ဖေ့စ်ဘွတ်ခ်၌ သတင်းသမားများ သစ္စာဖောက်အခေါ်ခံကြရ

ထောင်ချခံ ရိုက်တာသတင်းသမား နှစ်ဦးဆိုင်ရာ လူမှုကွန်ရက်ဖော်ပြချက်များ၌ သူတို့သည် အများလက်မခံနိုင်သော သတင်းကို တင်ပြခဲ့၍ သစ္စာဖောက်ဖြစ်သည်ဟု အများက ယူဆထားကြသည်။

ဆုမြတ်မွန်နှင့် ေကျာ်ရဲလင်း ရေးသားသည်။

ရန်ကုန် တရားရုံးက ရိုက်တာသတင်းထောက် နှစ်ယောက်ကို ထောင်ချလိုက်သောအခါ နိုင်ငံတကာက ဒေါသူပုန်ထမှုများ ဖြစ်ပွားခဲ့သည်။ သူတို့သည် ပြီးခဲ့သောနှစ်က ရခိုင်ပြည်နယ်တွင် တပ်မတော်က နယ်မြေရှင်းလင်းရာ၌ ရိုဟင်ဂျာအမျိုးသား ၁၀ ဦးကို သတ်ဖြတ်ခဲ့သည့်သတင်းကို ဖော်ထုတ်ခဲ့သောကြောင့် ဖြစ်သည်။

ရိုက်တာသတင်းထောက် နှစ်ယောက်နှင့် စပ်လျဉ်း၍ နိုင်ငံတကာက တုန့်ပြန်မှုသည် မြန်မာပြည်တွင် ဖေ့စ်ဘွတ်ခ်သုံးနေကြသော လူအများအပြား၏ တုန့်ပြန်မှုနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေသည်။ မြန်မာနိုင်ငံက လူအများစုကမူ လူမှုကွန်ရက်ပေါ်၌ ရိုက်တာသတင်းထောက် နှစ်ဦးကို ရှုတ်ချခဲ့ကြသည်။

အမျိုးသားရေးဝါဒီများက ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို ထောင် ခုနစ်နှစ်ချသည်မှာ မလုံလောက်ကြောင်း ဒေါသတကြီးဖြင့် ပြောဆိုခဲ့ကြသည်။

သူတို့နှစ်ဦးနှင့်စပ်လျဉ်းသည့် လူမှုကွန်ရက် ဖော်ပြချက်များကို လေ့လာကြည့်သောအခါ သူတို့အား နိုင်ငံတော်ကို သစ္စာဖောက်သူများအဖြစ် ရှုမြင်ကြသည်ဟု သိရသည်။ လူအများစု၏ ဘုံသဘောထားသည် သူတို့နှစ်ဦးက နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ Official Secret Act ကို ချိုးဖောက်သောကြောင့် ပြစ်ဒဏ်ချခံရထိုက်သည်ဟူ၍ ဖြစ်သည်။ သူတို့သည် ၂၀၁၇ စက်တင်ဘာလ ၂ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ရွာတွင် ဘင်္ဂါလီ ၁၀ ဦးအားသတ်ဖြတ်မှုကို ဖော်ထုတ်သောကြောင့်ဖြစ်သည်။

အချို့ကမူ ဗြိတိသျှ သတင်းအေဂျင်စီဖြစ်သည့် ရိုက်တာ Reuters တွင် အလုပ်လုပ်နေသည့် ယင်းသတင်းထောက်နှစ်ဦးကို ကွက်မျက်သင့်သည်ဟုပင် အကြံပြုသည်များ ရှိကြသည်။

သူတို့ကို ပြစ်ဒဏံမချမီ ရက်အနည်းငယ်အလို ဘီဘီစီ British Broadcasting Corporation မြန်မာပိုင်း အစီအစဉ် သတင်းတစ်ပုဒ်တွင် ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တစ်ဦးက ၎င်းတို့ကို ထောင်ဒဏ် တစ်သက် ချမှတ်သင့်သည်ဟု ဆိုထားသည်။ တစ်ယောက်ကမူ သူတို့ကို သေဒဏ်ချမှတ်သင့်ကြောင်း၊ သူတို့သည် အသားထဲက လောက်ကောင်များဖြစ်ကြောင်း မှတ်ချက်ပြုသည်။

