မြန်မာနိုင်ငံ သမိုင်းကြောင်း၊ အာဏာသိမ်းပွဲများနှင့် ရွေးကောက်ပွဲများ(၂)

လက်ရှိမြန်မာနိုင်ငံကို ပုံဖော်လိုက်သော ရှုပ်ထွေးပွေလီမှုများနှင့် ပြည့်နှက်နေသည့် သမိုင်းအကျဉ်း(ဒုတိယပိုင်း)

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ဓာတ်ပုံ - ဂူးဂဲ

ဓာတ်ပုံ – ဂူးဂဲ

၁၉၈၈

လူထုအုံကြွတော်လှန်မှုဆီသို့

မြန်မာနိုင်ငံ၏ တချိန်က အောင်မြင်ခဲ့သော စီးပွားရေးအခြေအနေမှာ မှေးမှိန်ပျောက်ကွယ်လုနီးပါး အိပ်မက်တစ်ခုသာ ဖြစ်တော့သည်။ တိုင်းပြည်မှာ စစ်အေးတိုက်ပွဲမှ ကောင်းစွာ ရှောင်ရှားနိုင်သည့်တိုင် စီးပွားရေးနှင့် နိုင်ငံရေးတွင် ချွတ်ခြုံကျသွားခဲ့ရသည်။ ဗိုလ်ချုပ်နေဝင်းမှာလည်း တနှစ်ထက်တနှစ် ယုံမှားသံသယ ဖြစ်စိတ်နှင့် အဆင်အခြင်မဲ့ အကြောက်တရားတို့ ကြီးသထက်ကြီးလာတော့သည်။ ၎င်း၏နောက်လိုက် လက်စွဲတော်များက တိုင်းပြည်၏ ပကတိအနေအထားကို အထူးတလည် အကောင်းမြင်အောင် ဝိုင်းဝန်းဖန်တီးထားကြသဖြင့် ဗိုလ်ချုပ်နေဝင်းမှာ သူ၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ ယုံကြည်စိတ်ချထားမိတော့ကြောင်း နှောင်းပိုင်းဝေဖန်စောကြောမှုများ ရှိလာသည်။ အခြားသူများကမူ ၎င်းသည် အာဏာကို နည်းလမ်းပေါင်းစုံဖြင့် ဆုပ်ကိုင်ထားခြင်းသာ ဖြစ်ကြောင်း ဆိုသည်။ ၁၉၈၈ ခုနှစ်၌မူ မြန်မာနိုင်ငံသည် အပြောင်းအလဲတစ်ခုသို့ ရောက်ရှိသွားသည်။

၁၉၈၈

မတ်လ၊ ရန်ကုန်မြို့တွင် ဆန္ဒပြပွဲများကို ကျောင်းသားများက ဦးဆောင်ဆင်နွှဲခဲ့ရာ တဖြည်းဖြည်း အရှိန်ရလာပြီး တနိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ဇူလိုင်၊ ဗိုလ်ချုပ် နေဝင်း နုတ်ထွက်

ဒီမိုကရေစီ ရရှိရေး ဆန္ဒပြပွဲများ အမြင့်ဆုံးအဆင့် တက်လှမ်းအောင်ပွဲခံချိန်၌ ဗိုလ်ချုပ်နေဝင်းက မဆလပါတီ ဥက္ကဋ္ဌရာထူးမှ ရုတ်တရက် ဆင်းပေးပြီး ဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းနိုင်မည့်အရေး ကတိပေးခဲ့သည်။ သို့တိုင် ဆန္ဒပြသူများအား စိတ်မကောင်းဖွယ် ဖြိုခွင်းခံရမည့်အရေး ကြိုတင်သတိပေးခဲ့သေးသည်။ သူခန့်အပ်သည့် ဆက်ခံသူ ဗိုလ်ချုပ်စိန်လွင်မှာ “ရန်ကုန် သားသတ်သမား” အမည်ဆိုး ရသွားခဲ့တော့သည်။

သြဂုတ်၊ ရှစ်လေးလုံး အရေးအခင်း

ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားသည့် ဆန္ဒပြပွဲများကို သြဂုတ် ၈ ရက်၌ ဆင်နွှဲကြသည်။ ဒီမိုကရေစီ လှုပ်ရှားမှုသည် ဗြိတိန်မှ မကြာမီက ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံလာကြသည်။ ၎င်းက သြဂုတ် ၂၆ ရက်၌ ရွှေတိဂုံစေတီတွင် လူစုလူဝေးကြီးကို ပထမဆုံး မိန့်ခွန်း ပြောကြားခဲ့သည်။

