မြန်မာရွှေ့ပြောင်းအမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှုမှ ဖြေသိမ့်စရာရှာဖွေ

အကြောက်တရားနှင့် အကြမ်းဖက်ခံရမှုဘဝတွင် ပိတ်မိနေသော ထိုင်းနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းအမျိုးသမီးများသည် မကြာသေးမီးက တည်ထောင်ခဲ့သည့် အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုက ဖွဲ့စည်းထားသည့် ထောက်ပံ့ရေးအုပ်စုတစ်ခုတွင် ခိုလှုံရာတွေ့ရှိနေကြသည်။

ဂျာရတ်ဒေါင်းနင်း ရေးသားသည်။

မခင်မျိုးနှင့် သူမခင်ပွန်းကြား စကားများအငြင်းပွားမှုများ ဆိုးသထက်ဆိုးလာချိန် ရိုက်နှက်မှုများလည်း ပါလာခဲ့သည်။ ရိုက်နှက်မှုများ ရပ်တန့်အောင် မည်သို့လုပ်ရမည်ကို မခင်မျိုးမသိခဲ့ပေ။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အသက် ၂၈ နှစ်အရွယ် မခင်မျိုးအနေဖြင့် ရဲကိုသွားတိုင်၍ ရနိုင်သော်လည်း တိုင်ခဲ့ပါက သူမတို့မိသားစု ပြည်နှင်ဒဏ်ပေးခံရမည်ကိုလည်း စိုးရိမ်နေသည်။ သူမအနေဖြင့် ဗလီတွင် အကူအညီရနိုင်သော်လည်း ဗလီဆရာက သူမနှင့် သူမခင်ပွန်းကို ကွာရှင်းပေးရန် ဆန္ဒရှိခဲ့လျင် မည်သို့လုပ်မည်နည်း။ သူမက သူမ၏ မိတ်ဆွေသူငယ်ချင်းများကို ရင်ဖွင့်ချင်သည်။ သို့သော် သူတို့က သူမကို ကျေးဇူးမသိတတ်သော ဇနီးတစ်ဦးဟုခေါ်ရင် မည်သို့လုပ်မည်နည်း။

“ကျွန်မကြောက်တယ်။ ကလေးနှစ်ယောက်ခွဲထားခံရမှာ ကျွန်မ ကြောက်တယ်” ဟုသူမက ပြောသည်။ ကရင်ပြည်နယ်၊ မြဝတီ၏ အခြားတစ်ဘက် ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် နှစ်နှစ်အရွယ်သမီးငယ်လေးအတူ ထိုင်ရင်း မခင်မျိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရိုးရိုးရှင်းရှင်းနှင့် သန့်ရှင်းနေသော လဟာပြင်လက်ဖက်ရည်တစ်ခုတွင် သူက ပြောကြားခြင်းလည်း ဖြစ်သည်။ အိမ်တွင်းအကြမ်းဖက်မှု၏ သားကောင်ဖြစ်နေသည့် ရွှေ့ပြောင်းအမျိုးသမီးများကို ကူညီနေသည့် အကျိုးအမြတ်မယူသည့် Freedom Restoration Project (FRP)က ဖွဲ့စည်းပေးထားသည့် ကူညီထောက်ပံ့ရေးအဖွဲ့ အစည်းအဝေးတက်ရန် မခင်မျိုးနှင့် အခြားအမျိုးသမီးများမှာ ထိုလက်ဖက်ရည်ဆိုင်၌ သောကြာနေ့တိုင်း စုဝေးလေ့ရှိသည်။

၎င်းအဖွဲ့ထဲရှိ အမျိုးသမီးတိုင်းမှာ ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို ရှာဖွေရန် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသော်လည်း ခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင်ရသည့်အပြင် အကြောက်တရားနှင့် နာကျင်မှုသံသရာထဲတွင်သာ ပိတ်မိနေကြသည်။ ၎င်းတို့ထံတွင် လူဝင်မှုကြီးကြပ်ရေးဌာန၏ အထောက်အထား စာရွက်များ မရှိကြပေ။ ထိုင်းစကားပင် ပြောတတ်သူ မရှိသလောက် ဖြစ်သည်။

