Customers line up to withdraw cash from CB Bank ATMs in Yangon on May 5. (Frontier)
မေ၅ရက်က ရန်ကုန်မြို့ရှိ၊ CBဘဏ်၏ ATMစက်တွင် ငွေထုတ်ယူရန် တန်းစီနေသည့် လူများကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

CDM အလွန် ဘဏ်များ၏ ငွေသားအကျပ်အတည်း

ငွေထုတ်ရန် ဘဏ်များနှင့် ATM စက်များတွင် နေ့စဉ်နှင့်အမျှ လူများစုပြုံတန်းစီ၍ စောင့်ဆိုင်းနေကြသည်။ ငွေသားပြတ်လပ်မှုကြုံတွေ့နေရချိန်တွင် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသည့် ဘဏ်များအဖို့ အပ်ငွေထက် ငွေထုတ်ပိုမိုများပြားနေခြင်းက ဖိအားတစ်ခုဖြစ်လာသည်။

ဖရွန်းတီးယားမြန်မာ

ကိုသီဟအတွက် မြန်မာနှစ်သစ်ကူးသည် ၎င်းအလုပ်လုပ်ရာ ကမ္ဘောဇဘဏ် အထက်အရာရှိများထံမှ တယ်လီဖုန်းစာတိုတစ်စောင်ဖြင့် စတင်ခဲ့သည်။ စာတွင် ရေးထားသည်က သုံးရက်အတွင်း ဝန်ထမ်းအားလုံး ရုံးပြန်လည်တက်ရောက်နိုင်ခြင်း ရှိ၊ မရှိ သက်ဆိုင်ရာမန်နေဂျာထံသို့ သတင်းပို့ရမည်ဖြစ်ပြီး ဧပြီ၂၉ရက်နောက်ဆုံးထား၍ ရုံးမတက်သူများသည် အလုပ်ထွက်လျှင်ထွက်၊ မထွက်လျှင် အထုတ်ခံရမည်ဟူ၍ ဖြစ်သည်။

ကိုသီဟလို သာမန်ဝန်ထမ်းများသည် ငြိမ်းချမ်းစွာအာဏာဖီဆန်ခြင်း (CDM)လှုပ်ရှားမှုတွင် ပါဝင်နေကြသည်က ဖေဖော်ဝါရီ၈ရက်ကတည်းကဖြစ်သည်။ ဘဏ်ဝန်ထမ်းများ အလုပ်မဆင်းတော့ဘဲ CDM တွင် ပါဝင်မှုကြောင့် ပုဂ္ဂလိကဘဏ်များ၏ ဘဏ်ခွဲပေါင်း ၂,၀၀၀နီးပါး ပိတ်ထားခဲ့ရသည်။ ယင်းသို့ပိတ်ထားသဖြင့် နိုင်ငံတကာငွေပေးချေမှုများ၊ ဘဏ်မှ ငွေသားထုတ်ယူခြင်းနှင့် ဘဏ်အချင်းချင်းကြားငွေလွှဲခြင်း စသည့်လုပ်ငန်းများ ရပ်တန့်သွားသည်။

ဘဏ်လုပ်ငန်းရပ်တန့်သွားခြင်းက ကုန်သွယ်မှုကအစ ဝန်ထမ်းလစာပေးချေမှုအဆုံး နိုင်ငံ့စီးပွားရေးတစ်ခုလုံးကို အကြီးအကျယ်ထိခိုက်စေခဲ့သည်။ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူအများအကြား ငွေသားပြတ်လပ်မှု ဖြစ်ပေါ်ခဲ့သည်။ ဘဏ်များပိတ်ထားရခြင်းသည် ဖေဖော်ဝါရီ၁ရက် စစ်အာဏာသိမ်းမှုကို ထင်သာမြင်သာရှိသော ဆန့်ကျင်ကန့်ကွက်မှုလည်းဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ တရားဝင်ဖြစ်မှုနှင့် အာဏာအုပ်စိုးမှုကို အသိအမှတ်မပြုသည့် လှုပ်ရှားမှုလည်းဖြစ်သည်။

CDM တွင်ပါဝင်နေသည်ကို မရပ်တန့်ချင်သကဲ့သို့ တိုင်းပြည်စီးပွားရေးကျဆင်းနေချိန်တွင်လည်း အလုပ်ပြုတ်မည်ကို စိုးရိမ်သည့် ကိုသီဟအဖို့ စိတ်နှစ်ခွ၊ ဒွိဟဖြစ်နေခဲ့သည်။ ရက်အတန်ကြာ စဉ်းစားပြီးနောက် အလုပ်ပြန်ဆင်းရန် ဆုံးဖြတ်လိုက်သည်။

