မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးလာနိုင်တဲ့ FinTech

လူအများစုတွင် ကိုယ်ပိုင်ဘဏ်စာရင်းပင် မရှိကြသေးသော မြန်မာနိုင်ငံ၌ ဒစ်ဂျစ်တယ် နည်းပညာများကို အခြေခံသော ဘဏ္ဍာရေး ဝန်ဆောင်မှုများက မိုဘိုင်းဘဏ်လုပ်ငန်းစနစ်၏ လွယ်ကူသက်သာမှုများကို ဆောင်ကျဉ်းလာရန် တာဆူလျှက်ရှိသည်

ပီတာ ဂျင်ဆင် ရေးသားသည်။

မိုဘိုင်းဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသော တယ်လီနောနှင့် ရိုးမဘဏ်တို့ ပူးပေါင်းလုပ်ဆောင်သော WaveMoney သည် မြန်မာနိုင်ငံတွင် မိုဘိုင်းဘဏ်စနစ် လုပ်ဆောင်ရန် အဆင်သင့် ဖြစ်မဖြစ်ကို စမ်းသပ်လာခဲ့သည်မှာ ခြောက်လ ကျော်နေပြီဖြစ်သည်။ ၎င်း၏ လုပ်ဆောင်ချက်များတွင် စမတ်ဖုန်း ရုပ်ပုံများကို ဝေငှပြီး ဒစ်ဂျစ်တယ်ခေတ်၏ လုပ်ဆောင်ချက်တစ်ခုဖြစ်သော ဖုန်းပွတ်သည့် သဘောကို လယ်သမားများ နားလည်နိုင်မည်လားကို စမ်းသပ်ခြင်းလည်း ပါဝင်သည်။

WaveMoney ၏ ဝန်ထမ်းများသည် မိုဘိုင်းဖုန်း နည်းပညာနှင့် ပတ်သက်လာလျှင် လယ်သမားများက မည်မျှမြန်မြန် နားလည်သဘောပေါက်နိုင်သည်ကို အံ့သြခဲ့ရသည်ဟု WaveMoney ၏ အရောင်း ဈေးကွက် ရှာဖွေရေးနှင့် ဖြန့်ချိရေးဌာန အကြီးအကဲ Ms Vibeke Krohn က ဆိုသည်။

နိုင်ငံ၏ လူဦးရေ ၅၂ သန်းတွင် ၇၀ ရာခိုင်နှုန်းသည် လယ်သမားများနှင့် ကျေးလက်နေ ပြည်သူများ ဖြစ်ကြသည်။ ၎င်းတို့၏ မိုဘိုင်းဖုန်း နည်းပညာကို နားလည်နိုင်စွမ်းသည် မိုဘိုင်းဖုန်းနှင့် ဘဏ္ဍာရေး လုပ်ဆောင်မှုများကို ဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှု နည်းပါးသော မြန်မာနိုင်ငံတွင် မည်မျှမြန်မြန် မိတ်ဆက်ပေးနိုင်မည်ကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

WaveMoney က လုပ်ဆောင်သော ကွင်းဆင်းစမ်းသပ်ချက်များသည် မိုဘိုင်းစနစ်အခြေပြု ဘဏ္ဍာရေး ဝန်ဆောင်မှုများ လုပ်ကိုင်နိုင်ရန် လိုင်စင်လျှောက်ထားသူများ မဖြစ်မနေ လုပ်ဆောင်ရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြဌာန်းထားသည့် အချက်များဖြစ်သည်။ ၎င်းတို့၏ ထုတ်ကုန်များကို FinTech ဟု လုပ်ငန်းလုပ်ကိုင်သူများအကြား ခေါ်ဝေါ်ကြသည်။ ၎င်းသည် ဒစ်ဂျစ်တယ်နည်းပညာ အခြေပြုသည့် ဘဏ္ဍာရေး ဝန်ဆောင်မှုအသစ်တစ်မျိုး ဖြစ်သည်။