အချို့က သူတို့၏ ခင်ပွန်းများ သို့မဟုတ်၊ လက်တွဲဖော်များ၏ တိုက်ခိုက်မှုများကို အဆုံးသတ်နိုင်ခဲ့သလို အနည်းဆုံး ခင်ပွန်းသည်များ၏ ဒေါသကို အဆုံးသတ်အောင်လုပ်နိုင်ခဲ့ကြသည်။ သို့သော်လည်း ကျန်သူများကမူ ခင်ပွန်းသည်တို့၏ ဆဲဆိုရိုက်နှက်မှုကို အတောမသတ် ခံနေရသည်။ အားကိုးရာမဲ့နေခဲ့ကြသည်။

“အုပ်စုလိုက် ကုထုံးလုပ်တဲ့အခါ ဒါကသိပ်ကို အစွမ်းထက်ပါတယ်။ ဒါက နှစ်သိမ့်ဆွေးနွေးအကြံပေးသူကြောင့်တော့ မဟုတ်ပါဘူး။ အုပ်စုထဲက လူတွေကြောင့်ပါ။ သူတို့က တူညီတဲ့အရာတွေကို ဖြတ်သန်းခဲ့ကြတာလေ” ဟု FRP တည်ထောင်သူနှင့် ဒါရိုက်တာ မစ္စဝပ်ချရာပွန်ဆီယာကူကာယူးကာဆဲမ်က ပြောသည်။

“သူတို့က သူတို့အချင်းချင်း သူတို့ရဲ့ အဖြစ်အပျက်တွေ၊ အကြောက်တရားတွေကို မျှဝေကြတယ်။ နောက်ပြီး ဒီလိုအဖြစ်မျိုးတွေ ကြုံရတာ သူတစ်ယောက်တည်း မဟုတ်ပါလားဆိုတဲ့ အတွေးကို တွေးစေတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဆီယာက ခန့်အပ်ထားသည့် အမျိုးသမီးနှစ်ဦးက FRP ၏ လုပ်ငန်းများကို လည်ပတ်လျက်ရှိသည်။ ဆီယာသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ Azusa Pacific တက္ကသိုလ်မှ ကုခန်းဆိုင်ရာလူမှုရေးလုပ်ငန်းအဓိကဖြင့် မဟာဘွဲ့ ရရှိထားသူဖြစ်သည်။ ၎င်း၏လက်ထောက်နှင့် ဘာသာပြန်မှာ ကရင်အမျိုးသမီး စာထီးပေါဖြစ်သည်။ ၎င်းတို့အတူ ထောက်ပံ့ရေးအုပ်စုကို ဖွဲ့စည်းပြီး ရွှေ့ပြောင်းမိခင်များအတွက် မိခင်အုပ်ထိန်းမှုလုပ်ငန်းခွင်ဆွေးနွေးပွဲများ ကျင်းပကြသည်။ ထို့အပြင် လိင်ပိုင်းဆိုင်ရာစော်ကားမှုကို နားလည်ရန်နှင့် မည်သို့ကာကွယ်ရမည်ကို ဆယ်ကျော်သက်မိန်းကလေးများအား သင်ကြားရန် ရွှေ့ပြောင်းများအတွက် ဖွင့်ထားသည့်ကျောင်းများသို့ သွားရောက်ကြသည်။

