ဖရိုဖရဲဖြစ်နေသည့် ရခိုင်အမျိုးသားပါတီ

ကာလရှည်ကြာ တည်ရှိနေသည့် ပါတီတွင်း သဘောကွဲလွဲချက်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ပြင်းထန်စွာ အားပြိုင်နေရသည့် ရခိုင်အမျိုးသားပါတီ ANP ကို ဖရိုဖရဲ ဖြစ်သွားစေရန် ခြိမ်းခြောက်လျက်ရှိသည်။ ရခိုင်ပြည်နယ်တွင် ဝန်ကြီးချုပ်တစ်ဦး ခန့်အပ်ရေးနှင့်ပတ်သက်၍ အင်န်အယ်လ်ဒီနှင့် အေအင်န်ပီအကြား တင်းမာမှုများမှာ သိသိသာသာ မြင့်မားသည်။

မင်းမင်း ရေးသားသည်။

နောက်တက်မည့် ဝန်ကြီးချုပ်ကို အေအင်န်ပီမှ ဖြစ်စေရေး အေအင်န်ပီ၏ တောင်းဆိုမှုကို အင်န်အယ်လ်ဒီ က ငြင်းဆိုခဲ့သည်။ အေအင်န်ပီသည် ရခိုင်ပြည်နယ်လွှတ်တော်တွင် အခြားပါတီတစ်ခုချင်းစီထက် အမတ်နေရာ အရေအတွက် ပိုရသော်လည်း ပြည်နယ်တစ်ခုလုံးအတွက် အများစုနေရာ မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်၏ အင်န်အယ်လ်ဒီ ပါတီဥက္ကဋ္ဌဖြစ်သော ရခိုင်တိုင်းရင်းသားပင်ဖြစ်သည့် ဦးညီပုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ခန့်အပ်မည့် အစီအစဉ်ကို အင်န်အယ်လ်ဒီက စွန့်လွှတ်ရေး တောင်းဆိုရန် အေအင်န်ပီ ပါတီထောက်ခံသူ ၅၀၀ ကျော်သည် မတ် ၂၃ က ပြည်နယ်မြို့တော် စစ်တွေတွင် စုဝေးခဲ့ကြသည်။ ဦးညီပုအား ဧပြီလအစမှာပင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

နိုဝင်ဘာလက ရွေးကောက်ခံရသော အင်န်အယ်လ်ဒီ ပါတီဝင် ကိုးဦးအနက် တစ်ဦးဖြစ်သူ ဦးညီပုအတွက် အင်န်အယ်လ်ဒီ၏ အစီအစဉ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို အေအင်န်ပီ၏ စစ်တွေမြို့နယ်ဥက္ကဋ္ဌ ဦးအောင်မြသိန်းက ဦးဆောင်ခဲ့သည်။ ပါတီနှစ်ခုကြား အငြင်းပွားမှုက လူသိရှင်ကြား ဖြစ်ပွားနေစဉ် နောက်ထပ်အလွန်ထူးခြားသည့် တိုက်ပွဲတစ်ခုက အေအင်န်ပီ ပါတီတွင်း ဖြစ်ပွားနေသည်။ အဖြစ်အပျက်၏ ဇစ်မြစ်များက လွန်ခဲ့သည့်နှစ် ရွေးကောက်ပွဲ မတိုင်မီကပင် ဖြစ်ပေါ်ခဲ့ပြီး အေအင်န်ပီ ပါတီဖွဲ့စည်းရေးဆိုင်ရာ စေ့စပ်ညိနှိုင်းမှုများ ပါဝင်ခဲ့သည်။

အေအင်န်ပီပါတီကို ၂၀၁၄ ဇန်နဝါရီက ရခိုင်ပါတီ နှစ်ခုပူးပေါင်းကာ ဖွဲ့စည်းခဲ့သည်။ ပါတီတစ်ခုမှာ အင်န်အယ်လ်ဒီပါတီနှင့် နီးကပ်သည့် ဆက်ဆံရေးရှိပြီး ဖျက်သိမ်းခံရသည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်ရန် ဖွဲ့စည်းခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီဖြစ်သည်။ နောက်တစ်ခုမှာ ထပ်မံဖွဲ့စည်းသည့်ပါတီဖြစ်ပြီး အင်န်အယ်လ်ဒီက သပိတ်မှောက်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ယှဉ်ပြိုင်ခဲ့သည့် ရခိုင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ဖြစ်သည်။ ပါတီနှစ်ခု ရှစ်လကြာ စေ့စပ်ညှိနှိုင်းပြီးနောက် ပူးပေါင်းဖွဲ့စည်းနိုင်ခဲ့သည်။

