မူးယစ်ဆေးဝါး ပေါ်လစီ ပြောင်းတော့မှာလား

မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲတွင် ဆေးစွဲသူများကိုသာ ပစ်မှတ်အဖြစ် ထားခဲ့ကြရာမှ ယခု ပြန်လည်သုံးသပ်နေသော မူးယစ်ဆေး ပေါ်လစီသစ်အရ မူးယစ်ဆေးစွဲမှုကို လူထုကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် အသိအမှတ် ပြုခြင်းအားဖြင့် မူးယစ်ဆေး သုံးစွဲသူကို ရာဇဝတ်သားအဖြစ် သတ်မှတ်ခြင်းမှ ကင်းလွတ်လာစေနိုင်ပေသည်။

ဂျရတ် ဒေါင်းနင်း ရေးသားသည်။

အောက်တိုဘာလ အတွင်းက မြန်မာ့ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒသစ် ပေါ်ပေါက်ရေး တရားဝင် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ကိုကျော်ထူးသည် ထိုဆွေးနွေးပွဲ ရလဒ်ကို အနီးကပ် စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။ ဆေးမှင်ကြောင် ထိုးထားသူ အသက် ၄၄ နှစ်အရွယ် ပိန်ကပ်ကပ် ကိုကျော်ထူးသည် ဆယ်ကျော်သက် အရွယ်ကတည်းက ဘိန်းဖြူစွဲလာခဲ့သူ ဖြစ်သည်။

နံနက်တိုင်း တစ်နေ့စာ မက်သာဒုံး ထုတ်ယူရန် ဆေးခန်းလေးသို့ အချိန်မှန် သွားရသည်။ ခရီးသွားဖို့ ရှိက တစ်ပတ်စာ ထုတ်သည်။ ထိုသို့ ဆေးထုတ်ပြီးသည်နှင့် လမ်းတစ်ဘက်ရှိ မြန်မာမူးယစ်ဆေး သုံးစွဲသူများကွန်ရက် Myanmar Drug-users’ Network ရုံးသို့ သွားသည်။ ထိုရုံးကို သူ့လို မူးယစ်ဆေးစွဲသမားများအား ပညာပေးရန်နှင့် လိုအပ်သော အကူအညီများပေးရန် သူကိုယ်တိုင် ပါဝင်၍ စုပေါင်းတည်ထောင်ထားခြင်း ဖြစ်သည်။

တကယ်တော့ ကိုကျော်ထူးသည် မြန်မာ့မူးယစ်ဆေး ဥပဒေအရ ရာဇဝတ်သား တစ်ဦးဟု ဆိုနိုင်သည်။ မူးယစ်ဆေး ဥပဒေအရ ဆေးစစ်မှု ကျရှုံးသူသည် ထောင်နှစ်နှင့်ချီ၍ ကျနိုင်သည်။ ဆေးစွဲသမား တံဆိပ်ကပ်၍ ပြန်လည်ထူထောင်ရေး စခန်းသို့ မဖြစ်မနေ ပို့ခံရနိုင်သည်။

ကိုကျော်ထူးသည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဆေး ၂ ခါ ကျခဲ့၍ ထောင် ၂ ခါ ကျဖူးသည်။ အဖမ်းခံရမည့်ဘေးမှ အကြံအဖန်နှင့် ၂ ခါ လွတ်ခဲ့သည်။ တစ်ကြိမ်တွင် ရဲမလာမီ မူးယစ်ဆေးကို မျိုချပစ်လိုက်သည်။ နောက်တစ်ကြိမ်၌ ရဲကို လာဘ်ထိုးပြီး လွတ်မြောက်သွားခဲ့သည်။ ထိုအချိန်မှာပင် ကျော်ထူးသည် ဆေးထိုးအပ်ကို ဆေးသမားချင်း အတူဝေမျှသုံးရာမှ အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံရသည်။

drug_1.jpg

ထိုင်းမူးယစ်အဖွဲ့က ဖမ်းဆီးရရှိထားသည့် မက်သာဖက်တမင်းဆေးပြားများကို မီးရှို့မဖျက်ဆီးမီ တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