“အသေးစားငွေချေးလုပ်ငန်းတစ်ခုကနေ ချေးထားတဲ့ငွေတွေ ပြန်ဆပ်ဖို့ရှိတယ်။ ဒါ့ပြင် ကျနော့် အမျိုးသမီးနဲ့ ငါးနှစ်အရွယ် သမီးငယ်လေးအတွက်လည်း ကျနော့်မှာ ပုံမှန်ဝင်ငွေရှိမှဖြစ်မှာ။ နောက်ထပ်အလုပ်တစ်ခုရဖို့ဆိုတာကလည်း အလုပ်အကိုင်အမျိုးစားတစ်ခုလုံးကို ပြောင်းရမှာဖြစ်လို့ ကျနော့်အတွက်မလွယ်ဘူး”ဟု ၎င်းက ပြောသည်။

ဧပြီ ၂ဝရက်၊ ရုံးပြန်တက်သောအခါ လုပ်ငန်းခွင်ဝင်ရာ ဘဏ်ခွဲတွင် အလုပ်ပြန်ဆင်းသည့် ဝန်ထမ်းအနည်းငယ်သာ တွေ့ရှိရသည်။ သို့သော် များအကြာမီ ရက်ပိုင်းအတွင်း အလုပ်ပြန်ဆင်းသည့် ဝန်ထမ်းဦးရေ တဖြည်းဖြည်း များပြားလာသည်။ နောက်ဆုံးအလုပ်ပြန်ဆင်းရန် ကုမ္ပဏီက အမိန့်ထုတ်ထားသည့် ဧပြီ၂၉ရက်တွင်မူ ၎င်းတို့ဘဏ်ခွဲတွင် ဝန်ထမ်းစုစုပေါင်း ၈၀ရာခိုင်နှုန်းခန့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် လာကြသည်။ သို့သော်အများစုသည် အလုပ်ဆင်းရာတွင် ၎င်းတို့၏ ဘဏ်ဝတ်စုံများ မဝတ်ဆင်ကြပေ။

အဆိုပါမြင်ကွင်းသည် နိုင်ငံတစ်ဝန်းရှိ ပုဂ္ဂလိကဘဏ်များတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေပင်ဖြစ်သည်။ ပုဂ္ဂလိကဘဏ်များရှိ အလုပ်မဆင်းဘဲ ဆန္ဒပြ၍ CDM တွင် ပါဝင်ခဲ့သော သောင်းနှင့်ချီရှိသည့် ဘဏ်ဝန်ထမ်းများသည် ဧပြီလကုန်တွင် လုပ်ငန်းခွင်အသီးသီးသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံးဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်ဆိုလျှင် လွန်ခဲ့သည့်တစ်လခွဲခန့်က ရန်ကုန်မြို့တွင် ဘဏ်ခွဲငါးခုသာ ဖွင့်လှစ်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင်မူ ကမ္ဘောဇဘဏ်က ရန်ကုန်တွင် အနည်းဆုံး ဘဏ်ခွဲ၂၅ခုအထိ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ဘဏ်ခွဲ၅၀၀ခန့်အနက် ထက်ဝက်ခန့်မှာ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း အဆိုပါဘဏ်၏ တရားဝင်အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ အခြားအလယ်အလတ်နှင့် အကြီးစားဘဏ်များဖြစ်သော AYA ၊ CBနှင့် Yoma စသည့်ဘဏ်များကလည်း ၎င်းတို့၏ဝန်ထမ်းများကို လုပ်ငန်းခွင်သို့ ပြန်လည်ခေါ်ယူနေပြီး ဘဏ်ခွဲများကို ပြန်လည်ဖွင့်လှစ်ရန် စိုင်းပြင်းနေသည်။

ယင်းအခြေအနေများသည် ပုဂ္ဂလိကဘဏ်များက အာဏာသိမ်းစစ်ကောင်စီနှင့် အာဏာသိမ်းပြီး မကြာမီတွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် ဗဟိုဘဏ်တို့ထံမှ ကျရောက်လာသည့် ဖိအားများ လျော့ကျသက်သာအောင် ထိန်းသိမ်းဆောင်ရွက်နေခြင်းလည်းဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကဘဏ်ဝန်ထမ်း အများအပြား CDMလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ဘဏ်များသည် ရက်သတ္တပေါင်းများစွာ ကြာသည်အထိ ဘဏ်ခွဲများမဖွင့်လှစ်နိုင်ဘဲ ရှိကြသည်။ ထိုအခြေအနေတွင် ဘဏ်ခွဲများ ပြန်လည်ဖွင့်လှစ်ခြင်းမရှိပါက တစ်နည်းတစ်ဖုံ အရေးယူခံရနိုင်ကြောင်း စစ်ကောင်စီက ဘဏ်များကို သတိပေးခဲ့သည်။

