ဗင်းနစ်မှ အင်းလေးကန်သို့

မြန်မာနိုင်ငံ၏ တာဝန်သိခရီးသွားလုပ်ငန်းများအကြောင်း ဖော်ပြနေရာတွင် Frontier သည် အီတလီနိုင်ငံသို့ ခရီးသွားလုပ်ငန်း ပညာရပ်ဆိုင်ရာ သွားရောက်လေ့လာခဲ့သော ဧည့်လမ်းညွှန် ကိုမျိုးမင်းဇော်နှင့် တွေ့ဆုံခဲ့ပါသည်။

ရှားမီယို ရေးသားသည်။

၂၀၁၅ ခုနှစ်တွင် အလွတ်တန်းဧည့်လမ်းညွှန် ကိုမျိုးမင်းဇော်သည် အီတလီနိုင်ငံ ဘိုလော့ညာ Bologna မြို့တွင် ၂ လကြာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးသင်တန်း တက်ရောက်ခဲ့သည်။  ဗင်းနစ်မြို့၌ လည်ပတ်ခဲ့ရာတွင် ဂွန်ဒိုလာ gondola လှေ စီးခဲ့ရသောကြောင့် စိတ်ကူးသစ် ရရှိလာခဲ့သည်။

မြန်မာနိုင်ငံပြန်ရောက်ပြီး ၂ နှစ်အကြာ ၂၀၁၇ အောက်တိုဘာလတွင် ကိုမျိုးမင်းဇော်သည် အင်းလေး ကနူးလေဒီ Inle Canoe Lady အစီအစဉ်ကို တည်ထောင်ခဲ့သည်။ သူက အင်းလေးမှ ထိုကနူးလှေများကို အင်းလေးကန်ရဲ့ဂွန်ဒိုလာ Gondola of Inle Lake ဟု ခေါ်ဆိုသည်။

ထိုအစီအစဉ်ဖြင့် အင်းလေးကန် ပေါက်ပါးရွာရှိ ဆေးပေါ့လိပ်ရုံများတွင် ဆေးလိပ်လိပ်နေသော အမျိုးသမီးများသည် အားလပ်ချိန်များတွင် ကမ္ဘာလှည့်ခရီးသွားများကို ကန်အတွင်းလိုက်ပို့ခြင်းဖြင့် အပိုဝင်ငွေ ရရှိလျက်ရှိသည်။

ကိုမျိုးမင်းဇော်သည် အင်းလေးကန်မှ အမျိုးသမီးများကို အပိုဝင်ငွေရနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရုံသာမက စက်လှေများကြောင့် ဆူညံသံများ ထွက်ပေါ်ခြင်း၊ လောင်စာဆီများ ယိုဖိတ်ခြင်း၊ ရေပေါ်၌ဆောက်ထားသောအိမ်များကို စက်လှေအင်ဂျင်ကြောင့် ထိခိုက်ပျက်စီးစေခြင်းတို့ကိုပါ လျှော့ချနိုင်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ထိုအစီအစဉ်သည် မြန်မာ့တာဝန်သိခရီးသွားလုပ်ငန်းအဖွဲ့အစည်း Myanmar Responsible Tourism Institute က ချီးမြင့်သော မြန်မာ့တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ ဆုပေးပွဲတွင် Best Tourism Product for Empowerment ဆုကို ရရှိခဲ့သည်။

အသက် ၄၁ နှစ်အရွယ် ကိုမျိုးမင်းဇော်က နမ့်ပန်အနီး အင်းလေးကန် အရှေ့တောင်ဘက်ထောင့် ပေါက်ပါးရွာကို ရွေးချယ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာသည် လှပပြီး အမျိုးသမီးများအတွက် စီးပွားရေး အခွင့်အလမ်း နည်းပါးနေသောကြောင့် ဖြစ်သည်။ “အဲဒီရွာကို လေ့လာကြည့်တော့ ခရီးသွားလုပ်ငန်းနဲ့ အကျိုးဖြစ်ထွန်းနေတဲ့သူ နည်းနည်းပဲ တွေ့ရတယ်”ဟု သူကဆိုသည်။