စက်တင်ဘာလ၊ စစ်အာဏာသိမ်း

မြို့ပြအုပ်ချုပ်ရေး ပျက်ပြားသွားခဲ့ရာ စက်တင်ဘာ ၁၈ ရက်တွင် ဗိုလ်ချုပ်ကြီး စောမောင် က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရထံမှ အာဏာကို သွေးထွက်သံယိုမရှိဘဲ သိမ်းလိုက်သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သစ်(နဝတ) ပေါ်ပေါက်ပြီး ဗိုလ်ချုပ်ကြီးစောမောင်က ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကာ လူထုအုံကြွမှုများကို ရက်စက်စွာ အင်အားသုံး ဖြိုခွဲပစ်လိုက်သည်။

၁၉၈၉

စစ်အစိုးရသစ်က ယခင် အင်္ဂလိပ်ဘာသာဖြင့် “ဘားမား” ကို “မြန်မာ”၊ “ရန်ဂွန်း” ကို “ရန်ကုန်” ဟု ပြောင်းခေါ်ကာ ကိုလိုနီဆန့်ကျင်သည့် လုပ်ရပ်သစ်ကို လူသိရှင်ကြား ကြေညာခဲ့သည်။

၁၉၉၀

နဝတ က ပါတီစုံ ရွေးကောက်ပွဲ ကျင်းပ

နဝတ က ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲမည့် လွှတ်တော်တစ်ရပ် ပေါ်ပေါက်လာစေရန် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟူသော ကတိအတိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်မှာပင် အသစ်ဖွဲ့စည်းတည်ထောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ဖျက်သိမ်းလိုက်သော မဆလပါတီကို ဆက်ခံသည့်၊ တပ်မတော်၏ ထောက်ခံအားပေးမှုကိုလည်း ရရှိသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကို အရှက်ရလောက်အောင် ရှုံးနိမ့်စေကာ မဲဆန္ဒနယ် ၄၉၂ ခု တွင် ၃၉၂ နေရာ အနိုင်ယူလိုက်တော့သည်။ စစ်အာဏာရှင် အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ဖိနှိပ်ဆန့်ကျင်သည့် လုပ်ရပ်များ ချမှတ်ဆောင်ရွက်လာလေသည်။    

၁၉၉၂

ဧပြီလ၊ ဖွဲ့စည်းပုံ ရေးဆွဲမည့် အစီအစဉ် ကြေညာ

ဗိုလ်ချုပ်မှူးကြီးစောမောင်ကို အနားပေးပြီးနောက် နဝတ ဥက္ကဋ္ဌအဖြစ် သူ့ကို ဆက်ခံသည့် ဗိုလ်ချုပ်ကြီး သန်းရွှေက ရာထူးလက်ခံပြီးနောက်နေ့မှာပင် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲရန် အမျိုးသားညီလာခံ ကျင်းပမည်ဟု ကြေညာသည်။ ဖိတ်ကြားခံရသည့် ညီလာခံကိုယ်စားလှယ် ၇၀၂ ဦးအနက် ၁၉၉၀ ပြည့်နှစ်အတွင်း ရွေးကောက်တင်မြှောက်ခံရသော နိုင်ငံရေးသမားမှာ ၁၀၀ ပင်မပြည့်ဘဲ ကျန်သူတို့ကို နဝတက စိတ်ကြိုက်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၉၃ တွင် ညီလာခံကို ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။

၁၉၉၅

ဇူလိုင်လ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။

နိုဝင်ဘာလ၊ အမျိုးသားညီလာခံမှ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်များ ထွက်ခွာခဲ့ကြသည်။

၁၉၉၇

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပိုမိုတင်းကျပ်စွာ ကိုင်တွယ်

သူခေါင်းဆောင်၍ နဝတကို ဖျက်သိမ်းပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖွဲ့စည်းလိုက်သည်။ ဗိုလ်သန်းရွှေ၏ စစ်အစိုးရသည် ဗိုလ်နေဝင်း၏ နိုင်ငံကို ချွတ်ခြုံကျစေသည့် ဆိုရှယ်လစ် အတွေ့အကြုံများမှ ခွဲထွက်လိုက်သည်။ အေးချမ်းဖြိုးကောင်စီသည် အကန့်အသတ်ဖြင့် ဈေးကွက်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို မိတ်ဆက်ကျင့်သုံးကာ နိုင်ငံခြား အရင်းအနှီးများကို ဖိတ်ခေါ်လာသည်။ မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားဒီမိုကရေစီရေး တိုက်ပွဲဝင်သူများအား စစ်အစိုးရ၏ ကြာရှည်လေးမြင့် နှိပ်စက်ညှဉ်းပန်းနေခြင်း၊ တိုင်းရင်းသား လူနည်းစုများအား ဆက်လက်တိုက်ခိုက်နေခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ မနှစ်မြို့ဖွယ် မှတ်တမ်းများ ရှိခြင်းတို့ကြောင့် စစ်အစိုးရကို နိုင်ငံတကာက ဖယ်ကြဉ်ခံထားရသူအဖြစ် တိုး၍သာ သတ်မှတ်လာကြတော့သည်။