ခွဲတမ်းစနစ်ဖြင့် ငွေသားထုတ်ပေးခြင်း

အလုပ်ပြုတ်နိုင်ကြောင်း ခြိမ်းခြောက်ခံရပြီးနောက် CDM တွင်ပါဝင်နေသော ပုဂ္ဂလိကဘဏ်ဝန်ထမ်းများသည် လုပ်ငန်းခွင်သို့ ပြန်ဝင်ခဲ့ကြသည်။ သို့သော် ၎င်းတို့သည် ဘဏ်များရင်ဆိုင်နေရသည့် အရေးပါသော ပြဿနာကြီးတစ်ရပ်ကို တွေ့ရှိခဲ့သည်။ ယင်းမှာ ငွေသားအဝင်မရှိဘဲ အထွက်သာရှိသော ဘဏ်များ၏ ငွေပြတ်လပ်မှု အကျပ်အတည်းဖြစ်သည်။

ငွေအထုတ်သာရှိပြီး အပ်ငွေအဝင်မရှိသဖြင့် ဘဏ်ခွဲများများဖွင့်လေ ဘဏ်များအတွက် အရန်ငွေကို ပိုသုံးရရန် ဖိအားကျရောက်လာလေဖြစ်လာသည်။ အကျိုးဆက်အဖြစ် ပြန်လည်ဖွင့်လှစ်သော ဘဏ်အတော်များများသည် လူအနည်းငယ်ကိုသာ ဝန်ဆောင်မှုပေး၍ ငွေသားပမာဏ အနည်းငယ်ကိုသာ ထုတ်ယူခွင့်ပြုရာ ပြည်သူအများသည် အဆိုပါငွေပမာဏအနည်းငယ်ကို ရရှိရန် ဘဏ်များသို့ သွားရောက်တန်းစီကြရပြီး နာရီပေါင်းများစွာ စောင့်ဆိုင်းကြရသည်။

ထိုအခါဘဏ်များသည် ဘဏ်အသုံးပြုသူများထုတ်ယူနိုင်သည့် ငွေပမာဏကို ကန့်သတ်လာကြသည်။ ATM စက်များမှ ကတ်တစ်ခုလျှင် တစ်ရက်ငွေကျပ်ငါးသိန်းအထိ ထုတ်ယူရန် ဗဟိုဘဏ်က ကန့်သတ်ထားသော်လည်း ဘဏ်အများစုကမူ တစ်ရက်လျှင် ကတ်တစ်ခုကို အများဆုံးကျပ်နှစ်သိန်းသာ ထုတ်ယူခွင့်ပြုသည်။ အလားတူပင် လူတစ်ဦးလျှင် တစ်ပတ်ကို အများဆုံးငွေကျပ်သိန်း၂၀အထိ ထုတ်ယူနိုင်သည်ဟု ဗဟိုဘဏ်က ကန့်သတ်ထားသော်လည်း အမှန်တကယ်တွင်မူ ငွေကျပ်၁၀သိန်းသာ ထုတ်ယူနိုင်ခဲ့ကြောင်း ဘဏ်များသို့ ကိုယ်တိုင်သွားရောက်၍ ငွေထုတ်ယူသူများက ဆိုသည်။

ရန်ကုန်ရှိ ကိုသီဟအလုပ်လုပ်ရာ ဘဏ်ခွဲတွင်မူ လူကိုယ်တိုင်သွားရောက်၍တန်းစီပါက လူတစ်ဦးလျှင် ကျပ်ငါးသိန်းသာ ထုတ်ပေးပြီး တုံကင်လက်မှတ်ကြိုတင်ယူရသည့်စနစ်ဖြင့် တစ်ရက်လျှင် အယောက်၂၀ကိုသာ ဝန်ဆောင်မှုပေးခဲ့သည်။ မေနှင့် ဇွန်လများအတွက် ၎င်းတို့ဘဏ်ခွဲ၏ တုံကင်လက်မှတ်များ ဖြန့်ဝေပြီးသွားပြီဖြစ်ကြောင်း ကိုသီဟက ဆိုသည်။

“ကျနော်တို့ ကမ္ဘောဇဘဏ်ခွဲ တော်တော်များများက ဧပြီ၂၀ရက်နေ့ကတည်းက ပြန်ဖွင့်နေပြီ။ ဒါပေမဲ့ အများစုကိုကြည့်လိုက်ရင် ပိတ်ထားတယ်လို့ ထင်ရပါတယ်”ဟု ကိုသီဟ ဖရွန်းတီးယားမြန်မာကို ပြောသည်။

ATM စက်များကို ငွေအပြည့်မဖြည့်သွင်းခြင်း၊ ငွေဖြည့်သွင်းသည့် ATM စက်အရေအတွက်ကို ကန့်သတ်ခြင်း စသည့် နည်းလမ်းများဖြင့်လည်း ဘဏ်များသည် ၎င်းတို့ထံမှ ငွေအထွက်ကို ကန့်သတ်လျက်ရှိသည်။

