မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအတွေ့အကြုံကနေ ဘာတွေ သင်ယူနိုင်မလဲ

ငြိမ်းချမ်းရေးသဘောတူညီချက်တွေက အဆုံးစွန်ပန်းတိုင်တွေတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ  ကျွန်တော်တို့ရဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ခြင်းရဲ့အရေးပါမှုကို မကြာခဏ လျစ်လျူရှုလေ့ရှိပါတယ်။ စောဒကတက်နိုင်တာက အကောင်အထည်ဖော်ရတာက ညိနှိုင်းရတာထက်တောင် ပိုပြီးခက်ခဲပါတယ်။

John Paul Lederach၊ Stephen Gray နှင့် Madhav Joshi တို့ ရေးသားသည်။

၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံဟာ မြန်မာနိုင်ငံရဲ့ ရှည်လျားတဲ့ ငြိမ်းချမ်းရေးခရီးရှည် ချီတက်မှုမှာ အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခုကို ကိုယ်စားပြုပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရဲ့ ကြီးမားတဲ့ ငြိမ်းချမ်းရေး အလားအလာကို ကြာရှည်စွာ ကန့်သတ်ထားတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ရေးအတွက် အလွန် ရှည်လျားလှတဲ့ လုပ်ငန်းစဉ်တစ်ခုထဲက ခြေတစ်လှမ်းမျှသာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က နိုင်ငံတစ်ဝန်းအပစ်ရပ်သဘောတူညီချက် (NCA) ရယူပြီးတဲ့နောက် စေ့စပ်ညိနှိုင်းထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တစ်ခုမှာ ရှေ့ကိုသွားမယ့်လမ်းကြောင်းကို အကြမ်းဖော်ပြထားပါတယ်။ နောက်ဆုံးမှာ ကျယ်ပြန့်တဲ့ငြိမ်းချမ်းရေး သဘောတူညီချက်ကြီးတစ်ခုဖြစ်မယ့် ပြည်ထောင်ငြိမ်းချမ်းရေး သဘောတူညီချက် (Union Peace Accord) ရရှိဖို့ ဒီမူဘောင်ကို ပြင်ဆင်ထားတာပါ။ အများအပြားကတော့ ဒီသဘောတူညီချက်ကြီးကနေ အပြန်အလှန်သဘောတူနိုင်တဲ့ အခြေခံဥပဒေတစ်ခုနဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ လိုအပ်ချက်နဲ့ ဆက်နွယ်နေပါတယ်။ 

ကမ္ဘာလုံးဆိုင်ရာအတွေ့အကြံတွေကနေ အခြေခံပြောရရင်တော့ ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေက နှစ်အတန်ကြာအချိန်ယူရလေ့ရှိပြီး အပြည့်အဝအကောင်အထည်ဖော်ဖို့ကလည်း နောက်ထပ်နှစ်အတန်ကြာ အချိန်ယူရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပါဝင်ပတ်သက်သူတွေဟာ များပြားလှတဲ့ အဆင့်တွေ၊ ရှုပ်ထွေးမှုတွေနဲ့ တုံ့ဆိုင်းမှုတွေကနေ ဆောင်ရွက်ရလို့ဖြစ်ပါတယ်။

နိုင်ငံရဲ့ ပဋိပက္ခတွေ အခိုင်အမာအဆုံးသတ်ဖို့ လိုအပ်လာနိုင်တဲ့ အချိန်ကာလရှည်ကြာမှုဟာ ဝန်ထုပ်ဝန်ပိုးကို ဆက်လက်ထမ်းနေရတဲ့ ပြည်သူတွေ၊ စစ်သားတွေနဲ့ အရပ်သားတွေအတွက်ကတော့ နှစ်သိမ့်မှုမပေးနိုင်ပါဘူး။

ဒါပေမယ့် နိုင်ငံတွေဟာ ပြည်တွင်းပဋိပက္ခတွေကို အဆုံးသတ်ဖို့ စေ့စပ်ညိနှိုင်းပြီး ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို အကောင်အထည်ဖော်တဲ့အခါ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိခဲ့တဲ့ဆိုတဲ့ နိုင်ငံတကာအတွေ့အကြုံတွေကနေတော့ စိတ်သက်ရာအချို့ ရရှိနိုင်ပါတယ်။

