An anti-coup demonstration in downtown Yangon on February 8. Due to bloody crackdowns by security forces, the mass street protests of February have given way to flash-mob demonstrations in cities and towns and guerrilla conflict in the countryside. (AFP)
ဖေဖော်ဝါရီလ၈ရက်က ရန်ကုန်မြို့လယ်တွင် ပြုလုပ်ခဲ့သော စစ်အာဏာသိမ်းမှုဆန္ဒပြပွဲတစ်ခုကို မြင်တွေ့ရစဉ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုနှင့် ဖမ်းဆီးမှုများကြောင့် ဆန္ဒပြပွဲများမှာ ဖေဖော်ဝါရီလတုန်းကလို လူမများတော့သော်လည်း ပျောက်ကျားသပိတ်များက နိုင်ငံတစ်ဝန်း နေရာအနှံ့အပြားတွင် ဆက်ရှိနေသည်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ရက်၁၀၀ပြည့် အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ အကျိုးဆက်များ

ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် တိုက်တွန်းမှုများနှင့် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆိုမှုများက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်များကို လက်ရှိအခြေအနေအား ပြောင်းလဲအောင် တွန်းအားမပေးနိုင်ပေ။ သို့တိုင် ကျေးလက်နယ်ခြား ဒေသများတွင်မူ လက်နက်စွဲကိုင်ခုခံမှုများနှင့် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများက အရှိန်မြင့်တက်နေသည်။

အေအက်ဖ်ပီ

စစ်အာဏာသိမ်းမှုအပြီး ရက်ပေါင်း၁၀၀အကြာတွင် စစ်တပ်အုပ်ချုပ်မှုကြောင့် နိုင်ငံအတွင်း အကြောက်တရားနှင့် စိတ်ပျက်ဝမ်းနည်းမှုများသာ ကြီးစိုးလာကြောင်း မတ်လအတွင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆန္ဒပြသူများကို ပစ်ခတ်ခြင်းမပြုရန် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒူးထောက်တောင်းပန်ခဲ့သည့် ခရစ်ယာန်သီလရှင်က ပြောသည်။

သီလရှင် အန်ရို့စ်နူတောင်၏ ဒူးထောက်၍ လက်နှစ်ဖက်ဆန့်တန်းကာ “ကလေးငယ်များအား” ပစ်ခတ်ခြင်းမပြုရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပန်ကြားနေသည့် ပုံရိပ်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နိုင်ငံတစ်ဝန်းအရှိန်ကောင်းနေချိန် မတ်လအတွင်း လူမှုကွန်ရက်စာမျက်နှာများက တစ်ဆင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

အသက်၄၅နှစ်ရှိပြီဖြစ်သည့် အဆိုပါသီလရှင်သည် ဆေးခန်းတစ်ခုတွင် လုပ်အားပေးနေပြီး လုံခြုံရေးတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများ၊ စိတ်ဖိစီးမှုဝေဒနာ ခံစားနေရသူများနှင့် မိမိကိုယ်ကို သတ်သေလိုသူများကို ကုသရာတွင် ကူညီပေးနေသည်။

“ကိုဗစ်-၁၉ကပ်‌ရောဂါရဲ့နောက်ဆက်တွဲ​ဆိုးကျိုးတွေ၊ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် စိတ်ဓာတ်ကျတဲ့သူနဲ့ ကိုယ်ကိုယ်ကို သတ်သေချင်တဲ့သူတွေ များလာတယ်”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

“လူတွေက အကြောက်တရားအောက်မှာ နေထိုင်ကြရပြီး မျှော်လင့်ချက်မဲ့နေတယ်လို့ ခံစားနေကြရတယ်”

မတ်လ၈ရက်က မြစ်ကြီးနားမြို့တွင် ဆန္ဒပြသူများအား ပစ်ခတ်ခြင်းမပြုရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဒူးထောက်တောင်းပန်သော ခရစ်ယာန်သီလရှင် အန်ရို့စ်နူတောင်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | မြစ်ကြီးနားသတင်းဂျာနယ်/ အေအက်ဖ်ပီ)

ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို ဖြုတ်ချ၍ စစ်တပ်က အာဏာသိမ်းခဲ့သည်မှာ မေ၁၁ရက်၊ အင်္ဂါနေ့ကဆိုလျှင် ရက်၁၀၀ ပြည့်မြောက်ပြီ ဖြစ်သည်။ လက်ရှိအချိန်အထိ အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ အပါအဝင် အင်န်အယ်လ်ဒီအစိုးရခေါင်းဆောင်များကို ထိန်းသိမ်းထားဆဲဖြစ်သည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း အခြေအနေအရပ်ရပ် ယိုယွင်းခဲ့ပြီး စစ်တပ်က အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများအား ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသည့် ဆန္ဒပြပွဲများကို ကျည်ဆန်အစစ်များသုံး၍ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်သားသေဆုံးသူဦးရေ ၇၈၀ကျော်ရှိပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုသည်။

လွန်ခဲ့သောလအနည်းငယ်က ၎င်း၏ရဲရင့်မှုအတွက် အများချီးကျူးခံရသော်လည်း သီလရှင် အန်ရိုစ့်နူတောင်က ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသော လူငယ်များအကြောင်းသာ ခေါင်းထဲတွင်ရှိကြောင်း ဆိုသည်။

“က‌လေးတွေက သူတို့အနာဂတ်အတွက် အသက်ပေးပြီး တိုက်ပွဲဝင်နေကြတာပါ”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံတစ်ဝန်း ညစဉ်လူဖမ်းပွဲများကျင်းပနေပြီး ဆန္ဒပြပွဲတွင် ပါဝင်သူများသာမက ငြိမ်းချမ်းစွာအာဏာဖီဆန်ခြင်းလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် အစိုးရဝန်ထမ်းများကိုလည်း လိုက်လံဖမ်းဆီးနေသည်။ ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကြောင့် လက်ရှိအချိန်အထိ နိုင်ငံအုပ်ချုပ်ရေးယန္တရားများမှာ ပုံမှန်အပြည့်အဝ လည်ပတ်နိုင်ခြင်းမရှိသေးပေ။

လွန်ခဲ့သော ဆယ်နှစ်ခန့်က အကန့်အသတ်များဖြင့် စတင်ခဲ့သည့် ဒီမိုက​ရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ကြီးပြင်းလာသော လူငယ်မျိုးဆက်သစ်များသည် အန္တရာယ်များ ရင်ဆိုင်ရနိုင်သည့်တိုင် စစ်အာဏာရှင်စနစ်လှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်နေကြသည်။

“သမိုင်းရဲ့ အမှန်တရားဘက်မှာ ကျနော်တို့ရပ်တည်မယ်”ဟု ရပ်ကုန်မြို့က ဆန္ဒပြလူငယ်တစ်ဦးက ပြောသည်။

ဆက်ရှိနေမယ့် လူထုလှုပ်ရှားမှုများ

သွေးစွန်းသော အကြမ်းဖက်ဖြိုခွင်းမှုများကို မမြင်တွေ့ရသည်မှာ ရက်သတ္တပတ်အနည်းငယ် ရှိပြီဖြစ်သည်။ ယင်းသို့ဖြစ်ရသည်မှာ ဆန္ဒပြသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကို ရှောင်ရှားနိုင်ရန် ပျောက်ကျားသပိတ်များ စတင်ဆင်နွှဲလာကြသောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ၏ မြို့ပြဒေသများရှိ အကြမ်းဖက်ဖြိုခွင်းမှုများ အရှိန်လျော့ကျသွားသော်လည်း နယ်စပ်ဒေသများတွင်မူ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။

“ဒီလှုပ်ရှားမှုက ငြိမ်သက်သွားမှာမဟုတ်ဘူး” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသူ ဦးခင်ဇော်ဝင်းက ပြောသည်။

