မြန်မာနိုင်ငံရှိ မူဆလင်များနှင့် နိုင်ငံသားဖြစ်ရေး

မူဆလင်အသိုက်အဝန်းမှ နိုင်ငံသား လျှောက်ထားသောအခါ အရာရှိများ ခိုင်းသည့်အတိုင်း “ဘင်္ဂါလီ” ဟု အမည်မတပ်က လွန်စွာနှောင့်နှေးကြန့်ကြာသည့် အဖြစ်မျိုးနှင့် ရင်ဆိုင်ရတတ်သည်။

သောမတ်စ် မန့်ချ် ရေးသားသည်။

ငယ်ရွယ်ထက်မြက်သူ မြန်မာမူဆလင်အမျိုးသမီး မနှင်းလှိုင်သည် သူ့ကိုယ်သူ “ဘင်္ဂါလီ” ဟု ဖော်ပြရန် သဘောမတူပါက မြန်မာနိုင်ငံသား မဖြစ်နိုင်ပေ။

ယင်းသို့ အမည်တပ်ခြင်းသည် သူ့ကိုထိခိုက်နစ်နာစေသည်ဟု ထင်မိသည်။ သို့သော်လည်း နိုင်ငံသားလက်မှတ် မရှိပြန်ပါက ၂၀၁၄ ခုနှစ်က သူ စတင်တက်ရောက်ခဲ့သော စီးပွားရေးဥပဒေဘွဲ့ကို သူ ရလိမ့်မည်မဟုတ်ပေ။ ဘွဲ့မရပါက သူ ရွေးချယ်ထားသည့် အသက်မွေးဝမ်းကျောင်းဖြစ်သော ရှေ့နေတစ်ယောက် ဖြစ်မလာနိုင်ပေ။

မြန်မာနှင့် မူဆလင် နှစ်ခုစလုံး မဖြစ်နိုင်သည့်အတွက်  ဘင်္ဂါလီအဖြစ် စာရင်းသွင်းရမည်ဟု လူဝင်မှုကြီးကြပ်ရေးအရာရှိက ပြောသည်။

သူ ငြင်းပယ်ခဲ့လေသည်။

“တော်တော်စိတ်ပျက်ဖို့ ကောင်းတာပဲ။ ကျွန်မမွေးတဲ့နိုင်ငံမှာ ကျွန်မက ဘာဖြစ်လို့ တစိမ်းဆန်ဆန် ဖြစ်နေရတာလဲ။ ကျွန်မရဲ့ဘိုးဘေးဘီဘင်တွေ ခေါင်းချခဲ့တဲ့နေရာ မဟုတ်ဘူးလား” ဟု သူက ဆိုသည်။

နိုင်ငံသားဖြစ်မှုနှင့် ငြင်းပယ်ခံအမွေအနှစ်

မနှင်းလှိုင်သည် လူမျိုးစုအမွေအနှစ်နှင့် နိုင်ငံသားမှုဖြစ်မှုကို အငြင်းပယ်ခံနေရသည့် မြန်မာမူဆလင် ထောင်ပေါင်းများစွာထဲမှတစ်ဦး ဖြစ်သည်။

၁၉၈၈ ခု မတိုင်မီက မြန်မာမူဆလင်များသည် ၎င်းတို့၏ အမျိုးသားမှတ်ပုံတင်ကတ်ပြားပေါ်တွင် လူမျိုးကို ဖော်ပြရာ၌ အတော်အတန် လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ရှိခဲ့သည်။  ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုး ရေးကောင်စီ State Law and Order Restoration Council သည် အမျိုးသားမှတ်ပုံတင်ကတ်များနေရာ၌ လက်ရှိသုံးစွဲနေသော ပန်းရောင်နိုင်ငံသား စိစစ်ရေးကတ်များကို စတင်အစားထိုးခဲ့သည်။

“အဲဒီအချိန်က လုပ်အားပေးတွေနဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက (မူဆလင်တွေရဲ့ကတ်ပြားပေါ်မှာ) “ဘင်္ဂါလီ” လို့ ရေးပေးပါတယ်။ အဲဒီတုန်းက ကျွန်တော်က လူဝင်မှုကြီးကြပ်ရေးဌာနမှာ ဦးစီးအရာရှိ တစ်ယောက်ပါ။ ကျွန်တော်တို့ ‘ဘင်္ဂါလီ’ နဲ့   ‘သွေးနှော’ ဆိုတဲ့စကားလုံးကို အဲဒီအချိန်က စသုံးတာပါ” ဟု မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးမှ ဒုတိယဦးစီးမှူး တစ်ဦးက ဖရန်တီယာကို ပြောသည်။

ဘင်္ဂါလီဟူသော အမှတ်တံဆိပ်က သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟုခေါ်သော ရခိုင်ပြည်နယ်မှ မူဆလင်များအား သတ်မှတ်သုံးစွဲခဲ့ပြီးနောက်ပိုင်း မကြာသေးမီ နှစ်များအတွင်းမှစ၍ မနှစ်မြို့စရာ ဖြစ်ခဲ့သည်။ သူတို့ထဲမှ အများစုမှာ မျိုးဆက်ပေါင်းများစွာ မြန်မာပြည်တွင် နေထိုင်ခဲ့ကြသော်လည်း လူတစ်သန်းကျော်ရှိသော ယင်းအသိုက်အဝန်းမှ သူများသည် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ရွှေ့ပြောင်းလာသည့်သဘော သက်ရောက်နေသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လနှောင်းပိုင်းက အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် Arakan Rohingya Salvation Army စစ်သွေးကြွများ၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်က ပြင်းပြင်းထန်ထန် တုံ့ပြန်မှုများကြောင့် ဘေးအန္တရာယ်လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသူ ဘင်္ဂါလီ ၆၅၀,၀၀၀ ကျော် ရှိခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် နိုင်ငံသားအဖြစ် ရရှိရေးမှာ အရေးအကြီးဆုံး ပြဿနာ ဖြစ်ခဲ့သည်။