ငွေအပြည့်ဖြည့်ထားသည့် ATM စက်များပင်လျှင် ငွေထည့်ပြီးသည်နှင့် နာရီပိုင်းအတွင်း ထုတ်ယူသူ များပြားသဖြင့် ငွေကုန်သွားလေ့ရှိသည်။ “ပြဿနာကတော့ ATMစက်တွေကို ငွေမြန်မြန်ဖြည့်လေ ငွေမြန်မြန်ကုန်လေ ဖြစ်နေတယ်။ အဓိကစိန်ခေါ်မှုကတော့ ဘဏ်ဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ ငွေသားကို လက်ထဲကိုင်ထားနိုင်ဖို့ပါပဲ”ဟု အလယ်အလတ်အရွယ် ဘဏ်တစ်ခုက အကြီးတန်းဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။

“အခု ကျနော်တို့လည်း ဘဏ်ခွဲတော်တော်များများ ပြန်ဖွင့်နေပါပြီ။ ဒါပေမဲ့ အခုဘဏ်ခွဲတွေက ထုတ်ပေးနိုင်တဲ့ ငွေပမာဏဟာ အရင်ကဝန်ဆောင်မှုပေးတဲ့ ပမာဏနဲ့ယှဉ်ရင် မပြောစလောက်လေးပဲ ရှိတယ်”ဟု ၎င်းက ပြောသည်။

A shopkeeper counts kyat notes at his store in the Pazundaung market in Yangon on March 21, 2020. (AFP)
မတ်၂၁ရက်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ငွေကျပ်ငါးထောင်တန်များကို ရေတွက်နေစဉ်။ လက်ရှိအချိန်တွင် ဘဏ်များသည် ငွေထုတ်ယူလိုသူများကို ငွေအကန့်အသတ်ဖြင့် ထုတ်ယူစေလျက်ရှိသည်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

စောင့်ဆိုင်းရသည့် လူတန်းရှည်ကြီး

အပ်ငွေများပြန်လည်ထုတ်ယူခြင်းကို ကန့်သတ်ထားခြင်းက ဘဏ်များငွေပြတ်လပ်မှု (Bank Run) ဖြစ်ခြင်းမှ လက်ရှိအချိန်ထိ အကာအကွယ်ပေးနေသည်။ သို့သော် ယင်းသို့ ငွေထုတ်ယူမှု ကန့်သတ်လိုက်ခြင်းကြောင့် နဂိုကတည်းက ယိုင်နဲ့နဲ့ဖြစ်နေသော ဘဏ်စနစ်အပေါ် လူထု၏ ယုံကြည်မှုပိုမိုလျော့နည်းသွားသည့်အပြင် အနည်းငယ်သောငွေပမာဏကို ထုတ်ယူရန် ဘဏ်အသုံးပြုသူများသည် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းသည့် ဒုက္ခကို ခံစားကြရသည်။

ယင်းအခြေအနေသည် ဧပြီလကုန်တွင် ဝန်ထမ်းများအား လစာပေးချေရန် အချိန်ကျရောက်လာသောအခါ ကုမ္ပဏီများအတွက် ပို၍ သိသာထင်ရှားလာသည်။ ငွေသားစက္ကူ အလွယ်တကူထုတ်ယူမရနိုင်သဖြင့် ကုမ္ပဏီများသည် ဝန်ထမ်းများကို ၎င်းတို့၏ငွေစုအကောင့်များသို့ ဘဏ်မှငွေလွှဲ၍ လစာပေးချေခဲ့ရသည်။ ကုမ္ပဏီဝန်ထမ်းအတော်များများသည် ၎င်းတို့၏ လစာကို ငွေသားအဖြစ် ထုတ်ယူရန် နီးစပ်ရာဘဏ်များနှင့် ATM စက်များသို့ သွားရောက်၍ တန်းစီထုတ်ယူကြရသည်။

ဧပြီ၂၉ရက်က မမိုးဇင်မာဦးသည် မော်လမြိုင်မြို့၊ Ocean Supercenter ဈေးဝယ်ကုန်တိုက်ရှိ ကမ္ဘောဇဘဏ်ခွဲသို့ မနက်၈နာရီတွင် စတင်တန်းစီခဲ့သည်။ အမှန်တွင်မူ အဆိုပါနေရာရရန် ၎င်း၏ညီမဖြစ်သူက မိုးမလင်းခင် မနက်၄နာရီခွဲကတည်းက အိမ်မှထွက်၍ နေရာဦးထားခြင်းဖြစ်သည်။

“လူအတော်များများလည်း ဒီလိုပဲလုပ်ကြတယ်။ တစ်ယောက်က မနက်စောစောထပြီး နေရာဦးထား၊ နောက်တစ်ယောက်က နောက်ကျမှလာပြီး နေရာလဲ။ အဲဒီလိုမှမဟုတ်ရင် အဲဒီနေရာမှာ နာရီအများကြီး တန်းစီစောင့်ရမှာ”ဟု ၎င်းက ဖရွန်းတီးယားမြန်မာကို ပြောသည်။

