မှန်ကန်သောလမ်းကြောင်းပေါ်သို့ လှမ်းချီနေသည့် အစိုးရငွေတိုက်စာချုပ် လေလံပွဲများ

အစိုးရငွေတိုက်စာချုပ် လေလံပွဲများအား အစိုးရမှ ကျင်းပပေးခဲ့ခြင်းမှာ ပိုမိုနည်းပါးသော ငွေကြေးဖောင်းပွမှုနှုန်းကိုသာ ဖြစ်စေသည့် ပိုမိုထိရောက် အကျိုးရှိသော ကြွေးမြီ စီမံခန့်ခွဲရေးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်ပင် ဖြစ်သည်။

ဂျက်ကော့ ခရမ်ဇို ရေးသားသည်။

လွတ်လပ်သော ဈေးကွက်ပေါ်ရှိ ကြွေးမြီများအတွက် ငွေကြေးမတည်ရန် နောက်ဆုံးကြိုးပမ်းမှု တစ်ရပ်အနေဖြင့် အစိုးရက ပျှမ်းမျှအတိုးနှုန်း ၈ ဒသမ ၈၄၃ ရာခိုင်နှုန်း ရရှိစေမည့် ကျပ် ဘီလျံ ၂၀၀ (အမေရိကန်ကန်ဒေါ်လာ ၁၆၁ သန်းခန့်) အား ရောင်းချခဲ့သည့် ပထမဆုံးသော အစိုးရငွေချေးစာချုပ် လေလံပွဲကို ကျင်းပခဲ့ခြင်းပင်ဖြစ်သည်။

စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် လေလံပွဲတွင် ကျပ် ၁၂၀ ဘီလျံအား ဧရာဝတီဘဏ် (AYA Bank)၊ မြဝတီဘဏ်နှင့် စီဘီဘဏ်တို့က ဝယ်ယူခဲ့သည်။ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်မှာမူ တင်ဒါခေါ်ယူခြင်းကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့သော်လည်း လေလံတင်ပြီးနောက် ကျန်ရှိသော အတိုးနှုန်းဖြင့် လက်ကျန် ကျပ်ငွေ ၈၀ ဘီလျံကို ဝယ်ယူခဲ့သည်။

ဤရင်းနှီးမြုပ်နှံမှုမှ ပြန်လည်ရရှိမည့်အတိုးငွေမှာ ဆွဲဆောင်မှုရှိသည်ဟု ဘဏ်များက သတ်မှတ်ထားကြသည်။ ဤပမာဏမှာ တစ်နှစ်လ ျှင် ၉ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်ထားသော ငွေကြေးဖောင်းပွမှုနှုန်းထက် နိမ့်ပါးနေသေးသော်လည်း ဆုငွေအပ်နှံမှုများအတွက် ဘဏ်များက ပြန်လည်ပေးအပ်ရန်လိုအပ်သော နှစ်စဉ် အနိမ့်ဆုံးအတိုးနှုန်း ရှစ်ရာနှုန်းထက် မြင့်မားနေသေးသောကြောင့်ပင် ဖြစ်သည်။ ကမ်းလှမ်းလိုက်သော ငွေချေးစာချုပ်များမှာ ၂၀၁၈ ခုနှစ်၊ မေလတွင် သက်တမ်းစေ့မည် ဖြစ်သည်။

အစိုးရက ၎င်း၏ ကြွေးမြီများအတွက် ငွေကြေးမတည်ရန် ၂၀၁၅ ခုနှစ် အစောပိုင်းကစတင်ကာ အစိုးရငွေတိုက်လက်မှတ်များအား စတင် ရောင်းချခဲ့သည်။ အဆိုပါ ငွေတိုက်လက်မှတ်များအား တစ်နှစ်တာကာလထက် နည်းပါးသော အချိန်အတွင်းတွင် ပေးဆပ်ရမည်ဟု အနက်ဖွင့်ဆိုထားသည်။  တစ်နှစ်တာကာလအတွင်း ပြန်လည်ပေးဆပ်ရမည့် အစိုးရကြွေးမြီများအား အစိုးရငွေတိုက်စာချုပ်များဟု ခေါ်ဆိုကြသည်။

aw_chitkhineapex2.jpg

ရန်ကုန်မြို့လယ်ရှိ Myanmar Apex ဘဏ်တွင် ငွေများရေတွက်နေသည့် ဝန်ထမ်းတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-အန်းဝမ်