သို့သော်လည်း  နိုင်ငံသားဖြစ်ရေးသည် နိုင်ငံတဝန်းတွင် ဖြစ်ပေါ်နေသော ပြဿနာဖြစ်ပြီး ဘက်လိုက်မှုနှင့် ခွဲခြားမှုကို ခံနေရသည်မှာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ခေါ်နေသူများသာ မဟုတ်ကြောင်း ကမ္ဘာကြီးက သိစေလိုသည့်ဆန္ဒမှာ မူဆလင်အသိုင်းအဝိုင်းခေါင်းဆောင်များထံ၌ ရှိနေသည်။

အသက် ၂၅ နှစ်အရွယ် မနှင်းလှိုင်သည် အကြောင်းယုတ္တိမဲ့သော ၎င်း၏အခြေအနေကို ရယ်စရာတစ်ခုသဖွယ် သဘောထားနိုင်ခဲ့သော်လည်း နောက်ငါးနှစ်အကြာတွင် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရာ၌ ၎င်းအတွက် ရွေးချယ်စရာမှာ အကန့်အသတ်ရှိနေခဲ့သည်။

“လောလောဆယ်မှာတော့ ‘ဘင်္ဂါလီ’ ဆိုတဲ့စကားလုံးက လူမျိုးရေးခွဲခြားတဲ့စကားလုံး ဖြစ်နေပါတယ်။ ဒါ့ကြောင့် စာရွက်စာတမ်း အထောက်အထားပေါ်မှာ ဘင်္ဂါလီလို့ မပါစေချင်ပါဘူး” ဟု ၎င်းက ပြောသည်။

ယာယီသက်သေခံလက်မှတ် အပ်နှံပြီးကြောင်း အထောက်အထားစာရွက်။ ဓာတ်ပုံ - တေဇလှိုင်

ယာယီသက်သေခံလက်မှတ် အပ်နှံပြီးကြောင်း အထောက်အထားစာရွက်။ ဓာတ်ပုံ – တေဇလှိုင်

၎င်း၏မိသားစုထဲတွင် ဘင်္ဂလားဒေ့ရှ်မှ လာရောက်သူ တစ်ဦးမှမရှိပေ။ မနှင်းလှိုင်၏ မိသားစုများသည် အစ္စလာမ်ဘာသာကို ကိုးကွယ်သည်။ သို့သော်လည်း ယဉ်ကျေးမှုအရ သူသည် ဗမာတစ်ယောက်ပါဟု ဆိုသည်။ မျက်နှာလွှားဇာမဝတ်၊ ကျောင်းတွင်ဗုဒ္ဓဘာသာနည်းဖြင့် ရှိခိုးသည့်အတွက် သူ၏ ကိုးကွယ်ယုံကြည်မှုမှာ သိသာထင်ရှားမှုမရှိချေ။

မနှင်းလှိုင်အတွက် နိုင်ငံသားဖြစ်ရေးမှာ အသေအချာ ရသင့်သည့်ကိစ္စဖြစ်သည်။ မိဘနှစ်ပါးစလုံးက နိုင်ငံသားများ ဖြစ်ကြသည်။ မိခင်က ဗမာဗုဒ္ဓဘာသာနှင့် ဖခင်က မွန်ပြည်နယ်ဘက်မှ ဗမာမူဆလင် ဖြစ်သည်။ သို့ရာတွင် လွန်ခဲ့သော နှစ် ၃၀ က သူ၏မြို့နယ်မှ လူဝင်မှုကြီးကြပ်ရေးအရာရှိက ဖိအားပေးပြီး ဘင်္ဂါလီအဖြစ် စာရင်းသွင်းခဲ့သည်။

၂၀၁၂ ခုနှစ်တွင် မနှင်းလှိုင်က ပထမဆုံးအကြိမ် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသောအခါ  “ခင်ဗျားအဖေက ဘင်္ဂါလီတစ်ယောက် ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ခင်ဗျားကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်မပေးနိုင်ပါဘူး” ဟု လူဝင်မှုကြီးကြပ်ရေးအရာရှိက အခန်းထဲတွင် ကျယ်လောင်စွာ ပြောသည်။

ထိုအကြောင်းကို ပြန်ပြောရင်း ယခုချိန်ထိ သူ့ခမျာ သိသိသာသာ စိတ်လှုပ်ရှားနေဆဲဖြစ်သည်။

နောက်ပိုင်းတွင် ဗမာမူဆလင်အဖြစ် မှတ်ပုံတင်ရန် ဖျောင်းဖျပြောဆိုခြင်းနှင့် လာဘ်ပေးခြင်းအပါအဝင် ၎င်း၏ကြိုးပမ်းမှုမှန်သမျှ အချည်းနှီးဖြစ်ခဲ့သည်။

မနှင်းလှိုင်သည် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားဆဲဖြစ်ကြောင်း စာထုတ်ပေးရန် လူဝင်မှုကြီးကြပ်ရေး အရာရှိအား စည်းရုံးပြီးနောက် ၂၀၁၃ ခုနှစ်တွင် ဥပဒေဘွဲ့ကို သူ ဦးစွာရယူခဲ့သည်။