နိုဝင်ဘာ ရွေးကောက်ပွဲများတွင် တိုင်းရင်းသားပါတီများအကြား ယှဉ်ပြိုင်မှုမှာ ပြည်နယ်အမတ်နေရာ လက်တစ်ဆုပ်စာထက် ပိုရသူ မရှိခဲ့ပေ။ သို့ရာတွင် ရခိုင်ပြည်နယ်၌ စည်းလုံးသော တပ်ဦးတစ်ခု၏ ရှားပါးသည့် သာဓကမှာ အေအင်န်ပီသည် အအောင်မြင်ဆုံး တိုင်းရင်းသားပါတီ ဖြစ်လာခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင် အမတ်နေရာ ၂၂ နေရာရရှိကာ ပြည်နယ်လွှတ်တော်တွင် စုစုပေါင်း ၄၇ နေရာအနက် အေအင်န်ပီက ၂၂ နေရာအပြင် ပါတီဘက်လိုက်သည့် တစ်သီးပုဂ္ဂလတစ်ဦးတို့ ရရှိခဲ့သည်။

အဆင့်တူမိတ်ဖက်အဖြစ် ကြေညာခဲ့သည့်တိုင် RNDP သည် ပူးပေါင်းခဲ့သည့် ပါတီ်သစ်တွင် အမြဲတမ်း ကြီးစိုးခဲ့သည်။ ALD အုပ်စုကို ဆုံးဖြတ်ချက်ချသည့် ကဏ္ဍမှ တဖြည်းဖြည်း ပ ထုတ်နေသည်။

၂၀၁၄ စက်တင်ဘာက အေအင်န်ပီသည် ပါတီ၏ ပေါ်လစီမူကြမ်းများ ချမှတ်ရေး ရည်ရွယ်သည့် အစည်းအဝေးတစ်ခုကို သံတွဲတွင် ကျင်းပခဲ့သော်လည်း ပါတီ၏ ဗဟိုအမှုဆောင်ကော်မတီနှင့် ပါတီတာဝန်များအတွက် ရွေးကောက်ပွဲများ ပြုလုပ်ပြီးနောက် အစည်းအဝေးမှာ ပြီးဆုံးသွားခဲ့သည်။

ယင်းအစည်းအဝေး မစမီကပင် အေအင်န်ပီ ဥက္ကဋ္ဌနှင့် RNDP ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်သည် ပါတီကို RNDP အဖွဲ့က ကြီးစိုးနိုင်ရန် ကြံစည်ကြိုးစားနေသည်ဟု တီးတိုးပြောဆိုမှုများ ရှိနေခဲ့သည်။ ALD အဖွဲ့ဝင်ဟောင်းများမှာ လွန်စွာဒေါသထွက်နေခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မီဒီယာနှင့် အခြားတိုင်းရင်းသားပါတီများက အာရုံစိုက်နေသည်ကို သိရှိသဖြင့် ALD ဥက္ကဋ္ဌဟောင်း ဦးအေးသာအောင်သည် ပါတီစည်းလုံးရေးကို ပထမဦးစားပေး ဆောင်ရွက်ရန်နှင့် အေအင်န်ပီ၏ အတွင်းရေးများကို လူသိရှင်ကြား ဆွေးနွေးခြင်း မပြုရန် ၎င်း၏အဖွဲ့မှ မဟာမိတ်များကို တိုက်တွန်းခဲ့သည်။

“ကျေးဇူးပြုပြီး စိတ်ရှည်ကြပါ၊ သည်းခံကြပါ”ဟု ၎င်းက ပြောကြားကာ ALD အဖွဲ့ဝင်ဟောင်းများ စောင့်ဆိုင်းကြရန် တောင်းဆိုခဲ့သည်ဆိုသည်။ ကွန်ဂရက်အစည်းအဝေး ဖွင့်လှစ်ရန် ကိုးနာရီအလိုတွင် ဒါက်တာအေးမောင်သည် RNDP တည်ထောင်သူတစ်ဦးဖြစ်သူ ဦးဦးလှစောအား ထိန်းချုပ်ရန် လုပ်ဆောင်နေသည်ဟု မီဒီယာများက ရေးသားစဉ်က ၎င်းသည် ဒေါက်တာအေးမောင်နှင့် ဝေးဝေးနေသူဟု ဦးဦးလှစောက ဒေါသတကြီး ပြောကြားခဲ့သည်။