စက်တင်ဘာလ ၄ ရက်က ခေတ်သစ်အွန်လိုင်း Khit Thit Online နိုင်ငံရေး စီးပွားရေး သတင်းဝက်ဘ်ဆိုက်၌ မျိုးစိန်ဟု ခေါ်ဆိုသော အသုံးပြုသူ တစ်ဦးက မြန်မာနိုင်ငံတွင် မီဒီယာများကို နှိမ်နင်းရန် အချိန်ကျပြီဖြစ်ကြောင်း၊ မီဒီယာများသည် အစိုးရနှင့် အများပြည်သူကို စော်ကားနေသည်ဟု ဆိုထားသည်။ သူက ထိုသတင်းထောက် နှစ်ယောက်သည် Organization of Islamic Cooperation ထံမှ ငွေကြေးများ ရယူနေကြောင်းစွပ်စွဲပြီး ဆဲရေးတိုင်းထွာထားသည်။

ခေတ်သစ် သတင်းဝက်ဘ်ဆိုက်တွင် နောက်ထပ်မှတ်ချက်တစ်ခုမှာ လင်းအောင်ဟု ခေါ်ဆိုသော အသုံးပြုသူတစ်ဦးက ရိုက်တာသတင်းထောက် နှစ်ယောက်သည် မိမိနိုင်ငံဘက်မလိုက်ဘဲ အနောက်နိုင်ငံများနှင့် ပူးပေါင်းနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ဝါဒဖြန့်မှုများ သိပ်မရှိသေးသော်လည်း ယင်းသို့သော ဖော်ပြချက်များသည် ဒီမိုကရေစီ အသွင်ကူးပြောင်းနေသော မြန်မာနိုင်ငံအတွက် အဆိပ်အတောက် ဖြစ်စေသည်။

၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အာဏာရလာပြီး အသွင်ကူးပြောင်းမှု စတင်ကတည်းက မြန်မာနိုင်ငံမှ ပြည်သူများသည် အများပြည်သူ ဆွေးနွေးမှုများနှင့် မီဒီယာ လွတ်လပ်ခွင့်များ ပိုမိုရရှိလာသည်။ အင်တာနက်များ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းကြောင့် လူမှုကွန်ရက်များ ပိုမိုအသုံးပြုလာသည်။

ပိုမိုပွင့်လင်းလာသော နိုင်ငံရေးကြောင့် တိုင်းရင်းသားများ၊ လူမှုအဖွဲ့အစည်းများကြား အရုပ်ဆိုး အကျည်းတန်သော အဖြစ်များသည် လူမှုကွန်ရက်များတွင် နေရာယူလာသည်။

အများပြည်သူများက အချက်အလက် မှန်ကန်သောသတင်းနှင့် သတင်းတုများကို မခွဲခြားနိုင်ခြင်း၊ လွတ်လပ်သော မီဒီယာ၏တန်ဖိုးကို မသိရှိခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အဆိပ်အတောက် ဖြစ်စေသည်။

ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ ၂၀၁၂ ဇွန်လနှင့် အောက်တိုဘာလတွင် အကြမ်းဖက်မှုများ ဖြစ်ပွားအပြီး တင်းမာမှုများသည် သြဂုတ်လ၌ ပုဂ္ဂလိက မီဒီယာများအား ဆင်ဆာဖြတ်တောက်မှုများကို ရုပ်သိမ်းပေးလိုက်သောအခါ ပိုမိုဆိုးရွားလာသည်။

အချက်အလက်ဝက်ဘ်ဆိုက် statista.com အရ မြန်မာနိုင်ငံလူဦးရေ ၅၃ သန်း၏ ၃၄ ရာခိုင်နှုန်းသည် လူမှုကွန်ရက်သုံးပြီး အများစုက ဖေ့စ်ဘွတ်ခ်သုံးကြသည်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

အချက်အလက်ဝက်ဘ်ဆိုက် statista.com အရ မြန်မာနိုင်ငံလူဦးရေ ၅၃ သန်း၏ ၃၄ ရာခိုင်နှုန်းသည် လူမှုကွန်ရက်သုံးပြီး အများစုက ဖေ့စ်ဘွတ်ခ်သုံးကြသည်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