RFP ကို လွန်ခဲ့သည့်နှစ်က စတင်ခဲ့သော်လည်း ဆီယာ၏ စိတ်ကူးထဲတွင် အကောင်အထည်ဖော်နေသည်မှာ ဆယ်စုနှစ် တစ်နှစ်ကျော်နေပြီ ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားထောင်ပေါင်းများစွာရှိနေသည့် မဲဆောက်တွင် ၂ဝဝ၇ ခုနှစ်ကစတင်ကာ သူမ၏ ကိုယ်ပိုင်ဆန္ဒဖြင့် လူမှုရေးလုပ်သားတစ်ဦး ဖြစ်လာခဲ့သည်။ ၎င်းရွှေ့ပြောင်းလုပ်သားတို့မှာ ကျူးကျော်တဲများ၊ သို့မဟုတ် စက်ရုံအဆောင်များတွင် နေထိုင်ရပြီး တစ်နေ့လျှင် အမေရိကန်ဒေါ်လာအနည်းငယ်ရရှိရန် သစ်ပင်စိုက်၊ မြေတူး၊ သန့်ရှင်းရေးလုပ်၊ အချုပ်အလုပ်စသည်တို့ လုပ်ကိုင်ကြရသည်။ နှစ်များစွာအတွင်း သူမနှစ်သိမ့် ဆွေးနွေးခဲ့သည့် အမျိုးသမီးများတွင် လောလောလတ်လတ် ရရှိထားသည့် ပွန်းပဲ့ဒဏ်ရာများ၊ ညိုမဲစွဲနေသည့် မျက်လုံးများကို ဆီယာက စိတ်မသက်မသာဖြင့် မျှော်လင့်ထားခဲ့သည်။

အမျိုးသမီးတစ်ဦးဆိုလျှင် ဆယ်ကျော်သက်ကတည်းက ဆီယာနျင့်တွေ့ဖူးခဲ့ပြီး ဆီယာမျက်စိရှေ့မှာပင် အရွယ်ရောက်၊ လက်ထပ်ခဲ့ကာ သူမခင်ပွန်း ဒေါသူပုန်ထတိုင်း ဆီယာ၏ အိမ်သို့ ပြေးပြေးလာတတ်သည်။

အခြားအမျိုးသမီးတစ်ယောက်၏ ခင်ပွန်းမှာ ၎င်းတို့၏ အကြီးဆုံးကလေးများကို လမ်းပေါ်တွင် ထွက်အတောင်းခိုင်းပြီး တစ်ကြိမ်တွင် အိမ်သို့ ငွေလုံလုံလောက်လောက် မပါလာရကောင်းလားဆိုကာ သမီးဖြစ်သူ၏ ခြေထောက်ကို အပူပေးထားသည့်ဓားဖြင့် ကပ်ခဲ့သည်။

အဆိုပါခင်ပွန်း၏ အမျိုးသမီးမှာ ပြင်းထန်စွာရိုက်နှက်ခံရပြီးနောက် ကိုယ်ဝန်ပျက်ကျခဲ့ရသည်။

“အဲဒီမိခင်နဲ့ ကလေးလေးယောက်လုံး ကျွန်မ အလုပ်လုပ်နေတဲ့ အဖွဲ့ဆီရောက်လာတယ်။ သီတင်းပတ်နည်းနည်းလောက် ကျွန်မနဲ့ အတူရှိတဲ့အချိန်မှာ ဒီအကြောင်းတွေအားလုံး ပြောပြခဲ့တာပါ” ဟုဆီယာကပြောသည်။ “သူကပြောတယ်။ သူဘယ်တော့မှ ပြန်မသွားချင်တော့ဘူး။ သူ့ခင်ပွန်းက သူနဲ့ သူ့ကလေးတွေအပေါ် သိပ်ရက်စက်တယ်လို့ ပြောတယ်”  ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိုအမျိုးသမီးအား တိုက်ခန်းသစ်တစ်ခုပေးကာ ကူညီခဲ့သော မဲဆောက်အခြေစိုက် အဲန်ဂျီအိုအဖွဲ့တစ်ခုဖြစ်သည့် Compasio တွင် ဆီယာအလုပ်လုပ်နေချိန်ဖြစ်သည်။ “သီတင်းပတ်အနည်းငယ်ကြာတော့ သူမက သူမခင်ပွန်းဆီ ပြန်သွားတယ်” ဟုဆီယာကပြောသည်။

အနိုင်ကျင့်ခံရသည့်အခြေအနေမှ ထွက်ပြေးခြင်းက မူလထင်ထားသည်ထက် အခက်အခဲများ ပိုကြုံလာနိုင်သည်ဟု ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ လိင်အခြေပြု အကြမ်းဖက်မှုများ ဆန်းစစ်လေ့လာသူတစ်ဦးဖြစ်သည့် မလိုင်ဝင်းဖြူက ပြောသည်။ နီးကပ်သည့်လက်တွဲဖော်က အကြမ်းဖက်မှု (IPV) ဟုခေါ်ဆိုသည့် အမျိုးသမီးများကို ချည်နှောင်ထားသည့် အတုပ်အနှောင်များသည် စီးပွားရေးအရမှီခိုမှုထက်ပင် ကျော်လွန်နိုင်သည်။

