ဘာသာစကားကွာဟချက် ကျဉ်းမြောင်းလာစေဖို့

မြန်မာဘာသာစကားကို လေ့လာခြင်းသည် မြန်မာနိုင်ငံကို ပိုမိုနားလည်လာစေနိုင်သည်။ သို့သော် ဘာကြောင့် လေ့လာသူ နည်းပါးနေသနည်း။

ဘင်န် ဒူးနန့် ရေးသားသည်။

မြန်မာဘာသာစကားကို အသံထွက် မှန်လိုပါက ကွမ်းမစားမချင်း မရရှိနိုင်ဟူသော ဆိုရိုးရှိသည်ဟု ဂျိမ်းစ် ဂျော့ချ်စကော့ James George Scott က ၁၈၈၂ ခုနှစ်ထုတ် သူ၏ အက်ဆေးစာအုပ် “သည်ဘားမင်းန်” The Burman တွင် ရွှေရိုးဆိုသော ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။

ယင်းမှာ စကော့တလန်ဖွား ပညာရေးပို့ချသူ၊ သတင်းသမား၊ ရှေ့ဆောင်ရှေ့ရွက် ဘောလုံးသမားဖြစ်သူ ဂျိမ်းစ် ဂျော့ချ်စကော့၏ ဆင်ခြေသာ ဖြစ်မည်။ ကိုလိုနီခေတ် အုပ်ချုပ်ရေးမှူးအဖြစ် မလုပ်ဆောင်ခင် ၁၈၇၀ ပြည့်နှစ်များ၌ ရန်ကုန်မြို့ရှိ သာသနာပြုကျောင်းများတွင် စာသင်ကြားပို့ချသူဖြစ်သည်။ သူသည် မြန်မာဘာသာစကားကို အချိန်တိုအတွင်း တတ်မြောက်သဖြင့် မတတ်သူများအပေါ် ကြွားဝါလေ့ရှိသည်။

ကုန်သည်မှ အရပ်ဘက် အရာထမ်းများအထိ အင်္ဂလိပ်လူမျိုးများသည် မြန်မာဘာသာစကားကို လေ့လာတတ်မြောက်သူ နည်းပါးလှသည်ဟု သူကရေးသားသည်။ အင်္ဂလိပ်လူမျိုးများထဲတွင် မြန်မာဘာသာစကားမှ သတ္တဝါ ‘ကြောင်’နှင့် ဘုန်းကြီးကျောင်း ‘ကျောင်း’ တို့၏ အသံထွက်ကို ခွဲခြားတတ်သူ နည်းပါးသည်ဟု သူကဆိုသည်။ ထိုသင်ခန်းစာကို ထပ်ခါထပ်ခါ သင်ကြားရသောအခါ သူတို့ စိတ်တိုလာကြသည်ဟု မစ္စတာစကော့က ရေးသားသည်။

ယင်းမှာ ဗြိတိသျှအုပ်ချုပ်မှုကို အထောက်အပံ့ဖြစ်စေရန် အရေးပါခဲ့သော်လည်း နောက်နှစ်ပေါင်း ၁၄၀ ကျော်အကြာ ယနေ့အခါတွင် ရန်ကုန်ရှိ နိုင်ငံတကာမှ လာရောက်လုပ်ကိုင်သူများထဲတွင် ကြောင်နှင့် ကျောင်း၊ စာနှင့် စား၊ တောင်နှင့် တောင်းတို့၏ အသံထွက်ကို ခွဲခြားတတ်သူ နည်းပါးသည်။ လေ့ကျင့်မထားသူများ မခွဲခြားတတ်ကြပေ။

မြန်မာနိုင်ငံသို့ သာမန်လာလည်သူများအတွက် ဘာသာစကား အတားအဆီးသည် သိပ်မရှိသလောက်ပင် ဖြစ်သည်။ မြို့ကြီးများတွင်ဖြစ်ပါက ဒေသခံများနှင့် အင်္ဂလိပ်လို အနည်းငယ်ပြောနိုင်သည်။ မြန်မာစကား အတိုအစလေးများကို ပြောနိုင်လာပါက ချီးမွမ်းခံရမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသော နိုင်ငံခြားသားများ သတိပြုမိသည်မှာ စကားပြောဆိုမှု အတိုင်းအတာ တစ်ခုကျော်လာပါက ရုံးတစ်ရုံးတွင် မြန်မာစကားပြော လူ့အဖွဲ့အစည်းနှင့် အင်္ဂလိပ်စကားပြော လူ့အဖွဲ့အစည်း နှစ်ခု ကွဲသွားခြင်းဖြစ်သည်။

ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့ပြီး ယခုအခါ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဥပဒေစာအုပ်များ ရှိနေသည်မှအပ မြန်မာဘာသာစကားသည် နိုင်ငံရေးလှုပ်ရှားမှုတွင် အများဆုံး အသုံးပြုသော၊ မီဒီယာအများစု အသုံးပြုသော ရုံးသုံးဘာသာစကား ဖြစ်သည်။ ယင်းမှာ မြန်မာနိုင်ငံလူဦးရေ သုံးပုံနှစ်ပုံခန့်၏ ပထမ မိခင်ဘာသာစကားဖြစ်ပြီး ကျန်လူဦးရေ၏ ဒုတိယ ဘာသာစကား ဖြစ်နေသည်။

ပညာသင်ကြားရာတွင် မိခင်ဘာသာစကားဖြင့် သင်ခွင့်မရသော တိုင်းရင်းသားများ၏ ဒုတိယ ဘာသာစကား ဖြစ်နေခြင်းဖြစ်သည်။ မြန်မာဘာသာစကားသည် အခြေခံဥပဒေက ပြဋ္ဌာန်းထားသော တစ်ခုတည်းသော တရားဝင် ရုံးသုံးဘာသာစကားဖြစ်သည်။ မတူညီသော လူ့အဖွဲ့အစည်းများအကြား ချိတ်ဆက်ရာတွင် ဆက်သွယ်မှုအကောင်းဆုံး ဘာသာစကားလည်းဖြစ်သည်။

သို့ဖြင့် မြန်မာနိုင်ငံမှ နိုင်ငံခြားသားများသည် ရွေးချယ်ရမည့်လမ်းဆုံသို့ ဆောလျင်စွာ ရောက်လာသည်။ ခက်ခဲသော မြန်မာဘာသာစကားကို အချိန်၊ ငွေ၊ စိတ်ရှည်သည်းခံမှုဖြင့် လေ့လာမည်လော။ သို့တည်းမဟုတ် အကန့်အသတ်ရှိသော စကားပြန်များ၊ ဘာသာပြန်များကိုသာ အားကိုးနေမည်လော ရွေးချယ်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ စကားပြန်၊ ဘာသာပြန်များ၏ ကျွမ်းကျင်မှုနှင့် စိတ်ချရမှုကို သင်တွေးကြည့်နိုင်ပါသည်။ မြန်မာနိုင်ငံရောက် နိုင်ငံခြားသားအများစုသည် ဟိုမရောက် သည်မရောက် ဖြစ်နေကြသည်ကို တွေ့ရသည်။

ဘာသာစကား သုံးလေးခု တတ်မြောက်ထားသော ကျွမ်းကျင်သူများသည်ပင် ဥရောပ ဘာသာစကား နောက်ခံရှိသူပင်ဖြစ်စေကာမူ မြန်မာဘာသာစကားကို ခက်ခဲစွာ လေ့လာရနိုင်သည်။ သရသံများထွက်ရှိပုံ အနည်းငယ်ကွဲပြားခြင်း၊ အဓိပ္ပာယ်နှင့် အသုံးအနှုန်းကိုလိုက်၍ ဗျည်းများအသံထွက်ပုံ ကွဲပြားခြင်း၊ အင်ဒို-ဥရောပ ဘာသာစကားများ Indo-European languages ကဲ့သို့ သဒ္ဒါရှုပ်ထွေးခြင်းတို့ကြောင့် လေ့လာသူများအဖို့ လေ့ကျင့်မှုနှင့် စိတ်ရှည်မှု လိုအပ်သည်။ အာရှဘာသာစကား အများစုနည်းတူ လေ့လာရန် အထောက်အကူ စာအုပ်စာတမ်းရှားပါးခြင်း၊ အတွေ့အကြုံရင့်ဆရာများ ရှားပါးခြင်းတို့ရှိသေးသည်။