သူသည် အင်းသားများ အသုံးပြုနေသော ရိုးရာလှေများကို ခရီးသွားများအတွက် ပိုမိုလုံခြုံစိတ်ချရစေရန်နှင့် သက်သောင့်သက်သာ ရှိစေရန် ပိုမိုကျယ်ဝန်းလာအောင် ပြုပြင်ခဲ့သည်။ အင်းလေးကနူးလေဒီများက အသုံးပြုသော လှေများကို ရိုးရာကနုတ်ပန်းများဖြင့် အလှဆင်ထားသည်။

ခရီးသွား အေဂျင်စီများ၏ ပူးပေါင်းဆောင်ရွက်မှု၊ ကိုမျိုးမင်းဇော်ကိုယ်တိုင် ဒီဇိုင်းရေးဆွဲသော ခရီးသွားများချီးမွမ်းကြသည့် လက်ကမ်းကြော်ငြာတို့ကြောင့် ၂၀၁၈ ခုနှစ်တွင် အင်းလေးကနူးလေဒီကို စီးနင်းသူများ ၈၀၀ ကျော်အထိ ရှိလာခဲ့သည်။

“ဒီမှာက အမျိုးသမီးတွေအတွက် ဆေးပေါ့လိပ်လိပ်တဲ့ အလုပ်ပဲ ရှိတယ်။ အမျိုးသားတွေက ငါးဖမ်းတဲ့ အလုပ်ကို လုပ်လို့ရတယ်။ အခုတော့ လှေလှော်ပေးတဲ့ အလုပ်နဲ့ ဝင်ငွေကောင်းကောင်း ရနေပြီ” ဟု ဆေးပေါ့လိပ်လုပ်ငန်း၌ ၆ နှစ်ကြာ လုပ်ကိုင်ခဲ့သော  အသက် ၃၅ နှစ်အရွယ် မထွေးက ပြောသည်။

အင်းလေးကနူးလေဒီ အစီအစဉ်မှရရှိသော အကျိုးအမြတ် ၉၀ ရာခိုင်နှုန်းကို ပေါက်ပါးရွာမှ လှေလှော်သူအမျိုးသမီးများ ရရှိခံစားကြရသည်။ ဓာတ်ပုံ - ရှားမီယို

အင်းလေးကနူးလေဒီ အစီအစဉ်မှရရှိသော အကျိုးအမြတ် ၉၀ ရာခိုင်နှုန်းကို ပေါက်ပါးရွာမှ လှေလှော်သူအမျိုးသမီးများ ရရှိခံစားကြရသည်။ ဓာတ်ပုံ – ရှားမီယို

ကိုမျိုးမင်းဇော်က မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းမှ ထုတ်ကုန်များသည် တစ်ပုံစံတည်း ဖြစ်နေကြကြောင်း ပိုမိုတီထွင်ဆန်းသစ်မှုများ လိုအပ်သည်ဟု ဆိုသည်။ ကနူးလှေကိုလှော်သည့် အစီအစဉ်ကြောင့် ခရီးသွားများ အင်းလေးမှာ ပိုကြာကြာ နေကြပါက ဒေသခံတို့အတွက် ပိုအကျိုးရှိမည်ဖြစ်ကြောင်း သူကပြောသည်။

ပေါက်ပါးရွာကနေပြီး ကနူးလှေစီးကာ ခြေတံရှည် ရေပေါ်အိမ်များကို ဖြတ်သန်းသွားလာရခြင်းသည် ပျော်စရာကောင်းပြီး သာယာပါသည်။ မူကြိုကလေးများ စာသင်နေသော ကျောင်းကိုလည်း ဖြတ်သွားရသည်။ ထို့နောက် ခပ်လှမ်းလှမ်းတွင် ဖောင်တော်ဦးဘုရားလည်း ရှိသည်။ ခရီးသွားများသည် ကိုမျိုးမင်းဇော် ဖန်တီးထားသော နောက်ထပ် နေရာတစ်ခုကိုလည်း ကနူးလှေဖြင့် သွားရောက်နိုင်သေးသည်။

သူသည် အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသားခရီးသွားများ ပို့စ်ကတ်များ ပို့နိုင်စေရန် ရေပေါ်စာတိုက် တစ်ခုကို တည်ဆောက်ပေးခဲ့သည်။ သူသည် အင်းလေးကန်တွင် အင်းသားများအတွက် ငါးဖမ်းအလုပ် အရေးကြီးပုံကို ခရီးသွားများ သိရှိနိုင်စေရန် ငါးဖမ်းပိုက်ကွန်မျိုးစုံထားရှိရာ ပြတိုက်ကိုလည်း တည်ဆောက်လျက်ရှိသည်။