 

ပြည်ထောင်စုအစိုးရမှ မျှော်မှန်းထားသော ယခုနှစ် ဘဏ္ဍာနှစ်အတွက် ပြည်တွင်းချေးငွေ ကျပ် ၃ ဒသမ ၀၉ ထရီလျံ၏ ၆၀ ရာနှုန်းအား ငွေတိုက်စာချုပ်များနှင့် ငွေတိုက်လက်မှတ်များ ရောင်းချခြင်းမှတစ်ဆင့် ငွေကြေးမတည်ကာ ကျန်ပမာဏအား ဗဟိုဘဏ်က စိုက်ထုတ်ပေးရန် စီစဉ်ထားသည်ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဆက်အောင်က ယခုနှစ် သြဂုတ်လအတွင်းတွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အစိုးရတို့သည် ဗဟိုဘဏ်မှ ချေးငှားခြင်းဖြင့် ဘတ်ဂျက်ငွေ မတည်သည့် အချိုးအစားအား တစ်ဖြည်းဖြည်းခြင်း လျော့ချရန် စီစဉ်ထားကြသည်။

ဒီမိုကရေစီစနစ်သို့ စတင်အသွင်ကူးပြောင်းသည့် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အလွန်ဆိုးရွာသော ဘဏ္ဍာငွေ စီမံခန့်ခွဲမှု မှတ်တမ်းတစ်ရပ် ရှိနေခဲ့သည်။ နှစ်ပေါင်း ၅၀ အတွင်း ပြသခဲ့သည့် ဖြစ်ရပ်သုံးရပ်က တရားဝင်ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် ဘဏ္ဍာရေးစနစ်ကို စီမံခန့်ခွဲနိုင်သည့် အစိုးရ၏ စွမ်းရည်အပေါ် ကျယ်ကျယ်ပြန့်ပြန့် မယုံကြည်မှုများဖြစ်ပေါ်စေသည့် သမိုင်းအစဉ်အလာကို ဖန်တီးခဲ့ပြီးဖြစ်သည်။ ဤအခြေအနေအား ၂၀၁၃ ခုနှစ် စစ်အုပ်ချုပ်ရေးကာလအတွင်း ပုဂ္ဂလိကဘဏ်များမှ ငွေကြေးထုတ်ယူခြင်းဖြင့် ပိုမိုဆိုးရွားသွားစေခဲ့သည်။

၂၀၁၃ ခုနှစ် အလယ်ပိုင်းတွင် အပြင်ပန်းအားဖြင့် လွတ်လပ်သော အဖွဲ့တစ်ဖွဲ့ ဖြစ်လာခြင်းမရှိမီတွင် မြန်မာနိုင်ငံဗဟိုဘဏ်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် ရှိနေခဲ့သည်။ ဤအခြေအနေမှာ ငွေကြေးထောက်ပံ့ပေးရန် တာဝန်ရှိသော အဖွဲ့အစည်းတစ်ရပ်မှာ ငွေကြေးအဓိကသုံးစွဲသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အစိုးရသို့ တုံ့ပြန်ဖြေကြားပေးရသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။

ဤအခြေအနေက အလွန်ဆိုးရွားသော သံသရာစက်ဝန်းတစ်ခုကို ဖန်တီးခဲ့သည်။ အဖွဲ့အစည်းတစ်ခုက ငွေစက္ကူရိုက်နှိပ်ရန် စွမ်းပကားကို ပိုင်ဆိုင်ထားပြီး ထိုငွေကြေးကို အသုံးပြုရန် အလိုဆန္ဒလည်း ရှိနေပါက ထိုအဖွဲ့အစည်းတွင် ငွေကြေးပံ့ပိုးခြင်းကို ကန့်သတ်ရန်နှင့် ငွေကြေးသုံးစွဲမှုအပေါ် အဟန့်အတားပြုရန် ဆောင်ရွက်လိုစိတ်မရှိမှုကို ပေါ်ပေါက်စေသည်။