တည်ထောင်ပြီးသားနှင့် ပေါ်ထွက်လာကာစ မီဒီယာများသည် မရင်းနှီးသေးသော ပိုမိုလွတ်လပ်သည့် ပတ်ဝန်းကျင်တွင် လုပ်ကိုင်ရသောကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည်။ အထူးသဖြင့် ရိုဟင်ဂျာအရေးကိစ္စကဲ့သို့ ထိခိုက်လွယ်သော သတင်းများဖြစ်သည်။

္ဂရိုဟင်ဂျာ ၇၀၀,၀၀၀ ခန့်သည် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် တပ်မတော်က နယ်မြေရှင်းလင်းသည့်အခါ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည်။ ယင်းမှာ ရခိုင်ပြည်နယ်ရှိ ရဲစခန်းကို ရိုဟင်ဂျာစစ်သွေးကြွများက တိုက်ခိုက်ခဲ့အပြီး တပ်မတော်၏ တုန့်ပြန်မှု ဖြစ်သည်။

သတင်းအချက်အလက် ဝက်ဘ်ဆိုက်ဖြစ်သော statista.com အရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၃ သန်း၏ ၃၄ ရာခိုင်နှုန်းသည် လူမှုကွန်ရက် အသုံးပြုသူများ ဖြစ်သည်။ အများစုသည် ဖေ့စ်ဘွတ်ခ်ကို အသုံးပြုခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ် သြဂုတ်လမှစပြီး ရိုဟင်ဂျာများအပေါ် အမုန်းစကားများ၊ တိုင်းရင်းသားများအပေါ် အမုန်းစကားများ၊ ရိုက်တာသတင်းထောက် နှစ်ယောက်အပေါ် အမုန်းစကားများသည် ဖေ့စ်ဘွတ်ခ်ပေါ်၌ ပျံ့နှံလာခဲ့ခြင်း ဖြစ်သည်။

Frontier က ရိုက်တာသတင်းထောက် နှစ်ယောက်နှင့်ပတ်သက်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ၌ ဖမ်းဆီးခြင်းမှ စက်တင်ဘာလ ပြစ်ဒဏ်ချမှတ်သည်အထိ ဖေ့စ်ဘွတ်ခ်ဖော်ပြချက်များကို သုံးသပ်ကြည့်ရာ အများစုသည် ၎င်းတို့နှစ်ဦးကို ခါးသီးစွာ မုန်းနေကြကြောင်း တွေ့ရသည်။

အစိုးရ၏ စီစဉ်ပေးမှုဖြင့် Frontier က ရခိုင်ပြည်နယ်သို့ မီဒီယာခရီးစဉ် သွားခဲ့ရသောအခါ ရခိုင်ပြည်နယ်မှ သတင်းသမားများနှင့် ဒေသခံများသည်လည်း ထိုသို့သာ သဘောထားကြသည်။

စစ်တွေမြို့အခြေစိုက် အွန်လိုင်းသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် အလုပ်လုပ်သည့် ကိုအောင်ကျော်မင်းက သတင်းထောက် နှစ်ယောက်သည် နိုင်ငံအပေါ် သစ္စာရှိသင့်ကြောင်း၊ မြန်မာနိုင်ငံပုံရိပ် ထိခိုက်စေနိုင်သော သတင်းများကို မဖော်ထုတ်သင့်ကြောင်း ပြောကြားသည်။

“သူတို့ကို ထောင်ဒဏ် ခုနစ်နှစ်ထက် ပိုချမှတ်သင့်တယ်လို့ထင်တယ်။ တခြား ရခိုင်သတင်းသမားတွေလည်း ဒီလိုပဲ ထင်မှာပဲ” ဟု ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့မှ ကိုအောင်ကျော်မင်းက ပြောသည်။

မောင်တောတွင် နေထိုင်သည့် ရခိုင်တိုင်းရင်းသား ဦးကျော်အေးက အင်းဒင်ရွာက သတ်ဖြတ်မှုသတင်းကို ဖော်ပြတာ သူတို့ မှားတာပဲဟု ဆိုသည်။ သို့သော် အကျယ်တဝင့် ရှင်းပြမှုတော့ မပြုခဲ့ပေ။