သို့သော် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိဘဲ အလုပ်သင်ရှေ့နေအဖြစ် တရားရုံးတစ်ခုတွင် ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ သို့မဟုတ် ရှေ့နေလိုက်၍ ရနိုင်မည်မဟုတ်ပေ။

ကုမ္ပဏီများကလည်း နိုင်ငံသားမဟုတ်သူများကို ခန့်ထားလိုမည် မဟုတ်သဖြင့် အလုပ်မရနိုင်ချေ။ သူ့အတွက် နိုင်ငံကူးလက်မှတ် မရနိုင်၍ နိုင်ငံခြားပညာတော်သင်အဖြစ် သွားနိုင်မည်မဟုတ်ပေ။

“ဒီပြဿနာမျိုး ကြုံရတာ  ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်မလိုလူစားတွေ အများကြီးပါ” ဟု သူက ဆိုသည်။

နိုင်ငံသားစိစစ်ရေးလက်မှတ်ရရှိရေး ဆောင်ရွက်ရာတွင် မူဆလင်များအား ခွဲခြားမှုသည် ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေသည်။ ၁၉၈၂  ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားကတ် ရထိုက်သူများတွင် နှောင့်နှေးကြန့်ကြာခြင်း၊ အချိန်ဆွဲခြင်းနှင့် မမှန်ကန်သော နိုင်ငံသားရရှိထားခြင်း စသည့်အဖြစ်အပျက် အများအပြားကို ဖရန်တီယာက သတိထားမိသည်။

သူ့ကိုဘင်္ဂါလီအဖြစ် သတ်မှတ်လိုပါသလားဟု အသက် ၂၄ နှစ်ရှိ ကိုမျိုးကျော်ကို မေးပင်မမေးချေ။ ထုံးစံအတိုင်း အချိန်များစွာ နှောင့်နှေးကာ လာဘ်ငွေပေးပြီးနောက် လူဝင်မှုကြီးကြပ်ရေးရုံးမှ ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ်ကို ရသောအခါ သူ့ကို “အိန္ဒိယ/ဗမာ+ ဘင်္ဂါလီ+အစ္စလာမ်” ဟု ရေးထားသည်ကို တွေ့လိုက်မိသော် သူ မူးမေ့မတတ် ဖြစ်ခဲ့ရသည်။

ပထမရေးသွင်းချက်နှစ်ခုကို ကိုမျိုးကျော် မအံ့သြပါ။ သူ့အဘိုးမှာ အိန္ဒိယလူမျိုးဖြစ်သဖြင့် သူ့မိဘများကို အိန္ဒိယနှင့် ဗမာဟု နှစ်ခုစလုံး ရေးသွင်းထားသည်။

သို့သော် သူတို့မိသားစုမှာ ဘင်္ဂလားဒေ့ရှ်နှင့် အဆက်အသွယ်မရှိပေ။ သူက ကန့်ကွက်သည်။ သို့သော် အလျင်အမြန် အလျှော့ပေးခဲ့ရသည်။ “ပြောနေလည်း လေကုန်ရုံပဲရှိမှာပါ” ဟု သူက ပြောသည်။

“အခုတော့ ကိုယ့်ကိုယ်ကို ဘာကောင်မှန်းတောင် မသိတော့ပါဘူး။ ကျွန်တော့်နောက်မျိုးဆက်တွေအတွက် ကျွန်တော် ဘာပြောရမလဲ။ အိန္ဒိယလား၊ ဗမာလား၊ ဘင်္ဂါလီလား”  ဟု သူက ပြောသည်။

ပဲခူးတိုင်းဒေသကြီးမှ အသက် ၂၂ နှစ်ရှိ ကိုမြတ်နိုင်သည် ၂၀၁၆ ခုနှစ်က နည်းပညာတက္ကသိုလ်မှ ဘွဲ့ရသောအခါ သူဘွဲ့အတွက် သားရေဖုံးဖိုင်အလွတ်တစ်ခုကိုသာ ရရှိခဲ့သည်။

ကိုမြတ်နိုင်သည် ၂၀၁၁ ခုနှစ်က ပထမအကြိမ် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားခဲ့သည်။ သို့သော်လည်း နှောင့်နှေးကြန့်ကြာမှုပေါင်းများစွာကို ကြိမ်ဖန်တလဲလဲ ရင်ဆိုင်ခဲ့ရသည်။

တောင်ကြီးမြို့နေ ဗမာဖခင်နှင့် မူဆလင်မိခင်တို့မှ မွေးဖွားသော်လည်း သူ၏ကိုးကွယ်မှုနှင့် “အသားမည်းမှု”တို့ကြောင့် လူဝင်မှုကြီးကြပ်ရေးအရာရှိက သူ့လျှောက်လွှာကို ဆောင်ရွက်ပေးရန် စိတ်မဝင်စားလေသလား ဟု သူ သံသယဝင်မိသည်။

သို့သော်လည်း ရှုပ်ထွေးမှုများ ရှိနေခဲ့သည်။ ကိုမြတ်နိုင်၏မိခင်သည် သုံးခေါက်ချိုးခေါ် အမျိုးသားမှတ်ပုံတင် ကတ်ပြား ပျောက်ဆုံးခဲ့သည်။ သူ၏မြို့နယ်လူဝင်မှုကြီးကြပ်ရေးအရာရှိက သူ့မိခင်၏နိုင်ငံသားဖြစ်ကြောင်းကို နေပြည်တော်မှထောက်ခံချက် ယူခိုင်းသည်။ လိုအပ်သော ထောက်ခံချက်ကို ရခဲ့သော်လည်း လူဝင်မှုကြီးကြပ်ရေး အရာရှိက ရန်ကုန်မှတ်တမ်းရုံးမှ နောက်ထပ်အချက်အလက်များ ထပ်မံရယူခိုင်းသည်။ ယခုထိဆိုပါက ခြောက်နှစ်ကြာသွားပြီဖြစ်သည်။