အမေရိကန် သံတမန်များကို လေ့ကျင့်သင်ကြားပေးသော Foreign Service Institute က မြန်မာဘာသာစကားကို အင်္ဂလိပ်စကားပြောသူများအတွက် လေ့လာရန်ဒုတိယအခက်ဆုံး ဘာသာစကားအုပ်စုဝင်အဖြစ် အဆင့်သတ်မှတ်ထားသည်။ ယင်းမှာ အာရပ်၊ မန်ဒရင်တရုတ်၊ ကန်တိုနစ် တရုတ်၊ ဂျပန်၊ ကိုရီးယား စသည့်ဘာသာစကားအုပ်စုပြီးလျှင် အခက်ခဲဆုံးဖြစ်သည်။ ဗြိတိသျှ နိုင်ငံခြားနှင့် ဓနသဟာယရုံး British Foreign and Commonwealth Office ကလည်း အလားတူသတ်မှတ်ထားသည်။

ဘာသာဗေဒပညာရှင် ပါမောက္ခ ဂျပ်စတင် ဝပ်ကင်စ် Professor Justin Watkins က ဘာသာစကား တစ်ခုကို ခက်ခဲမှုအဆင့် သတ်မှတ်ခြင်းသည် အဓိပ္ပာယ်မရှိကြောင်း ပြောသည်။ ၎င်းသည် ၁၉၉၉ ခုနှစ်ကတည်းက လန်ဒန်မြို့ အရှေ့တိုင်းနှင့် အာဖရိကဘာသာစကားလေ့လာမှုကျောင်း London’s School of Oriental and African Studies တွင် မြန်မာဘာသာစကားကို သင်ကြားပို့ချခဲ့သူ ဖြစ်သည်။

“ဒီလို အဆင့်သတ်မှတ်လိုက်တာက လေ့လာသင်ယူနေသူကို သူတို့က သူများတကာထက် ပိုခက်ခဲတဲ့ ဘာသာစကားကို သင်ယူနေလို့ပါဆိုပြီး ဆင်ခြေပေးရာပဲ ရောက်နိုင်ပါတယ်” ဟု သူက ဆိုသည်။

မိုးမြန်မာဘာသာဗဟိုဌာနတွင် ဆရာမ ဒေါ်မိုးချစ်က နိုင်ငံခြားသား နှစ်ဦးအား မြန်မာဘာသာ သင်ကြားပို့ချနေစဉ်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

မိုးမြန်မာဘာသာဗဟိုဌာနတွင် ဆရာမ ဒေါ်မိုးချစ်က နိုင်ငံခြားသား နှစ်ဦးအား မြန်မာဘာသာ သင်ကြားပို့ချနေစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ပါမောက္ခ ဝပ်ကင်စ်က မြန်မာဘာသာစကားက လေ့လာရန်ခက်ခဲသည်မှာ လေ့လာသူ၏ မိခင်ဘာသာစကားနှင့် ကွာခြားလွန်းခြင်းကြောင့်သာ ဖြစ်သည်ဟုဆိုသည်။ “အရှေ့တိုင်း လေ့လာသူတွေရဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင် မြန်မာဘာသာစကားက ခက်ခဲတယ်၊ ရှုပ်ထွေးတယ်လို့ ပြောနေတာက ဒီဘာသာစကားရဲ့ အလုပ်လုပ်ပုံကို ကောင်းကောင်း နားမလည်ထားသေးလို့ပဲဖြစ်မယ်။ ခင်ဗျား စိတ်နှစ်ထားရမယ်။ အလွယ်နဲ့တော့ မရနိုင်ဘူးလို့သာ ဆိုလိုပါတယ်” ဟု သူကပြောသည်။

ထိုသို့ စိတ်နှစ်ပြီး လေ့လာတတ်မြောက်ထားသူများသည် ၎င်းတို့ မြန်မာနိုင်ငံတွင် အလုပ်လုပ်ရသောဘဝ၊  နေထိုင်မှုဘဝ၌ တိုးတက်လာသော ကောင်းကျိုးများကို ခံစားနေကြရသည်။