ဆေးစွဲသူအဖြစ် မှတ်ပုံတင်ထားသူသည် စာရွက်ပေါ်မှာတော့ ဆေးကုသခံယူခွင့် ရှိသည်။ ၎င်း၏ အိပ်ချ်အိုင်ဗီ အေ့ဒ်စ်ရောဂါနှင့် ဆေးစွဲမှု ကုသရေးအတွက် အကူအညီများ ရပိုင်ခွင့်ရှိသည်။ သို့ရာတွင် တကယ်တမ်း၌ သူ့နောက်ကျောတွင် ဆေးသမားပါဟု ဆိုင်းဘုတ်တပ်ထားသည်နှင့်သာ တူသည်ဟု ကျော်ထူးက ပြောသည်။

“မှတ်ပုံတင်တင်၊ မတင်တင် အခြေအနေကတော့ မထူးပါဘူး။ တင်ထားလည်း အဖမ်းခံရတာပဲ။ မတင်ထားလည်း အဖမ်းခံရတာပါပဲ။ ဒါက အပြသက်သက်ပါ” ဟု ကျော်ထူးက ပြောသည်။

မူးယစ်ဆေး အရှုပ်တော်ပုံ

ယခုလ စောစောပိုင်းက ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး United Nations Office on Drugs and Crime UNODC နှင့် အစိုးရတို့၏ ဒုတိယမြောက် ဆွေးနွေးပွဲ ပြီးဆုံးခဲ့သည်။

ဆွေးနွေးပွဲများတွင် မူးယစ်ဆေးသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ CCDAC ၏ အချက်အလက်များအပြင် ဥပဒေ ထိန်းကွပ်ရေး အရာရှိများ၊ လူမှုရေး လုပ်သားများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် အိုင်အင်န်ဂျီအိုများက မူးယစ်ဆေးဝါး ရောင်းဝယ်မှု နှိမ်နင်းရေးနှင့် လူထုအန္တရာယ် ရည်မှန်းချက်ဖြင့် အမျိုးသား မူးယစ်ဆေးဆိုင်ရာ မူဝါဒသစ် တစ်ခု ပေါ်ပေါက်ရေး ဆွေးနွေးခဲ့ကြသည်။

ထိုအစည်းအဝေးနှင့်ပတ်သက်၍ နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့သော UNODC ၏ သတင်းထုတ်ပြန်ချက်တွင် အလုံးစုံ ခြုံငုံမိသော အမျိုးသား မူးယစ်ဆေး မူဝါဒ တစ်ခု အရေးတကြီး လိုအပ်နေသည်ဟု ဖော်ပြပါရှိသည်။ ယင်းသို့ လိုအပ်ရခြင်းမှာ ယခင်ရှိပြီး ပေါ်လစီတွင် လိုအပ်ချက်များ ရှိနေခြင်းကြောင့်သာမက ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှု တိုးတက်မည့် အလားအလာများ ဖြစ်ပေါ်နေခြင်း မက်တာဖက်တမင်း ထုတ်လုပ်မှု တိုးမြင့်နေခြင်းနှင့် မူးယစ်ဆေးသုံးစွဲမှု မြင့်တက်နေခြင်း အပါအဝင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကြောင့် ဖြစ်သည်။

ယခု အသစ်ရေးဆွဲမည့် မူးယစ်ဆေး ပေါ်လစီသည် သီးခြားမဟုတ်ဘဲ လူထုကျန်းမာရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးနှင့် ကလေးများ၏ လိုအပ်ချက်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးများ အတွက်ပါ ပါဝင်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တတိယမြောက် UNODC နှင့် အစိုးရ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၁ ရက်နှင့် ၂၉ ရက်အကြား ပြုလုပ်ရန် သတ်မှတ်ထားရာ ၂၀၁၇ အတွင်း တစ်နိုင်ငံလုံး မူးယစ်ဆေးသုံးစွဲမှုစစ်တမ်း ပြုလုပ်ရန်လည်း စီစဉ်ထားသည်။