ဤအခြေအနေအား ကျင့်ဝတ်ပိုင်းဆိုင်ရာ အန္တရာယ်တစ်ရပ်ဟု စီးပွားရေးပညာရှင်များက ခေါ်ဆိုကြသည်။ မိမိ၏ မူဝါဒများအတွက် ဘဏ္ဍာငွေမတည်ပေးမည့် ငွေကြေးကို ရိုက်နှိပ်ရန်အတွက် ဗဟိုအစိုးရက ၎င်း၏ ဗဟိုဘဏ်ကို တောင်းဆိုနိုင်သော အခြေအနေသို့ ဦးတည်သွားခြင်းကြောင့်ဖြစ်သည်။ ဤအခြေအနေမှာ လွန်ခဲ့သောနှစ်များအတွင်း မြန်မာနိုင်ငံ၌ အမှန်တကယ်ပေါ်ပေါက်ခဲ့သော အခြေအနေတစ်ရပ်ဖြစ်သည်။ ရလဒ်မှာမူ ပုံမှန်အားဖြင့် ၁၀ ရာခိုင်နှုန်းဝန်းကျင်ရှိတတ်ပြီး အချို့သောနှစ်များတွင် ထိုပမာဏထက် ပိုမိုမြင့်မားသော ငွေကြေးဖောင်းပွမှုတစ်ရပ် ဖြစ်ပေါ်လာစေခြင်းပင်ဖြစ်သည်။

အပြင်ပန်းအားဖြင့် လွတ်လပ်သောအခြေအနေတစ်ရပ်ကို ဖန်တီးခဲ့ပြီးဖြစ်သော်လည်း ခိုင်မာသည့် နိုင်ငံတော်အဆင့် ငွေကြေးစနစ်ရပ်ဝန်း တစ်ရပ်နှင့် တည်ငြိမ်သောငွေကြေးတစ်ရပ်ကို အသေအချာ ပြုလုပ်ရန်ရည်ရွယ်သော ဆုံးဖြတ်ချက်များကို ချမှတ်မည့် ဗဟိုဘဏ်၏ အရည်အသွေးအပေါ် မေးခွန်းများ ထုတ်နေဆဲပင်ဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်ဒေါ်လာဖြင့် ငွေကြေးလဲလှယ်ရာတွင် ကျပ်ငွေတန်ဖိုး ကျဆင်းသွားပြီးနောက် ဗဟိုဘဏ်၏ ငွေကြေးမူဝါဒများအား သမ္မတရုံးက ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းခဲ့ပြီး မြန်မာကျပ်ငွေအပေါ် ယုံကြည်မှုအတွက် အကြပ်အတည်းစိုက်ခဲ့ရသည်။

tzhufc_building4.jpg

နိုင်ငံခြားဘဏ်များ ရုံးခန်းဖွင့်လှစ်ထားသည့် Union Finance Centre။ ဓာတ်ပုံ-တေဇလှိုင်

ဗဟိုဘဏ်မှာ အစိုးရအတွက် တိုက်ရိုက်ငွေချေးသူအဖြစ် ဆက်လက်တည်ရှိ နေပေဦးမည်။ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများစွာတွင် အထက်တွင်ဖော်ပြခဲ့သည့် ဆိုးရွားသော သံသယာစက်ဝန်းကို ၎င်းတို့၏ ဗဟိုဘဏ်များအား ရှောင်ရှားရန်အတွက် အစိုးရသို့ တိုက်ရိုက်ငွေချေးခြင်းများ ပြုလုပ်ခြင်းကို တားမြစ်ထားသော်လည်း မြန်မာအစိုးရမှာမူ ဗဟိုဘဏ်အား ဘဏ္ဍာငွေ ရင်းမြစ်တစ်ရပ်အဖြစ် အလွန်အမင်း မှီခိုနေဆဲပင်ဖြစ်သည်။