မြန်မာနိုင်ငံတွင် လျှင်မြန်စွာ သုံးစွဲလာကြမည့် အလားအလာသည် ရှင်းလင်းလှသည်။ မြန်မာနိုင်ငံတွင် ဘဏ်စာရင်း ပိုင်ဆိုင်သူသည် ၂၀ ရာခိုင်နှုန်းအောက်သာ ရှိသည်။ သို့သော် ၆၀ ရာခိုင်နှုန်းကျော်သည် မိုဘိုင်းဖုန်းကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့ အားလုံး၏ ၈၀ ရာခိုင်နှုန်းသည် စမတ်ဖုန်းများ ဖြစ်သည်။ သို့သော် FinTech လုပ်ငန်းသည် ဘဏ်လုပ်ငန်းကဏ္ဍအတွက် ခြိမ်းခြောက်မှုများ ဖြစ်နိုင်သလို အခွင့်အလမ်းများကိုလည်း ပေးစွမ်းနိုင်သည်။

စစ်အစိုးရလက်ထက်တွင် ဆယ်စုနှစ်ငါးခုကြာ နေခဲ့ရသဖြင့် မြန်မာပြည်သူများသည် တရားဝင် ဘဏ္ဍာရေးစနစ် များတွင် အယုံအကြည် ကင်းမဲ့လာခဲ့သည်။ ယခင် စစ်တပ်အကြီးအကဲ  ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၆၃ ခုနှစ်တွင် ဘဏ်များကို ပြည်သူပိုင်သိမ်းခဲ့သည်။ ထို့ပြင် ငွေစက္ကူများကိုလည်း ၁၉၆၄ ခုနှစ်၊ ၁၉၈၅ ခုနှစ်နှင့် ၁၉၈၇ ခုနှစ်များတွင် ဖျက်သိမ်းပစ်ခဲ့သည်။ ထိုသို့ဖြင့် ပြည်သူများ စုဆောင်းထားသော ငွေသားများ ဆုံးရှုံးခဲ့ရသည်။ ၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဘဏ်လုပ်ငန်းများ ပြိုကွဲခဲ့ခြင်းက တရားဝင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်များအပေါ် အများပြည်သူ၏ ယုံကြည်မှုကို ပိုမိုကျဆင်းစေခဲ့သည်။ ဘဏ်လုပ်ငန်းများ ပျက်ဆီးမှုကြောင့် ဘဏ်အတော်များများ ပိတ်သိမ်းခဲ့ရပြီး ဆယ်စုနှစ်တစ်ခုကြာအောင် ပြည်တွင်းတွင် ဘဏ်စနစ် ပျောက်ဆုံးခဲ့ရ သည်။ ထိုသို့ ဘဏ်စနစ်များ ပျက်ဆီးပြီးကတည်းက မြန်မာနိုင်ငံမှ ဘဏ်များအားလုံးသည် ၎င်းတို့၏ ကိန်းဂဏန်းများကို ဗဟိုဘဏ်ထံသို့ နေ့စဉ် အစီရင်ခံကြရသည်။ ထို့ကြောင့် ဘဏ်များအားလုံးသည် ညနေ ၃ နာရီတွင် လုပ်ငန်းပိတ်သိမ်းကြခြင်း ဖြစ်သည်။

တရားဝင် ဘဏ်လုပ်ငန်းတွင် အများပြည်သူတို့က ယုံကြည်မှု နည်းပါးသောကြောင့် မြန်မာနိုင်ငံသား အများစုသည် ၎င်းတို့၏ စုဆောင်းငွေများကို ငွေသားဖြင့်သာ သိမ်းဆည်းထားရှိကြသည်။