“သူတို့မှာ တရားဝင်နေထိုင်ခွင့်မရှိဘူး။ တရားဝင်စာရွက်စာတမ်းတွေလည်း မရှိဘူး။ ဒါက ကြီးမားတဲ့စိန်ခေါ်မှုပါ” ဟု မလိုင်ဝင်းဖြူက ပြောသည်။ “သူတို့မှာ ခွဲခြားဆက်ဆံခံရမှု နှစ်မျိုးရှိပါတယ်။ တရားမဝင်နေထိုင်မှုကြောင့်ရော လိင်အရကြောင့်ပါ ခွဲခြားဆက်ဆံခံရမှာပါ” ဟု ၎င်းကထပ်မံပြောသည်။

ရံဖန်ရံခါတွင် ဆီယာ၏ အမှုသည်များက ရဲတပ်ဖွဲ့ထံမှ အကူအညီရရန် ကြိုးစားကြသည်။ ရဲများကလည်း အိမ်တွင်း အငြင်းပွားမှုအဖြစ် ၎င်းတို့ယူဆပါက များသောအားဖြင့် မပါဝင်လိုကြပေ။ အမျိုးသမီးကို အိမ်ပြန်လွှတ်လိုက်သည်သာ များသည်။

Illustration by Jared Downing | Frontier

Illustration by Jared Downing | Frontier

“ဒါမျိုးက ထိုင်းအမျိုးသမီးတွေမှာလည်းဖြစ်မှာပါ” ဟုဆီယာက ပြောသည်။ “ရဲကတော့ပြောမှာပဲ၊ အိုး ဒီနေ့တော့ ဖြစ်နိုင်တာက ရန်ဖြစ်တာပဲ။ ဒါပေမဲ့ နက်ဖြန်ဆိုရင်တော့ မင်းတို့ ပြန်တည့်မှာပါတို့၊ ဘာတို့ပေါ့။ သူတို့က မိသားစုပေါင်းစည်းရေးကိုပဲ တွေးတာ။ ဒါပေမဲ့ အကြီးမားဆုံးခြိမ်းခြောက်မှုက အတွင်းထဲကနေပဲ လာနိုင်တာပါ” ဟု ဆီယာက ပြောသည်။ “ခံရတဲ့မိန်းမတွေက အကူအညီလိုချင်တဲ့ ပုံစံတော့မပြကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က လူ့အသိုင်းအဝိုင်းက အပြစ်တင်မှာ ကြောက်ကြတယ်” ဟု မလိုင်ဝင်းဖြူက ပြောသည်။

မြန်မာရွှေ့ပြောင်း လူ့အသိုင်းအဝိုင်းများတွင် လင်နှင့် မယားကြား အကြမ်းဖက်မှုကို အတွေ့ရများသော်လည်း ထိုအကြမ်းဖက်မှုမှာ ဇနီးတစ်ယောက်အနေဖြင့် ခင်ပွန်းထံမှ ထွက်ခွာရန်အတွက် အကြောင်းပြချက်တစ်ခုအဖြစ် မယူဆကြပေ။ ယင်းသို့ထွက်ခွာပါက လူ့အသိုင်းအဝိုင်းက အထင်သေးကြသည်။

“သူတို့က ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပြောတတ်တယ်။ ဒါ ငါ့အပြစ်ပါ။ ငါမှ ထမင်းဟင်းကောင်းကောင်း မချက်တတ်တာ။ ဒါ ငါ့ အပြစ်ပါ။ ငါက ကလေးတွေကို ဂရုမစိုက်ခဲ့တာကိုးလို့ ပြောတာ။ သူတို့ဟာ အပြစ်တင်သင့်တဲ့သူတွေလို့ သူတို့က ယုံကြည်နေတာ” ဟု မလိုင်ဝင်းဖြူက ပြောသည်။