လောလောဆယ်တွင်မူ စာရင်းအင်း အချက်အလက်များ မရှိသဖြင့် အရေးယူ ဆောင်ရွက်ရာ၌ နှောင့်နှေးမှုများ ဖြစ်ပေါ်နေသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် မူးယစ်ဆေးထိုးအပ် သုံးစွဲသူ အမျိုးသား ဦးရေ ၈၃,၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ၇,၀၀၀ ခန့်မှာ မက်သာဒုံးဆေးခန်းများတွင် ဆေးဖြတ်ရန် မှတ်ပုံတင်ထားသူများ ဖြစ်သည်ဟု သိရှိရသည်။

ထိုစာရင်းမှလွဲ၍ မြန်မာနိုင်ငံတွင် မူးယစ်ဆေးသုံးစွဲမှု စာရင်းအချက်အလက်ဆို၍ အခြားဘာမျှ မရှိပါဟု UNODC က ပြောသည်။ မြန်မာနိုင်ငံတွင် အဓိက မူးယစ်ဆေး သုံးစွဲမှုမှာ ဘိန်းနှင့် ဘိန်းဖြူဖြစ်ပြီး ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်ထားသော မူးယစ်ဆေး သုံးစွဲသူ အရေအတွက်လည်း တိုးပွားနေသည်ဟု ဖေဖော်ဝါရီလက ထုတ်ပြန်သော UNODC အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ယခုနောက်ဆုံး ဖြစ်ပေါ်နေသော မူးယစ်ဆေး (အထူးသဖြင့် မက်သာဖက်တမင်း) သုံးစွဲမှု လားရာအခြေအနေနှင့် ယင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့်ပတ်သက်၍ များမကြာမီက ရရှိထားသော အချက်အလက်များ မရှိခြင်းကြောင့် အထောက်အပံ့ အကူအညီ လိုအပ်နေသူများ၊ အုပ်စုများ၊ လူမှုအသိုက်အဝန်းများထံ ကူညီနိုင်မည့် ဗျူဟာချမှတ်ရေးဆွဲရာ၌ အခက်အခဲ တွေ့နေရသည်။

ရှင်းရှင်းပြောရလျှင် မြန်မာနိုင်ငံ၏ မူးယစ်ဆေးပြဿနာ၏ သရုပ်သကန်ကိုပင် ပီပီပြင်ပြင် မသိရသေးသဖြင့် ထိုပြဿနာကို အဖြေရှာရန် အခက်တွေ့နေရသည်ဟု UNODC အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေး စတင်ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍သာ သိရှိရသည်။ ဘိန်းနှင့် ဘိန်းဖြူကို ရှမ်းပြည်နယ်တွင်သာ အများဆုံး စိုက်ပျိုးထုတ်လုပ်သည်။ အရှေ့တောင်အာရှတွင် ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။

မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲသည် မြန်မာရဲတပ်ဖွဲ့နှင့် CCDAC အဖို့ ဝိရောဓိ သဘောဆောင်သော လုပ်ငန်းတာဝန်တစ်ခု ဖြစ်နေသည်။ ဘိန်းစိုက်ပျိုးသော ဒေသများမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာဒေသများ ဖြစ်ကြပေရာ ထိုဒေသတွင်းသို့ ရဲ၊ သို့မဟုတ် စစ်တပ်က ချင်းနင်းဝင်ရောက်လျှင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်နေသည်။ အမ်ဖက်တမင်း ထုတ်လုပ်မှုကတော့ နေရာဒေသ သတ်မှတ်မှု မရှိပေ။ ရဲနှင့် စစ်တပ်ကို ရှောင်ကွင်းရန် ထုတ်လုပ်သူက နေရာရွှေ့ပြောင်း ထုတ်လုပ်နိုင်သည်။

နောက်ဆုံးရလဒ်ကမူ မူးယစ်ဆေးထုတ်လုပ်သူများအား ထုတ်လုပ်ရာ နေရာအရောက်သွား၍ အမြစ်ပါ ရှင်းလင်းရန် ရဲတပ်ဖွဲ့တွင် ငွေအင်အားလည်းမရှိ၊ လူအင်အားလည်း မရှိပေ။ ထို့ကြောင့် ကြောင်နှင့် ကြွက် လိုက်တမ်းပြေးတမ်း ကစားနေရုံသာ ရှိတော့သည်ဟု လုပ်ငန်းညှိနှိုင်း ဆောင်ရွက်သူ ဦးထွန်းနေစိုးက ပြောသည်။