“ဘဏ်တွေက အစိုးရနဲ့ အလွန်နီးကပ်တယ်လို့ လူတွေက ထင်ကြတယ်။ ဒါကြောင့် သူတို့က ဘဏ်တွေကို မယုံကြည်ကြတာ” ဟု မေ ၁၇ ရက်နှင့် ၁၈ ရက်တို့က ရန်ကုန်မြို့တွင် ကျင်းပသည့် FinTech and Agents Summit ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ယခင် ဗဟိုဘဏ်၏ အကြံပေးပုဂ္ဂိုလ်ဟောင်း Tim Scheffmann က ပြောကြားသည်။ “အခုတော့ အစိုးရသစ်လည်း တက်လာပြီဆိုတော့ မယုံကြည်မှုတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လမ်းဖွင့်ပေးခဲ့သော သမ္မတ ဦးသိန်းစိန်၏ အရပ်သား တစ်ဝက်အစိုးရ ၂၀၁၁ ခုနှစ်တွင် အာဏာရရှိလာပြီးကတည်းက မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းသည် ခေတ်သည်တစ်ခုကို ပြန်လည်ရောက်ရှိလာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလက လွှတ်တော်တွင် အတည်ပြုခဲ့သည့် ဘဏ်နှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေအရ ဘဏ္ဍာရေးဆိုင်ရာ အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက်တွင် မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှု (Mobile Financial Services) လုပ်ထုံးလုပ်နည်းများကို မတ်လ ၃၁ ရက်နေ့တွင် ဗဟိုဘဏ်က လက်မှတ်ရေးထိုးပေးခဲ့သည်။

ထိုဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ဘဏ်များနှင့် ဘဏ်မဟုတ်သော အခြားဘဏ္ဍာရေး အဖွဲ့အစည်များက ကြိုဆိုခဲ့ကြသည်။ ဥပဒေကို အင်န်အယ်လ်ဒီလွှတ်တော်အမတ်များက ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ပါတီ၏ ပေါ်လစီသည် ဘဏ္ဍာရေးကဏ္ဍ ပါဝင်မှုကို အလေးအနက်ထား ဖော်ပြထားသဖြင့် အစိုးရသစ်လက်ထက်တွင် ကြီးမားသော နောက်ပြန်လည့်မှုမျိုး မရှိနိုင်ပေ။

မိုဘိုင်းဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများကို WaveMoney ကဲ့သို့သော FinTech ဝန်ဆောင်မှု ပေးသူများက မျှော်လင့်နေခဲ့ကြခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် တရားဥပဒေအရ ရှေ့တိုးမရသော အခြေအနေတွင် ရောက်ရှိနေခဲ့သောကြောင့် ဖြစ်သည်။

ယခင်က FinTech ဝန်ဆောင်မှုပေးသူများသည် Mobile Agent Banking လုပ်ထုံးလုပ်နည်းကိုသာ လိုက်နာ ဆောင်ရွက်ခဲ့ရသည်။ ယင်းလုပ်ထုံးလုပ်နည်းက ပြဋ္ဌာန်းထားသည်မှာ တိုက်ရိုက်ငွေသား လွှဲပြောင်းမှုများကို လုပ်ဆောင်သော ဘဏ္ဍာရေးလမ်းကြောင်းများ အားလုံးသည် ဘဏ်များနှင့်သာ ဆက်သွယ် လုပ်ဆောင်ရမည်ဟု ပါရှိသည်။ ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုများကို ရှောင်ရှားခြင်းသည် ထိုဝန်ဆောင်မှုများက မြို့ပြဖောက်သည်များနှင့် ဘဏ်များအကြား ရေပန်းစားရသည့် အကြောင်းရင်းတစ်ချက် ဖြစ်သည်။  

