မှေးမှိန်ပျောက်ကွယ်လာသည့် ရုပ်သေး သို့မဟုတ် အမြင့်သဘင်

ပြည်ပမှ ဧည့်သည်များက ရုပ်သေးသဘင်ကို စိတ်ဝင်စား ကြည့်ရှု့လေ့ရှိကြသော်လည်း ပြည်တွင်းပရိသတ်များ၏အားပေးမှု၊ စိတ်ဝင်စားမှု နည်းပါးလာခြင်းက ရုပ်သေးသဘင်ကို တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်စေသည့် အဓိကအကြောင်းရင်းတစ်ချက်ဖြစ်သည်ဟု ရုပ်သေးပညာအများစုကလည်း ယူဆထားကြသည်။

ဖြိုးသီရိသူ ရေးသားသည်။

ရုပ်သေးဟုဆိုလိုက်လျှင် အသက် ၅၀ ကျော်လူကြီးများက ၎င်းတို့၏ ကလေးဘဝတွင် ဘုရားပွဲများ၌ ကြည့်ခဲ့ကြရသော ရုပ်သေးပွဲများအကြောင်းကို သတိတရ ပြန်ပြောင်း ပြောပြကြမည် ဖြစ်သည်။ အ% ၃၀ ကျော် လူလတ်ပိုင်းများကတော့ ရုပ်သေးပွဲဆိုတာကို ရုပ်မြင်သံကြားတွင် ရံဖန်ရံခါ ကြည့်ဖူးသည်ဟု ပြောကြားကြမည်ဖြစ်ပြီး လူငယ်အများစုကတော့ ရုပ်သေးဆိုသည်ကို ကြားဖူးရုံမျှသာရှိတော့မည် ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများတွင် အရိပ်ရုပ်သေး၊ ရေပေါ်ရုပ်သေး၊ ဒုတ်ထိုးရုပ်သေး၊ လက်ထိုးရုပ်သေး စသည်ဖြင့် ရုပ်သေးအနုပညာ ကိုယ်စီရှိကြသော်လည်း ကြိုးဆွဲရုပ်သေးဆိုလ ျှင်မူ မြန်မာတို့၏ ရိုးရာအနုပညာတစ်ခုအဖြစ် နိုင်ငံတကာက သိထားကြသည်။

သမိုင်းထောက်အထားများအရ မြန်မာ့ကြိုးဆွဲရုပ်သေးအနုပညာသည် အေဒီ ၁၅ ရာစုက စတင်ခဲ့ပြီး ၁၈ ရာစုနှင့် ၁၉ ရာစုများသည် ရုပ်သေးအနုပညာ၏ ရွှေခေတ်ဖြစ်ခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ နောက်ဆုံးပဒေသရာဇ်ကာလဖြစ်သော ကုန်းဘောင်မင်းဆက်တွင် ရုပ်သေးသဘင်သည် မင်းစိုးရာဇာတို့၏ အနှစ်ခြိုက်ဆုံး ဖျော်ဖြေပွဲဖြစ်ခဲ့ပြီး အထူးချီးမြှင့်မြောက်စားခံခဲ့ရသည်။ ထို့ပြင် ကုန်းဘောင်ခေတ် ပြည်သူများအတွက်လည်း တန်ဖိုးထားကြည့်ရှုစရာဖြစ်ခဲ့ကာ အမြင့်သဘင်ဟု ထင်ရှားခဲ့သည်။ ထို့နောက် ကိုလိုနီခေတ်အထိတိုင် အမြင့်သဘင်ဟုခေါ်သည့် ရုပ်သေးပွဲများ ခေတ်စားခဲ့သည်။

“အဘတို့ငယ်ငယ် ၁၂ နှစ်၊ ၁၃ နှစ်အရွယ်ကဆို ရန်ကုန်၊ ညောင်တုန်း၊ ဟင်္သာတ၊ မအူပင်၊ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်နယ်တစ်လျှောက် ရုပ်သေးအဖွဲ့ပေါင်း ၆၀ ကျော် ၇၀ လောက်ရှိခဲ့တယ်။ ဘုရားပွဲတိုင်းမှာ ရုပ်သေးပွဲဆိုတာ မပါမဖြစ်ပေါ့။ လာကြည့်တဲ့ပရိသတ်ကလည်း တိုးမပေါက်ဘူး။ ညတိုင်းလည်း မိုးလင်းတဲ့အထိ လာကြည့်ကြတယ်။ နောက်သူပုန်ခေတ် တိုက်ပွဲတွေ ဖြစ်နေတာတောင် အဘတို့က ရုပ်သေးကကောင်းနေတုန်း။ အဘတို့ ရုပ်သေးဆရာတွေ အလွန်တောက်ကြွားခဲ့တဲ့ ကာလတွေပေါ့” ဟု အသက် ၇၉ နှစ်ရှိပြီဖြစ်သော ရုပ်သေးပညာရှင်ကြီး ဦးထွန်းကြည်က ပြောကြားသည်။