မမိုးဇင်မာဦး ဘဏ်ရှေ့တွင် စတင်တန်းစီအပြီး သုံးနာရီခန့်အကြာတွင် တန်းစီသူအချို့ ရုတ်တရက် ရန်ထဖြစ်ကြသည်။ အမျိုးသားတစ်ဦးသည် ၎င်း၏ဇနီးသည်ဦးထားသောနေရာကို လူစားထိုးရန် ဝင်ရောက်တန်းစီခဲ့သည်။​ ယင်းကို အခြားသူတစ်ဦးက ကြားဖြတ်ဝင်ရောက်သည်အထင်နှင့် ရန်တွေ့ခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာ လူအုပ်တန်းကြီးမှာ ရန်ပွဲကြောင့် တစ်ခဏအတွင်း ကသောင်းကနင်းဖြစ်သွားသည်။ ရဲတပ်ဖွဲ့ဝင်လေးဦး အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသော်လည်း ဖျန်ဖြေရန်မကြိုးပမ်းဘဲ ရန်ပွဲကို ရပ်ကြည့်နေခဲ့ကြသည်။

အတန်ကြာ ခွန်းကြီးခွန်းငယ် အပြန်အလှန်ဆဲဆိုကြပြီးနောက် ရန်ပွဲကငြိမ်ကျသွားသည်။ မိုးမလင်းခင်ကတည်းက တန်းစီနေရ၍ ပင်ပန်းစိတ်ရှုပ်နေသော ငွေထုတ်ရန်စောင့်ဆိုင်းသူများသည် နဂိုမူလကအတိုင်း ပြန်လည်တန်းစီခဲ့ကြသည်။ ထိုစဉ် “ဒီပြဿနာအားလုံးရဲ့အစက မအလကြောင့်ပဲ”ဟု လူတစ်ဦးက အော်ဟစ်ကာ အရွှန်းဖောက်လိုက်သည်။ လူအုပ်တန်းကြီးထံမှ ရယ်မောသံများထွက်ပေါ်လာပြီးနောက် တစ်ယောက်တစ်ပေါက်ဖြင့် ရဲနှင့်စစ်သားများကို စတင်ဆဲဆိုခဲ့ကြသည်။

ထိုစဉ် ရဲအရာရှိတစ်ဦးက မပြောမဆို မိုးပေါ်ထောင်၍ သေနတ်ပစ်ဖောက်လိုက်ပြီး တန်းစီနေသည့် လူအုပ်ကို တိတ်တိတ်နေကြရန် အော်ဟစ်ကြိမ်းမောင်းတော့သည်။ “အဲဒီအရာရှိက ထပ်ပြီး ဆူဆူညံညံလုပ်ရင် ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ကျမတို့လည်း ငွေထုတ်ဖို့အတွက် အဲဒီမှာ ပြန်ပြီးတန်းစီလိုက်တယ်”ဟု မိုးဇင်မာဦးက ပြောသည်။

ကမ္ဘောဇဘဏ်ဝန်ထမ်း ကိုသီဟကမူ လက်ရှိအချိန်အထိ ဘဏ်အသုံးပြုသူ ပြည်သူအများသည် စိတ်ရှည်သည်းခံကြသော်လည်း ထုတ်ငွေပမာဏကန့်သတ်မှုကို မဖြေလျှော့ပါက မကြာမီ ပြည်သူများအကြား သည်းခံနိုင်စွမ်း ကုန်ဆုံးလာလိမ့်မည်ဟု ယူဆသည်။ “ကျနော်တို့က ဖောက်သည်တွေနဲ့ တစ်ချိန်လုံး ထိတွေ့ဆက်ဆံရတဲ့သူဆိုတော့ နောင်ပြဿနာတစ်ခုခုဖြစ်လာမှာကို စိုးရိမ်မိပါတယ်”ဟု ၎င်းက ပြောသည်။

အချို့ပြဿနာများမှာ နည်းပညာအခက်အခဲကြောင့်ဖြစ်သည်ဟု ကိုသီဟက ဆိုသည်။ ဘဏ်များက ထုတ်ငွေပမာဏကို ကန့်သတ်ထားသဖြင့် လူအများသည် ATM စက်များကိုသာ အဓိက အားထား၍ ငွေသားထုတ်ယူကြရသည်။ သို့သော် ပြဿနာက ATM စက်အများစုသည် (နည်းပညာပိုင်းအရ) ငွေကျပ်၅,၀၀၀တန်ကိုသာ အလိုအလျောက် ထုတ်ပေးနိုင်ချိန်တွင် ဗဟိုဘဏ်က ကျပ်၁,၀၀၀တန်နှင့် ကျပ်၁၀,၀၀၀တန်တို့ကိုသာ ပုဂ္ဂလိကဘဏ်များအား ပို၍ပံ့ပိုးပေးနေသည်ဟု ၎င်းက ဆိုသည်။

မတ်လလယ်တွင် မိုဘိုင်းဒေတာအင်တာနက်လိုင်းများကို ပိတ်သိမ်းလိုက်ခြင်းကလည်း ပြဿနာကို ပိုမိုဆိုးဝါးစေခဲ့သည်။ မိုဘိုင်းဒေတာအင်တာနက် အသုံးပြု၍မရတော့သဖြင့် WavePay နှင့် KBZ Pay ကဲ့သို့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုအသုံးပြုသူများသည် ၎င်းတို့၏အကောင့်အတွင်းက ငွေသားများထုတ်ယူ၍မရ ဖြစ်ကြရသည်။