ရန်ကုန်အခြေစိုက် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန Myanmar Center for Responsible Business ၏ ဒါရိုက်တာဖြစ်သူ မစ္စ ဗစ်ကီဘိုးမင်း Ms Vicky Bowman သည် ၁၉၉၀ ပြည့်နှစ်များ၌ မြန်မာနိုင်ငံရှိ ဗြိတိသျှသံရုံး၏ ဒုတိယအတွင်းဝန်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ သူသည် ၂၀၀၀ ပြည့်နှစ် အစောပိုင်းတွင် သံအမတ် ဖြစ်လာခဲ့သည်။ သူက မြန်မာဘာသာစကားကို အခြေခံကျကျ တတ်မြောက်ထားသောကြောင့် မြန်မာနိုင်ငံရှိ ကွဲပြားနေသော လူ့အဖွဲ့အစည်းများအကြောင်း နားလည်ခဲ့ရသည်ဟု ဆိုသည်။

ဗစ်ကီသည် မြန်မာဝတ္တုတိုများ၊ ကဗျာများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရသည်ကို ဝါသနာပါသောကြောင့် ထိုခေတ်က စာရေးဆရာများ၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များ အချို့ကသာ ဆွေးနွေးတင်ပြရဲကြသော၊ ဆင်ဆာဖြတ်တောက်ခံရသည့် နိုင်ငံရေးစာပေများကို ဘာသာပြန်ရာတွင် အကာအကွယ်ရခဲ့သည်။

သူက မြန်မာစကား ကောင်းကောင်းပြောတတ်သဖြင့် စစ်တပ်နှင့် ဆက်ဆံရေးတွင်လည်း အဆင်ပြေခဲ့သည်ဟု ဆိုသည်။ “သူတို့က နိုင်ငံခြားသားနဲ့ စကားပြောရမှာကို ကြောက်ကြတယ်။ ဒါပေမဲ့ ကျွန်မက မြန်မာလိုပြောတော့ သူတို့ ပြောရဲဆိုရဲ ရှိလာတယ်” ဟုဆိုသည်။

ရန်ကုန်မြို့နေ ဗြိတိသျှလူမျိုး မစ္စတာ အလီ ဒရမ်မွန်း Mr Ali Drummond သည် ပြင်သစ်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုတွင် ဘာသာပြန်အလုပ် လုပ်ကိုင်နေသူဖြစ်သည်။ သူသည် လန်ဒန်တက္ကသိုလ်တွင် မြန်မာဘာသာစကားကို လေ့လာခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်၌ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာပြီးမှ ပိုမိုကျွမ်းကျင်လာခဲ့သည်။

“ကျွန်တော်က မြန်မာလူ့အဖွဲ့အစည်းထဲမှာ နှစ်မြှုပ်နေလိုက်တယ်။ လန်ဒန်က ကျွန်တော့်သူငယ်ချင်းတွေနဲ့ ခပ်ခွာခွာနေတယ်။ မြန်မာနိုင်ငံက စကိတ်သမားတွေနဲ့ ခင်တယ်” ဟု သူ ဆိုသည်။

သူသည် ရန်ကုန်မြို့ရှိ ဆင်းရဲနွမ်းပါးသော နေရာတစ်ခုတွင် နိုင်ငံတကာအဆင့်မီ စကိတ်စီးကွင်း တစ်ကွင်း တည်ဆောက်နိုင်ရန် အကူအညီပေးခဲ့သည်။ သူသည် နိုင်ငံတကာ အင်န်ဂျီအိုတစ်ခု၊ မြို့နယ်အာဏာပိုင်အဖွဲ့နှင့် စကိတ်စီးဝါသနာရှင်များအကြား မြန်မာဘာသာစကား ကျွမ်းကျင်မှုကို အခွင့်ကောင်းယူပြီး ညှိနှိုင်းပေးခဲ့ခြင်းဖြစ်သည်။

အလုပ်မျိုးစုံ လုပ်ကိုင်ဖူးသော ၎င်းက မြန်မာဘာသာစကား တတ်ကျွမ်းခြင်းသည် နေရာတိုင်းတွင် အခွင့်အလမ်းသာစေကြောင်း၊ နိုင်ငံခြားသားဝန်ထမ်းနှင့် မြန်မာဝန်ထမ်းနှစ်ဦးကြား ရောက်ရှိနေပါက နှစ်ဦးစလုံး၏ အတွေးများကို သိရှိနိုင်စေကြောင်းဆိုသည်။ ထို့ပြင် မြန်မာလုပ်ဖော်ကိုင်ဖက်များသည် သင်သာ မြန်မာစကား ပြောတတ်ပါက သင့်ကို လေးစားကြကြောင်း၊ လွယ်လွယ်ကူကူ ရင်းနှီးကျွမ်းဝင်မှု ရရှိစေကြောင်း သူကပြောပြသည်။