သို့သော် ယနေ့ခေတ်တွင်မူ ဘုရားပွဲများလည်း နည်းပါးသွားသလို ရုပ်သေးပွဲများလည်း ပိုမိုရှားပါးသွားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“အခုဆို နှစ်တိုင်းနီးပါး ရုပ်သေးပွဲထည့်လုပ်တဲ့ဘုရားပွဲဆိုလို့ သန်လျင်ကျိုက်ခေါက်ဘုရားနဲ့ သထုံရွှေစာရံဘုရားပွဲနှစ်ပွဲပဲ ရှိတော့တယ်။ အရင်က ကျောက်တန်းရေလည်ဘုရားမှာ ရုပ်သေးပွဲ ထည့်တယ်။ အခုဘယ်လိုဖြစ်တယ်တော့မသိဘူး။ ဖေတော့မောင်တော့ စတိတ်ရှိုးတွေလောက်ပဲ ထည့်တော့တယ်။ နှစ်တိုင်းတော့မဟုတ်ပေမယ့် ရုပ်သေးပွဲထည့်လုပ်တဲ့ တစ်ချို့ဘုရားပွဲတွေလည်းရှိတယ်။ တစ်နှစ်ပတ်လုံးဆို အများဆုံးလိုက်ကရမှ ၁၂ ပွဲလောက်ပဲ ရှိတော့တယ်”ဟု ဦးထွန်းကြည်က ဆိုသည်။

မိုးတွင်းသုံးလကလွဲကာ မြန်မာပြည်အနှံ့ ဘုရားပွဲများတွင် တစ်နှစ်ပတ်လုံး လိုက်လံကပြကြရသည့် ရုပ်သေးရွှေခေတ် ကုန်ဆုံးသွားခဲ့ခြင်းနှင့် ပတ်သက်ပြီးမူ ဦးထွန်းကြည်က “ဒီခေတ်လူတွေက တို့ရိုးရာရုပ်သေးသဘင်ကို စိတ်မဝင်စားကြတော့ဘူး။ တန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး” ဟုသာ ခပ်ပြတ်ပြတ်ဆိုလေသည်။

မှေးမှန်လာသည့် ရုပ်သေးပညာ

ဦးထွန်းကြည်ပြောသကဲ့သို့ပင် ရုပ်သေးကို စိတ်ဝင်စားမှု နည်းပါးလာကြသဖြင့် ရုပ်သေးပွဲများ၏ အရေအတွက်သည် နည်းပါးသည်ထက် နည်းပါးလာလျက်ရှိသည်။ ပြည်ပမှ ဧည့်သည်များက ရုပ်သေးသဘင်ကို စိတ်ဝင်စား ကြည့်ရှု့လေ့ရှိကြသော်လည်း ပြည်တွင်းပရိသတ်များ၏အားပေးမှု၊ စိတ်ဝင်စားမှု နည်းပါးလာခြင်းက ရုပ်သေးသဘင်ကို တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်စေသည့် အဓိကအကြောင်းရင်းတစ်ချက်ဖြစ်သည်ဟု ရုပ်သေးပညာအများစုကလည်း ယူဆထားကြသည်။

မြန်မာနိုင်ငံ ရုပ်စုံသဘင်အသင်း၏ ဥက္ကဋ္ဌဖြစ်ပြီး မန္တလေးမြို့၏ တစ်ခုတည်းသော မြန်မာ့ရုပ်စုံသဘင် တည်ထောင်သူဆရာမဒေါ်မမနိုင်က “မြန်မာနိုင်ငံရဲ့ ရုပ်သေးသဘင်ကတော့ နိုင်ငံခြားသားဧည့်သည်တွေအပေါ်မှာပဲ မူတည်နေတယ်လို့တောင် ပြောလို့ရပါတယ်။ ဆရာမတို့ ရုပ်စုံသဘင်မှာဆိုရင် နိုင်ငံခြားသားတစ်ဦးကို ကျပ်တစ်သောင်း သတ်မှတ်ထားတယ်။ မြန်မာလူမျိုးဆိုရင် အလကား ပေးကြည့်တာ။ ဒါပေမယ့် ပြည်တွင်းက ဘယ်သူမှလာမကြည့်ဘူး” ဟု ၎င်း၏ အတွေ့အကြုံကို ပြောကြားသည်။