ဤအခြေအနေကြောင့်ပင် အစိုးရငွေချေးစာချုပ် လေလံပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ စက်တင်ဘာလက ငွေချေးစာချုပ်လေလံပွဲမှာ ငွေကြေးရိုက်နှိပ် ထုတ်လုပ်ခြင်းအစား ငွေချေးစာချုပ် ရောင်းချခြင်းမှတစ်ဆင့် အစိုးရကြွေးမြီများအတွက် ငွေကြေးမတည်ခြင်းအားဖြင့် အစိုးရ ကြွေးမြီ စီမံခန့်ခွဲရေးဆိုင်ရာ နိုင်ငံတကာသုံး အကောင်းဆုံးလုပ်ထုံးလုပ်နည်းတစ်ရပ်ဆိုသို့ လှမ်းချီရန် ရည်ရွယ်ချက်ပင်ဖြစ်သည်။

ဤဆောင်ရွက်ချက်သည် စီးပွားရေးစီမံကိန်းများ ရေးဆွဲခြင်းနှင့် အပ်ငွေများ ဆွဲဆောင်နိုင်မည့် ဘဏ်များ၏ အရည်အသွေးအပေါ်တွင် စိန်ခေါ်ချက်ဖြစ်စေသော မြင့်မားသည့် ငွေကြေးဖောင်းပွမှုနှုန်းကို ပေါ်ပေါက်စေမည့် အကြောင်းအရင်းတစ်ရပ်အား ဖယ်ရှားပေးပေလိမ့်မည်ဖြစ်သည်။

အစိုးရက ငွေတိုက်စာချုပ်များနှင့် ငွေတိုက်လက်မှတ်များအား သတ်မှတ်အတိုးနှုန်းတစ်ရပ်ဖြင့် ရောင်းချသောအခါတွင် ထိုရောင်းချမှုများအား အလားအလာရှိသော ဝယ်ယူသူများက စတင်ဆောင်ရွက်ပေးကြသည်။ ထိုသို့သော ဝယ်ယူသူအများစုမှာ မိမိတို့ဝယ်ယူလိုသောပမာဏကို အဆိုပြုတင်သွင်းပြီး သက်တမ်းစေ့မည့်ရက်နှင့် အခြားသော တိုင်းတာချက်များအား တစ်ဦးခြင်းအလိုက် စေ့စပ်ဆွေးနွေးကြသော ပြည်တွင်းဘဏ်များပင် ဖြစ်ကြသည်။

ငွေကြေးမည်မျှ ရယူလိုသည်အား အစိုးရမှ ဆုံးဖြတ်သော်လည်း ရောင်းချရခြင်းမရှိသည့် အတိုးသေ ငွေချေးစာချုပ်များအား ဗဟိုဘဏ်က ဝယ်ယူပေးသည်။ အတိုးသေနှုန်းထားမှာ အစိုးရ ငွေချေးစာချုပ်များနှင့် ဆက်စပ်နေသော အန္တရာယ်အကြောင်းတရားများကို ထင်ဟပ်စေခြင်း မရှိသောကြောင့် အစိုးရငွေတိုက်စာချုုပ်များနှင့် ငွေတိုက်လက်မှတ်များအတွက် ဝယ်လိုအားမှာ နိမ့်ပါးလှပေသည်။

ယခုအခါတွင် အရာရာကို စီမံထိန်းချုပ်နေသူမှာ အစိုးရပင်ဖြစ်သည်။ အစိုးရငွေချေးစာချုပ် လေလံပွဲများအား လစဉ်တိုင်း၏ တတိယမြောက် အင်္ဂါနေ့တိုင်းတွင် ကျင်းပရန်အတွက် အစိုးရက စီစဉ်ထားပြီးဖြစ်ကာ ရန်ပုံငွေမည်မျှရယူရန် ကြိုးပမ်းသွားမည်ဆိုသည်အား တင်ကြိုကြေညာသွားမည် ဖြစ်သည်။ ထို့နောက်တွင်မူ မိမိတို့လေလံကို တင်ရန်မှာ လေလံတင်သူများ၏အပေါ်တွင်သာ မူတည်ပေလိမ့်မည်။ ယခုအချိန်အထိမူ မြန်မာနိုင်ငံအတွင်းမှ ပုဂ္ဂလိကနှင့် ပြည်သူပိုင်ဘဏ်များသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားသည်။