ကိုမြတ်နိုင်သည် ယခုအခါ အင်ဂျင်နီယာဘွဲ့အတွက် ဆက်လက်သင်ယူလျက်ရှိသော်လည်း ဘွဲ့ရဖို့နှင့် အလုပ်ရဖို့မှာ မသေချာလှပေ။

သူတို့၏ ကိုယ်ရေးလုံခြုံမှုကို လေးစားသောအားဖြင့် ဖရန်တီယာက မူဆလင်လူငယ်များ၏  အမည်ကို ပြောင်းလွှဲထားသည်။

မူဆလင်လူငယ်များ၏ နိုင်ငံသားလျှောက်ထားမှုကို အကူအညီပေးနေသော မူဆလင် ရှေ့နေ ဦးခင်မောင်ချိုအဖို့ ယင်းသို့သောကိစ္စများမှာ ရိုးနေပြီဖြစ်သည်။

“ဘင်္ဂါလီတွေကို ခွဲခြားဆက်ဆံတာပဲ ကမ္ဘာက သိနေတာပါ။ ဒါပေမဲ့ မြန်မာမူဆလင်တွေအားလုံးကို ခွဲခြားဆက်ဆံတာကိုတော့ ကမ္ဘာက မသိကြပါဘူး” ဟု ဦးခင်မောင်ချိုက ပြောသည်။

သွေးနှောမှု

လွန်ခဲ့သောနှစ်နှစ်ကျော်က ဦးခင်မောင်ဦးသည် ထင်ရှားသောမူဆလင် ရှေ့နေတစ်ဦးအဖြစ် အဆင့်မြင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများ အစည်းအဝေးကို တက်ရောက်ကာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းအကြောင်း ဆွေးနွေးခဲ့သည်။

မူဆလင်အဖွဲ့အစည်းငါးခုမှ ကိုယ်စားလှယ်များသည် ယခင်အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူအင်အားဝန်ကြီးဌာန ဝန်ကြီးဦးသိန်းဆွေနှင့် ၂၀၁၇ ခု ဇန်နဝါရီလ၌ မတွေ့ဆုံမီ ပထမဦးစွာ ရန်ကုန်မြို့၌ အကြီးတန်း လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ ထို့နောက် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် မူဆလင်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များက တာဝန်ရှိသူတို့အား ၁၉၈၂ ခု နိုင်ငံသားဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာကြရန် တိုက်တွန်းခဲ့ကြသည်။ ယင်းတို့မှာ အရေးတကြီးဖြစ်သော်လည်း လူသိရှင်ကြား ဝေဖန်ရန် တွန့်ဆုတ်နေကြသည်။

မူဆလင်လူငယ်များအား နိုင်ငံသားဖြစ်ရေးကူညီနေသည့် ရှေ့နေ ဦးခင်မောင်ချို။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

မူဆလင်လူငယ်များအား နိုင်ငံသားဖြစ်ရေးကူညီနေသည့် ရှေ့နေ ဦးခင်မောင်ချို။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများနှင့် မကိုက်ညီဟု ကျယ်ကျယ်ပြန့်ပြန့် အဝေဖန်ခံနေရသော ယင်းဥပဒေတွင် ယခင်ကတစ်မျိုးတည်းသာ သတ်မှတ်ထားသော နိုင်ငံသားဖြစ်မှုကို နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ဧည့်နိုင်ငံသားဟူ၍ သုံးမျိုးခွဲခြားထားသည်။

၁၉၈၂ ဥပဒေတွင် မိဘနှစ်ပါးစလုံး နိုင်ငံသားများမှ မွေးဖွားလာသူကို နိုင်ငံသားတစ်ယောက်အဖြစ် ပြဋ္ဌာန်းထားသည်။ စံနှုန်းသတ်မှတ်ချက် အရည်အသွေးနှင့် မကိုက်ညီသူများကို နိုင်ငံသားပြုခွင့်ရသူ၊ သို့မဟုတ် ဧည့်နိုင်ငံသားအဖြစ် သတ်မှတ်ပြီး နိုင်ငံသားများထက် ရရှိသောအခွင့်အရေးနည်းသည်။

နိုင်ငံသားဖြစ်ခွင့်ရှိသော်လည်း “ဧည့်နိုင်ငံသားအဖြစ် ဇွတ်ပေးခံထားရသော” သူများနှင့်ပတ်သက်သော အမှုတွဲများ ရှေ့နေဦးအုန်းမောင်၏ စားပွဲပေါ်တွင် တစ်ပုံကြီး ရှိနေသည်။

နိုင်ငံသားတစ်မျိုးတည်း သတ်မှတ်ရာမှ သုံးမျိုးသို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြင့် ခွဲခြားဆက်ဆံရန် အခွင့်အလမ်းပိုရသွားကြောင်း လူမျိုးရေးပဋိပက္ခ လျှော့ချပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးဖော်ဆောင်မှုကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးအုန်းမောင်က ပြောသည်။