“ကျွန်တော်တို့ မြင်တွေ့ရတဲ့ တိုးတက်နှုန်းက အနည်းဆုံး တစ်လကို ၁၀ ရာခိုင်နှုန်း တိုးတက်နေပါတယ်။ ငွေကြေးပမာဏ အများအပြား သုံးစွဲတဲ့ လူတွေကြားမှာတော့ တိုးတက်နှုန်းက တစ်လထက် တစ်လ ၄၅ ရာခိုင်နှုန်း တိုးတက်ဖွံ့ဖြိုးနေပါတယ်။ တဟုန်ထိုး တိုးတက်ဖွံ့ဖြိုးနေတာပါ” ဟု Leo Tech ကုမ္ပဏီမှ ရင်းနှီးမြှတ်နှံမှု ဒါရိုက်တာ Patrick Kershaw က ပြောကြားသည်။ ၎င်း ကုမ္ပဏီက မတ်လတွင် ConnectNPay ကို တည်ထောင်ခဲ့ပြီး အိမ်သုံးဝန်ဆောင်မှုများကို ဘဏ်များမှတဆင့် ဒစ်ဂျစ်တယ် ငွေလွှဲပြောင်းမှုဖြင့် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ပေးခဲ့သည်။

ConnectNPay သည် ၎င်း၏ ဝန်ဆောင်မှုအတွက် လမ်းဖွင့်ပေးနိုင်ရန် ရန်ကုန်လ ျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့ကဲ့သို့သော နိုင်ငံပိုင်အဖွဲ့အစည်းများတွင် ငွေပေးချေရေးစနစ်များကို ဒစ်ဂျစ်တယ်စနစ် ဖြစ်စေရန် နှစ်နှစ်ခွဲခန့် အချိန်ယူကာ ကူညီဆောင်ရွက်ပေးခဲ့သည်။ ငွေပေးချေသော ၎င်းတို့၏ ပလက်ဖောင်းမှတဆင့် မိုဘိုင်းစနစ် ငွေလွှဲပြောင်းမှုအတွက် တစ်ရာခိုင်နှုန်းကို ကောက်ခံသည်။ သို့သော် ငွေသား ငွေကြေးစီးဆင်းမှုကို ကိုင်တွယ် လုပ်ဆောင်ပေးခြင်း မရှိပေ။

WaveMoney ကမူ အနည်းငယ် ကွဲပြားသည်။ မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ထုံးလုပ်နည်းဖြင့် အမှန်တကယ် ငွေသားလွှဲပြောင်းမှုကို ဘဏ်မပါဝင်ပဲ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ တယ်လီနော၏ ကိုယ်စားလှယ် ၆၀,၀၀၀ နီးပါး အနက်မှ ၃,၀၀၀ ၏ အကူအညီဖြင့် WaveMoney သည် တယ်လီဖုန်း ဆက်သွယ်ရေးကုမ္ပဏီ၏ အသုံးပြုသူ ၁၅ သန်းကို ပြည်တွင်းတွင် အပြန်အလှန် ငွေလွဲပြောင်းစေနိုင်မည် ဖြစ်သည်။ ဥပမာ ရန်ကုန်မြို့မှ ရှမ်းပြည်နယ်ရှိ ရွာတစ်ရွာဆီသို့ အသုံးပြုသူအချင်းချင်း ဘဏ်၏ အကူအညီမပါဘဲ ငွေလွှဲပြောင်းပေးနိုင်မည် ဖြစ်သည်။ ကုမ္ပဏီများအနေဖြင့်လည်း ဝန်ထမ်းများကို လစာပေးရန် ထိုဝန်ဆောင်မှုကို အသုံးပြုနိုင်သည်။ ဝန်ထမ်းများသည် လျှို့ဝှက်စာတိုကို ရရှိပြီးသည်နှင့် အနီးဆုံး တယ်လီနော ကိုယ်စားလှယ်ထံသို့ သွားရောက်ကာ ငွေသားကို ထုတ်ယူနိုင်မည် ဖြစ်သည်။ မိုဘိုင်းဖုန်း အသုံးပြုသူများသည် ဖုန်းဘီလ်အတွက် WaveMoney ဖြင့် ငွေဖြည့်နိုင်မည် ဖြစ်သည်။ ၎င်းဝန်ဆောင်မှုကို တခြားသော FinTech ကုမ္ပဏီဖြစ်သည့် Red Dot ကလည်း ဝန်ဆောင်မှုပေးလျှက်ရှိသည်။