၁၉၈၉ ခုနှစ်ကစတင်ပြီး စေ့စပ်ညိနှိုင်းခဲ့ကြတဲ့ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေအားလုံးနဲ့ ပတ်သက်တဲ့ အချက်အလက်ဘဏ်တစ်ခုကို အမေရိကန်ပြည်ထောင်စု နော်တာဒမ်တက္ကသိုလ်ရဲ့ Kroc Institute က ထိန်းသိမ်းထားပါတယ်။

ကမ္ဘာတစ်ဝန်း များပြားလှတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စေ့စပ်ညိနှိုင်းမှုတွေနဲ့ အကောင်အထည်ဖော်မှုတွေကို အထောက်အကူပြုဖို့ ဒီသဘောတူညီချက်တွေရဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာမှုကို အသုံးပြုထားပါတယ်။ အထင်ရှားဆုံးကတော့ ကိုလံဘီယာနိုင်ငံမှာပါ။ အဲဒီမှာ Kroc ဟာ ၂၀၁၆ ခုနှစ်ရဲ့ ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ စောင့်ကြည့်ရတဲ့ တရားဝင် မိတ်ဖက်တစ်ဦး ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေက အထူးခြားဆုံးဆိုတာကတော့ ငြင်းလို့မရပါဘူး။ ငြိမ်းချမ်းမှု တည်ဆောက်ရေးအတွက် ဆန်းသစ်တဲ့ ချဉ်းကပ်မှုတွေ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံတိုင်းကတော့ ထူးခြားတာပါပဲ။ ဒါပေမယ့် ပေါ်လစီချမှတ်သူတွေအတွက် အတွေးအမြင်တွေ၊ မဟာဗျူဟာတွေ ထုတ်ပေးဖို့ သုံးသပ်နိုင်တဲ့ တူညီတဲ့ ပုံစံတွေ၊ မထင်မှတ်ဘဲကျရောက်နိုင်တဲ့ အန္တရာယ်တွေနဲ့ ဦးစားပေးကိစ္စတွေတော့ ရှိပါတယ်။

စေ့စပ်ကျေအေးခြင်းရဲ့ တန်ဘိုး

ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် စစ်ဆင်ရေးများအကြား ဆုံးဖြတ်ချက်ချရာမှာ မြန်မာခေါင်းဆောင်များဟာ အလွန်အရေးကြီးတဲ့ မေးခွန်းတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ၎င်းမေးခွန်းကတော့ စေ့စပ်ညိနှိုင်းမှုကတဆင့် ကျွန်တော်တို့ရဲ့ ကွဲပြားခြားနားမှုတွေကို အမှန်တကယ် ဖြေရှင်နိုင်မလားဆိုတာပါ။ ဒီမေးခွန်းအတွက် နိုင်ငံတကာအဖြေကတော့ တိကျပြတ်သားပါတယ်။ ၁၉၈၉ ခုနှစ်ကတည်းက ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးပြီး အပြည့်အဝ အကောင်အထည်ဖော်ခဲ့တဲ့ နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ ၈၄ ရာခိုင်နှုန်းက လက်နက်ကိုင်ပဋိပက္ခဆီ ပြန်သွားခြင်းကို ဆန့်ကျင်နေကြပါတယ်။

ဆန့်ကျင်ဘက်အားဖြင့် အင်အားသုံးခြင်းဖြင့် တစ်ဖက်က အခြားတစ်ဖက်ကို အနိုင်ယူဖို့၊ ဒါမှမဟုတ် စေ့စပ်ရေးစားပွဲဆီ ရောက်လာဖို့ ကြိုးစားတဲ့ စစ်ရေးမဟာဗျူဟာတွေက ထိရောက်မှုရှိခဲ့ပါတယ်။ ဘုံပုံစံတစ်ခုကတော့ အုပ်စုတွေကို ခဏတဖြုတ်အားဖြင့် အနိုင်ရနိုင်ပေမယ့် မကြာခင်ပြန်လာတာပါပဲ။ တစ်ခါတစ်ရံ အမည်သစ်တွေနဲ့ ဒါမှမဟုတ် လူူသစ်တွေနဲ့ပါ။

