မြှင့်တင်ပေးရမယ့် မြန်မာ့သိုင်းပညာ

အခုချိန်မှာတော့ မြန်မာ့အားကစားနည်းများထဲက တစ်ခုဖြစ်တဲ့ မြန်မာ့သိုင်းဟာ အခြားအားကစားနည်းများထက် စိတ်ဝင်စားမှု လျော့နည်းခြင်း ခံနေရပါတယ်

သီရိဟန် ရေးသားသည်။

ရှေးခေတ်က သိုင်းလို့ခေါ်တဲ့ တုတ်တစ်မျိုး ရှိခဲ့ပါတယ်။ ဒါ့အပြင် သိုင်းဆိုတာ ရှင်ဘုရင်တွေရဲ့ အဆောင်အယောင်ပစ္စည်း တစ်မျိုးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် သိုင်းဆိုတဲ့ စကားလုံးအဓိပ္ပာယ်ကို “သဘောကတော့ ကာကွယ်တဲ့ တုတ်တစ်ချောင်းပေါ့” လို့ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်က ပင်မဆရာမကြီးဖြစ်တဲ့ ဒေါ်ရူပါသိန်းက ဆိုပါတယ်။ ဘွဲ့တွေ အဆောင်အယောင်တွေ ချီးမြှင့်တဲ့အခါမှာလည်း သိုင်းတစ်လက်ပိုင်စေ၊ နှစ်လက်ပိုင်စေဆိုတဲ့ ချီးမြှင့်မှုမျိုးရှိခဲ့တယ်လို့ သူက ပြောပါတယ်။ 

မြန်မာစာ ဂုဏ်ကျော်မြင့် ရေးတဲ့ မြန်မာ့ရိုးရာသိုင်းပညာသမိုင်းဆိုတဲ့ စာအုပ်ထဲမှာလည်း သိုင်းဆိုတဲ့ စကားလုံး ဆင်းသက်လာပုံကို အထက်ပါအတိုင်း ဖွင့်ဆိုထားပြီး မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းထဲမှာလည်း သိုင်းနဲ့ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေပါဝင်တယ်လို့အသက် ၆၁ နှစ် ရှိပြီဖြစ်တဲ့ ဆရာမကြီးကပြောပါတယ်။

သိုင်းဆိုတဲ့ စကားလုံးအောက်မှာ လက်နက်မဲ့ သိုင်းနဲ့လက်နက်ကိုင်သိုင်း ဆိုပြီး နှစ်မျိုး ရှိပါတယ်။ “ဒါက ရိုးရိုးလေးပဲ။ လက်နက်ကိုင်သိုင်းဆို ဘာလက်နက်ပဲကိုင်ကိုင် တုတ်နဲ့ပဲ တိုက်တိုက်၊ ခဲတံနဲ့ပဲ တိုက်တိုက်၊ အဲဒါကို ဗန်ရှည် လို့ ခေါ်တယ်။ ဗန်တိုဆိုတာ လက်နက်မဲ့တိုက်တာ” လို့ သူက ဆိုပါတယ်။

အခုချိန်မှာတော့ မြန်မာ့အားကစားနည်းများထဲက မြန်မာ့သိုင်းဟာ အခြားအားကစားနည်းများထက် စိတ်ဝင်စားမှု လျော့နည်းခြင်း ခံနေရပါတယ်။ လူငယ်များအနေဖြင့်“သူတို့ ကြည့်ဖူးနေတာ ရင်းနှီးနေကြတာတွေက ဝူရူူးတို့၊ တိုက်ကွန်ဒိုတို့ ဖြစ်နေတယ်။ မြန်မာ့သိုင်းနဲ့သိပ်မရင်းနှီးကြဘူး”  လို့ အသက် ၁၂ နှစ်အရွယ်ကတည်းက သိုင်းစတင် ကစားခဲ့ပြီး ကစား သက် (၄၉) နှစ်ရှိပြီဖြစ်တဲ့ ဆရာမကြီးကပြောပါတယ်။