“စစ်ကောင်စီက ဇွန်လမှာ အစစအရာရာ အဆင်သွားမယ်လို့ ထင်နေပုံရတယ်။ အဲဒါက ထင်ယောင်ထင်မှား ဖြစ်တာပဲ”ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံနှင့်နယ်စပ် ကရင်ပြည်နယ်အတွင်းတွင်မူ နိုင်ငံရေးဖိနှိပ်မှုကြောင့် ပြည်တွင်းမှ ထွက်ပြေးကြရသူများ (တက်ကြွလှုပ်ရှားသူများ၊ အစိုးရဝန်ထမ်းများ)ကို ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ခိုလှုံခွင့်ပေးထားသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) နှင့် တပ်မတော်အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ ကေအင်န်ယူက တပ်မတော်တပ်စခန်းအချို့ကို သိမ်းပိုက်ခဲ့ပြီး တပ်မတော်ကလည်း ကေအင်န်ယူက လေကြောင်းစစ်ဆင်ရေးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကချင်ပြည်နယ်မှပဋိပက္ခများသည်လည်း ပိုမိုဆိုးဝါးလာပြီး လွန်ခဲ့သည့် ရက်သတ္တပတ်က ကချင်လွတ်မြောက်ရေးတပ်မတော်သည် မြန်မာ့တပ်မတော်၏ ရဟတ်ယာဉ်တစ်စင်းကိုပစ်ချခဲ့သည်။ ယင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုစွမ်းရည်မြင့်တက်လာခြင်းလည်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့် လှုပ်ရှားမှုများအား ထောက်ခံအားပေးနေပြီး ဆန္ဒပြသူလူငယ်များကိုလည်း အခြေခံ စစ်သင်တန်းများပင် ပို့ချနေသည်။

သို့သော် ယခုအချိန်အထိ မတူကွဲပြားသော လက်နက်ကိုင်အဖွဲ့အစည်းများ ပေါင်းစည်း၍ “ဖက်ဒရယ်တပ်မတော်”ထူထောင်ရေးမှာ အကောင်အထည်ပေါ်မလာသေးပေ။

ရွေးကောက်ခံအမတ်များနှင့် တိုင်းရင်းသားခေါင်းဆောင်များ ယှဉ်ပြိုင်အစိုးရအဖြစ် ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ)ကမူ ဧပြီလလယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊​ ထားဝယ်မြို့တွင် “ပြည်သူ့ကာကွယ်ရေးတပ်မတော်”အား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်နေသည့် ဒေသခံများကို မေလ၇ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | Dawei Watch / အေအက်ဖ်ပီ)

အဆိုပါလက်နက်ကိုင်တပ်ဖွဲ့အသစ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရသေးပေ။ လက်ရှိတွင် နိုင်ငံအနှံ့  ဒေသခံများက ဖွဲ့စည်းသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက PDFတပ်မတော်ကို အမိန့်နာခံမည်ဟု အသီးသီးကြေညာကြသော်လည်း လက်တွေ့တွင်မူ NUG ကလည်း စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့များကို လက်နက်ဖြင့် ပြန်လည်ခုခံသည့်တိုက်ပွဲများအား ဦးဆောင်နေပုံမပေါ်ပေ။

သို့သော် လွန်ခဲ့သည့်စနေနေ့တွင် စစ်ကောင်စီက ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်ကို “အကြမ်းဖက်အဖွဲ့အစည်း”အဖြစ် ကြေညာခဲ့ပြီး “နိုင်ငံအုပ်ချုပ်ရေးယန္တရားများကို နှောင့်ယှက်ဖျက်ဆီးရန် ဗုံးဖောက်ခွဲမှု၊ မီးရှို့မှု၊ လူသတ်မှုနှင့် ခြိမ်းခြောက်မှုများ”၏ လက်သည်တရားခံဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