ဒီလိုပုံစံက မြန်မာနိုင်ငံမှာ အကြိမ်များစွာ ဖြစ်ထားတာပါ။ သာဓကအနေနဲ့ကတော့ မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်ပေါင်းစု Myanmar National Democratic Alliance Army (MNDAA) အဖွဲ့ဟာ ၂၀၀၉ ခုနှစ်က ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေကနေ မောင်းထုတ်ခံခဲ့ရပေမယ့် ၂၀၁၅ ခုနှစ်မှာ ပြန်လာတာပါပဲ။ မကြာသေးမီအချိန်ကတောင် ဒီအဖွဲ့နဲ့ တိုက်ပွဲတွေ အလွန်ပြင်းထန်ခဲ့ပါသေးတယ်။

နိုင်ငံတကာအတိုင်းအတာနဲ့ပြောရရင် စစ်ရေးအရ လက်နက်ကိုင်အုပ်စုတွေကို အနိုင်ယူခြင်းဟာ နိုင်ငံတစ်ခုအတွင်း များပြားတဲ့ အတိုက်အခံအင်အားစုတွေရှိနေချိန်မှာ ဖြစ်နိုင်ခြေနည်းပါတယ်။ ဘယ်နိုင်ငံရဲ့စစ်တပ်မှ တစ်ပြိုင်နက်တည်းတိုက်ခိုက်နေတဲ့ ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုထက်ပိုပြီး အနိုင်မရဖူးသေးပါဘူး။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အထိရှိပါတယ်။ ရေတွက်သူအပေါ်မှာတော့ မူတည်ပါတယ်။ အမှန်တကယ် တက်တက်ကြွကြွတိုက်ခိုက်မှုတွေလုပ်နေတဲ့အဖွဲ့ကတော့ ငါးဖွဲ့ထက်မနည်း ရှိနေပါတယ်။

စစ်ရေးနည်းလမ်းနဲ့ ပဋိပက္ခတစ်ခုကို အဆုံးသတ်ခြင်းဟာ လက်နက်ကိုင်အဖွဲ့တွေ အချိန်ကြာမြင့်စွာ တိုက်ခိုက်နေချိန်မှာ ဖြစ်နိုင်ခြေမရှိပါဘူး။ ၁၉၈၉ ခုနှစ်နောက်ပိုင်း နိုင်ငံတကာအတွေ့အကြုံအရ ပဋိပက္ခကို စစ်ရေးနဲ့ ဖြေရှင်းလို့ရမယ့် ဖြစ်နိုင်ခြေဟာ တစ်နှစ်ကြာပြီးတဲ့နောက် ၂၅ ရာခိုင်နှုန်း၊ သုံးနှစ်ကြာပြီးတဲ့နောက် ၁၀ ရာခိုင်နှုန်း ကျသွားပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေးလှုပ်ရှားမှု အများစုက နှစ် ၅၀ ကျော်ရှိနေပါတယ်။.

ပဋိပက္ခကို အဆုံးသတ်ရေးအတွက် စစ်ရေးနဲ့ နိုင်ငံရေးမဟာဗျူဟာကြားက ဆုံးဖြတ်ရတာမျိုးက ရိုးရှင်းတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ အကြမ်းဖက်တိုက်ခိုက်မှုက စေ့စပ်ညိနှိုင်းမှု လုပ်ငန်းစဉ်နဲ့အတူ ဆက်လက် ဖြစ်ပေါ်နိုင်တယ်။

ဒါပေမယ့် ကျယ်ပြန့်တဲ့ငြိမ်းချမ်းရေးရရှိဖို့ ရည်မှန်းချက်ထားရာမှာ ပင်လုံညီလာခံတွေနဲ့ နှစ်ဖက်ကြားက လုပ်ဆောင်နေတဲ့ ကြိုးစားအားထုတ်မှု အားလုံးတွေကနေတစ်ဆင့် မြန်မာဟာ အောင်မြင်နိုင်တဲ့ အလားအလာတော့ ရှိနေပါတယ်။