၂၀၀၃

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်က “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” စနစ်ဆီ ဦးတည်သည့် လမ်းပြမြေပုံကို ထုတ်ပြန်ကြေညာသည်။ ထိုအစီအစဉ်က မြန်မာနိုင်ငံ၏ နိုင်ငံတကာပုံရိပ်ကို ပြန်လည်တည်ဆောက်ယူရန် ရည်ရွယ်ရင်း ဖြစ်သည်။ ယင်းသို့ လမ်းပြမြေပုံ ထုတ်ပြန်ပြီး တစ်နှစ်ကျော်အကြာ၌ စစ်ထောက်လှမ်းရေး၏ အထူးသြဇာညောင်းနေမှုများကြောင့် ဗိုလ်ခင်ညွန့် ထိန်းသိမ်းခံရကာ စစ်တပ်အရာရှိကြီးများနှင့် အရပ်သားများစွာ နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ကြရသည်။

၂၀၀၆

မြို့တော်ကို ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့သည်။

ဓာတ်ပုံ - အင်တာနက်

ဓာတ်ပုံ – အင်တာနက်

၂၀၀၇

ရွှေဝါရောင် တော်လှန်ရေး

လောင်စာဆီဈေးကို ကျားကန်ပေးထားသည့် အစိုးရ ကျခံငွေကို ဖြတ်တောက်ရန် မကြေညာဘဲ ရုတ်ချည်းဆုံးဖြတ်လိုက်ပြီးနောက် လောင်စာဆီဈေးနှင့် စားဝတ်နေရေးစရိတ်များ တဟုန်ထိုး မြင့်တက်သွားရာ ပြည်သူတို့၏ ကန့်ကွက်ဆန္ဒပြပွဲများ ကြိုးကြား ကြိုးကြား ထွက်ပေါ်လာပြီးနောက် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ဆန္ဒပြပွဲအတွင်း သံဃာ သုံးပါး ထိခိုက်ဒဏ်ရာရသည်တွင် သံဃာတော်များ လမ်းပေါ်ထွက် ဆန္ဒပြကြသည်ထိ အရှိန်မြင့်တက်လာခဲ့သည်။ စက်တင်ဘာလကုန်ပိုင်းတွင် စစ်တပ်က ပစ်ခတ်နှိမ်နင်းကာ ဆန္ဒပြလှုပ်ရှားမှုကို မဖြိုခွင်းမီအထိ ရန်ကုန်နှင့် အခြားမြို့ကြီးများ၌ သံဃာတော် ထောင်ချီ၍ လှည့်လည်ဆန္ဒပြခဲ့ကြသည်။ 

၂၀၀၈

နာဂစ်မုန်တိုင်း ဧရာဝတီတိုင်းကို တိုက်ခတ်ပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူ

မေလ ၂ – ၃ ရက်နေ့များ၌ တိုက်ခတ်သွားသည့် မုန်တိုင်းမှာ မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံး သဘာဝဘေးဆိုးကြီး ဖြစ်ကာ လူပေါင်း ၁၄၀,၀၀၀ ခန့် သေဆုံးခဲ့သည်။ နိုင်ငံခြားအကူအညီနှင့် ကယ်ဆယ်ရေးသမားများ ဝင်ရောက်မှုကို ကနဦးပိုင်းက ပိတ်ပင်ခဲ့မှုကြောင့် အေးချမ်းဖြိုးကောင်စီမှာ နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရသည်။ လူသားချင်းစာနာမှု ပြဿနာများ ပေါ်ပေါက်နေသည့်ကြားမှ ၂၀၀၈ ဖွဲ့စည်းပုံမူကြမ်းကို အတည်ပြုရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို အေးချမ်းဖြိုးကောင်စီက မူလစီစဉ်ထားသည့်အတိုင်း မေ ၁၀ ရက်၌ ကျင်းပခဲ့သည်။ ဖွဲ့စည်းပုံဥပဒေမူကြမ်းကို မဲဆန္ဒရှင် ၉၂ ဒသမ ၄ ရာခိုင်နှုန်း ထောက်ခံမဲဖြင့် အတည်ပြုကြောင်း စစ်အစိုးရက ကြေညာခဲ့သည်။

၂၀၁၀

ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ အနိုင်ရ

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသော ပုဒ်မနှင့် အခြားလက်မခံနိုင်သော ပုဒ်မများ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တွင် ပါရှိသည့်အတွက် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် အင်န်အယ်လ်ဒီက ငြင်းဆိုခဲ့သော်လည်း အနှစ် ၂၀ အတွင်း ပထမဆုံးအဖြစ် မြန်မာတနိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပေးသည့် ပါတီစုံ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့သည်။ စစ်တပ်က ထောက်ခံသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့်တိုင် မဲရုံများ၌ အထောက်အထား ရှိသော မမှန်မကန် လုပ်ရပ်များဖြင့် အောင်နိုင်ခဲ့ကြောင်း ဆိုကြသည်။