သို့သော် မောင်တောမှ အလွတ်တန်းသတင်းထောက် ကိုကောင်းမြတ်နိုင်ကမူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ထောင်ချခြင်းကို သဘောမတူပေ။

“ကျွန်တော်အမြင်ကတော့ စစ်တပ်က ရခိုင်ပြည်နယ်မှာ သူတို့လုပ်ဆောင်ခဲ့တာတွေကို ဖုံးကွယ်ဖို့ သူတို့နှစ်ဦးကို ထိန်းသိမ်းထားတာပဲ” ဟုဆိုသည်။

ကိုကောင်းမြတ်နိုင်က သူတို့နှစ်ဦးကို ထောင်ချလိုက်သောကြောင့် ရခိုင်ပြည်နယ်မှ သတင်းသမားများသည် သစ္စာဖောက်ဟု ထင်မြင်ခံရမှာကို စိုးရိမ်နေရကြောင်း၊ အလုပ်လုပ်ကိုင်ရာတွင် အန္တရာယ်များနှင့်လည်း ရင်ဆိုင်ရနိုင်ကြောင်း ပြောသည်။

“သတင်းသမားတွေကို ထောင်ချတာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘူး။ မြန်မာနိုင်ငံက ဒါမျိုး မလုပ်သင့်ဘူး” ဟု သူကဆိုသည်။

ကိုကောင်းမြတ်နိုင်ကဆက်လက်၍ ရခိုင်ပြည်နယ် မြောက်ပိုင်းကို မီဒီယာများ သွားရောက်မှုကို ကာလတာရှည်စွာ ကန့်သတ်ထားခြင်းကြောင့် ထိုနေရာတွင် ဘာဖြစ်နေသည်ကို ဘယ်သူမှမသိနိုင်ကြောင်း၊ မီဒီယာများက လွတ်လပ်စွာ လုပ်ကိုင်နိုင်ပါမှ ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော အခြေအနေများ၊ သတင်းအမှားများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး မီဒီယာလောက၏ ယုံကြည်မှုကို ပြန်လည်ရရှိနိုင်မည်ဟု ပြောပြသည်။

သတင်းသမားအချို့က မြန်မာနိုင်ငံတွင် သတင်းမှန်များကို ဖော်ပြနေသော သတင်းအဖွဲ့အစည်းများကို တိုက်ခိုက်သည့်သတင်းများ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပေါ်ထွက်လာခြင်းကြောင့် ရခိုင်ပြည်နယ် သတင်းနှင့်စပ်လျဉ်းပြီး မီဒီယာများအပေါ် ယုံကြည်မှု ကင်းမဲ့လာကြောင်း၊ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ထောင်ချလိုက်ခြင်းကြောင့်လည်း မီဒီယာလွတ်လပ်ခွင့်ကို များစွာထိခိုက်ခဲ့ကြောင်း ဆိုကြသည်။

အင်န်အယ်လ်ဒီအစိုးရက မီဒီယာများအပေါ်ထားရှိသည့် သဘောထားနှင့် မူဝါဒသည် အပြုသဘော မဆောင်ကြောင်း ဆဲဗင်းဒေးနယူးစ် 7 Days News ၏ အထက်တန်း အယ်ဒီတာ မအေးသူစံက ပြောသည်။ ဆဲဗင်းဒေးနယူးစ်သည် နေ့စဉ်သတင်းစာနှင့် အပတ်စဉ် သတင်းဂျာနယ်ကို ထုတ်ဝေနေခြင်းဖြစ်သည်။

အစိုးရက မီဒီယာလွတ်လပ်ခွင့်ကို လေးစားမှု မရှိခြင်းကြောင့်လည်း အများပြည်သူ၏အမြင်ကို ပြောင်းလဲစေသည်ဟု သူကဆိုသည်။ “ဒါကြောင့် လူမှုကွန်ရက်တွေမှာ ရိုက်တာသတင်းထောက် နှစ်ယောက်ကို သစ္စာဖောက်လို့ ခေါ်ဝေါ်ကြတာ” ဟု မအေးသူစံကပြောသည်။