မူဝါဒနှင့် စာရွက်စာတမ်း အထောက်အထားဆိုင်ရာ လုပ်ငန်းများက ၁၉၈၂ ခုနှစ်မှစ၍ ကြိမ်ဖန်များစွာ ပြောင်းလဲခဲ့ပြီး မူဆလင်များကို ဒုတိယတန်းစား နိုင်ငံသားအဆင့်သို့ လျှောကျသွားစေခဲ့သည်။ 

ဥပမာ ၁၉၈၂ ခုနှစ်တွင် ဥပဒေ စတင်အသက်ဝင်ပြီးနောက် သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင် လက်မှတ်ဟောင်းရှိသူ ဗုဒ္ဓဘာသာအများစုသည် ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ်ကို လက်ခံရရှိခဲ့သော်လည်း မူဆလင်အများစုမှာ ကတ်ပြားလဲ၍ မရခဲ့ပေ။

“လူတွေကို သူတို့က ‘ခင်ဗျားက မူဆလင်ဆိုတော့  “သွေးနှော” လို့ပြောလို့ရတယ်။ ခြောက်လကြာရင် တစ်ခေါက်ပြန်လာပါ’ လို့ ပြောတယ်။ လူတွေ စိတ်ကသိကအောင့်ဖြစ်ပြီး သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်ကတ်ပြားကိုပဲ ဆက်ကိုင်ထားကြတယ်” ဟု ဦးအုန်းမောင်က ပြောသည်။

လူမျိုးသတ်မှတ်ချက်တွင် “ဘင်္ဂါလီ” သို့မဟုတ် “သွေးနှော” ဟု ရရှိထားသူများသည် ယခုအခါ သူတို့ကလေးများအတွက် နိုင်ငံသားစိစစ်ရေးကတ် မရနိုင်ဘဲ ဖြစ်နေသည်။

“မူကြိုနဲ့ အလယ်တန်းကျောင်းတွေမှာ ကျောင်းသားမှတ်ပုံတင် ထုတ်ပေးတဲ့အခါ ဗုဒ္ဒဘာသာလို့ပါတဲ့ ကလေးတွေ နိုင်ငံသားရတယ်။ ဒါပေမဲ့ တစ်ခုံတည်း အတူတူထိုင်ကြပြီး ‘သွေးနှော’ လို့ပါတဲ့ ကလေးတွေကျတော့ နိုင်ငံသားဖြစ်ဖို့ အသည်းအသန် လုပ်နေရတယ်။ သူတို့မိဘတွေ နိုင်ငံသားဖြစ်ဖြစ် မဖြစ်ဖြစ် သူတို့က တန်းတူအခွင့်အရေး မရကြပါဘူး” ဟု ဦးအုန်းမောင်က ပြောသည်။

“ကျူးကျော်များ” ကိုပင် နိုင်ငံသားကတ် ထုတ်ပေးသော်လည်း မူဆလင်များကို ဥပေက္ခာပြုထားကြကြောင်း ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုအနက် ၁၁ ခုရှိမြို့နယ်ပေါင်း ၁၂၂ ခုတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစ္စလာမ္မစ်ဘာသာရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောသည်။

“ကျွန်တော်တို့ကို သွေးနှောလို့ မခေါ်ပါနဲ့ ။ ဒီလိုခေါ်တာ ရိုင်းပါတယ်။ ပြောကြစတမ်းဆိုရင် လူတိုင်းက သွေးနှောတွေချည်းပါပဲလို့ ကျွန်တော်တို့က လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကို ပြောပါတယ်”

ခွဲခြားဆက်ဆံမှုက ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် မူဆလင်အနည်းစုသာ နိုင်ငံသားစိစစ်ရေး လက်မှတ်များရခဲ့ကြောင်း ဦးဝဏ္ဏရွှေက ပြောသည်။

“ဥပဒေကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်မယ်ဆိုရင် နိုင်ငံသားစိစစ်ရေးကတ် ရဖို့က အလွန်လွယ်ပါတယ်”

ရှေ့နေတစ်ဦးဖြစ်သူ ဦးကျော်ငြိမ်းက အမုန်းစကားမရှိ၊ ဗလီများလည်း ဖျက်ဆီးမခံရသည့် ၁၉၇၀ ပြည့်လွန်နှစ်များကို တမ်းတမ်းတတ ရှိနေသေးသည်။ ဓာတ်ပုံ - သောမတ်စ် မန့်ချ်

ရှေ့နေတစ်ဦးဖြစ်သူ ဦးကျော်ငြိမ်းက အမုန်းစကားမရှိ၊ ဗလီများလည်း ဖျက်ဆီးမခံရသည့် ၁၉၇၀ ပြည့်လွန်နှစ်များကို တမ်းတမ်းတတ ရှိနေသေးသည်။ ဓာတ်ပုံ – သောမတ်စ် မန့်ချ်

မူဆလင်အုပ်စု တစ်ခုဖြစ်သော Jamiat Ulama El-Islam Myanmar ၏ ရှေ့နေတစ်ဦးဖြစ်သူ ဦးကျော်ငြိမ်းက ၁၉၇၀ ပြည့်လွန်နှစ်များဖြစ်သော “ခေတ်ဟောင်း” ကို တမ်းတမ်းတတ ရှိသည်။ ထိုအချိန်က အမုန်းစကားမရှိ၊ ဗလီများလည်း ဖျက်ဆီးမခံရကြောင်း သူက ပြောသည်။