လေလံစနစ်များကို မိတ်ဆက်ပေးခြင်းသည် ပါဝင်ဆောင်ရွက်သူ အမျိုးမျိုးအတွက် အကျိုးကျေးဇူးများစွာကို ဖော်ဆောင်ပေးသည်ဟု ငွေချေးစာချပ်လေလံစနစ်ကို တည်ထောင်ရန်အတွက် အစိုးရကို အကူအညီပေးခဲ့သည့် အာရှဖွံ့ဖြိုးရေးဘဏ်မှ စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဦးသာသာလှက ဆိုသည်။

လေလံစနစ်၏ အားသာချက်တစ်ရပ်မှာ ပိုမိုကြီးမားသော ငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ် အစိတ်အပိုင်းများ ရောင်းချရန် ပိုမိုလွယ်ကူခြင်းပင်ဖြစ်သည်။ ငွေတိုက်စာချုပ် အစိတ်အပိုင်းများ ရောင်းချသောစနစ်တွင် ငွေတိုက်စာချုပ်များမှာ တစ်မူထူးခြားသော ထုတ်ကုန်များဖြစ်သည်။ မြန်မာအစိုးရ ငွေတိုက်စာချုပ်များအတွက် ဒုတိယဈေးကွက်စစ်စစ်ဟူ၍ မရှိဟု ဆိုလိုခြင်းပင်ဖြစ်သည်။ ပိုင်ဆိုင်မှု တစ်ခုခု၏ တန်ဖိုးကို ဆန်းစစ်အကဲဖြတ်ရန်အတွက် ပိုမိုခက်ခဲသောကြောင့်ပင်ဖြစ်သည်။

ရလဒ်တစ်ခုမှာ တည်ငြိမ်သော ရောင်းလိုအားနှင့် ဝယ်လိုအားတို့ကို ပိုင်ဆိုင်ထားသော ရောင်းဝယ်ဖောက်ကားသူများ၏ ဈေးကွက်တစ်ခု ပေါ်ထွန်းလာရန် ဖြစ်နိုင်ချေမရှိခြင်းပင်ဖြစ်သည်။ ငွေတိုက်စာချုပ်အသစ်များမှာ အများအားဖြင့် စံချိန်သတ်မှတ်ထားသော ထုတ်ကုန်များဖြစ်ကြသည်။ ဤအခြေအနေမှာ ၎င်းတို့အား အလားအလာရှိသော ဝယ်ယူသူများအတွက် ဆွဲဆောင်မှုရှိစေသည်။ ၎င်းတို့၏ တန်ဖိုးအား လွယ်လင့်တကူ ဆန်းစစ်အကဲဖြတ်နိုင်သောကြောင့် ဖြစ်သည်။

တစ်ဆင့်ခံဈေးကွက်တစ်ရပ်၏ မျော်လင့်ထားသော ပေါ်ထွန်းမှုမှာ ရင်းနှီးမြုပ်နှံသူများက ငွေတိုက်စာချုပ်များ တောင်းခံလာစေသည်။ ထို့ကြောင့် ယင်းတို့အား သက်တမ်းမကုန်ဆုံးမီတွင် ပြန်လည်ရောင်းချနိုင်ပေသည်။ ဦးသာသာလှအဆိုအရ ဤအခြေအနေသည် အစိုးရအား ပိုမိုနည်းပါးသော အတိုးနှုန်းကို ငွေတိုက်စာချုပ်များမှတစ်ဆင့် ယင်း၏ကြွေးမြီများကို ပိုမိုဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ခြင်းဆီသို့ ဦးတည်သွားစေဖွယ်ရှိသည်။