“မြန်မာရဲတပ်ဖွဲ့ အခြေအနေကို ကြည့်ဦးလေ။ ကားတွေအားလုံးကို သူတို့ ဘယ်လိုစစ်မှာလဲ။ စကင်နာတွေရှိဖို့ အသာထား။ အနံ့ခံခွေးတောင် သူတို့မှာ မရှိဘူး။ ဒီတော့ ရဲတွေအဖို့ သယ်ယူလာတဲ့ မူးယစ်ဆေးတွေ မြို့ထဲရွာထဲ ရောက်လာသည်အထိ ထိုင်စောင့်ဖမ်းဖို့ ရှိတာပဲ။ ဒီအချိန်ကျတော့ သိပ်နောက်ကျသွားပြီလေ” ဟု ဦးထွန်းနေစိုးက ပြောသည်။

ထိုအခက်အခဲများကြောင့် ၁၉၉၃ ခုနှစ် မြန်မာ့မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေသည် မူးယစ်ဆေးသုံးစွဲသူနှင့် လမ်းပေါ်မှာ ရောင်းချသူများကိုသာ ကြီးလေးသော ပြစ်ဒဏ်ပေးထားခြင်း ဖြစ်သည်။ ထိုဥပဒေအရ မူးယစ်ဆေး သုံးစွဲထားကြောင်း ထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျနိုင်သည်။ မူးယစ်ဆေး သုံးစွဲမှုဆိုင်ရာ ပစ္စည်းများ၊ ဥပမာ ဆေးထိုးအပ် စသည် လက်ဝယ်တွေ့ရှိလျှင် နောက်ထပ် ၆ လ တိုးနိုင်သည်။ မူးယစ်ဆေး အနည်းငယ်ဖြစ်သည့်တိုင် ဖြန့်ဖြူးလျှင်ဖြစ်စေ၊ လက်ဝယ်တွေ့ရှိလျှင်ဖြစ်စေ ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ကျနိုင်သည်။

“မူးယစ်ဆေးသုံးတဲ့အတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ရုံနဲ့ ပြဿနာ ပြေလည်မသွားပါဘူး။ လူတစ်ယောက်ကို မူးယစ်ဆေးအလုံး ၂၀၀ – ၃၀၀ နဲ့ ဖမ်းမိတော့ ဘာဖြစ်လဲ။ ထောင်ထဲမှာ လူတွေ ပြည့်သိပ်လာပြီး အစိုးရမှာ ဝန်ပိုလာတာပဲ ရှိမယ်”ဟု ဦးထွန်းနေစိုးက ပြောသည်။

မြန်မာ့မူးယစ်ဆေး ပေါ်လစီထဲက အငြင်းပွားဖွယ်ရာ အဖြစ်ဆုံးကတော့ နာမည်ဆိုး စာရင်း သွားရခြင်းပဲ ဖြစ်မည်ထင်သည်။ ယင်းသို့ မူးယစ်ဆေး သုံးစွဲသူစာရင်း သွင်းခြင်းကြောင့် ဆေးစွဲသူ ကျဆင်းမသွားဘဲ အခြေအနေကို ပို၍သာ ဆိုးလာစေသည်ဟု မစ္စ အားနက်စ်တီယန် ဂျင်စီမာ Ms Ernestien Jensema က ပြောသည်။ သူသည် အမ်စတာဒမ် အခြေစိုက် တွေးခေါ်ရှင်များအဖွဲ့ Trans-national Institute ၏ မူးယစ်ဆေးနှင့် ဒီမိုကရေစီ အစီအစဉ် Drugs and Democracy Program တွင် လုပ်ကိုင်နေသော လူမှုမနုဿဗေဒ ပညာရှင် တစ်ဦးဖြစ်သည်။