မြန်မာ့သိုင်းကို စိတ်ဝင်စားမှု အားနည်းနေရခြင်းဟာ ရုပ်ရှင်ကြောင့်ဆိုတဲ့အချက်လည်း အများကြီးပါဝင်နေတယ်လို့ သိုင်းနည်းပြ ကိုလင်းဦးနိုင်က ဆိုပါတယ်။ တစ်ချိန်က ဆရာကြီး ကွန်ဖူးစိုးမြင့်ရဲ့ ကွန်ဖူးနဲ့ ဗန်တိုသင်တန်းကျောင်းမှာ ဗန်တို သင်တန်းဘက်က လူပိုများနေခဲ့ပေမယ့် ဘရုစ္စလီက နာမည်စကြီးလာတဲ့အခါ လူတွေက ကွန်ဖူးဘက် ရောက်သွားတယ် လို့ သူက ဆိုပါတယ်။ “ဆရာကြီး ကိုယ်တိုင်ပြောတာ။ တကယ်သူ့ကို လုပ်ကျွေးခဲ့တာ ဘရုစ္စလီ လုပ်ကျွေးခဲ့တာ ဆိုပြီး” လို့ သူက ပြောပါတယ်။  “အခုဆိုလည်း ကွန်ဖူးကားပဲကြည့်ကြည့်၊ သိုင်းကားပဲကြည့်ကြည့်၊ တကယ်နိုင်ငံခြားက ရုပ်ရှင်ကားတွေက တကယ်ကောင်းတာ။ မြန်မာမှာက မြန်မာ့သိုင်းကို တကယ်တမ်း ရိုက်ပြနိုင်တဲ့ကား မရှိဘူး”  လို့ သိုင်းကစားသက်တမ်း ၁၀နှစ်ကျော်ရှိပြီဖြစ်တဲ့ သူက ဆိုပါတယ်။

Maro Verli / Frontier

တောင်တန်းနဲ့မြေပြန့် ခွဲခြားအုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်ဥပဒေမှာ မြေပြန့်ဒေသက ဗမာလူမျိုးတွေကို ဓားကိုင်ခွင့် မပေးခဲ့ပါဘူး။ တောင်တန်းဒေသဖြစ်တဲ့ ကချင်နဲ့ ရှမ်းစတဲ့ လူမျိုးတွေသာ သူတို့ရဲ့ရိုးရာအဖြစ်နဲ့ ဓားလွယ်ခွင့် ရပါတယ်။ မြေပြန့်ဒေသက သူတွေ သိုင်းသင်ချင်တဲ့အခါ တောထဲ၊ တောင်ထဲတွေမှာ ခိုးသင်ကြရတယ်လို့ လူကြီးသူမတွေက ပြောကြပါတယ်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကာလအတွင်း မြန်မာတွေမှာ နိုင်ငံခြားလက်နက်အင်အား မရှိတဲ့အတွက် ရိုးရာ မြန်မာ့သိုင်းပညာနဲ့သာ တော်လှန်ခဲ့ကြပါတယ်။ “အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တွေမှာ သိုင်းနဲ့ပဲ တော်လှန်ခဲ့ကြတယ်။ သိုင်းရဲ့တန်ဖိုးကို သိတဲ့သူလောက်ပဲ သိတော့တယ်။ ကလေးတွေဆို ပိုဝေးသွားပြီ” လို့ ဒေါ်ရူပါသိန်းက ဆိုပါတယ်။  မိန်းကလေးကျောင်းတွေမှာ နွေရာသီကျောင်းပိတ်ရက် သင်တန်းတွေ ပေးတဲ့အခါမှာလည်း မိဘတွေက အေရိုးဗစ်ဆို သင်စေချင်ကြသော်လည်း သိုင်းဆို မသင်စေချင်ကြဘူးလို့ သူကပြောပါတယ်။ ထိခိုက်မှာပဲ၊ လက်ကျိုးမယ်၊ ခြေကျိုးမယ် ဆိုပြီး စိုးရိမ်ကြတာတွေရှိတဲ့အကြောင်းလည်း သူက ပြောပါတယ်။ တကယ်တမ်းတွင် စိုးရိမ်နေသကဲ့သို့ ထိခိုက်မှာ မဟုတ်အကြောင်းကိုလည်း သိအောင် လုပ်နိုင်ဖို့လိုအပ်နေသော်လည်း ထင်ထင်ရှားရှား မလုပ်နိုင်ဘူး ဖြစ်နေတယ်ဟု သူက ဆက်ပြောပါတယ်။

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဖြစ်သော ဗန်တိုလူလေး ရုပ်ရှင်အတွက် မင်းသား(ဦး)ညွှန့်ဝင်းက ဗန်တိုပညာကို သီးသန့် အချိန်ပေးသင်ယူပြီးမှ ဇာတ်ကားကို ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိနာမည်ကြီးနေသည့် IP Men ရုပ်ရှင်တွင်လည်း မင်းသား Donnie Yen က ရုပ်ရှင် မရိုက်မီ Wing Chung သိုင်းကို ကိုးလလေ့ကျင့်ပြီးမှ ရိုက်ကူးခဲ့တယ် လို့ ကိုလင်းဦးနိုင်က ဆိုပါတယ်။ 