 “ကျွန်တော်တို့က မြန်မာပြည်မှာ မွေးတာပါ။ အလားတူ ထမင်းကိုပဲစားတယ်။ လက်ရေတပြင်စီး နေခဲ့ကြတာပါ” ဟု သူက ဆိုသည်။

အစိုးရမူဝါဒ

မူဆလင်တစ်ယောက်၏ လျှောက်လွှာကို စိစစ်သောအခါ ဘင်္ဂါလီလား၊ အိန္ဒိယလား၊ သို့မဟုတ် ပါကစ္စတန်လားဆိုသည့် လူမျိုးသတ်မှတ်ချက်ကို မဆုံးဖြတ်မီ သူ့မိသားစု၏ ဇာစ်မြစ်ကို လူဝင်မှုကြီးကြပ်ရေးအရာရှိက စိစစ်ရမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ ရန်ကုန်မှ လူဝင်မှုကြီးကြပ်ရေးအရာရှိက ပြောသည်။

“အခုအချိန်မှာတော့ သူတို့ကတ်တွေမှာ ကျွန်တော်တို့က ဘင်္ဂါလီလို့ချည်းတော့ အမြဲတမ်းမရေးပါဘူး။ အဲဒီလိုလုပ်ရင် သူတို့က လက်မခံဘဲ တိုင်တော့မှာပါ။ သူတို့ဘယ်သူဘယ်ဝါဖြစ်တယ်၊ သူတိုရဲ့မျိုးရိုးစဉ်ဆက်က ဘာဖြစ်တယ်ဆိုတာကို သိရဖို့ သူတို့ရဲ့နောက်ကြောင်းနဲ့ စာရွက်စာတမ်း အထောက်အထားတွေကို ကျွန်တော်တို့ စစ်ဆေးဖို့လိုပါမယ်” ဟု သူက ပြောသည်။

လျှောက်ထားသူ၏ မိဘနှစ်ပါးက နိုင်ငံသားအပြည့်အဝ မဖြစ်ပါက နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်က ကြန့်ကြာနိုင်သည်။ ယင်းအခြေအနေမျိုးတွင် လျှောက်လွှာကို နိုင်ငံတော်၊ သို့မဟုတ် တိုင်းဒေသကြီးအဆင့်က ဆုံးဖြတ်ပေးရမည်ဖြစ်သည်။

“တခါတရံ မူဆလင်မှ မဟုတ်ပါဘူး(မိဘနှစ်ပါးစလုံး နိုင်ငံသားအပြည့်အဝ မဟုတ်တဲ့) တခြားလူတွေအတွက်လည်း အချိန်အလွန်ကုန်ပါတယ်” ဟု ထိုလူဝင်မှုကြီးကြပ်ရေးအရာရှိက ပြောသည်။

ကြန့်ကြာမှု၊ သို့မဟုတ် အဂတိလိုက်စားမှုများကို အထက်အရာရှိများထံ တင်ပြနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူအင်အားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

၂၀၁၆ ခုနှစ် အင်န်အယ်လ်ဒီအစိုးရ အာဏာရလာပြီးနောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးဌာန ၆၈ ခုကို ဝန်ကြီးဌာနက အရေးယူဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြောကြားသော်လည်း သူတို့ကို အဘယ့်ကြောင့် အပြစ်ပေးခဲ့သည်ကို မပြောကြားခဲ့ပေ။

“ဘင်္ဂါလီ” ဟူသော အသုံးအနှုန်းနှင့်ပတ်သက်၍ သူက ကာကွယ်ပြောကြားရာတွင် ၁၉၂၁ ခု၊ ၁၉၃၁ ခုနှင့် ၁၉၄၁ ခုက ဗြိတိသျှကိုလိုနီအာဏာပိုင်တို့ ကောက်ယူခဲ့သော သန်းခေါင်စာရင်းတွင်လည်းကောင်း၊ ၁၉၈၃ ခု သန်းခေါင်စာရင်းတွင်လည်းကောင်း အချို့မူဆလင်များကို ယင်းသို့သုံးနှုန်းခဲ့ကြောင်း သူက ပြောသည်။

ခရိုင်၊ သို့မဟုတ် ပြည်နယ်၊ သို့မဟုတ် တိုင်းဒေသကြီးအဆင့်ထိ တင်ပြရသည့်အခါ နိုင်ငံသားစိစစ်ရေး လျှောက်ထားမှုများသည် ကြန့်ကြာတတ်ကြောင်းလည်း သူက ပြောသည်။

“နိုင်ငံသား မိဘနှစ်ဦးစလုံးက မွေးဖွားသူဖြစ်မယ်ဆိုရင် မြန်မာဖြစ်စေ၊ မူဆလင်ဖြစ်စေ မြို့နယ်အရာရှိက နိုင်ငံသားစိစစ်ရေးကတ်ပြားကို ထုတ်ပေးနိုင်ပါတယ်” ဟု ဆိုသည်။

အဖွဲ့အစည်းအလိုက် လူမျိုးရေးခွဲခြားမှု

မြန်မာနိုင်ငံတွင် မူဆလင်များအား ဆက်ဆံမှုသည် အဖွဲ့အစည်းအလိုက် လူမျိုးရေးခွဲခြားမှုအဆင့်သို့ ရောက်ရှိလာကြောင်း Fortify Rights စောင့်ကြည့်လေ့လာရေးအဖွဲ့မှ လူ့အခွင့်အရေး ချိုးဖောက်မှု လေ့လာစောင့်ကြည့်ရေး သုတေသီ မစ္စတာ နစ်ကီဒိုင်းမွန်းက ပြောသည်။