ဘာသာစကား မတတ်သူများအဖို့ စကားပြန်များ၊ ဘာသာပြန်များက လှစ်ဟာမှုများကို ဖြည့်ဆည်းပေးမည်ဖြစ်သည့်တိုင် ပြည့်စုံချင်မှ ပြည့်စုံနိုင်မည်ဖြစ်သည်။

ကိုဟိန်းနိုင်စိုးသည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲများအတွက် အထောက်အပံ့ပေးနေသော နိုင်ငံတကာ အင်န်ဂျီအိုများတွင် စကားပြန်အဖြစ် နှစ်အတန်ကြာ လုပ်ကိုင်ခဲ့သူဖြစ်သည်။ သူသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များကို စကားပြန်လုပ်ပေးနေရသူဖြစ်သည်။ နိုင်ငံတကာမှ ရရှိလာသော အကြံဉာဏ်များကို စကားပြန်ပေးရာတွင် ကျွမ်းကျင်မှုမရှိပါက အန္တရာယ်ရှိပုံကို သူက ပြောပြသည်။

နိုင်ငံတကာမှ ကျမ်းကျင်သူများသည် တာဝန်ခံမှု၊ တာဝန်ယူမှု accountability နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားအောင်သင်ကြားပေးမှု capacity building တို့ကဲ့သို့သော စကားလုံးများကို မြန်မာဘာသာဖြင့် စကားလုံး တစ်လုံး နှစ်လုံးသာသုံးပြီး ပြန်ဆိုပေးစေချင်ကြသည်။ ကိုဟိန်းနိုင်စိုးက သူသည် တရားဝင် နိုင်ငံရေးဝေါဟာရနှင့် အံဝင်စေရန် စကားလုံး၊ စကားစု တစ်ခု နှစ်ခုတည်းဖြင့် ထွင်သုံးပေးနိုင်သော်လည်း မြန်မာများ နားလည်စေရန် မိနစ်အနည်းငယ်ကြာ ရှင်းပြမှုမျိုးကို လုပ်ဆောင်ရလေ့ရှိသည်ဟုဆိုသည်။

သမ္မတ ဦးသိန်းစိန်လက်ထက်တွင် accountability ကို တာဝန်ခံမှုဟု သုံးနှုန်းခဲ့ကြသည်။ သို့သော် ထိုစကားလုံးကို ကောင်းကောင်း နားမလည်နိုင်ကြသေးပေ။ တာဝန်ခံမှုဆိုသည်မှာ မြန်မာဘာသာဖြင့် တာဝန်ကို လက်ခံရယူသည်ဟုသာ အဓိပ္ပာယ်ရောက်သည်။ ဥပဒေနှင့် ပြည်သူတို့၏ စစ်ဆေးမှုကို ခံယူရနိုင်သည့်သဘော မပါဝင်ပေ။

ထိုနည်းအတိုင်းပင် ထေရဝါဒ ဗုဒ္ဓဘာသာတွင် အမြစ်တွယ်နေသော စကားလုံးများဖြစ်သည့် စေတနာ၊ မေတ္တာ၊ သစ္စာနှင့် ပါရမီတို့ကဲ့သို့သော မြန်မာဝေါဟာရတို့ကို အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ပြန်ဆိုရန် မဖြစ်နိုင်ပေ။ ယင်းတို့သည် လူမှုရေး၊ နိုင်ငံရေးကဏ္ဍတွင် မရှိမဖြစ် အသုံးပြုနေသော စကားလုံးများဖြစ်ကြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများအတွက် နိုင်ငံတကာက အကြံဉာဏ်များပေးရာတွင် ထိုပြုပြင်ပြောင်းလဲမှုများမှာ မြန်မာနိုင်ငံအတွက်ဖြစ်သည်ကို သိရှိထားရမည်။ အကြံဉာဏ်များ ဖလှယ်ရာတွင် အင်္ဂလိပ်ဘာသာကို အားကိုးနေရမှု လျှော့ချရမည်ဟု ပါမောက္ခ ဝပ်ကင်စ်က ယုံကြည်သည်။ သို့မှသာ အများပြည်သူ နားလည်သိရှိနိုင်မည် ဖြစ်သည်။

“အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သူတွေသာ ရရှိနိုင်တဲ့ ဗဟုသုတတွေကို ငွေကြေးမတတ်နိုင်လို့ ပုဂ္ဂလိကကျောင်း မတက်နိုင်သူတွေ မရနိုင်ဘဲဖြစ်နေမယ်” ဟု သူက ပြောပြသည်။

“နိုင်ငံခြားသားတွေက မြန်မာနိုင်ငံလာပြီး မြန်မာဘာသာစကား တစ်လုံးမှ မတတ်ဘဲ အဆင့်မြင့်အင်န်ဂျီအို အလုပ်တွေကို လုပ်နေတာက အဆက်အသွယ် ပြတ်နေသလို မြင်မိတယ်”

သို့သော် မြန်မာဘာသာစကားတွင် အကန့်အသတ်များရှိသည်ကို ဗစ်ကီက ထောက်ပြထားသည်။

“အဆင့်မြင့်ပညာရပ်တွေ ဆွေးနွေးတဲ့အခါ မြန်မာဘာသာစကားက အင်္ဂလိပ်ဘာသာစကားလောက် မထိရောက်နိုင်ဘူး” ဟု ‘corporate governance’ ဆိုသော စကားလုံးကို ရည်ညွှန်းကာ ဗစ်ကီက ပြောပြသည်။

“Corporate ဆိုတဲ့ စကားလုံးနဲ့ ထပ်တူကျတဲ့ မြန်မာစကားလုံးကို ရှာတယ် ရှာတယ် ရှာမရနိုင်ဘူး ဖြစ်နေတယ်။ အဖွဲ့အစည်းလို့ ဘာသာပြန်လိုက်ရင် စီးပွားရေးလုပ်ငန်းဆိုတဲ့ အဓိပ္ပာယ် မပါဝင်နိုင်ဘူး။ ဒီတော့ ‘ကော်ပိုရိတ်’ လို့ပဲ အသံထွက်နဲ့ ရေးရတော့တယ်” ဟု သူက ဆိုသည်။

ရန်ကုန်မြို့တွင် မြန်မာဘာသာစကား သင်ပေးနေသော မမိုးပွင့်က ဘာသာစကား တစ်ခုကို လေ့လာခြင်းဆိုသည်မှာ ယဉ်ကျေးမှုချင်း ဖလှယ်ခြင်းဖြစ်သည်ဟုဆိုသည်။ “ဘာသာစကား တစ်ခုကို လေ့လာတဲ့အခါ သင်က ဘာသာစကားချည်းသက်သက် လေ့လာနေတာ မဟုတ်ပါဘူး။ ယဉ်ကျေးမှုကိုပါ လေ့လာနေတာပါ”ဟု သူကပြောပြသည်။

သူက လေ့လာသူများအား “ဒီဝါကျကို မြန်မာလို ဘယ်လိုဘာသာပြန်မလဲလို့ မမေးသင့်ဘူး။ ဒီအခြေအနေမှာ မြန်မာလို ဘာပြောသင့်သလဲဆိုတာ လေ့လာရမယ်”ဟု အကြံပြုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော အကြမ်းဖက်မှုများအပေါ် မြန်မာနှင့် နိုင်ငံတကာ လူ့အဖွဲ့အစည်းများကြား အမြင်မတူ ဆန့်ကျင်နေစဉ်တွင် လူ့အခွင့်အရေးနှင့် တာဝန်ခံမှုဆိုင်ရာ ဆွေးနွေးမှုများ၌ မြန်မာလို ထိရောက်စွာ စကားပြောဆိုနိုင်မှုသည် အရေးပါလာသည်။

‘ကြောင်’နှင့် ‘ကျောင်း’၏ အသံထွက်ကို ခွဲခြားပြောဆိုနိုင်ခြင်းသည် သေးငယ်သော အောင်မြင်မှုသာ ဖြစ်နိုင်သော်လည်း တချိန်ချိန်၌ မြန်မာနှင့် ကမ္ဘာကြီးအကြား စကားပြောဆိုရာတွင် အသုံးဝင်သော ခြေလှမ်းတစ်ခု ဖြစ်လာနိုင်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.