စာရွက်ပေါ်၌ မူးယစ်ဆေးသုံးစွဲသူ တစ်ဦးသည် ကျန်းမာရေး စောင့်ရှောက်ခံ တစ်ဦးသာဖြစ်ပြီး အဖမ်းမခံရဖူးသည့် မူးယစ်ဆေးစွဲသူများပင် မိမိသဘောအရ ဆေးသုံးစွဲသူအဖြစ် မှတ်ပုံတင်ထားနိုင်သည်ဟု ဆိုပါသည်။ တကယ့်လက်တွေ့ဘဝတွင်မူ စာရင်းသွင်း ခံထားရသူ ကိုရဲမှာ မျက်ခြည်မပြတ် စောင့်ကြည့်ခံနေရသဖြင့် အချိန်မရွေး ထောင်ထဲဆွဲသွင်းခံရနိုင်သူ ဖြစ်ချေသည်။ ထောင်ထဲရောက်သွားပါက ဆေး ဆက်လက်ကုသခွင့် ရချင်မှ ရနိုင်ပေတော့မည်။

“မူးယစ်ဆေးစွဲသူတွေ ဝန်ဆောင်မှု ရနိုင်ဖို့ မှတ်ပုံတင်ဖို့ လိုပါတယ်။ မဖြစ်မနေ မှတ်ပုံတင်ရသူတွေကလွဲလို့ မူးယစ်ဆေးစွဲသူ အများစုက မှတ်ပုံတင်ရမှာ လက်တွန့်နေတတ်ကြပါတယ်။ အကြောင်းကတော့ လူမှုအသိုင်းအဝိုင်းမှာ လူအများက ဆေးသမားအနေနဲ့ ဝိုင်းကျဉ်တတ်ကြလို့ပါပဲ။ မူးယစ်ဆေး သုံးစွဲတာက ရာဇဝတ်မှုမြောက်တာကိုး။ လက်ရှိပေါ်လစီက မူးယစ်ဆေးဝါး နှိမ်နှင်းရေးအတွက်သာ အဓိက အာရုံထားနေဆဲ ဖြစ်ပါတယ်” ဟု ဂျင်စီမာက ပြောသည်။

လက်ရှိ ပေါ်လစီသည် မူးယစ်ဆေးစွဲသူများကို မူးယစ်ဆေးဖြတ်ရန် ပေးနေသည့် အကူအညီများကို မယူရဲအောင် လုပ်သလို ဖြစ်နေကြောင်း၊ သို့ဖြစ်ရာ ဆေးစွဲသူများ ဆေးဖြတ်ရန် ပို၍ခက်ခဲနေကြောင်း၊ မူးယစ်ဆေး ဝယ်လိုအား လျော့ပါးအောင် လုပ်ရမည့်အစား ပို၍ တိုးပွားအောင် လုပ်သလို ဖြစ်နေကြောင်း ဂျင်စီမာက ပြောသည်။

အန္တရာယ် လျော့ပါးရေး

အောက်တိုဘာလမှစ၍ CCDAC သည် မူးယစ်ဆေးဆိုင်ရာ အမျိုးသား မူဝါဒသစ်တစ်ခု ပေါ်ပေါက်လာရန် UNODC ၊ TNI Trans-national Institute အပါအဝင် အခြား ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

“ဆေးကုသမှု ပိုမိုခံယူနိုင်စေရန် ဥပဒေ လိုက်နာရေးနှင့် တရားစီရင်ရေး ဖြစ်ပေါ်လာနိုင်စေမည့် ပတ်ဝန်းကျင် အခြေအနေမျိုး ဖန်တီးပေးဖို့ လိုအပ်နေပါပြီ။ မူးယစ်ဆေး ထိန်းချုပ်ရေးအတွက် ပိုပြီးအလယ်အလတ်ကျတဲ့ ချဉ်းကပ်မှုနည်းလမ်း တစ်ခုရအောင် ကျွန်တော်တို့ တိုက်တွန်းကြိုးပမ်းနေပါတယ်” ဟု UNODC ဒေသန္တရ အကြံပေးအရာရှိ မစ္စတာ အိုလီဗာ လာမက် Mr Oliver Lermet က ပြောသည်။

မူးယစ်ဆေးသုံးစွဲမှုကို ဥပဒေထိန်းသိမ်းရေးကိစ္စ တစ်ရပ်အဖြစ်ထက် လူထုကျန်းမာရေး ပြဿနာ တစ်ရပ်အဖြစ် သဘောထား၍ အန္တရာယ် လျှော့ချရေးအမြင်ဖြင့် ကိုင်တွယ်လုပ်ဆောင်ကြရန် UNODC နှင့် TNI အဖွဲ့နှစ်ခုစလုံးက ထောက်ခံ အကြံပြုခဲ့ကြသည်။