မူဆလင်များသည် တစ်မျိုးမဟုတ်တစ်မျိုး ခွဲခြားဆက်ဆံမှုများနှင့် ရင်ဆိုင်နေရသော်လည်း ဘင်္ဂါလီ ဟု ကင်ပွန်းတပ်တတ်သော အစိုးရဝန်ထမ်းများ၏ ဆက်ဆံမှုက ၂၀၁၆ ခုအောက်တိုဘာက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ASRA စစ်သွေးကြွများ၏ တိုက်ခိုက်မှုနောက်ပိုင်း ပိုမိုဆိုးလာသည်။

“ကျေးလက်ဒေသတွေမှာ ဒုက္ခရောက်နေတဲ့သူတွေ ကျွန်တော် အများကြီး တွေ့ရတယ်။ သူတို့က ဆင်းရဲကြလို့ လာဘ်ထိုးဖို့ ငွေကြေးမရှိကြဘူး။ ယေဘုယျအနေနဲ့ အများစုက ပညာမတတ်ကြတော့ မူဝါဒနဲ့ လုပ်နည်းလုပ်ဟန်တွေ မကြာခဏ ပြောင်းတဲ့အခါ အလူးအလဲခံရတယ်” ဟု မစ္စတာ ဒိုင်းမွန်းက ပြောသည်။

“ဒုက္ခခံစားနေရတဲ့ လူတွေရဲ့စကားသံကို အစိုးရက ဘယ်တော့မှ နားမထောင်ဘူး။ မြေပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သတင်းပို့ပေးဖို့ အစိုးရမှာ ယန္တရား ရှိသင့်တယ်။ စကားသံတွေကို နားထောင်ပြီးမှသာ ခွဲခြားဆက်ဆံမှုနဲ့ အဂတိလိုက်စားမှုတွေကို အဆုံးသတ်နိုင်စေမယ့် မူဝါဒကို ချမှတ်နိုင်ပါလိမ့်မယ်” ဟု ဆိုသည်။

၂၀၁၇ ဇန်နဝါရီလအတွင်းက ဘူးသီးတောင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံသားလျှောက်ထားသူအမျိုးသမီးကို ဓာတ်ပုံရိုက်ယူစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

၂၀၁၇ ဇန်နဝါရီလအတွင်းက ဘူးသီးတောင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံသားလျှောက်ထားသူအမျိုးသမီးကို ဓာတ်ပုံရိုက်ယူစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

လူမျိုးအပါအဝင် အသိအမှတ်ပြုခံရဖို့အတွက် ကလေးသူငယ်တစ်ယောက်၏ ရပိုင်ခွင့်ကို ၁၉၉၁ ခုက မြန်မာနိုင်ငံက အသိအမှတ်ပြုထားသော  ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ကွန်ဗင်းရှင်း United Nations Convention on the Rights of the Child -UNCRC တွင် ပြဋ္ဌာန်းထားကြောင်း မစ္စတာ ဒိုင်းမွန်းက ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေအတွင်း မွေးဖွားလာတဲ့ ကလေးတိုင်းက နိုင်ငံသားဖြစ်ဖို့ အကျုံးဝင်ပါတယ်။ ကလေးသူငယ် အများအပြားက ဒီအခွင့်အရေးကို ငြင်းပယ်ခံနေရပါတယ်။ ဒါက UNCRC နဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေကို ဖောက်ဖျက်တာဖြစ်ပါတယ်”  ဟု သူက ဆိုသည်။

မစ္စတာ ဒိုင်းမွန်းက သူ့ကိုယ်သူ မြန်မာမူဆလင်ဟု ပြောသည်။သို့သော် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားသောအခါ မြန်မာမူဆလင်ဖြစ်သူ အဘိုး၏ အာရပ်နာမည်ကို လူဝင်မှုကြီးကြပ်ရေးအရာရှိက သတိပြုမိသောအခါ မြန်မာမူဆလင်အစား အိန္ဒိယလူမျိုးအဖြစ် ရွေးချယ်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးရုံးတွင် သူထိုင်နေစဉ် ဘင်္ဂါလီဟု အမည်တပ်သည်နှင့်စာလျှင် အိန္ဒိယဟု အမည်တပ်သည်က ပို၍စိတ်ချရမည်ဟု သူ စဉ်းစားမိသည်။ အခန်းတွင်းသို့ ကြည့်လိုက်သောအခါ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ဆောင်ပုဒ်ကို နံရံပေါ်တွင ်တွေ့ရသည်။

“မြေမြို၍ လူမျိုးမပျောက်၊ လူမြိုမှ လူမျိုးပျောက်မည် ”

နိုင်ငံသားစိစစ်ရေးအပေါ် ယုံကြည်မှုနည်းပါး

သူတို့၏ ကန့်ကွက်ပြောဆိုမှုများကို လူဝင်မှုကြီးကြပ်ရေး အရာရှိများက တုံ့ပြန်မည်ကို သူတို့ မျှော်လင့်မထားသကဲ့သို့ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်ဒုက္ခသည်များအတွက် အဆိုပြုထားသော နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်အပေါ် မူဆလင်ခေါင်းဆောင်များက ယုံကြည်မှုနည်းသည်။

ယာယီမှတ်ပုံတင်ကတ်ပြား၊ သို့မဟုတ် ၁၉၉၅ ခုနှစ်က အမြောက်အမြား ထုတ်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရက ဖျက်သိမ်းခဲ့သော ဝှိုက်ကတ်များနေရာတွင် နိုင်ငံသားစိစစ်ရေးကတ်များကို စတင်အစားထိုးခဲ့သည်။