လုံခြုံရေးသဘောတူညီချက်တွေအလွန်အရွေ့နဲ့ ပြည်ထောင်စု သဘောစာချုပ်ဆီသို့

မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ဒုတိယမြောက်အရေးကြီးဆုံး စိန်ခေါ်မှုက လုံခြုံရေးကို ဦးတည်တဲ့ သဘောတူညီချက်တွေအလွန်က ရွေ့လျားမှုပါ။ မြန်မာနိုင်ငံမှာ လုံခြုံရေး သဘောတူညီချက်တွေရဲ့ သမိုင်းကြောင်းက နက်ရှိုင်းပါတယ်။ ဒါပေမယ့် ဒါတွေက ပဋိပက္ခကို အမှန်တကယ်အဆုံးသတ်ဖို့ လုံလုံလောက်လောက် သက်သေပြနေတာတော့ မဟုတ်ပါဘူး။

ဒီဟာတွေအများစုက ဘယ်တုံးကမှ စာရွက်ပေါ်မှာ မရှိခဲ့ဘူး၊ ဒါမှမဟုတ် ဘယ်တုံးကမှ ထုတ်ပြန်မှု မလုပ်ခဲ့ပေမယ့် နိုင်ငံရဲ့ အတိုက်အခံအုပ်စုတွေက ၁၉၈၉ ခုနှစ်ကနေ နောက်ပိုင်း လုံခြုံရေး ဆက်နွယ်တဲ့ သဘောတူညီချက် ၅၀ နီးပါး ရယူထားပါတယ်။ တချို့သဘောတူညီချက်တွေက အပစ်ရပ်တွေ ဖြစ်ပါတယ်။ တခြားဟာတွေကတော့ လက်နက်ကိုင်အုပ်စုအချို့အတွက် လက်နက်ဖြုတ်သိမ်းဖို့၊ ဒါမှမဟုတ် မြန်မာစစ်တပ်ရဲ့ လက်အောက်ခံတွေအဖြစ် နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေအဖြစ်ဖွဲ့စည်းဖို့ သဘောတူညီချက်တွေ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ထဲက တစ်ချို့ကတော့ ခိုင်မာနေဆဲပါ။ ဖော်ပြပါအုပ်စုတွေဟာ ပဋိပက္ခတော့ မဖြစ်တော့ပါဘူး။ ဒါပေမယ့်လို့ လုံခြုံရေးအခြေပြု သဘောတူညီချက်တွေဟာ နောက်ထပ်ကျယ်ပြန့်တဲ့ နိုင်ငံရေး သဘောတူညီချက်တွေမရခင် ပျက်သွားလေ့ရှိပါတယ်။ သာဓကအနေနဲ့ကတော့ ၁၉၉၄ ခုနှစ်က ကေအိုင်အေနဲ့ အပစ်ရပ်သဘောတူညီချက်လိုပါပဲ။

အခြားကိစ္စတွေမှာတော့ လုံခြုံရေးသဘောတူညီချက်တွေက အဖွဲ့ဝင်အားလုံးရဲ့ နိုင်ငံရေးပန်းတိုင်တွေကို ကျေနပ်မှုမပေးနိုင်တဲ့အခါ ခွဲထွက်တဲ့အဖွဲ့တွေ ပေါ်လာပါတယ်။

ဒါကတော့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နဲ့ပတ်သက်တဲ့ သာဓကပါ။ ဒီအဖွဲ့ကတော့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ရဲ့ ခေါင်းဆောင်အချို့က အဖွဲ့ရဲ့ ၁၉၉၁ အပစ်ရပ်သဘောတူညီချက်နဲ့ ၂၀၀၅ ခုနှစ်က လက်နက်ဖျက်သိမ်းရေးကို မကျေနပ်ရာကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့ဖြစ်ပါတယ်။

နောက်ထပ်သာဓကကတော့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ပါ။ ဒီအဖွဲ့က ရှမ်းပြည် စည်းလုံးသော တော်လှန်ရေးတပ်မတော် (SURA) ကို ၁၉၉၆ ခုနှစ်မှာ လက်နက်ဖျက်သိမ်းရာက ပေါ်လာတာပါ။

NCA လိုမျိုး သဘောတူညီချက်တွေက ငြိမ်းချမ်းရေးဆီကို သွားတဲ့လမ်းမှာ အရေးပါတဲ့ ခြေတစ်လှမ်းဆိုတာကိုတော့ မငြင်းနိုင်ပါဘူး။ ဒီအခြေနေအထိတော့ သူတို့က အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ယုံကြည်မှု တည်ဆောက်ရေးအတွက် အခွင့်အလမ်းတွေ၊ စေ့စပ်ညိနှိုင်းမှုနဲ့ ပူးတွဲဆုံးဖြတ်ချက်ချခြင်းတို့အတွက် ဖြစ်နိုင်ခြေအသစ်တွေမှာ အခွင့်အရေးတစ်ခုတော့ ပေးနိုင်ပါတယ်။