သို့တိုင် ပို၍ကြီးမားသော ပြဿနာမှာ ငွေသားစက္ကူပြတ်လပ်ခြင်းဖြစ်သည်။ “အခုလက်ရှိအချိန်မှာတော့ ကာစတမ်မာတွေဆီက အပ်ငွေလုံးဝမရတဲ့အခါကျတော့ ကျနော်တို့က ဗဟိုဘဏ်က ထုတ်ပေးတဲ့ငွေကိုပဲ အားကိုးနေရတယ်။ ခက်တာက ကာစတမ်မာတွေကလည်း ငွေပဲထုတ်နေကြတယ်။ ဒါပေမဲ့ ဗဟိုဘဏ်က ကျနော်တို့လိုသလောက် ငွေသားမထုတ်ပေးနိုင်ဘူးလို့ ကျနော့်မန်နေဂျာက ပြောတယ်”ဟု ကိုသီဟက ပြောသည်။

စာရင်းသစ်၊ စာရင်းဟောင်း

ဘဏ်စနစ်အတွင်းသို့ ငွေသားအချို့ပြန်လည်စီးဝင်လာရန် ရည်ရွယ်ချက်ဖြင့် ဗဟိုဘဏ်သည် ဧပြီလကုန်တွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ မေ၃ရက်မှစ၍ ငွေစာရင်းအကောင့်သစ်ဖွင့်လှစ်ပါက အပ်ငွေများကို စာရင်းရှိပမာဏအထိ အကန့်အသတ်မရှိ ပြန်လည်ထုတ်ယူခွင့်ပေးမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် ယင်းသို့လုပ်ဆောင်ချက်သည် ဘဏ်များအတွက် အကောင်းထက် အဆိုးဘက်ကို ဦးတည်နိုင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ချက်ချင်းထောက်ပြကြသည်။ အဘယ်ကြောင့်ဆိုသော် ရှိရင်းစွဲငွေစာရင်းများမှ အပ်ငွေများကို မေ၃ရက်နောက်ပိုင်းဖွင့်လှစ်သော ငွေစာရင်းအကောင့်အသစ်သို့ မိုဘိုင်းဘဏ်စနစ် သို့မဟုတ် ချက်လက်မှတ်ဖြင့် လွှဲပြောင်းပြီး အကောင့်သစ်မှ အကန့်အသတ်မရှိ ငွေထုတ်ခြင်းဖြင့် လက်ရှိငွေထုတ်ယူမှုကန့်သတ်ချက်ကို ရှောင်လွှဲနိုင်သည်ဟု ၎င်းတို့က ထောက်ပြကြသည်။

ပုဂ္ဂလိကဘဏ်ဝန်ထမ်းတစ်ဦးကမူ ဗဟိုဘဏ်၏ အကောင့်သစ်ဖွင့်ရန် အများပြည်သူသို့ တိုက်တွန်းချက်သည် “ယုတ္တိမကျ”ဟု ဆိုပြီး အခြားဘဏ်ဝန်ထမ်းတစ်ဦးကမူ ယင်းသို့အကောင့်သစ်များ ဖွင့်လှစ်ခြင်းက အခြေအနေကို ပို၍ဆိုးရွားစေနိုင်ကြောင်း ပြောသည်။

“သူတို့က တစ်ဖက်လှည့်နည်းနဲ့လူတွေကိုစွဲဆောင်ပြီး ဘဏ်မှာငွေလာအပ်အောင် လုပ်လို့ရမယ်ထင်တာ၊ လူတွေက ဘယ်အပ်ပါ့မလဲ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် လူတွေက ဘဏ်တွေမှာငွေသားပြတ်လပ်နေတယ် ဆိုတာ ရိပ်မိသွားပြီး ပိုလို့တောင် အပ်ထားတဲ့ငွေတွေပြန်ထုတ်နေကြတယ်”ဟု အလယ်အလတ်အရွယ်အစားရှိ ပုဂ္ဂလိကဘဏ်တစ်ခုမှ ဘဏ်အရာရှိတစ်ဦးက ပြောသည်။

သင်္ကြန်ပြီးဆုံးချိန်မှစ၍ ဗဟိုဘဏ်သည် ပြည်တွင်းပုဂ္ဂလိကဘဏ်များကို စက္ကူငွေသား ပိုမိုထောက်ပံ့ခဲ့သည့်တိုင် လိုအပ်သည့်ပမာဏထက် များစွာလျော့နည်းကြောင်း အဆိုပါဘဏ်အရာရှိက ပြောသည်။ လက်ရှိအခြေအနေကို အကဲဖြတ်မှုမပြုလုပ်နိုင်သမျှ ကာလပတ်လုံး ဘဏ်များသည် ထုတ်ငွေများကို တင်းတင်းကျပ်ကျပ် ဆက်လက်ကန့်သတ်ဖွယ် ရှိနေသည်။