ယင်းချဉ်းကပ်နည်းတွင် မူးယစ်ဆေးသုံးစွဲမှုနှင့် ပိုင်ဆိုင်မှုအတွက် ကြီးမားသော ပြစ်ဒဏ်များ ထားရှိခြင်းကို အဆုံးသတ်ရမည်ဆိုသည်မှာ ထည့်ပြောစရာပင် မလိုတော့ပေ။ မူးယစ်ဆေးသုံးစွဲသူများ မှတ်ပုံမတင်မနေရ ဥပဒေကို ဖျက်သိမ်းပြီး ဆေးကုသခံယူမှုကို မိမိဆန္ဒအလျောက်သာ ဆုံးဖြတ်စေသင့်သည်ဟု ၎င်းက ယူဆသည်။

“မလုပ်မနေ လုပ်ရမယ့် ဆေးဖြတ်ကုသရေးဌာနတွေကို ကျွန်တော်တို့ မထောက်ခံပါဘူး။ ဘာလို့လဲဆိုတော့ ထိရောက်မှုလည်း မရှိဘူး။ ဆေးဖြတ်ပြီးမှ ဆေးပြန်သုံးတဲ့နှုန်းက များနေလို့ပါ” ဟု မစ္စတာ လာမက်က ဆက်ပြောသည်။

အမှန်မှာ UNODC ၊ TNI နှင့် အခြားအိုင်အင်န်ဂျီအို အားလုံးက မူးယစ်ဆေးသုံးစွဲမှုကို ရာဇဝတ်ပြစ်မှုအဖြစ် သတ်မှတ်ထားခြင်းကို လုံးဝဖျက်သိမ်းရန် အကြံပြုခဲ့ကြသည်။ မူးယစ်ဆေး ထုတ်လုပ်သူနှင့် ဖြန့်ဝေနေသူများကိုသာ ဥပဒေအရ ထိရောက်စွာ ကိုင်တွယ်နိုင်ရေး ကြိုးပမ်းရန် အကြံပြုကြသည်။ လမ်းဘေး၌ ရောင်းနေသူများကိုပင် လျှော့ပေါ့စဉ်းစားပေးသင့်သည်။ အကြောင်းမူ ထိုဆေးရောင်းနေသူများကိုယ်တိုင်က ဆေးစွဲနေသူများ ဖြစ်နေတတ်သည်ဟု ၎င်းက ပြောသည်။

“ဆီးချိုရောဂါလိုပဲ မူးယစ်ဆေးစွဲမှုဟာ ဒီနွံထဲ ပြန်ပြန်နစ်နေတတ်တဲ့ နာတာရှည် ရောဂါမျိုး ဖြစ်တယ်။ မူးယစ်ဆေးနဲ့ ဆက်နွှယ်နေတဲ့ ရာဇဝတ်မှုတွေကို သပ်သပ်ခွဲထုတ်ပြီး မူးယစ်ဆေးစွဲမှုသက်သက်ကို သီးသန့်စဉ်းစားသင့်တယ်” ဟု မစ္စတာ လာမက်က ဆိုသည်။

မူးယစ်ဆေးစွဲပုံမှာ တစ်မျိုးနှင့် တစ်မျိုး မသိမသာ ကွဲပြားကြောင်းကို ပေါ်လစီ ချမှတ်သူများ သဘောပေါက်ရန် အရေးကြီးသည်။ ဘိန်းဖြူသည် အလွန်အားကောင်း ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ဆေးစွဲမှု ဖြစ်ပေါ်လာသဖြင့် ဆေးဖြတ်ရန်မှာ မက်သာဒုံး ကုသနည်းဖြင့် ကာလကြာရှည် ကုသပေးရန် လိုအပ်သည်။ သို့သော် အမ်ဖက်တမင်း မူးယစ်ဆေးစွဲသူ ၁၀ ဦးလျှင် တစ်ဦးသာ ကုသမှုပေး၍ ဆေးဖြတ်ရန် လိုအပ်တတ်ပြီး ကျန် ၉ ဦးမှာ ဆေးဖြတ်လိုပါက မည်သည့်ဆေးဝါး အကူအညီမှ မလိုအပ်ပေ။