သို့သော် အသက် ၁၉ နှစ်အရွယ် မယုမွန်အောင်က ရုပ်သေးသဘင်ကို စိတ်ဝင်စားသော်လည်း မည်သည့်နေရာတွင် သွားရောက်ကြည့်ရှုရမည်ကို မသိဟု ပြောကြားသည်။

“မြန်မာလူမျိုးတွေ၊ လူငယ်တွေ ရုပ်သေးကို စိတ်မဝင်စားကြတာလည်း မပြောပါနဲ့။ ကျွန်မဆို ရုပ်သေးကိုလည်း စိတ်ဝင်စားတယ်။ ရုပ်သေးပွဲလည်း ကြည့်ချင်တယ်။ ဒါပေမယ့် ဘယ်လိုစုံစမ်းပြီး ဘယ်မှာနေရာမှာ ကြည့်လို့ကြည့်ရမှန်းကို မသိသေးဘူး”ဟု ဖွင့်ဟ ပြောကြားသည်။

လက်ရှိအချိန်၌ မြန်မာတစ်နိုင်ငံလုံးတွင် ပုံမှန်ကပြနေသည့် ရုပ်သေးအဖွဲ့များမှာ ရန်ကုန်မြို့တွင် ထွေးဦးမြန်မာ ရိုးရာယဉ်ကျေးမှုရုပ်စုံအဖွဲ့၏ Home Theatre နှင့် မန္တလေးမြို့တွင် မန္တလေး မြန်မာ့ရုပ်စုံသဘင်တို့ နှစ်ခုသာ ရှိတော့သည်။

ရုပ်သေးသဘင်၏ အနာဂတ်

ထွေးဦးမြန်မာ ရိုးရာယဉ်ကျေးမှုရုပ်စုံအဖွဲ့ တည်ထောင်သူ ဦးခင်မောင်ထွေးက မြန်မာ့ရိုးရာရုပ်သေးအား ပြည်တွင်းမှ စိတ်ဝင်စားမှု များလာစေရန်အတွက် စည်းရုံးလုပ်ဆောင်ရန် လိုအပ်သည်ဟု ပြောကြားသည်။

“ပြည်တွင်းက စိတ်ဝင်စားမှုနည်းတယ်ဆိုတာ စိတ်ဝင်စားလာအောင် စည်းရုံးမယ့်သူမရှိတာလည်း ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ရုပ်သေးကတဲ့သူတွေကအစ လူငယ်လေးတွေချည်းပဲ။ သူတို့အစိုးရက ဒီရုပ်သေးကို ဂရုတစိုက်နဲ့ကို လူငယ်တွေ တန်ဖိုးထားတတ်လာအောင် လုပ်တယ်။ ပြီးတော့ဗီယက်နမ်မှာဆိုရင် သူတို့ရိုးရာရေပေါ်ရုပ်သေးကို ဟနွိုင်းမြို့မှာတင် ရုပ်သေးပြဇာတ်ရုံကြီးဆောက်ပြီး နေ့စဉ်ကပြဖျော်ဖြေတယ်။ ပြည်ပခရီးသွားတွေကလည်း လာကြည့်တယ်။ အဲ့ဒီပွဲကို ပြည်တွင်းစိတ်ဝင်စားတဲ့သူတွေကလည်း လာကြည့်ကြတယ်”ဟု ၎င်း၏ နိုင်ငံရပ်ခြားအတွေ့အကြုံများနှင့် နှိုင်းယှဉ်ကာပြောကြားခဲ့သည်။

တိုးတက်လာသော ခေတ်အခြေနေအရ အသစ်သစ်သောအနုပညာရပ်များနှင့် ခေတ်ပေါ်ဂီတများ တစ်ဟုန်ထိုးတိုးတက်လာချိန်တွင် ရုပ်သေးသဘင်၏ တီထွင်ဆန်းသစ်နိုင်ခြင်း အားနည်းသည့်အချက်ကလည်း ရုပ်သေးသဘင်ကို ပြည်တွင်းပရိသတ်နှင့် ဝေးကွာစေသော အချက်တစ်ချက်ဖြစ်စေခဲ့သည်။ အထူးသဖြင့်လူငယ်များအတွက် ရုပ်သေးပွဲသည် ငြီးငွေ့ဖွယ်ကောင်းသော ရှေးရိုးဖျော်ဖြေပွဲတစ်ခုအဖြစ် ယူဆလက်ခံထားခြင်းပင်ဖြစ်ပါသည်။