ရန်ကုန်သတင်းစာပညာကျောင်း Yangon Journalism School ကို တည်ထောင်သူ ဒါရိုက်တာ ဦးရဲနိုင်မိုးက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် မီဒီယာများ၏ အခန်းကဏ္ဍကို အများပြည်သူက မသိမြင်ခြင်းကြောင့် ဖေ့စ်ဘွတ်ခ်ပေါ်၌ ရိုဟင်ဂျာအမုန်းစကားများ၊ တိုင်းရင်းသားများနှင့် ရိုက်တာသတင်းထောက် နှစ်ဦးကို အမုန်းစကားများ ပေါ်လာရသည်ဟု ရှင်းလင်းပြောကြားသည်။

လန်ဒန်အခြေစိုက် ရိုက်တာသတင်းဌာနက နိုင်ငံခြားကုမ္ပဏီ တစ်ခုဖြစ်သောကြောင့် သစ္စာဖောက်ဟူသော အမြင်က ပိုမိုကြီးထွားလာခြင်းဖြစ်ကြောင်း သူကဆိုသည်။

ဦးရဲနိုင်မိုးက သတင်းသမား တစ်ယောက်၏အလုပ်သည် သတင်းကို အကြောက်တရားနှင့် ဘက်လိုက်မှုမရှိဘဲ တင်နိုင်ရမည်ဟု မမှတ်ယူဘဲ အင်န်အယ်လ်ဒီကို ထောက်ခံသော ပြည်သူများက ဘုံသဘောယူဆကြသည်မှာ ထိုသတင်းထောက် နှစ်ယောက်သည် အစိုးရကို ဆန့်ကျင်ပြီး သူလျှိုလုပ်နေခြင်းကြောင့် ထောင်ချခံရသည်ဟု မြင်နေကြကြောင်း ပြောသည်။

ထိုသို့သော အယူအဆသည် မြန်မာနိုင်ငံ သတင်းလောက မခိုင်မြဲမှုကို ဖြစ်ပေါ်စေနိုင်သည်ဟု သူကဆိုသည်။

“လူတွေက မီဒီယာရဲ့ အခန်းကဏ္ဍကို နားမလည်နိုင်ရင် နိုင်ငံက လမ်းမှန်ပေါ်ရောက်နိုင်မှာ မဟုတ်ဘူး” ဟု ဦးရဲနိုင်မိုးကပြောသည်။

အစိုးရက ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည်ဟုပြောပြီး သတင်းသမားများက သူတို့အလုပ် သူတို့လုပ်နေသည်ကို ထောင်ချနေခြင်းကြောင့် မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းနှင့် အစိုးရက ဒီမိုကရေစီကို တကယ်လိုချင်ရဲ့လားဟု မေးစရာရှိလာကြောင်းနှင့် “သတင်းသမားတွေနဲ့ မီဒီယာက သူတို့အလုပ်ကို သူတို့ မလုပ်နိုင်ဘူးဆိုရင် ဒီလူ့အဖွဲ့အစည်းက ဒီမိုကရေစီ မရရှိနိုင်ဘူး” ဟု သူကဆိုသည်။

စက်တင်ဘာလက စင်ကာပူတွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum တွင် ရိုက်တာသတင်းထောက် နှစ်ဦးအကြောင်း မေးမြန်းသောအခါ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူတို့သည် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်သောကြောင့် ထောင်ချခြင်းဖြစ်ကြောင်း၊ သတင်းထောက်ဖြစ်နေ၍ ထောင်ချခြင်း မဟုတ်ကြောင်းဖြေကြားခဲ့သည်။

သူ၏ထိုသို့သောမှတ်ချက်ကြောင့် ယင်းအရေးကိစ္စနှင့်စပ်လျဉ်းပြီး ဆန့်ကျင်ဘက် အမြင်များကို ထင်ရှားပေါ်လွင်လာစေသည်။ နိုင်ငံတကာနှင့် ပြည်တွင်းမှ မီဒီယာများက ထိုသတင်းထောက် နှစ်ဦးကို ထောင်ချလိုက်ခြင်းသည် သတင်းစာ လွတ်လပ်ခွင့်ကို တိုက်ခိုက်သည်ဟု ရှုမြင်ကြသော်လည်း အစိုးရကမူ ယင်းကို အမျိုးသား လုံခြုံရေးကိစ္စရပ်ဖြစ်သည်ဟု ရှုမြင်ကြောင်း နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