မော်လမြိုင်မှ အသက် ၂၅ နှစ်ရှိ မဋ္ဌေးဋ္ဌေးဦးကမူ ခင်ပွန်းဖြစ်သူ၏ အကြမ်းဖက်ပေါက်ကွဲမှုများအတွက် သူမကိုယ်သူမ အပြစ်မတင်ပေ။ ခင်ပွန်းသည်၏ အပြစ်လုံးလုံးဟုလည်း မထင်ပေ။ “ဘဝဆိုတာခက်ခဲကြမ်းတမ်းတယ်” ဟု FRP ၏ အပတ်စဉ်ဆွေးနွေးပွဲတွင် သူမက ပြောကြားခဲ့သည်။

မဋ္ဌေးဋ္ဌေးဦးနှင့် သူမခင်ပွန်းတို့မှာ မြို့၏ အမှိုက်ပုံထဲက ပြန်သုံးနိုင်မည့်အရာများကို ရှာဖွေရင်း ၎င်းတို့၏ သုံးနှစ်အရွယ်သမီးလေးကို ကျွေးမွေးစောင့်ရှောက်နေကြသည်။ “ငွေက အမြဲရှားပြီး မြို့ကတော့ သူတို့ကို အချိန်မရွေး နှင်ထုတ်နိုင်တယ်” ဟု မဋ္ဌေးဋ္ဌေးဦးကပြောသည်။ တခါတရံ ခင်ပွန်းဖြစ်သူ အရက်သောက်ပြီး တခါတရံ သူမကို အဘယ်ကြောင့် ရိုက်နှက်သည်ကို သူမအနေဖြင့် နားလည်သည်ဟု ဆိုသည်။

“တခါတလေတော့လည်း ဒါဟာ တကယ့်ကို ပုံမှန်လို့တောင် ခံစားမိတယ်။ တခါတလေတော့လည်း ကျွန်မတစ်ယောက်တည်း အထီးကျန်ပြီး ဝမ်းနည်းချိန်ဆို ငါ့ခင်ပွန်းက ငါ့ကို အနိုင်ကျင့်တာပဲ။ ဒါ မကောင်းဘူးလို့ ခံစားရတယ်” ဟု သူမက ဆိုသည်။

FRP၏ အုပ်ထိန်းမှု အတန်းများဖွင့်ခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ အိမ်တွင်းအကြမ်းဖက်မှုမှာ ပုံမှန်ဆိုသည့် အယူအဆကို တိုက်ဖျက်ပစ်ရန်နှင့် အိမ်တွင်းအကြမ်းဖက်မှုမှာ မကောင်းကြောင်း၊ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ကြောင်း အဓိပ္ပါယ်ပြန်လည်သတ်မှတ်ရန် ဖြစ်သည်။ မဋ္ဌေးဋ္ဌေးဦးအတွက်မူ အနည်းဆုံးတော့ သင်တန်းများက အလုပ်ဖြစ်ဟန်တူသည်။ သူမ၏ခင်ပွန်းဖြစ်သူမှာလည်း အုပ်ထိန်းမှုနည်းသစ်များကို လိုလိုလားလားလက်ခံလာသည်။ အမြဲတမ်းမအောင်မြင်သည့်တိုင် သူ့စိတ်ကို ထိန်းချုပ်လာနိုင်သည်။

မဋ္ဌေးဋ္ဌေးဦး၏ ခင်ပွန်းကိုမူ ဆီယာက သိပ်ခွင့်မလွတ်လိုပေ။ မဋ္ဌေးဋ္ဌေးဦးက သူမ၏ခင်ပွန်း အကြမ်းဖက်ရခြင်းမှာ ဆင်းရဲမှု၊ စိတ်ဖိစီးမှုနှင့် အရက်စွဲမှုတို့ကြောင့်ဟု ယူဆလိုပြီး အမျိုးသမီးများအနေဖြင့် ခင်ပွန်းသည်၏ အနိုင်ကျင့်ခံရသည်မှာ တွေ့မြင်နေကျဟု ပြောလိုကြောင်း ဆီယာကဆိုသည်။