“မြန်မာ့ရုပ်သေးသဘင်ကို ခေတ်နဲ့အညီ ဆန်းသစ်မှုတွေပြုလုပ်ဖို့၊ ပြီးတော့ပြည်သူတွေ စိတ်ဝင်စားလာအောင်လုပ်ဖို့ ကြိုးစားနေပါတယ်။ ဒီနှစ်ဆိုကျောင်းမှာလုပ်တဲ့ ရုပ်သေးပွဲရဲ့ အဆင်အပြင်တွေကအစ နောက်ခံပန်းချီကားတွေအစား LEDဘုတ်တွေ သုံးတယ်။ ပြီးတော့ ခေတ်ဝတ်စုံတွေနဲ့ ပရိသတ်စိတ်ဝင်စားလောက်မယ့် ဇာတ်လမ်းတွေလည်း လုပ်ဖို့ ပြင်ဆင်နေပါတယ်”ဟု ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ရုပ်သေးသဘင်ဘာသာရပ်သင်ကြားနေသည့် ကထိကဆရာမဒေါ်ဝင်းပပက ဆိုသည်။

သို့သော် ထွေးဦးမြန်မာ ရိုးရာယဉ်ကျေးမှုရုပ်စုံအဖွဲ့မှ  ဦးခင်မောင်ထွေးက “ရုပ်သေးကို ခေတ်နဲ့အညီ ဆန်းသစ်ဖို့ဆိုတာ လွယ်ကူပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရုပ်သေးရုပ်လေးတွေကို ခေတ်ပုံစံနဲ့ ဇာတ်လမ်းတွေလုပ်ပြီး ကပြခဲ့ဖူးပါတယ်။ ဒါပေမယ့်ပရိသတ်ရဲ့ အားပေးမှုရှှိမှ၊ တစ်နည်းအားဖြင့် ပရိသတ်ကြည့်မှ ဒီလိုမျိုးဆန်းသစ်မှုတွေကိုလည်း ရေရှည်လုပ်နိုင်မှာပါ။ လက်ရှိ ခရီးသွားလုပ်ငန်းအပေါ်မှာ မှီခိုနေရတဲ့ ရုပ်သေးသဘင်ရဲ့ အခြေအနေနဲ့တော့ ဘယ်လိုမှမလွယ်ကူပါဘူး”ဟု ပြောကြားသည်။

ရုပ်သေးပညာသည်များ၏ ဘဝ

ရုပ်သေးပွဲများ၊ ရုပ်သေးသဘင်များ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာသည့် အကျိုးဆက်အဖြစ် ရုပ်သေးပညာဖြင့် အသက်မွေးနေသည့် ရုပ်သေးဆရာများ၏ ဘဝရပ်တည်မှုကလည်း မရေရာ မသေချာဖြစ်လာသည်။  

“ရုပ်သေးကပြတာတစ်ခုတည်းနဲ့ အသက်မွေးဖို့ဆိုတာ မလွယ်ကူပါဘူး။ အထူးသဖြင့်တော့ တစ်ဦးတည်း သီးသန့်ရပ်တည်ဖို့က မဖြစ်နိုင်သလောက်ပဲ။ ရုပ်သေးသမားတွေက ရုပ်သေးအဖွဲ့တစ်ဖွဲ့နဲ့ ချိတ်ထားပြီး  ဘုရားပွဲတွေ၊ ဟိုတယ်တွေကခေါ်ရင် လိုက်ကရတယ်” ဟု ရုပ်သေးကပြဖျော်ဖြေသည့် သက်တမ်း ၁၀ နှစ်ကျော်ရှိသည့် ရုပ်သေးသမား မချိုချိုဆန်းက ဆိုသည်။

“ရုပ်သေးသမားတွေအတွက် ပုံမှန်ဝင်ငွေဆိုတာမျိုးမရှိဘူး။ ရက်ဆက်ဘုရားပွဲတွေ လိုက်ကရတာမျိုးလည်းရှိသလို တစ်လလုံးနေမှ ဟိုတယ်ပွဲတစ်ပွဲလောက်ပဲ လိုက်ကရတာမျိုးလည်းရှိတော့ ပွဲစည်တဲ့လဆိုရင် တစ်သိန်းခွဲလောက်ရတယ်။ ပွဲပါးရင်တော့ တစ်လလုံးမှ ငါးသောင်းလောက် မနည်းရှာရတာလည်း ရှိတယ်”ဟုမချိုချိုစန်းက ဆိုသည်။