Maro Verli / Frontier

ထိုကဲ့သို့ သေချာလေ့ကျင့်ပြီး ရိုက်ကူးသည့် အကျိုးရလာဒ်အနေဖြင့် ယခုဆိုလ ျှင် Wing Chung သိုင်းဟာ နာမည် ပြန်တက်လာတယ်လို့ သူကပြောပါတယ်။ “အရင်က Wing Chung သိုင်းဆို လူသိနည်းပြီး အခုအချိန်မှာတော့ ကွန်ဖူးထဲမှာမှ Wing Chung က သက်သက် နာမည်ပြန်ထွက်လာတယ်” လို့ သူက ဆိုပါတယ်။  

ထိုင်းနိုင်ငံတွင်လည်း ၎င်းတို့၏ ရိုးရာဖြစ်သည့် မွေထိုင်း (Muay Tai) လက်ဝှေ့ကို အရမ်းမြှင့်တင်နိုင်ကြပါတယ်။

“One Bak ဆိုရင် သူတို့ ရိုးရာလက်ဝှေ့ မွေထိုင်းကို ရုပ်ရှင်ထဲ သေချာထည့်ရိုက်တော့ မွေထိုင်းက နာမည်ကြီးသွားတယ်” လို့ ကိုလင်းဦးနိုင်က ဆိုပါတယ်။ မြန်မာသိုင်းတွင်လည်း အမျိုးအစားအများကြီး ကွဲနေမှုများကို တစ်ခုချင်း ပြန်လည်ဖော်ထုတ်ကာ ရုပ်ရှင်ရိုက်ပြီး သေချာပြနိုင်လ ျှင် အကောင်းဆုံးဖြစ်တယ်လို့ သူဆက်ပြောပါတယ်။

တရုတ်သိုင်းကားများတွင် သိုင်းတတ်သူ ငါးယောက်ပါဝင်ပါက သူတို့ ငါးယောက် သုံးသွားသော သိုင်းကွက်တွေဟာ ကွာခြားမှုရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သုံးသွားတဲ့သိုင်းတွေ မတူကြပါဘူး။ သူတို့ တိုက်ခိုက်တဲ့ဟန်တွေ၊ သိုင်းကွက်တွေကိုက သီးခြား ကွဲထွက်နေပါတယ်။

Maro Verli / Frontier

ဒါကြောင့် ကြည့်ရတာ အရသာရှိသလို ဆရာ၊ ဆရာချင်းတိုက်ခိုက်သည့် သိုင်းကွက်နဲ့သာမာန်သိုင်းကွက် မတူဘူးလို့ ကိုလင်းဦးနိုင်က ပြောပါတယ်။

မြန်မာရုပ်ရှင်ကားများတွင် တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်သည့် ပုံစံများက အတူတူဖြစ်နေသလို မည်သည့် ကိုယ်ခံပညာသုံးမှန်းလည်း မသိနိုင်ဘူးလို့ သူကပြောပါတယ်။ ဒါကြောင့် စိတ်ဝင်စားစရာမရှိလို့လည်း သူက ဆိုပါတယ်။

မြန်မာ့သိုင်းတွင် ပုံစံအများအပြားရှိပြီး မြန်မာရုပ်ရှင်များတွင် ပြသနေမှုများမှာ မြန်မာ့သိုင်းစစ်စစ်မဟုတ်ဘူးလို့ သူက ပြောပါတယ်။

၁၄ ရာစု၊ ဟံသာဝတီခေတ် ရာဇဓိရာဇ်လက်ထက်က သမိန်ဗရမ်းနဲ့ ဂါမဏိ တိုက်ခိုက်ကြတဲ့အခါ ဂါမဏိဟာ တရုတ်ပြည်မှ ဒိတ်ဒိတ်ကျဲ ဘယ်သူမှ မတိုက်နိုင်သည့် စစ်သူကြီးတွေကို ထိပ်ဆုံးက တိုက်ပြီး အနိုင်ယူလာသူဖြစ်သော်လည်း မွန်စစ်သူကြီး သမိန်ဗရမ်းက အသာလေး ခေါင်းဖြတ်ပြီး ခြင်းထဲထည့်လာသည်ကို ကြည့်ခြင်းဖြင့် ထိုအချိန်က မြန်မာ့သိုင်းပညာ အဆင့်အတန်းကို တွက်လို့ရတယ်လို့ သူကပြောပါတယ်။