အစိုးရမှာ ကြွေးဆပ်ရန် ပျက်ကွက်နိုင်ချေ အနည်းဆုံးသော အဖွဲ့အစည်းတစ်ရပ်အဖြစ် သတ်မှတ်ခြင်း ခံထားရသောကြောင့် အစိုးရငွေတိုက်စာချုပ်အတွက် ဈေးကွက်ဈေးနှုန်းအား ယျေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံအတွင်းရှိ ငွေတိုက်စာချုပ်အတွက် စံဈေးနှုန်းတစ်ရပ်အဖြစ် ရှုမြင်လေ့ရှိသည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ဌာနေကိုယ်စားလှယ်တစ်ဦးဖြစ်သူ မစ္စတ ယာဆူဟီဆာ အိုဂျီမာက ပြောကြားခဲ့သည်။ ထို့ကြောင့် အစိုးရငွေတိုက်စာချုပ်လေလံပွဲများ ကျင်းပခြင်းသည် အနာဂတ်ကာလ ပုဂ္ဂလိက ကြွေးမြီဈေးကွက်အတွက် အုတ်မြစ်တစ်ရပ် ချမှတ်ခြင်းပင် ဖြစ်ပေသည်။

dsc_0190.jpg

အစိုးရငွေတိုက်စာချုပ်လေလံပွဲများ ကျင်းပခြင်းသည် အနာဂတ်ကာလ ပုဂ္ဂလိက ကြွေးမြီဈေးကွက်အတွက် အုတ်မြစ်တစ်ရပ် ချမှတ်ခြင်းပင် ဖြစ်ပေသည်။ ဓာတ်ပုံ-တေဇလှိုင်

လေလံပွဲများ၌ မြန်မာနိုင်ငံတွင်လည်ပတ်နေသော ပြည်ပဘဏ်များပါဝင်ခြင်းသည် မြန်မာအစိုးရ၏ ဘဏ္ဍာငွေအခြေခံအား ပိုမိုကျယ်ပြန့်လာစေနိုင်သောကြောင့် ထိုသို့ဆောင်ရွက်ရန်အတွက် မြန်မာအစိုးရက ထပ်မံစဉ်းစားသင့်သည်ဟုလည်း အိုဂျီမာက ပြောကြားလိုက်သည်။ အစိုးရအနေဖြင့် ဗဟိုဘဏ်မှ ငွေကြေးမတည်ခြင်းကို ပယ်ဖျက်ရန် ခြေလှမ်းများအား ဆက်လက်ဆောင်ရွက်သွားမည့် အရေးအတွက် အကောင်းမြင်ခြင်းကိုလည်း ၎င်းကပြောကြားခဲ့သည်။

အစိုးရကြွေးမြီအတွက် ဘဏ္ဍာငွေမတည်ခြင်း၏ အလားအလာရှိသော အခြားရင်းမြစ်တစ်ရပ်မှာ အာမခံလုပ်ငန်းရှင်များပင် ဖြစ်သည်။ လောလောဆယ်တွင် အလွန်တင်းကြပ်သော လုပ်ထုံးလုပ်နည်းများဖြင့် ချည်နှောင်ထားပြီး ပြည်ပရင်းနှီးသူများကို ပိတ်ပင်ထားသည့် အာမခံဈေးကွက်ကို ဖြေလျော့ရန် အစီအစဉ်များအား လတ်တလောလများအတွင်း အစိုးရက ကြေညာခဲ့ပြီးဖြစ်သည်။

လေးနက်သော မေးခွန်းတစ်ရပ်မှာ အစိုးရအနေဖြင့် ပြည်ပရင်းနှီးမြုပ်နှံသူများ ရာနှုန်းပြည့်ပိုင်ဆိုင်သော အာမခံကုမ္ပဏီများအား ခွင့်ပြုပေးသွားခြင်း ရှိ၊ မရှိပင်ဖြစ်သည်။