ထိုအချိန်က လူပေါင်းတစ်သန်းခန့် ရှိမည်ဖြစ်ပြီး အများစုမှာ ရခိုင်ပြည်နယ်မှ မူဆလင်များဖြစ်သည်။ ကိုင်ဆောင်သူများအား ကတ်များကို လာရောက်အပ်နှံရန်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအတွက် မှတ်ပုံတင်ကြရန် အမိန့်ထုတ်ထားသည်။ ထို့နောက်မှ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်သည်။

သို့တစေ လုပ်ငန်းဆောင်ရွက်မှုများက နှေးကွေးသည်။ သူတို့နှစ်သက်ရာ လူမျိုးအမည်ကိုသုံး၍ လျှောက်ထားခြင်းနှင့် ယခင်က သူတို့သည် နိုင်ငံသားအဖြစ် အပြည့်အဝရထားပြီးကြောင်း ပြောဆိုကာ အများစုက စိစစ်ရေးလုပ်ငန်းစဉ်ကို ဆန့်ကျင်ကြသည်။

ရခိုင်ပြည်နယ်တွင် မူဆလင် ၁၀,၀၀၀ ခန့် နိုင်ငံသားစိစစ်ရေးလက်မှတ်ကို ရရှိထားကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးကော်မရှင်က သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့တွင် ထုတ်ပြန်သော အပြီးသတ်အစီရင်ခံစာ၌ ဖော်ပြသည်။

လွန်ခဲ့သောနှစ်နှစ်အတွင်း အစ္စလာမ်အသိုက်အဝန်းမှ ခေါင်းဆောင်များနှင့် ပြုလုပ်သော အစည်းအဝေးများ၌ လူဝင်မှုကြီးကြပ်ရေး အရာရှိများက နိုင်ငံအတွင်းရှိ မူဆလင်များအားလုံးအတွက် နိုင်ငံသားစိစစ်ရေး အစီအစဉ်ကိုပင် အဆိုပြုခဲ့ကြောင်း  ဖရန်တီယာကိုပြောသည်။ တာဝန်ရှိသူများသည် ထိုအချိန်မှစ၍ ယင်းအစီအစဉ်ကို သွေဖီသွားကြောင်း အစည်းအဝေးတက်သူ အများစုက ဖရန်တီယာကို ပြောသည်။ အဆိုပြုချက်နှင့်ပတ်သက်သော မေးခွန်းများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။ နိုင်ငံသားစိစစ်ရေးကတ်သည် “ဥပဒေအရ အခြေအမြစ် မရှိသောအရာ” ဖြစ်ကြောင်းနှင့် ဥပဒေအရ အကာအကွယ်ပေးမှုနှင့် အမှန်တကယ် နိုင်ငံသားဖြစ်မှုကိုလည်း ကတိကဝတ် မရှိကြောင်း ရှေ့နေ ဦးခင်မောင်ချိုက ပြောသည်။

နိုင်ငံသားစိစစ်ရေး အစီအစဉ်သည် ၁၉၅၁ ခု မြန်မာနိုင်ငံတွင် နေထိုင်သူများ မှတ်ပုံတင်ရေး စည်းမျဉ်းဥပဒေ 1951 Resident of Burma Registration Rules ကို အခြေခံထားကြောင်း ယင်းဥပဒေအရ white card   ဟုခေါ်သော ယာယီအသိအမှတ်ပြု အထောက်အထားအဖြစ် ဖန်တီးထားခြင်းဖြစ်ကြောင်း ဦးခင်မောင်ချိုက ပြောသည်။

ယာယီကတ်ပြားကို ထုတ်ပေးခြင်းမှာ နေထိုင်သူ၏ ယာယီသက်သေခံကတ်ပြား ပျောက်ဆုံး၊ သို့မဟုတ် ပျက်စီးမှုအပါအဝင် အကြောင်းတရား အမျိုးမျိုးကြောင့် ထုတ်ပေးခြင်းဖြစ်သည်။ သို့ရာတွင် အများစု၊ အထူးသဖြင့် ရခိုင်ပြည်နယ်၌ နေထိုင်သူများသည် ၂၀၁၅ ခုနှစ် ဖျက်သိမ်းချိန်ထိ ဝှိုက်ကတ်ကို နှစ်ပေါင်း ၂၀ ခန့် ကိုင်ဆောင်ထားသူများဖြစ်ကြောင်း သူက ပြောသည်။

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူများသည် နိုင်ငံသားစိစစ်ရေး အစီအစဉ်အရ နိုင်ငံသားအဖြစ်ရရှိဖို့ မျှော်လင့်ချက်နည်းကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစ္စလာမ်ဘာသာရေးကောင်စီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောသည်။

“အစိုးရက ဥပဒေနှင့်အညီသာ စိစစ်ပြီး အလုပ်ကို မှန်မှန်ကန်ကန် လုပ်ကိုင်ကြောင်း ကမ္ဘာကိုပြသဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်” ဟု သူက ပြောသည်။

ဉာဏ်တင် ဘာသာပြန်သည်။

ဟိန်းကိုစိုး အားဖြည့်ရေးသားသည်။ ခေါင်းစီးဓာတ်ပုံ – Fortify Rights စောင့်ကြည့်လေ့လာရေးအဖွဲ့မှ သုတေသီ မစ္စတာ နစ်ကီ ဒိုင်းမွန်း။ ဓာတ်ပုံ – သိမ့်မွန်စိုး (ခ) ဂျေ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.