ပဋိပက္ခဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေကို မဖြေရှင်းရင် ကိစ္စအများစုမှာ တိုက်ခိုက်မှုကိုအဆုံးသတ်ဖို့ လုံခြုံရေး သဘောတူညီချက်တွေနဲ့ချည်း မလုံလောက်ဖူးဆိုတဲ့ အခြေအနေမှာရှိနေတော့ နိုင်ငံတကာအတွေ့အကြုံဟာ မြန်မာ့သမိုင်းကို ထပ်ဟပ်ပြနေပါတယ်။

၁၉၈၉ နဲ့ ၂၀၁၂ ခုနှစ်ကြား တစ်ကမ္ဘာလုံးမှာ လုံခြုံရေးအခြေပြု သဘောတူညီချက်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ လုံခြုံရေးမဟုတ်တဲ့ ကိစ္စတွေကို မဖြေရှင်းရင် ပျက်စီးသွားတာပါပဲ။

ဆန့်ကျင်ဘက်အနေနဲ့ကတော့ ၁၉၈၉ ကနေ ၂၀၁၂ ခုနှစ်ကြားက ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေရဲ့ ၈၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဆိုလိုတာက ဒီသဘောတူညီချက်တွေမှာ ကျယ်ပြန့်လှတဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေးကိစ္စတွေပါဝင်ပြီး ဒါတွေကို အပြည့်အဝ အကောင်အထည်ဖော်တဲ့အခါ အကြမ်းဖက်တိုက်ခိုက်မှုဆီ ပြန်မသွားရေးကို အောင်မြင်စွာ စောင့်ရှောက်ထားတာတွေ့ရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သူမြင့်မားခြင်းက အောင်မြင်မှုအတွက် အသက်သွေးကျောပမာ အရေးကြီး

အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခု ရရှိဖို့က မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ တတိယမြောက် အရေးကြီးဆုံး စိန်ခေါ်မှုပါ။ အားလုံးပါဝင်ခြင်းဆိုတဲ့ အတိုင်းအတာတစ်ခုမှာ လိုအပ်နေတာကတော့ အမျိုးသမီးနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်မှု တိုးမြှင့်ခြင်းပါ။

ဒီလိုလုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရဲ့ ကိုယ်စားပြုမှုကို မြင့်မားစေပြီး ပိုမိုများပြားတဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထပ်ဟပ်တဲ့ သဘောတူညီချက်တွေကို အားပေးလိုက်တာလည်း ဖြစ်ပါတယ်။ နောက်ပြီး အကောင်အထည်ဖော်တဲ့အဆင့်ကနေ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို ထိန်းသိမ်းထားဖို့ ပြည်သူတွေရဲ့ အမြင့်ဆုံးလက်ခံမှုကိုလည်း ရရှိမှာဖြစ်ပါတယ်။

နိုင်ငံတကာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လေ့လာမှုအရတော့ အမျိုးသမီးတွေကို သြဇာရှိစေတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ခွင့်ပေးခြင်းအားဖြင့် ထွက်ပေါ်လာမယ့် ငြိမ်းချမ်းရေးသဘောတူညီချက်တွေဟာ အနည်းဆုံး ၁၅ နှစ်ကြာဖို့ ဖြစ်နိုင်ချေဟာ ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

ရပ်ကြည့်တဲ့အနေအထားမဟုတ်ဘဲ အမှန်တကယ်ပါဝင်ဆွေးနွေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ခြင်းဟာလည်း လက်နက်ကိုင်လမ်းစဉ်ကို ပြန်သွားမယ့် အန္တရာယ်ကို ၆၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

ပါဝင်သူမြင့်မားလာခြင်းရဲ့ ဒုတိယရှုထောင့်နဲ့ နိုင်ငံတစ်ဝှမ်းအမှန်တကယ်ငြိမ်းချမ်းရေးရစေဖို့ လိုအပ်ချက်တစ်ခုကတော့ တိုက်ခိုက်မှုမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံးမဟုတ်ရင်တောင် အများစုပါဝင်ဖို့ လိုအပ်ပါတယ်။