အစိုးရ၏ အကြံပေးပုဂ္ဂိုလ်နှင့် သြစတြေးလျနိုင်ငံ မက်ကွာရီတက္ကသိုလ်ရှိ မြန်မာစီးပွားရေး ကျွမ်းကျင် ပညာရှင်တစ်ဦးဖြစ်သူ မစ္စတာ ရှောင်တန်နယ်ကမူ မိမိအနေဖြင့် ပြည်ပအာမခံလုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံ တံခါးဖွင့်ပေးခြင်းအား “အလွန်အမင်း သဘောကျသူ” ဖြစ်ကြောင်းနှင့် အစိုးရက ၎င်း၏ မူဝါဒကို ထုတ်ပြန်သောအခါတွင် “လစ်ဘရယ်ရှူထောင့်တစ်ရပ် လွှမ်းမိုးလိမ့်မည်” ဟု မိမိယုံကြည်ပါကြောင်း ပြောကြားသည်။

“အခြားနေရာတွေ (အထူးသဖြင့် အာဆီယံနိုင်ငံတွေ) မှာ ပြည်ပအာမခံကုမ္ပဏီတွေက အစိုးရငွေတိုက်စာချုပ်ကို အဓိက ဝယ်ယူသူတွေပါ။ ဒါကြောင့် မြန်မာနိုင်ငံသားတွေကို အာမခံ ထုတ်ကုန်တွေ ပေးအပ်ခြင်းအပြင် သူတို့ဘဝတွေရဲ့ မြောက်များလှစွာသော အန္တရာယ်တွေကို ဖြေလျော့ပေးဖို့အတွက်လည်း သူတို့ကူညီဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေရဲ့ မတည်ငွေဈေးကွက်ဘက်က မြန်မာ့ဘဏ္ဍာရေး ပြဿနာရပ်ရဲ့ အဖြေတစ်စိတ်တစ်ဒေသကို ဖော်ဆောင်ပေးပါတယ်” ဟု ၎င်းက Frontier ကို ပြောကြားသည်။

“အာမခံကုမ္ပဏီတွေက ပြည်တွင်းငွေကြေး ပေးဆပ်ရန်တာဝန် (ဥပမာ သူတို့ရဲ့ အာမခံစာချုပ်) ကို စုဆောင်းပြီး သူတို့အနေနဲ့ ဒါတွေက ပြည်တွင်းငွေကြေးတန်ဖိုးနဲ့ တွဲဖက်ညီဖို့ လိုပါတယ်။ အစိုးရ ငွေတိုက်စာချုပ်တွေက ဒီလိုအနေအထားကို ဖော်ဆောင်ပေးပြီး ဒါတွေက အာမခံကုမ္ပဏီတွေရဲ့ အလွန့်အလွန် အရေးပါတဲ့ အဓိကဏ္ဍပါ” ဟု ၎င်းကပြောကြားသည်။

“ဥပမာအားဖြင့် ပြည်ပအာမခံကုမ္ပဏီတွေက ဗီယက်နမ်အစိုးရ ငွေတိုက်စာချုပ်တွေရဲ့  ၅၀ ရာနှုန်းနီးပါးကို ဝယ်ယူလျက်ရှိပြီး အကျိုးဆက်တစ်ခုအနေနဲ့ သူတို့က နိုင်ငံတော်အဆင့် စီးပွားရေးတည်ငြိမ်စေဖို့ အတော်လေး အထောက်အကူပြုပါတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ငွေကြေးထောက်ပံ့မှု စီမံခန့်ခွဲရေးမှာ ပြောင်းလဲလာပြီဖြစ်သည်။ အစိုးရကြွေးပြီများအတွက် ငွေကြေးမတည်ရန် ကျပ်ငွေစက္ကူများ ရိုက်နှိပ်ခြင်းက အရှိန်လျော့လာခဲ့ပြီဖြစ်သော်လည်း ထိုသို့သော ဆောင်ရွက်မှုများအား လုံးဝဥသုံ ရပ်တန့်ရခြင်း မရှိသေးပေ။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ရန်ကုန်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦး။ ဓာတ်ပုံ-တေဇလှိုင်

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.