များသောအားဖြင့် ရှေးခေတ်ကတည်းက သိုင်းဆရာဆိုတာ ချမ်းသာတဲ့သူ ရှားပါးပြီး သင်မယ်ဆိုပါကလည်း တောကြိုအုံကြားထဲမှာ သွားရောက်သင်ယူကြရပါတယ်။ သိုင်းသင်ရင် ထောင်ချမယ်၊ သတ်မယ်၊ ဖြတ်မယ်စသည်တို့လည်း ရှိခဲ့ဖူးသည့်အတွက် သိုင်းပညာ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သည့် ပညာရှင်များလည်း  ပျောက်ကွယ်သွားတယ်လို့ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အတွင်းရေးမှုး ဦးအောင်နိုင်ဦးက ဆိုပါတယ်။ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ကို ၁၉၆၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီးနောက် “၁၉၆၆ ခုနှစ် နောက်ပိုင်းမှာ ပြန်လည်ဖော်ထုတ်ခဲ့တယ်”  လို့ သူက ပြောပါတယ်။  အားကစားဝန်ကြီးဌာနကတော့  နိုင်ငံတကာနဲ့ချိတ်ဆက်တဲ့ ကဏ္ဍတွေမှာ အကူအညီပေးပြီး အောက်ခြေအထိတော့ လိုက်ပြီး ကူညီပေးတာ မရှိဘူးလို့ သူက ပြောပါတယ်။

Maro Verli / Frontier

အစိုးရပိုင်းကတော့ တော်တော်များများ ခွင့်ပြုပေးပြီး ခွင့်ပြုချက်ရှိသလို အားပေးတဲ့အပိုင်းတွေလည်း လိုအပ်ပါတယ်။ “ခွင့်ပြုချက်အဆင့်ဆင့်၊ လမ်းညွှန်ချက်တွေနဲ့လုပ်ရတာဖြစ်တဲ့အတွက် သိုင်းကို ဘာပြပွဲလုပ်ကြဟေ့ဆိုမှလည်း သိုင်းအဖွဲ့ချုပ်က လုပ်လို့ရတယ်။ ဆိုတော့ကာ သိုင်းအဖွဲ့ချုပ်ကို ဇောင်းပေးပြီး ပံံ့ပိုးမှုရယ်လို့တော့ မရှိဘူး။ သို့သော် သိုင်းအဖွဲ့ချုပ်ကို ဘယ်လမှာ ဘာလုပ်မယ်ဆိုတာမျိုး သိုင်းနဲ့ပတ်သက်ပြီး အစီအစဉ်ရှိပြီးသားပေါ့”  လို့ ဒေါ်ရူပါသိန်းက ဆိုပါတယ်။

ဒီပညာဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အနုပညာ၊ အမျိုးသား ကိုယ်ခံပညာဆိုတော့ ဒါက မြှင့်တင်ပေးဖို့ အလုပ်သင့်ဆုံးအရာပဲလို့ သူကဆက်ပြောပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုရင် သူတို့ ရိုးရာ မွေထိုင်းကို အရမ်းမြှင့်တင်ပေးတယ်။ သူတို့က ဒါကို အရမ်းဇောင်းပေးပြီးလုပ်တဲ့အတွက် သူတို့ရဲ့ ဒီလုပ်ငန်းက အရမ်းကျယ်ပြန့်တယ်။ အဲဒီလို လုပ်နိုင်မယ်ဆို အရမ်းကောင်းပါတယ်။ 

“အစိုးရပိုင်းက ထောက်ပံ့မှုအပြင် သိုင်းအဖွဲ့ချုပ်၊ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ သိုင်းဆရာတွေ အချင်းချင်း ဆွေးနွေးတိုင်ပင်မှု စတာတွေ လုပ်ဖို့လည်း လိုအပ်တယ်။ အန်တီတို့ဆီမှာ အဲဒိအချက်တွေ အားနည်းတယ်” လို့ သူက ဆိုပါတယ်။

မြန်မာ့သိုင်းအဖွဲ့ချုပ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ မြန်မာတိုင်း သိုင်းတတ်ရမည်ဆိုတဲ့အတိုင်း ရှေးမြန်မာ့ရိုးရာပညာ ဖြစ်တဲ့ မြန်မာ့သိုင်းကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုအရ ကစားသင့်တယ်လို့ ကိုလင်းဦးနိုင်က ပြောပါတယ်။

ယခင်သိုင်းမတတ်ခင်က ခဏခဏ ရန်ဖြစ်လေ့ရှိကာ ဒေါသထောင်းခန ဲထွက်တာနဲ့ ချမယ်ဆိုတာပဲ ဖြစ်နေသော်လည်း သိုင်းတတ်လာတဲ့နောက်ပိုင်းမှာတော့ အဲဒီလိုမဖြစ်တော့ပဲ ကိုယ့်ကိုယ်ကို ထိန်းနိုင်လာပြီး ဘဝနဲ့ ပတ်သက်တဲ့အထိ အများကြီး အထောက်အပံ့ပေးနိုင်တယ်လို့ သူက ပြောပါတယ်။

“သိုင်းတတ်သွားတဲ့နောက် ကိုယ်လုပ်ရင် ဖြစ်တယ်ဆိုတာသိသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းနိုင်သွားတယ်” လို့ သူကပြောပါတယ်။

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.