လောလောဆယ် NCA မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ဝင်တွေဟာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးရဲ့ ထက်ဝက်တောင် မရှိသေးပါဘူး။ လက်နက်ကိုင်အဖွဲ့ဝင်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းလောက်သာရှိပါတယ်။ NCA မထိုးရသေးတဲ့ အဖွဲ့တွေသာ မပါဘူးဆိုရင် ပြည်ထောင်စုသဘောတူညီချက်တစ်ခုရရှိရေး နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ် အောင်မြင်ရေးအလားအလာဟာ အကန့်အသတ်နဲ့ ရှိနေအုံးမှာဖြစ်ပါတယ်။

ဒီပြဿနာကို ဖော်ပြဖို့လွယ်ပေမယ့် ဖြစ်နိုင်ဖွယ်ရှိတဲ့ အဖြေတွေကို ရှာတွေ့ဖို့ကတော့ အများကြီးပိုပြီး ခက်ခဲပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ အပေးအယူညိနှိုင်းမှုတွေက ရုပ်လုံးမပေါ်သေးပါဘူး။ ဒီအချိန်မှာ အချို့အုပ်စု အထူးသဖြင့် စစ်ရေးဖိအားရှိနေတဲ့ အဖွဲ့တွေကတော့ NCA အပြင် နောက်ထပ်ရွေးချယ်စရာတစ်ခု လိုအပ်နိုင်တယ်လို့လည်း မေးခွန်းထုတ်ထားပါတယ်။

မြန်မာနဲ့ နိုင်ငံတကာအတွေ့အကြုံအရတော့ စစ်ရေးနဲ့ ဖိအားပေးခြင်းဟာ အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုမှာ ပါဝင်လာရေးအတွက် ဆန့်ကျင်ဘက်ရလဒ်ကိုသာ ထွက်စေပါတယ်။ ဒါဖြင့် ပြဿနာက မဟာဗျူဟာသစ်တွေ၊ ဒါမှမဟုတ် ဦးစားပေးကိစ္စတွေက ဘာတွေဖြစ်မလဲ။

လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ NCA ထဲ၊ ဒါမှမဟုတ် NCA နဲ့ယှဉ်ပြီး ပါဝင်လာဖို့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ခေါင်းဆောင်တွေဟာ ဘယ်လိုမျိုး နိုင်ငံရေးသဘောထားတွေ၊ ဘယ်လိုမျိုး ပြင်လွယ်ပြောင်းလွဲစနစ်တွေကို အသုံးချနိုင်မလဲ။ လက်ရှိသဘောတူညီချက်တွေ အကောင်အထည်ဖော်မှု မြင့်တင်ရေးမှာ ဘယ်လိုအကျိုးဆက်တွေ ရှိနိုင်သလဲ။

ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံအရ ငြိမ်းချမ်းရေးသဘောတူညီချက် အကောင်အထည်ဖော်မှုနှုန်းမြင့်မားမှုဟာ ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အများကြီး အကျိုးရှိပါတယ်။ ပျမ်းမျှအားဖြင့် ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို ညိနှိုင်းပြီး ၇၅ ရာခိုင်နှုန်း အကောင်အထည်ဖော်ရင် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေရဲ့ ပျမ်းမျှ ၈၀ ရာခိုင်နှုန်းဟာ တစ်နှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြပါတယ်။

ကတိတည်ခြင်းရဲ့ တန်ဖိုး

ငြိမ်းချမ်းရေးသဘောတူညီချက်တွေက အဆုံးစွန်ပန်းတိုင်တွေတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ  ကျွန်တော်တို့ရဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ခြင်းရဲ့အရေးပါမှုကို မကြာခဏ လျစ်လျူရှုလေ့ရှိပါတယ်။ စောဒကတက်နိုင်တာက အကောင်အထည်ဖော်ရတာက ညိနှိုင်းရတာထက်တောင် ပိုပြီးခက်ခဲပါတယ်။ စစ်ရေးပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်ရမည့် စည်းမျဉ်းများ၊ အပစ်ရပ်မှုကို စောင့်ကြည့်ခြင်းနှင့် ကြားကာလအစီအစဉ်များနဲ့ ပတ်သက်တဲ့ NCA ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ စိန်ခေါ်မှုတွေ ဆက်လက်ရှိနေတဲ့ ဒီနိုင်ငံမှာ ဒီလမ်းကြောင်းက လက်ရှိအချိန်မှာ ထင်ရှားနေပါတယ်။