“အားလုံးက ဗဟိုဘဏ်က ကျနော်တို့ကို ဘယ်လောက်ထုတ်ပေးသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်နေတယ်။ ကျနော်တို့ဗဟိုဘဏ်မှာ အပ်ထားတဲ့ငွေက အများကြီးရှိတယ်။ သူတို့က ကျနော်တို့ကို များများထုတ်ခွင့် ပေးပြီဆိုတာနဲ့ တစ်ပြိုင်နက် ကျနော်တို့လည်း ကာစတမ်မှာတွေကို များများထုတ်ပေးလို့ရပြီ”ဟု ၎င်းက ပြောသည်။

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးဝင်းသော်ကမူ ပြီးခဲ့သည့်လက ဖရွန်းတီးယားမြန်မာနှင့် ဆက်သွယ်မေးမြန်းမှုတွင် ဘဏ်များ၌ ငွေသားပြတ်လပ်မှုမရှိကြောင်း ပြောဆိုခဲ့သည်။ “ကျနော်တို့ စက္ကူငွေသားကို ပုံမှန်အတိုင်း ထုတ်ပေးနေပါတယ်။ သူတို့လည်ပတ်လို့ရနိုင်တဲ့ပမာဏ လုံလုံလောက်လောက် ကျနော်တို့ ထုတ်ပေးနေပါတယ်”ဟု ဦးဝင်းသော်က ပြောဆိုခဲ့သည်။

မတ်၃၁ရက်တွင် ဂျာမနီအခြေစိုက်ကုမ္ပဏီတစ်ခုက နိုင်ငံပိုင်ငွေစက္ကူထုတ်စက်ရုံကို ကုန်ကြမ်းပစ္စည်းများ ရောင်းချပေးမှုကို ရပ်စဲလိုက်ကြောင်း ကြေညာခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ယင်းသို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း Giesecke and Devrient ကုမ္ပဏီက ထုတ်ဖော်ပြောဆိုသည်။ အဆိုပါကုမ္ပဏီသည် ၁၉၇၀ဝန်းကျင်ကတည်းက မြန်မာနိုင်ငံကို ငွေသားစက္ကူ ရိုက်ထုတ်ရာတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ပေးနေသည့် လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်များကစ၍ မြန်မာနိုင်ငံသို့ ငွေစက္ကူရိုက်နှိပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းများ၊ အခြားဆက်စပ်ပစ္စည်းများကိုလည်း ထောက်ပံ့မှုရပ်တန့်လိုက်ပြီဖြစ်ကြောင်း Giesecke and Devrient ကုမ္ပဏီက ကြေညာခဲ့သည်။

ဂျာမနီကုမ္ပဏီက ယင်းသို့အဆက်အသွယ်ဖြတ်တောက်လိုက်ခြင်းကြောင့် ငွေသားရိုက်နှိပ်မှုကို ထိခိုက်ခြင်းရှိ၊ မရှိ ဦးဝင်းသော်ကို မေးမြန်းရာ “ပြဿနာတစ်စုံတစ်ရာ ကြီးကြီးမားမားမရှိ”ကြောင်း ပြောသည်။ “ကျနော်တို့မှာ Plan B ရှိတယ်။ ကုန်ကြမ်းတွေကို ကျနော်တို့ တခြားကုမ္ပဏီတွေဆီကနေ ဝယ်လို့ရတယ်။ ငွေသားရိုက်နှိပ်တဲ့လုပ်ငန်းတွေကတော့ ဖေဖော်ဝါရီ၁ရက်ကတည်းက ခါတိုင်းပုံမှန်လိုပဲ လည်ပတ်နေတယ်”ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

ယုံကြည်မှုအကျပ်အတည်း

ငွေစက္ကူရိုက်ထုတ်မှုက ပုံမှန်အတိုင်းလုပ်ဆောင်နေသော်လည်း ငွေသားလိုအပ်ချက်ကမူ ပုံမှန်မဟုတ်သည်က သေချာနေသည်။ ဖေဖော်ဝါရီ၁ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို ဖြုတ်ချ၍ စစ်တပ်က အာဏာသိမ်းခဲ့ခြင်းက လူအများအပြားကို အထိတ်တလန့်ဖြစ်စေခဲ့သည်။ ထို့ပြင် အာဏာသိမ်းမှုကို မကျေနပ်သဖြင့် နိုင်ငံတစ်ဝန်းက ဘဏ်အသုံးပြုသူများသည် ၎င်းတို့၏ အပ်ငွေများကို ပြန်လည်ထုတ်ယူကာ ငွေသားအဖြစ် လက်ဝယ်ထားရှိရန်၊ သို့မဟုတ်ပါကလည်း ရွှေနှင့်ဒေါ်လာစသည်တို့ကဲ့သို့ အဖိုးတန်ပစ္စည်းများဝယ်ယူ၍ ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းခဲ့ကြသည်။