အနာဂတ်တွင် မီဒီယာများနှင့်ပတ်သက်ပြီး မတူကွဲပြားသောအမြင်များ ရှိနေဦးမည်ဖြစ်ကြောင်း သူကဆိုသည်။

ဦးရဲနိုင်မိုးကမူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုကိစ္စဆိုင်ရာ တိကျသောအချက်အလက်များ ရရှိထားပုံမရကြောင်း ဆိုသည်။

“သူ့ကိုသာ မှန်ကန်တဲ့ သတင်းအချက်အလက် ပေးထားရင် ဒီလိုမှတ်ချက်မျိုး ပြောမှာမဟုတ်ဘူး” ဟု စင်ကာပူတွင် ပြောကြားခဲ့သောမှတ်ချက်ကို ရည်ညွှန်းပြီး ဦးရဲနိုင်မိုးကပြောသည်။

မအေးသူစံကလည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူပြောသည့်အတိုင်း လိုက်ရေးမည့်၊ သူလိုလားသည့်အတိုင်း ဖော်ပြမယ့် သတင်းသမားတွေကို ပိုမိုနှစ်သက်နေတာ ဝမ်းနည်းစရာဖြစ်သည်ဟု ဆိုသည်။ ကျန်အစိုးရ တာဝန်ရှိသူတွေကလည်း သူပြောသည့်အတိုင်းပဲ လိုက်လုပ်ကြတာဟု ဆိုသည်။

“ဒါကြောင့် သတင်းစာလွတ်လပ်ခွင့်က မြန်မာနိုင်ငံမှာ အန္တရာယ် ကျရောက်နေပြီ” ဟု မအေးသူစံကဆိုသည်။

ရိုက်တာသတင်းထောက် နှစ်ဦးက အင်းဒင်ရွာ သတ်ဖြတ်မှုကို ဖော်ထုတ်ခြင်းသည် အမျိုးသား အကျိုးစီးပွားကို ဆန့်ကျင်သည်ထားဦး၊ အမှန်မှာ ရဲများက ထိုသတင်းထောက် နှစ်ဦးကို လျှို့ဝှက်စာရွက်စာတမ်းများပေးပြီး ထောင်ဖမ်းခြင်းသာဖြစ်သည်ဟု ဦးရဲနိုင်မိုးက ဆိုသည်။ ယင်းသည်သာ အမျိုးသား အကျိုးစီးပွားကို အမှန်တကယ် ထိခိုက်ခြင်းဖြစ်သည်ဟု သူကဆိုသည်။

အစိုးရက မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်နိုင်မှု မရှိသောကြောင့် နိုင်ငံတကာက ဝေဖန်မှုများ အများအပြား ထွက်ပေါ်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ပုံရိပ်သည် များစွာထိခိုက်သည်။ “သတင်းသမားတွေကို ထောင်ချပြီး အမျိုးသား အကျိုးစီးပွားကို ဘယ်လိုကာကွယ်မလဲ ကျွန်တော် မတွေးတတ်ဘူး” ဟု ဦးရဲနိုင်မိုးက ဆိုသည်။

ထိုသတင်းထောက် နှစ်ယောက်၏ အမှုကြောင့် မြန်မာနိုင်ငံ တရားစီရင်ရေးကဏ္ဍတွင် အပြစ်အနာအဆာများ ရှိကြောင်း ပေါ်လွင်လာစေသည်ဟု သူကဆိုသည်။ အင်းဒင်သတ်ဖြတ်မှုကို ဖော်ထုတ်သောကြောင့် လက်စားချေသောအားဖြင့် သူတို့ကို ထောင်ဖမ်းခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ထွက်ဆိုခဲ့သည့်တိုင် ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဦးရဲနိုင်မိုးက ထိုသတင်းထောက် နှစ်ဦးကို ထောင်ချလိုက်ခြင်းသည် တပ်မတော်၏ နယ်မြေရှင်းလင်းမှုအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များကို မစုံစမ်းကြရန် အခြားသတင်းသမားများကို သတိပေးခြင်းလည်း ဖြစ်နိုင်သည်ဟုဆိုသည်။

