဖြစ်သည်။ သို့သော် ထိုအဓိက ရည်မှန်းချက်များ အောင်မြင်အောင် ယခု MIL နှင့် MIR တို့ကို စွမ်းဆောင်နိုင်ခြင်း ရှိမရှိကိုမူ စောင့်ကြည့်ရန်သာရှိပေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.