ရုပ်သေးပညာရပ်ကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းနိုင်ရေးအတွက် အနုပညာရပ်ဆိုင်ရာ ဘာသာတစ်ခုအနေဖြင့် ရန်ကုန်နှင့် မန္တလေးတို့ရှိ  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင်လည်း သင်ကြားပေးလျက်ရှိသည်။ အဆိုပါ တက္တသိုလ်များတွင် ရုပ်သေးသဘင်ပညာရပ်ကို သင်ယူသူ နှစ်စဉ် ၇၅ ဦးခန့့်ရှိပြီး သဘင်အနုပညာ ရုပ်သေးဘာသာရပ်အထူးပြု (BA. Dramatic Art Marionette Specialization)ဖြင့် ဘွဲ့ရရှိသူ နှစ်စဉ် ၁၀ ယောက်မှ ၁၅ ယောက်အထိရှိကြောင်း သိရသည်။ သို့ရာတွင် အဆိုပါပညာဖြင့် အသက်မွေးရန်မှာမူ ၎င်းတို့အတွက် စိန်ခေါ်မှုဖြစ်နေသည်။

“ဘွဲ့ရပြီးတဲ့ကျောင်းသားတွေက ဇာတ်အဖွဲ့တွေ၊ ရုပ်သေးအဖွဲ့တွေနဲ့ဆက်သွယ်ပြီး ဟိုတယ်တွေမှာ လိုက်ကပြတဲ့သူတွေ ရှိတယ်။ နောက်ပြီး နိုင်ငံခြားမှာ မြန်မာ့ရုပ်သေးပညာကို ပြန်လိုက်သင်ပေးတဲ့သူတွေလည်း ရှိပါတယ်။ အများစုကတော့ ရထားတဲ့ဘွဲ့က အနုပညာဘွဲ့ဆိုတော့ ရုပ်သံမီဒီယာပိုင်းကို ဝင်သွားကြတာမျိုးလည်းရှိတယ်”ဟု ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ရုပ်သေးသဘင်ဘာသာရပ် သင်ကြားပေးနေသည့် ကထိကဆရာမ ဒေါ်ဝင်းပပက ပြောပါသည်။

သဘင်အနုပညာ ရုပ်သေးအထူးပြုဂုဏ်ထူးတန်း ဒုတိယနှစ်တက်ရောက်နေသည့် မထက်ထက်ဝတ်ရည်ဝင့်ကလည်း “ရုပ်သေးသမားက တစ်ယောက်တည်း သီးသန့်ရပ်တည်ဖို့က ခက်ခဲပါတယ်။ အများစုက အဖွဲ့နဲ့ဆက်သွယ်ပြီး ပွဲတွေမှာလိုက်ကကြတယ်။ ဒါပေမယ့် အဲဒီလိုလိုက်ကပြတာကို ကိုယ့်အနုပညာ တိုးတက်မှုမရှိဘူးလို့ခံစားရလို့ ဘွဲ့ရပြီးရင်ကျောင်းမှာပဲ ကျူတာပြန်လုပ်မယ်လို့ စဉ်းစားထားပါတယ်”ဟု ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောကြားသည်။

ဦးခင်မောင်ထွေးကမူ ရုပ်သေးပညာ ပြန်လည်ထွန်းကားလာစေရေးအတွက် အစိုးရက ပံ့ပိုးကူညီဆောင်ရွက်ပေးသင့်သည်ဟု တိုက်တွန်းခဲ့သည်။

“တာဝန်ရှိတဲ့သူတွေ ထိထိရောက်ရောက်နဲ့ ထိန်းသိမ်းမှုမရှိပဲ အခုလိုပုံစံနဲ့သာ ဆက်သွားရင် မြန်မာ့ရုပ်သေးက အင်္ဂါစုံတော့မှာ မဟုတ်တော့ဘူး။ အခုဆိုရုပ်သေးထိုးတဲ့သူတွေ အရမ်းရှားသွားပြီ။ ဆိုငိုပြော ပညာရှင်တွေဆိုမရှိတော့ဘူး။ ပညာရှင်ကြီးတွေ သက်ရှိထင်ရှားရှိနေတုန်းမှာ ဒီပညာရပ်တွေ လက်ဆင့်ကမ်း ထိန်းသိမ်းဖို့ အရေးတကြီးလိုနေပြီ။ ဒါအပြင် ဝန်ကြီးဌာနအနေနဲ့ ရုပ်သေးပညာရှင်တွေအတွက် ပုံမှန်ဝင်ငွေလမ်းကြောင်းတစ်ခုကို ခရီးသွားလုပ်ငန်းနဲ့ ပူးပေါင်းပြီးတော့ပဲဖြစ်ဖြစ် ဖန်တီးပေးသင့်ပါပြီ”ဟု၎င်းကပြောသည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.