ထို့ပြင် ကိုမျိုးမင်းဇော်သည် ဆေးပေါ့လိပ်ဆိုင် တစ်ဆိုင်တွင် ခရီးသွားများ မြန်မာကော်ဖီ အမျိုးအစားစုံကို သောက်သုံးနိုင်စေရန် ကော်ဖီဘူဖေး coffee buffet တစ်ဆိုင်ကိုလည်း ဖွင့်လှစ်ရန်စီစဉ်နေသည်။

ဆေးပေါ့လိပ်ဆိုင်ပိုင်ရှင် မသွယ်သွယ်မိုးသည် ကိုမျိုးမင်းဇော်၏ စိတ်ကူးကို သဘောကျခဲ့သည်။

“သူက တခြားသူတွေ မတွေးနိုင်တဲ့ စိတ်ကူးတွေ ရှိတယ်။ အရင်ကဆို ပေါက်ပါးရွာကို လူတွေမသိကြဘူး။ ကနူးလေဒီလုပ်ငန်းကို စတင်ကြော်ငြာပြီးကတည်းက ခရီးသွားတွေ အများအပြား ရောက်လာကြတယ်” ဟု သူကဆိုသည်။

ကိုမျိုးမင်းဇော်သည် Tourism for All Myanmar ဟု ခေါ်ဆိုသည့် အကျိုးအမြတ် မယူသည့် အဖွဲ့အစည်းကို တည်ထောင်ပေးခဲ့သည်။ ယင်းကို ပြည်တွင်းမှ ဧည့်လမ်းညွှန်များဖြင့် ဖွဲ့စည်းထားသည်။ ထိုအဖွဲ့အစည်းသည် ကျေးလက်ဒေသတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုကို လုပ်ဆောင်ပေးပြီး ဝင်ငွေနည်းပါးသော မိသားစုများမှ ကလေးများကို ရွှေတိဂုံဘုရားစသည့်နေရာများသို့ အခမဲ့ပို့ဆောင်ပေးသည့် အစီအစဉ်ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ကိုမျိုးမင်းဇော်က ပြီးခဲ့သည့်နှစ်က အင်းလေးကနူးလေဒီ အစီအစဉ်မှရရှိသော အကျိုးအမြတ် ၉၀ ရာခိုင်နှုန်းကို လှေလှော်သူအမျိုးသမီးများ ရရှိခံစားကြရသည်ဟု ဆိုသည်။

 “ကျွန်တော်တို့ ဧည့်လမ်းညွှန်အလုပ်လုပ်တာ ငွေရရှိဖို့သာမက တခြားသူတွေကို ကူညီဖို့ပါ” ဟု သူကဆိုသည်။

ဤဆောင်းပါးစီးရီးအကြောင်း

ဤဆောင်းပါးသည် Frontier ကလည်း ဝင်ရောက်ကူပံ့ပေးခဲ့သည့် မြန်မာ့တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ ဆုပေးပွဲတွင် ဆုရရှိခဲ့သူများအကြောင်း ရေးသားမည့် ဆောင်းပါးစီးရီးထဲမှ ပထမဆောင်းပါး ဖြစ်သည်။ နောက်လာမည့် သုံးလအတွင်း ထုတ်ဝေမည့်ဆောင်းပါးများတွင် ဆုရရှိခဲ့သော ခရီးသွားလုပ်ငန်းများက ခရီးသွားလုပ်ငန်း တိုးတက်လာစေရန် တီထွင်လုပ်ဆောင်မှုများ၊ ဒေသခံလူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်ရန် ကြိုးပမ်းပုံများကို ဖော်ပြသွားမည်ဖြစ်သည်။ ဆုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်က ကြေညာခဲ့ခြင်း ဖြစ်သည်။

For more information visit: https://myanmartourismawards.wordpress.com/

ခေါင်းစီးဓာတ်ပုံ – အင်းလေးကနူးလေဒီ ဆိုင်းဘုတ်ရှေ့တွင် ကိုမျိုးမင်းဇော်ကို တွေ့ရှိရပုံ။ ၂၀၁၅ အီတလီ၌ပညာသင်ယူစဉ် ဗင်းနစ်သို့လည်ပတ်သည့်အခိုက် အင်းလေးကနူးစိတ်ကူးကို ရရှိခဲ့သည်။ ဓာတ်ပုံ – ရှားမီယို

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.