WaveMoney နှင့် Red Dot တို့ ကွဲပြားသည့် အချက်မှာ WaveMoney သည် အမှန်တကယ် ငွေသားကို အသုံးပြုရန် ကြံရွယ်ခြင်း ဖြစ်သည်။ ၎င်းကို ဗဟိုဘဏ်က သဘောတူညီချက် ပေးထားပြီးဖြစ်သည်။ WaveMoney က ၎င်း၏ ဖောက်သည်များကို စုဆောင်းငွေ ထားရှိခွင့်၊ အကြွေးထားရှိခွင့်နှင့် အာမခံထုတ်ကုန်များကို ပေးနိုင်ရန် မျှော်မှန်းထားသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၀ ဒသမ ၅ ရာခိုင်နှုန်းသာ အာမခံပေါ်လစီများ ပိုင်ဆိုင်ထားကြသည်။ ထိုထုတ်ကုန်များ အားလုံးကို မိတ်ဖက် ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ပြီး အဓိက မိတ်ဖက်အဖြစ် ရိုးမဘဏ်နှင့် အများစုကို ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်။ WaveMoney က ၎င်း၏ ဖောက်သည်များထံမှ စုငွေများကို လက်ခံမည်ဖြစ်သော်လည်း ၎င်းစုငွေအတွက် အတိုးပေးနိုင်မည် မဟုတ်ပေ။ အတိုးရရန်အတွက် ဖောက်သည်များသည် ရိုးမဘဏ်တွင် ငွေစုစာရင်း ဖွင့်ရမည်ဖြစ်သည်။ ထို့ကြောင့် ရိုးမဘဏ်သည် ယင်းအစုစပ်လုပ်ငန်းထဲ ပါဝင်လာရခြင်း ဖြစ်သည်။ ထိုဝန်ဆောင်မှုသည် တယ်လီနော၏ ဖောက်သည် ၁၅ သန်းနှင့် ကိုယ်စားလှယ် ၃,၀၀၀ကို ကွန်ယက်တစ်ခု အဖြစ် အသုံးပြုစေနိုင်ပြီး ၎င်းထံတွင် ငွေစုအကောင့်များဖွင်ရန် ရိုးမဘဏ်က ဆွဲဆောင်စေနိုင်မည် ဖြစ်သည်။

တယ်လီနောဘက်မှ ကြည့်လျှင်လည်း WaveMoney နှင့် ရိုးမဘဏ်နှင့် ချိတ်ဆက်ထားရသည်ကို နှစ်ခြိုက်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် သူ၏ ကွန်ယက်ကို ငွေဖြစ်လွယ်မှုနှင့် ငွေသားစီမံခန့်ခွဲမှုကို ပေးစွမ်းသောကြောင့် ဖြစ်သည်။

“ရိုးမဘဏ်က အလွန်ကောင်းမွန်တဲ့ ငွေသားစီမံခန့်ခွဲမှုကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ဖြန့်ဝေသူတွေဟာ ရိုးမဘဏ်နဲ့ဆို ငွေဖြစ်လွယ်လာပြီး သူတို့ရဲ့  ရိုးမဘဏ် စာရင်းထဲက ငွေတွေကို ရွှေ့ပြောင်းနိုင်မှာပါ” ဟု Krohn က ပြောကြားသည်။ တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲ ၆၀ ရှိသော အလယ်အလတ် အရွယ်အစားရှိသည့် ရိုးမဘဏ်အတွက် WaveMoney သည် မြန်မာနိုင်ငံမှ အခြားဘဏ်များ မရရှိနိုင်သေးသော ကျယ်ပြန့်သည့် ကိုယ်စားလှယ်ကွန်ယက်ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဘဏ်ကြီးဖြစ်သည့် ကမ္ဘောဇဘဏ်သည် တစ်နိုင်ငံလုံးအနှံ့တွင် ဘဏ်ခွဲပေါင်း ၃၆၃ ဘဏ်ရှိပြီး ၎င်းမှာ မြန်မာနိုင်ငံရှိ ဘဏ်ခွဲအားလုံး၏ လေးပုံတစ်ပုံ ပမာဏရှိနေသည်။