အကောင်အထည်ဖော်မှု တုံ့ဆိုင်းရခြင်းအတွက် နိုင်ငံရေးစိတ်ဓါတ်ပြင်းပြမှုမရှိလို့ဆိုပြီး အပြစ်တင်လို့တော့ မရပါဘူး။ စာသားများပေါ်မှာ မတည်တံ့မှုများ၊ ပြောင်းလဲတတ်မှုများက ရှုပ်ထွေးမှုကို ဖြစ်စေတတ်ပါသည်။ တနည်းအားဖြင့် အကောင်အထည်ဖော်မှုအဆင့်ကို ပြဿနာဖြစ်စေပါတယ်။

ငွေရေးကြေးရေးနဲ့ လူ့စွမ်းအားရင်းမြစ်တို့မှာ လုပ်နိုင်ကိုင်နိုင်စွမ်း အကန့်အသတ်ဖြစ်နေခြင်းများက တချို့အဖွဲ့များအတွက် သူတို့ရဲ့ အခန်းကဏ္ဍကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ကို ကန့်သတ်နိုင်ပါတယ်။ အကောင်အထည်ဖော်ရေး စိန်ခေါ်မှုတွေအတွက် ရိုးရှင်းတဲ့အဖြေမရှိဘူးဆိုတာကတော့ ရှင်းပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာအရ အကောင်အထည်ဖော်မှု မြင့်မားနှုန်းကြောင့် ရရှိထားတဲ့ ကြီးမားတဲ့ အကျိုးကျေးဇူးတွေက ကတိတည်ခြင်းအတွက် လောဆော်မှုနဲ့ အချိန်မီရေးတို့ကို ဦးစားပေးဖို့ အားပေးနိုင်ပါတယ်။

နိုင်ငံတကာအတိုင်းအတာအရ အပြည့်အဝကောင်အထည်ဖော်တဲ့ သဘောတူညီချက်တွေဟာ ပိုမိုရှည်ကြာတဲ့ ငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေပါတယ်။ ၁၉၈၉ ခုနှစ်ကတည်းက စေ့စပ်ညှိနှိုင်းခဲ့တဲ့ ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ၃၁ ခုအနက် နောက်ထပ် တစ်ရာခိုင်နှုန်းကောင်အထည်ဖော်လိုက်တိုင်း ငြိမ်းချမ်းရေးကာလမှာ ခြောက်ရာခိုင်နှုန်းတိုးလာတာကို တွက်ချက်ဖော်ပြထားပါတယ်။

နောက်ထပ်လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ကိန်းဂဏန်းတွေကို အသုံးပြုဖို့ကတော့ ၄၀ ရာခိုင်နှုန်း အကောင်အထည်ဖော်ထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုဟာ ၁၀ နှစ်ကြာသွားနိုင်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကုန်ကျစရိတ်တွေနဲ့ အများကြီးနဲ့ လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးအရ အကျိုးကျေးဇူးကိုလည်း အာရုံစိုက်သင့်ပါတယ်။ ပျမ်းမျှအားဖြင့် ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်တဲ့အခါ နိုင်ငံတစ်ခုရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟာ ၁၀ နှစ်အတွင်း နှစ်ဆ ဖြစ်လာပါတယ်။ ဂျီဒီပီလည်း ငါးရာခိုင်နှုန်း မြင့်လာပါတယ်။