တစ်ချိန်တည်းတွင် စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များသည် ပုံမှန်အသုံးစရိတ်များ၊​ လုပ်ငန်းသုံး ကုန်ကျစရိတ်များ ပေးချေရန် ငွေသားလိုအပ်လျက်ရှိသည်။ လိုအပ်ချက်ရှိနေသည့်ကြားက ထုတ်ငွေပမာဏ ကန့်သတ်ခြင်းနှင့် ခွဲတမ်းစနစ်ဖြင့် ငွေထုတ်စေခြင်းတို့ကြောင့် ပြည်သူများအဖို့ လက်ထဲငွေသားရရှိရေးသည် အလွန်ခက်ခဲလာသည်။

ဘဏ်လုပ်ငန်းကပ်ဆိုက်သည့်ဖြစ်စဉ်များသည် အများအားဖြင့် ဘဏ်များ၏ ဘဏ္ဍာရေးအရသန်စွမ်းမှုအပေါ် ပြည်သူများ သံသယဝင်လာသောအချိန်တွင် စတင်လေ့ရှိသည်။ လက်ရှိပြဿနာများကမူ နိုင်ငံရေး အကျပ်အတည်းက မြစ်ဖျားခံလာခြင်းဖြစ်ပြီး ယင်းအကျပ်အတည်းကြောင့် နိုင်ငံ့အနာဂတ်အပေါ် လူအများ၏ ယုံကြည်မှု ပျောက်ဆုံးသွားခြင်းဖြစ်သည်။

လေ့လာသုံးသပ်သူအချို့ကမူ ဘဏ်လုပ်ငန်းစနစ်အတွင်းသို့ ငွေသားစက္ကူအမြောက်အမြား လည်ပတ်စီးဆင်းစေလျှင်ပင် လက်ရှိအကျပ်အတည်း၏ ဇစ်မြစ်ကိုဖြေရှင်းခြင်းမဟုတ်သဖြင့် အလုပ်မဖြစ်နိုင်ဟု သတိပေးကြသည်။ လက်ရှိအကျပ်အတည်း၏ဇာစ်မြစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းပြည်ကိုကောင်းမွန်စွာအုပ်ချုပ်နိုင်မည်ဟု လူအများက ယုံကြည်မှုမရှိခြင်းနှင့် တိုင်းပြည်အာဏာကို ရယူခဲ့ပုံအပေါ် အမျက်ဒေါသ ထွက်ကြသောကြောင့်ဖြစ်သည်ဟု ၎င်းတို့က ထောက်ပြသည်။

“မှန်ပါတယ်။ ဗဟိုဘဏ်က ငွေသားစက္ကူလိုအပ်တဲ့ပမာဏကို လုံလုံလောက်လောက် အချိန်မီ မပံ့ပိုးပေးနိုင်ဘူး။ ဒါပေမဲ့ တွက်ကြည့်ပေါ့ဗျာ။ လက်ရှိအချိန်မှာ လူတွေက အပ်ငွေကိုပဲ ပြန်ထုတ်နေကြတယ်။ သိပ်မကြာခင်မှာပဲ ဘဏ်တွေဟာ အလွယ်တကူငွေဖော်မရတဲ့ (liquidity) ပြဿနာကြုံလာရနိုင်ခြေရှိတယ်။ ဗဟိုဘဏ်ကတော့ ဘဏ်တွေအသက်ဆက်နိုင်အောင် ငွေစက္ကူဆက်ထုတ်နေမှာပဲ။ ဒါပေမဲ့ အဓိကမေးခွန်းက ဘယ်လောက်များများ ထုတ်မှာလဲ။ ဘယ်အချိန်ထိ ဆက်ထုတ်နေမှာလဲ ဆိုတာပါပဲ”ဟု ဘဏ်လောကတွင် ကျင်လည်ခဲ့ဖူးသော ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုသည်။

“စစ်တပ်လုပ်တာနဲ့ ဘဏ္ဍာရေးစနစ်တစ်ခုလုံး ကမောက်ကမဖြစ်သွားတယ်… ရှင်းရှင်းပြောရရင် လူတွေက သူတို့ကို အယုံအကြည်မရှိတော့ဘူးဗျ”ဟု ၎င်းက ပြောသည်။

နောက်ထပ် ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးကလည်း ယင်းအဆိုကို ထောက်ခံသည်။ “အဓိက ပြဿနာက အာဏာပိုင်တွေအပေါ်မှာ ထားရှိတဲ့လူတွေရဲ့ ယုံကြည်မှုပဲ … ယုံကြည်မှုမရှိရင်တော့ လူတိုင်းက ကိုယ့်ငွေကို (ဘဏ်မှာအပ်မယ့်အစား) ကိုယ့်လက်ထဲကိုင်ထားမှာပဲ”ဟု ၎င်းက ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.