၂၀၁၁

အစိုးသစ်ကို ဦးသိန်းစိန် ဦးဆောင်

ဇန်နဝါရီလတွင် ပြည်သူ့လွှတ်တော်သစ်က ဦးသိန်းစိန်ကို သမ္မတ တင်မြှောက်ပြီး အေးချမ်းဖြိုးကောင်စီက အစိုးရသစ်ထံ အာဏာလွှဲပြောင်းအပ်နှင်းကာ မတ်လတွင် နိုင်ငံရေးဇာတ်ခုံမှ ပျောက်ကွယ်သွားတော့သည်။ ဦးသိန်းစိန်၏ ကြံ့ခိုင်ရေးပါတီ အစိုးရသည် မျှော်လင့်မထားသော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ချမှတ်ဆောင်ရွက်ကာ တိုင်းပြည်ကို ပြင်ပကမ္ဘာကြီးသို့ ဖွင့်လှစ်ခင်းကျင်းပေးလိုက်သည်။ နောက်နှစ်၌ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုများ တဖြည်းဖြည်း ဖြေလျှော့ပေးလာကြပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများလည်း စတင်တိုးမြင့်လာကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်လာသည့်ပြင် လွတ်ငြိမ်းချမ်းသာခွင့်များကြောင့်လည်း နိုင်ငံရေး အကျဉ်းသားထောင်ချီ၍ လွတ်မြောက်သွားကြသည်။

၂၀၁၂

ပြည်သူ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပ

အင်န်အယ်လ်ဒီပါတီက ပါဝင်အရွေးခံရာ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မှ ဝင်ပြိုင်သော ဒေါ်အောင်ဆန်းစုကြည်၏ တစ်နေရာ အပါအဝင် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ ယင်းနှစ်မှာပင် စာပေစိစစ်ရေး တရားဝင် ပိတ်သိမ်းပြီး မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ ပထမဆုံးလာရောက်မှုအဖြစ် ဘားရက် အိုဘားမား အလည်အပတ် ရောက်ရှိလာသည်။ ကိုကာကိုလာ အပါအဝင် နိုင်ငံတကာ ကုမ္ပဏီများလည်း တိုင်းပြည်အတွင်း ဝင်ရောက်လုပ်ကိုင်လာသည်။

၂၀၁၃

မြန်မာအစိုးရက ပထမဆုံး နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် လိုင်စင်များ ချပေးလာသည်။

၂၀၁၄

၁၉၉၇ ခုနှစ်တွင် ဝင်ခွင့် ရရှိပြီးနောက် ပထမဆုံးအကြိမ် အာဆီယံအဖွဲ့ ဥက္ကဋ္ဌရာထူး ထမ်းဆောင်ခွင့် ရရှိခဲ့သည်။

၂၀၁၅

အောက်တိုဘာလ၊ မြန်မာအစိုးရက တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်နက်ကိုင် တိုင်ရင်းသားအဖွဲ့များနှင့် လက်မှတ်ရေးထိုးချုပ်ဆိုသည်။

၂၀၁၅

နိုဝင်ဘာလ၊ အင်န်အယ်လ်ဒီက ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲ၌ အနိုင်ရရှိ

ရွေးကောက်ပွဲကို နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ကျင်းပခဲ့ရာ အင်န်အယ်လ်ဒီက တောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့သည်။ ဒေါ်စုမှာ သမ္မတမဖြစ်နိုင်ခဲ့သော်လည်း သူသည် ပါတီ၏ အာဏာအရှိဆုံးခေါင်းဆောင်အဖြစ် ရပ်တည်ကျန်ရစ်သည်။

၂၀၁၆

ဦးထင်ကျော်အား အင်န်အယ်လ်ဒီ သမ္မတအဖြစ်ရွေးချယ်

မြန်မာတနိုင်ငံလုံး ဧရာမ စိမ်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရသည်။ ယင်းတို့အနက် အကြီးမားဆုံး တစ်ချက်မှာ အစိုးရသစ်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားလွန်းခြင်းပင်တည်း။

မြင့်စိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် နေပြည်တော်၌ သမ္မတဟောင်း ဦးသိန်းစိန်နှင့် သမ္မတသစ် ဦးထင်ကျော်တို့အား အာဏာလွှဲအပ်သည့် အခမ်းအနားတွင် တွေ့ရစဉ်။ ဓာတ်ပုံ – စိုးသန်းလင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.