ဒါကို ဘာသာပြန်လိုက်တော့ နောက်ထပ်အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ပြည်သူတွေရဲ့ လူနေမှုဘဝတွေလည်း တိုးတက်လာပါတယ်။ အပြည့်အဝအကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကြောင့် သာမာန်လူတွေအတွက် အကျိုးကျေးဇူးတွေဟာ ပညာရေးမှာ ပိုမို လက်လှမ်းမီလာပြီး မူလတန်းကျောင်းတွေမှာ မိန်းကလေး ၁၇ ရာခိုင်နှုန်းနဲ့ ယောကျားလေး ၁၄ ရာခိုင်နှုန်း တိုးလာနိုင်ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း ထူးထူးခြားခြား တိုးတက်လာပြီး  မွေးကင်းစကလေးသေနှုန်းကလည်း ပျမ်းမျှ ၂၀ ရာခိုင်နှုန်းလောက် ကျသွားပါတယ်။ ဒီလိုလူနေမှုဘဝတိုးတက်မှုတွေကနေ အလေးအနက် အသိပေးနေတာကတော့ ငြိမ်းချမ်းရေးကို ဦးစားပေးခြင်းဟာ မှန်ကန်တဲ့ အမျိုးသားရေးဦးစားပေးမှုတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ ဒီလိုဦးစားပေးတာက ပဋိပက္ခကြောင့် အများဆုံးထိခိုက်နေတဲ့ မဲဆန္ဒနယ်တွေ၊ ဒါမှမဟုတ် ပိုနေမြဲကျားနေမြဲအခြေအနေမှာ အများဆုံးနစ်နာနေတဲ့အဖွဲ့တွေကိုသာ အကျိုးရှိစေမယ့် လုပ်ငန်းစဉ်တစ်ခု မဟုတ်ပါဘူး။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေမှာ နက်ရှိုင်းတဲ့ သမိုင်းရေးဇစ်မြစ်တွေရှိပါတယ်။ အမျိုးမျိုးသော အခြေခံဥပဒေဆိုင်ရာ အဆိုပြုချက်တွေနဲ့ ပြင်ဆင်မှုတွေက အပြန်အလှန်သဘောတူနိုင်တဲ့ သဘောတူညီချက်တွေကို ခိုင်မာဖို့ ကြိုးပမ်းနေပါတယ်။ အဲဒီအချိန်မှာ များပြားလှတဲ့ လုံခြုံရေး သဘောတူညီချက်တွေကလည်း လက်နက်ကိုင် အတိုက်အခံပြုမှုကို ငြိမ်သက်စေဖို့ ကြိုးပမ်းနေပါတယ်။

ဒီနိုင်ငံရဲ့ငြိမ်းချမ်းရေးတည်ဆောက်သူတွေဟာ ၂၀၁၁ ခုနှစ်ကတည်းက ထူးခြားတဲ့ တိုးတက်မှုရရှိထားပါတယ်။ စလုံးရေစကနေ ပိုမိုခိုင်မာတဲ့ နိုင်ငံရေးအပေးအယူအထိကို ညိနှိုင်းမှုတွေ၊ သဘောတရားရေး ကွဲလွဲချက်တွေကို ကျော်ဖြတ်ပြီး ရယူခဲ့ပါတယ်။ နောက်ပိုမိုကြီးမားတဲ့ကောင်းကျိုးအတွက် အဖွဲ့အစည်း သီးသန့်စီးပွားရေးနဲ့ နိုင်ငံရေးအထူးအခွင့်အရေး ဖလှယ်မှုတွေကတဆင့်လည်း ပြုလုပ်ခဲ့တာပါ။

ဒီလိုစိတ်ရှည်တဲ့ လမ်းကြောင်းအတိုင်းဆက်သွားရင် အကောင်အထည်ဖော်ရေးအတွက် ကာလရှည် လိုအပ်ချက်တွေနဲ့ လက်ရှိစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ နည်းလမ်းတွေရှာနေစဉ်မှာ ကမ္ဘာ့ရဲ့အရှည်လျားဆုံး ပြည်တွင်းပဋိပက္ခဟာ ပြီးဆုံးသွားနိုင်တယ်ဆိုတာကို မြန်မာပြည်သူတွေ မျှော်လင့်နိုင်ဖို့အကြောင်းရှိပါတယ်။

John Paul Lederach is an Emeritus Professor of International Peacebuilding at the University of Notre Dame and a Distinguished Scholar at Eastern Mennonite University’s conflict transformation program.

Madhav Joshi is a Research Assistant Professor at the University of Notre Dame and Associate Director of the Kroc Institute for International Peace Studies’ Peace Accords Matrix.

Stephen Gray is a peace practitioner living and working in Myanmar.

ခေါင်းစီးဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.