ဘဏ်အများအပြားက FinTech ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ကြသည်မှာ မဆန်းလှပေ။

“FinTech က မျှော်မှန်းမထားတဲ့ အရာတစ်ခုကို ဖန်တီးပေးတယ်။ ရိုးရှင်းတယ်။ စုစည်းမှုရှိတယ်။ လူတိုင်း တတ်နိုင်တဲ့ ဝန်ဆောင်မှုဖြစ်တယ်။ လုပ်ဆောင်ဖို့လည်း လွယ်ကူတယ်” ဟု မြန်မာနိုင်ငံသားများဘဏ်၏ အိုင်တီနည်းပညာ အကြံပေးဖြစ်သူ ဦးအောင်အောင်က ပြောကြားသည်။

ဘဏ်များက စိုးရိမ်နေသော်လည်း မိုဘိုင်းဆက်သွယ်ရေး အခြေပြု FinTech ဝန်ဆောင်မှုပေးသူများကို လုပ်ကိုင်ခွင့် ပေးမည်လားဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။ လုပ်ထုံးလုပ်နည်းအရ FinTech ထုတ်ကုန်တစ်ခုကို လိုင်စင်ထုတ်ပေးရန် ဗဟိုဘဏ်က ဆုံးဖြတ်ရသည်။

“လုပ်ထုံးလုပ်နည်းက မတ် ၃၀ ရက်နေ့မှာ ထွက်ရှိလာတယ်။ ကျွန်တော်တို့က လျှောက်လွှာတွေကို အမြန်တင်ခဲ့တယ်။ လုပ်ထုံးလုပ်နည်းအရ ဗဟိုဘဏ်က ရက် ၉၀ အတွင်း အတည်ပြုပေးရမှာပါ”ဟု WaveMoney ၏ အမှုဆောင်အရာရှိချုပ် Brad Jones က ပြောကြားသည်။ မှတ်ပုံတင်လက်မှတ် မရသေးပါက လုပ်ငန်း စတင်နိုင်မည် မဟုတ်ဟု ၎င်းက ပြောကြားသည်။

FinTech ဝန်ဆောင်မှုများကို ဈေးကွက်အတွင်း စတင်ချပြလျှင် ဖောက်သည်များကို ဆွဲဆောင်နိုင်မည်လားကိုမူ ရှင်းလင်းစွာ မသိရှိရသေးပေ။ မိုဘိုင်းဘဏ်စနစ်များကို ကင်ညာကဲ့သို့သော နိုင်ငံများတွင် လူကြိုက်များ အသုံးပြုကြသော်လည်း ငွေသားကိုသာ အသုံးပြုမှုများသော မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် ထိုနည်းတူ လက်ခံကြမည်လားမူ မသေချာပေ။

“မြန်မာနိုင်ငံက ဘေးကင်းတဲ့ နိုင်ငံတစ်ခုဖြစ်လို့ ငွေသားတွေကို သယ်ဆောင်သွားရတာလည်း သိပ်အန္တရာယ် မများပါဘူး” ဟု United Nations Capital Development Fund မှ ဘဏ္ဍာရေးပါဝင်မှုဆိုင်ရာ ကျွမ်းကျင်သူ Mr Paul Luchtenburg က ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြို့ရှိ လမ်းဘေးဈေးသည်တစ်ဦး မိုဘိုင်းဖုန်းကို ကြည့်ရှုနေစဉ်။ ဓါတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.