မဆိုင်သည့်ဘက်ကို အပြစ်လွှဲချခြင်းကို ဆီယာက မုန်းတီးသည်။ “အရက်သောက်ပြီး ဇနီးသည်ကို အနိုင်ကျင့်တာ ခင်ပွန်းတိုင်းတော့ မဟုတ်ပါဘူး။ အရက်မသောက်၊ အနိုင်မကျင့်တာလည်း ခင်ပွန်းသည့်တိုင်းတော့ မဟုတ်ပါဘူး။ ဆင်းရဲမွဲတေခြင်းဟာ အိမ်တွင်းအကြမ်းဖက်မှုဖြစ်ရခြင်းရဲ့ အကြောင်းမဟုတ်ပါဘူး” ဟု မဋ္ဌေးဋ္ဌေးဦးနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဆီယာက ပြတ်သားစွာပြောကြားခဲ့သည်။

“ဖြစ်နိုင်တာကတော့ အဲဒါက ပိုပီးတော့တောင် စိတ်ဖိစီးမှုဖြစ်စေမှာ။ အဲဒါက အဓိကကျတဲ့အရာမဟုတ်ဘူး။ အဲဒါက တခြားလူတစ်ယောက်ကို ထိန်းချုပ်တာနဲ့ ပိုပြီးသက်ဆိုင်မယ်” ဟုလည်း ဆီယာကဆိုသည်။ ယင်းအချက်ကို မလိုင်ဝင်းဖြူကလည်း သဘောတူသည်။

“အခြေခံအကျဆုံးအကြောင်းကတော့ လိင်မညီမျှမှု၊ ပါဝါချိန်ခွင်လျှာမညီမှုပဲ” ဟု သူမကပြောသည်။ “ပါဝါဆိုတာက ခွန်အားသက်သက်ကို ပြောတာမဟုတ်ဘူး။ ဒီအကြောင်းကို စီးပွားရေးအဆင့်တစ်ခုပေါ်ကနေ ပြောလို့ရတယ်။ ဆုံးဖြတ်ချက်ချရတဲ့ အဆင့်ကနေပြောလိုရတယ်။ ဒါမှမဟုတ် နည်းပညာနဲ့ ဆက်သွယ်ရေးအဆင့်ကနေ ပြောလို့ရတယ်” ဟု ၎င်းကပြောသည်။

မခင်မျိုးအနေဖြင့် သူမ၏ အခြေအနေတိုးတက်မှုမှာ သူမ ကိုယ်ပိုင်ပါဝါကို တွေ့ရှိမှုနှင့် အတူ စတင်ခဲ့သည်။ ထောက်ပံ့ကူညီသည့် အဖွဲ့ရှိ အခြားအမျိုးသမီးများကို အားပေးမှုနှင့်အတူ နောက်ဆုံးတွင် အကြမ်းဖက်မှုအဆုံးမသတ်ပါက သူတို့၏ ဒေသခံမူစလင် ဘာသာရေးခေါင်းဆောင်ဆီသွားရန်၊ သို့မဟုတ် သူ့ကိုထားသွားရန် ခြိမ်းခြောက်ရင်း သူမ၏ ခင်ပွန်းအား ရင်ဆိုင်လာနိုင်ခဲ့သည်။

နောက်ဆုံးရာဇသံက အလုပ်ဖြစ်ခဲ့သည်။ ပြောင်းလဲရန် ခင်ပွန်းသည်က ကတိပေးခဲ့သည်။ သူမကို မရိုက်သည်မှာ လများစွာကြာနေပြီဖြစ်သည်။ အခြားသူများကတော့ ထိုလောက် ကံမကောင်းကြပေ။ သူတို့မိသားစုများ၊ အိမ်များကို စွန့်ပစ်ရသည့်၊ သို့မဟုတ် အနိုင်ကျင့်ခံရသည့် ဘဝတွင် ဆက်လက်နေထိုင်ရသည့် ရက်စက်သည့် ရွေးချယ်မှုနှင့် ရင်ဆိုင်ရသည်။ သို့သော်လည်း သောကြာနေ့တိုင်း လက်ဖက်ရည်ဆိုင်သွားရင်း အချင်းချင်းတွေ့လိုက်မည်ဆိုပါက သင်တစ်ယောက်တည်း မဟုတ်သည်မှာ သေချာပါသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.