အမ်ဖက်တမင်း ဆေးစွဲနေသူ ၉၀ ရာခိုင်နှုန်းလောက်မှာ မိမိလမ်းထဲ အရပ်ထဲမှာပင် ဝိုင်းဝန်း ထိန်းကျောင်းစောင့်ရှောက်မှုဖြင့် ဆေးဖြတ်ပေးနိုင်သည်။ ၎င်းတို့ကို ဆေးသုံးသူတို့နှင့် ဝေးဝေးနေစေရန် ဝိုင်းဝန်းစောင့်ရှောက်ပေးခြင်းဖြင့်ပင် ဆေးဖြတ်ပေးနိုင်သည်။ အရပ်ထဲတွင် အကြံပေးဌာနများ တည်ထောင်ဖွင့်လှစ်ခြင်း၊ ပညာပေး အစီအစဉ်များ ပြုလုပ်ခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အရက်၊ ဆေးလိပ်နှင့် မူးယစ်ဆေး စစ်ဆေးနည်း ကျင့်သုံးပေးရန် မစ္စတာ လာမက်က ထောက်ခံအကြံပြုထားသည်။

ဆေးသမားဘဝ

ကျော်ထူးသည် မူးယစ်ဆေးစွဲသူ တစ်ဦး၏ နေ့စဉ်ဘဝကို စာနာနားလည်ပေးမှုနှင့်ပတ်သက်၍မူ အစိုးရအပေါ် သိပ်အယုံအကြည် မရှိပေ။

“သူတို့တတွေက တခြားအဖွဲ့အစည်းတွေ၊ တခြားအိုင်အင်န်ဂျီအိုတွေ၊ တခြား နည်းပညာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကြတာပါပဲ။ ဒါပေမဲ့ ဆေးသမား အသိုင်းအဝိုင်းတွေနဲ့ သူတို့ရဲ့ အပြုအမူတွေကို နားမလည်ကြပါဘူး။ သူတို့ နားမလည်နိုင်တဲ့ လူတွေအတွက် သူတို့က ဘာတွေလုပ်ပေးနိုင်မှာလဲ” ဟု ကျော်ထူးက ပြောသည်။

အရာရှိများ ထိုသို့ိုပြောခဲ့သည်ကို အရင်ကလည်း ကြားခဲ့ဖူးကြောင်း သူက ပြောပြသည်။ သမ္မတ ဦးသိန်းစိန် လက်ထက်က ကွန်ဒုံးနှင့် ဆေးထိုးအပ် ဖြန့်ဖြူးရေး အပါအဝင် မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများအပေါ် ပိတ်ပင်ခြင်းကို လျှော့ပေါ့ပေးခြင်းဖြင့် အိပ်ချ်အိုင်ဗီပိုး ပြန့်ပွားမှု ဟန့်တားရေး နည်းလမ်းကို ထောက်ခံခဲ့ဖူးသည်။

သို့သော် ရဲအများစုက ထိုလမ်းညွှန်မှုကို မသိကြ၍သော်လည်းကောင်း၊ အလေးမထား၍ သော်လည်းကောင်း လိုက်နာလုပ်ဆောင်ခြင်း မရှိခဲ့ကြပေ။ ထို့ပြင် ဆေးစွဲမှတ်ပုံတင်ထားသူများကို ဆက်လက်အနှောင့်အယှက် ပေးနေကြပြီး ၎င်းတို့၏ ဖမ်းဆီးပေးနိုင်မှု အရေအတွက် မှတ်တမ်းတိုးအောင် ဆေးခန်းများနှင့်  စင်တာများတဝိုက် မပြတ်ကင်းလှည့်နေကြသည်။