“ခင်ဗျား ဒါလုပ်မယ်ဆိုရင် ကျုပ်ရဲ့ ရန်သူပဲလို့ သူတို့ဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မီဒီယာတွေကို ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး မရေးသားကြဖို့ သတိပေးတာလည်း ဖြစ်နိုင်ပါတယ်” ဟု သူကဆိုသည်။

ပြည်သူများသည် ရွေးကောက်ခံအစိုးရထံမှ တာဝန်ခံမှု၊ တာဝန်သိမှုကို တောင်းဆိုတတ်ရန် များစွာလေ့လာရဦးမည်ဖြစ်ကြောင်း ဦးရဲနိုင်မိုးက ပြောသည်။ “သူတို့ရွေးကောက်ထားတဲ့အစိုးရဟာ အမြဲထာဝရ အကောင်းချည်းပဲ မဖြစ်နိုင်ဘူးဆိုတာ သိထားဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် မီဒီယာတွေရဲ့အသံကို နားထောင်ဖို့လိုတယ်” ဟုဆိုသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်ပြီး ရှေ့တန်းမှပါဝင်ဆောင်ရွက်သူ ကဗျာဆရာ မောင်ဆောင်းခသည် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် ထောင်ချခံရသူ ဖြစ်သည်။ သူက မှားယွင်းသတင်း ဝါဒဖြန့်မှုနှင့် အမုန်းစကားများကြောင့် ရိုက်တာသတင်းထောက် နှစ်ယောက်ကို သစ္စာဖောက်အဖြစ် စွပ်စွဲရသည်မှာ ပိုမိုလွယ်ကူသွားစေသည်ဟု ဆိုသည်။

သတင်းမှားဖြန့်ချိမှုသည် ရိုဟင်ဂျာများကို အမုန်းတရား ကြီးထွားစေရန် အွန်လိုင်းဆွေးနွေးမှုများတွင် လွယ်ကူသည့်နည်းလမ်းဖြစ်သည်။

မြန်မာနိုင်ငံအတွေ့အကြုံအရ သတင်းလွတ်လပ်ခွင့် နည်းပါးခြင်းနှင့် သတင်းအချက်အလက် ရရှိနိုင်မှု နည်းပါးခြင်းသည် သတင်းမှားများ ကြီးထွားလာစေသည်ကို ထုတ်ဖော်ပြသပြီးဖြစ်သည်ဟု မောင်ဆောင်းခက ဆိုသည်။ လူ့အဖွဲ့အစည်းအတွင်း ခွဲခြားမှုများ၊ ရိုဟင်ဂျာများကို ရက်စက်ကြမ်းကြုတ်မှုများ၊ တိုင်းရင်းသားများကို သီးခြားအဖြစ် ရှုမြင်မှုများသည် ဖြေရှင်းမရနိုင်သော ပြဿနာများကို ဖြစ်ပွားစေနိုင်သည်ဟု သူကဆိုသည်။

မှတ်ချက်- အင်္ဂလိပ်ဘာသာဖြင့် မူရင်းဆောင်းပါးတွင် “ရိုဟင်ဂျာ” ဟု သုံးနှုန်းထားမှုကို မြန်မာဘာသာပြန်ဆိုချိန်တွင် “ဘင်္ဂါလီ” ဟု သုံးနှုန်းမိခဲ့သည့်အတွက် မူရင်းအတိုင်း “ရိုဟင်ဂျာ” ဟု ပြန်လည် ပြင်ဆင်ထားပါသည်။

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် မေ ၇ ရက်နေ့တွင် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြသည်။

ဤသတင်းဆောင်းပါးကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး United Nations Office of the High Commissioner for Human Rights ၏ ၂၀၁၈ -၂၀၁၉ နှစ်အတွက် Southeast Asian Press Alliance SEAPA အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ထုတ်ဝေသည်။ ဆောင်းပါးမှဖော်ပြချက်များသည် OHCHR ရုံး၏ တရားဝင် အမြင်သဘောထား မဟုတ်ပါ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်တွင် ပြစ်ဒဏ်ချမှတ်လိုက်မှုကို သတင်းသမားများက ကန့်ကွက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.