လူထုရွေးချယ်ခဲ့တာမဟုတ်

လက်ရှိအချိန်အထိ အကြမ်းဖက်မှုများရပ်တန့်ရန် တောင်းဆိုချက်များသာမက အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့်ဗြိတိန်တို့က ချမှတ်ခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှုများသည် စစ်ဗိုလ်ချုပ်များကို ၎င်းတို့ရွေးချယ်ထားသော လမ်းကြောင်းမှ ပြောင်းလဲလာရန် ဖိအားမပေးနိုင်ပေ။

ပြီးခဲ့သည့်လက မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ထိပ်သီးအစည်းအဝေးတစ်ရပ်ကို အာဆီယံအဖွဲ့က ကျင်းပခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးက စေ့စပ်ညှိနှိုင်းရန်၊ အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရန်တို့အပါအဝင် အချက်ငါးချက် သဘောတူခဲ့သည်။

အကန့်အသတ်ကြားက သဘောတူညီချက်အချို့ ရရှိခဲ့သော်လည်း ရက်အနည်းငယ်အကြာတွင် စစ်ကောင်စီက နိုင်ငံ့အခြေအနေတည်ငြိမ်မှ အာဆီယံအသင်းကြီး၏ အကြံပေးချက်များကို စဉ်းစားမည်ဟု တုံ့ပြန်ခဲ့သည်။

နိုင်ငံတကာစင်မြင့်ပေါ်တွင်မူ မြန်မာနိုင်ငံကို ကုလသမဂ္ဂကဦးဆောင်ချမှတ်ပြီး ဆိုးကျိုးသက်ရောက်မှု ပြင်းထန်သောပိတ်ဆို့မှုများ ပြုလုပ်ရန် ကြိုးပမ်းချက်များကို ဗီတိုအာဏာရှင် ရုရှားနှင့် တရုတ်တို့က ပိတ်ဆို့ခဲ့ကြသည်။ ယင်းသို့ပြုလုပ်ခြင်းသည် ပြဿနာကို ဖြေရှင်းရာမရောက်ကြောင်း ၎င်းတို့ကဆိုသည်။

စစ်တပ်အုပ်ချုပ်မှုအောက်တွင် အလုပ်မလုပ်လိုသဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စီးပွားရေးလုပ်ငန်းများ ရပ်တန့်ထားခြင်းကြောင့် ၂၀၂၁တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ၁၀ရာခိုင်နှုန်း ကျဆင်းသွားမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ကိုဗစ်ကပ်‌ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်သော မငြိမ်သက်မှုများ၏ စု‌ပေါင်းသက်ရောက်မှုကြောင့် လာမည့်နှစ်တွင် မြန်မာနိုင်ငံလူဦး‌ရေထက်ဝက်နီးပါး ဆင်းရဲမွဲတေမှု ကြုံတွေ့ရနိုင်‌ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်က သတိပေးထားသည်။

“မြန်မာစစ်တပ်က လုံးဝမသင့်တော်တဲ့အချိန်မှာ အာဏာလာသိမ်းတော့ ပြည်တွင်းစစ်ဖြစ်ဖို့ ရင်ဆိုင်နေရတာပါပဲ”ဟု နိုင်ငံ‌ရေး‌လေ့လာသုံးသပ်သူ ဦးခင်ဇော်ဝင်းကပြောသည်။ စစ်တပ်အ​ပေါ် “ပြည်သူ့ထောက်ခံမှု လုံးဝကုန်ဆုံးသွားပြီ”ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

“ပြည်သူတွေက ဒီလိုဖြစ်လာဖို့ ရွေးချယ်ခဲ့တာမဟုတ်ဘူး။ ဒီအခြေအနေရောက်အောင် စစ်ဗိုလ်ချုပ်တွေပဲ လုပ်ခဲ့တာ။ သူတို့ပြန်ပေးဆပ်ရမယ်”ဟု ၎င်းက ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.