မူးယစ်ဆေး ရောင်းဝယ်သူဟု သတ်မှတ်သည့် အယူအဆမှာလည်း ထင်သလောက် မလွယ်ကူဘဲ ပိုမိုရှုပ်ထွေးသည်။ လမ်းဘေး ဆေးရောင်းသူအချို့မှာ သူတို့ကိုယ်တိုင်ကပင် ဆေးသုံးနေရသူများဖြစ်ရာ သူတို့သုံးစွဲဖို့လောက်သာ အမြတ်အစွန်း ရရှိကြသည်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ အခြေစိုက် လူထုကျန်းမာရေး အင်န်ဂျီအို တစ်ခုဖြစ်သော ဘားနက်အင်စတီကျု Burnet Institute က အခမဲ့ ထောက်ပံ့ပေးသော ဆေးထိုးအပ်အသစ်များ၊ ကွန်ဒုံးများ အရက်ပျံနှင့် ဂွမ်းလိပ်များကို ထုတ်ပြသည်။

“ဒီနားတဝိုက် ပတ်တရောင် အမြဲလှည့်နေတဲ့ ရဲတွေက ဒါတွေက ဘာလုပ်ဖို့လဲလို့ အမြဲ မေးမေးနေလို့ ခုထိရှင်းပြနေရတုန်းပဲ”ဟု ကိုကျော်ထူးက ပြောသည်။

“ဒီဆေးထိုးအပ်တွေ ဘယ်က ရလာတယ်ဆိုတာကို ရှင်းမပြတတ်တဲ့ လူတွေဆို ထောင်ထဲ ဆွဲထည့်တော့တာပဲ”

drug_2.jpg

မြန်မာမူးယစ်ဆေး သုံးစွဲသူများကွန်ရက်ကို ပူးတွဲထူထောင်သူ ကိုကျော်ထူး( ၄၄ နှစ်) ကို တွေ့ရစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“စာရိတ္တပျက်သူ၊ ရာဇဝတ်မှု ကျူးလွန်သူအဖြစ် တံဆိပ်ကပ်ခံရမှာစိုးလို့ ဒီလို အင်န်ဂျီအို အထောက်အပံ့တွေ မယူရဲကြတဲ့ ဆေးစွဲသူတွေ အများကြီး ရှိနေသေးတယ်” ဟု ကိုကျော်ထူးက ပြောသည်။

“ဘေးအန္တရာယ် လျော့ပါးဖို့အတွက် ဒီလိုဝန်ဆောင်မှုတွေ ရှိနေတယ်ဆိုတာကို အရပ်ထဲက လူတွေက မသိကြသေးဘူး။ ဆေးစွဲသူတွေ လက်ထဲ ဆေးထိုးအပ်တွေ အများကြီး ကိုင်နေတာမြင်ရင် သူတို့ လန့်ကုန်တယ်။ လူငယ်တွေ အတုမြင် အတတ်သင် လုပ်ကုန်ကြမှာကို သူတို့က စိုးရိမ်ကြတာပေါ့”

ကိုကျော်ထူးသာ ငယ်ငယ်ကတည်းက အသိပညာပေးမှုနှင့် အထောက်အပံ့များ ရခဲ့မည်ဆိုက ဆေးစွဲသူလည်း ဖြစ်ခဲ့မည် မဟုတ်ချေ။ အိပ်ချ်အိုင်ဗီလည်း ကူးစက်ခံရမည် မဟုတ်ချေ။ ဘဝ၏ နုပျိုသည့် အကောင်းဆုံး အချိန်များကို ထောင်ထဲမှာသာ ကုန်ဆုံးသွားခဲ့မည် မဟုတ်ပေ။

ကိုကျော်ထူးက သူ့ဆေးသမားဘဝကို ပြန်တွေးကြည့်လိုက်သောအခါ သူ့ကိုယ်သူ ကိုယ်ကျင့်တရားပျက်သူ၊ သို့မဟုတ် အန္တရာယ်ရှိ ရာဇဝတ်ကောင်ဟု မယူဆပေ။ မူးယစ်ဆေးသွင်းရန် လိုအပ်နေသူ တစ်ဦးဟုသာ ထင်မြင်မိတော့သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မူးယစ်ဆေးစွဲသူတစ်ဦး မက်သာဖက်တမင်းအငွေ့ ရှူသွင်းရန် ဆေးပြားမှုန့်များကို အပူပေးနေပုံ။ ဓာတ်ပုံ – သိမ့်မွန်စိုးစိုး (ခ) ဂျေ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.