“ဝါးတားဂိတ်လို အရှုပ်တော်ပုံမျိုး ကျွန်တော်တို့ ပါတီမှာ ဖြစ်နေပါတယ်။ မီဒီယာတွေက ဒါကို ဖော်ထုတ်ဖို့ လိုပါတယ်”

 “ဒါကို စိတ်ကုန်တယ်။ ကွန်ဂရက်ကို မတက်ချင်ဘူး။ ဒီလို ရှက်စရာကောင်းတဲ့ အရာတွေကိုသာ သူတို့လုပ်နေရင် ဦးအေးသာအောင်ကို ကျွန်တော်ဘယ်လို မျက်နှာပြရမလဲ။ ဦးအေးသာအောင်လို ဝါရင့်နိုင်ငံရေးသမားတစ်ယောက်ရှေ့မှာ ကျွန်တော်ဘယ်လိုနေရမလဲ”ဟု ဦးဦးလှစောက ဒေါသတကြီး ဆိုခဲ့သည်။

ကွန်ဂရက်အစည်းအဝေးက အဖွဲ့ဝင် ၃၉ ဦးပါ ဗဟိုအမှုဆောင်ကော်မတီကို ဖွဲ့စည်းသောအခါ ၃၂ ဦးမှာ RNDP အဖွဲ့ဝင်ဟောင်းများ ဖြစ်နေသည်။ အမှုဆောင်တာဝန်များ သတ်မှတ်ပေးမှုကို လျှို့ဝှက်မဲပေးစနစ်ထက် ဗြောင်ထုတ်ဖော်မဲပေးမှုဖြင့် ဆုံးဖြတ်ခဲ့သည်။

ပါတီတွင်း RNDP ၏ ကြီးစိုးမှုအနေအထားမှာ အေအင်န်ပီက ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မည့် ရှေ့နှစ်အတွက် ပိုမိုအားကောင်းစေသည်။

၂၀၁၅ အထွေအထွေ ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် အမတ်နေရာအတွက် ပါတီ၏ ALD ဘက်က ကိုယ်စားလှယ်လောင်း ၃၀ ကျော်ကို အမည်စာရင်း တင်ခဲ့သည်။ သို့သော်လည်း အေအင်န်ပီ ပါတီဝင်များ၏ ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်သောအခါ ALD အဖွဲ့ဝင်ဟောင်း နှစ်ဦးသာ ပါခဲ့သည်။ ၎င်းတို့မှာ ဦးအေးသာအောင်နှင့် ဒေါ်ထုမေတို့သာ ဖြစ်သည်။

ဗဟိုအမှုဆောင်ကော်မတီက အမည်စာရင်း တင်သွင်းမှုလုပ်ငန်းစဉ် ဆောင်ရွက်ပုံကို စုံစမ်းစစ်ဆေးရန် ALD အကြီးတန်း ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ဦးလှမြင့်က တောင်းဆိုခဲ့သည်။ အမျိုးသားလွှတ်တော်တွင် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခံရမှု ဆုံးရှုံးပြီးနောက် အေအင်န်ပီမှ နုတ်ထွက်ခဲ့သော ဦးကျော်သိန်းက အမည်စာရင်း တင်သွင်းမှုလုပ်ငန်းစဉ်ကို ရှုတ်ချခဲ့သည်။

 “ကြိုတင်မဲနဲ့ လိမ်တာပါ”ဟု ၎င်းက Frontier ကို မတ်လအစောပိုင်းက ပြောခဲ့သည်။ “ကျွန်တော်တို့ ဒါကို ခွင့်လွှတ်လို့လည်း မရဘူး။ မေ့ပစ်လို့လည်း မရဘူး။ ဒါကို ဖော်ထုတ်ရမယ်။ အေအင်န်ပီရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို ကျွန်တော်မယုံဘူး။ သူတို့ကို စုံစမ်းစစ်ဆေးသင့်တယ်”

ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို ဝေဖန်ခြင်းမှာ အေအင်န်ပီ ၏ ရာထူးအဆင့် အသီးသီးအတွင်း ပဲ့တင်ထပ်သွားသည်။ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို စုံစမ်းစစ်ဆေးပေးရန် အဆိုပြုမည် ဖြစ်ကြောင်း ရွေးကောက်ပွဲအပြီး သုံးရက်အကြာ ဒေါက်တာအေးမောင်က သတင်းထောက်များကို စစ်တွေတွင် ပြောကြားခဲ့သည်။ ယင်းစုံစမ်းစစ်ဆေးမှုက ၎င်းအပါအဝင်  ဗဟိုအမှုဆောင်ကော်မတီ၏ အဖွဲ့ဝင် ၃၉ ဦးစလုံးကို ပြုလုပ်မည်ဟု ဆိုသည်။

 “အတွင်းပဋိပက္ခ ရှိသလား။ နှစ်ဖက်စလုံးမှာ အခွင့်အရေးယူဖို့ ကြိုးစားတဲ့သူ ရှိသလား။ ဖော်ထုတ်ဖို့ လိုပါတယ်”ဟု ၎င်းက ပြောသည်။ “ကျွန်တော်ကိုယ်တိုင်လည်း စုံစမ်းစစ်ဆေးမှု ခံယူမှာ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၃၉ ဦးစလုံးကို စုံစမ်းစစ်ဆေးဖို့ လာမယ့် စီအီးစီအစည်းအဝေးမှာ ကျွန်တော်အဆိုပြုမှာ ဖြစ်ပါတယ်”

U Oo Hla Saw at a civil society forum in Kyaukphyu, Rakhine State in December 2015. (Min Min / Frontier)

U Oo Hla Saw at a civil society forum in Kyaukphyu, Rakhine State in December 2015. (Min Min / Frontier)

ဗဟိုအမှုဆောင်ကော်မတီဝင် ဦးဦးလှစောသည် RNDP ၏ ဦးဆောင်အဖွဲ့ဝင်များ ဖြစ်နေစဉ်ကတည်းက ဒေါက်တာအေးမောင်ကို ပြိုင်နေသည်ဟု သိထားကြသည်။ ဒေါက်တာအေးမောင်အပေါ် သစ္စာရှိသည့် အဖွဲ့၏ အကြီးဆုံးပြိုင်ဘက်ဖြစ်သော ဦးဦးလှစော၏ အဖွဲ့မှာ ALD အဖွဲ့ဝင်ဟောင်းများ၏ ဝိုင်းပယ်မှုကြောင့် ဒေါသထွက်နေသည်။

 “ဝါးတားဂိတ်လို အရှုပ်တော်ပုံမျိုး ကျွန်တော်တို့ ပါတီမှာ ဖြစ်နေပါတယ်။ မီဒီယာတွေက ဒါကို ဖော်ထုတ်ဖို့ လိုပါတယ်”ဟု ဒေါက်တာအေးမောင်၏ သုံးသပ်ချက်အပြီး နှစ်ရက်အကြာ စစ်တွေအခြေစိုက် Root Investigation Agency ကို ဦးဦးလှစောက ပြောသည်။ ဦးဦးလှစော၏ အဖွဲ့နှင့် ALD အဖွဲ့ဝင်ဟောင်းများက အေအင်န်ပီ၏ တရားဝင် ရပ်တည်ချက်ထက် အင်န်အယ်လ်ဒီနှင့် ပိုမိုနီးစပ်မှုကို သဘောကျသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက ၎င်းတို့သည် အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်လိုက်များအဖြစ် ရွေးကောက်ပွဲတွင် မယှဉ်ပြိုင်လိုဟု ဒေါက်တာအေးမောင်၏ အဖွဲ့မှ အဖွဲ့ဝင်များက ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရရှိပြီးနောက် ဒေါ်စုနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ပါတီ၏ ကြီးမားသည့် အစိတ်အပိုင်းက ဝန်ခံကြောင်း ALD အဖွဲ့ဝင်ဟောင်း ဦးကျော်မြင့်က ပြောကြားသည်။

“တကယ်တော့ အေအင်န်ပီအမတ်တွေဟာ အခြေခံဥပဒေ ပြင်ဖို့ အင်န်အယ်လ်ဒီ နဲ့ ပူးပေါင်းဆောင်ရွက်ရမှာပါ။ ပြည်သူတွေက ဒေါ်စု သမ္မတဖြစ်ဖို့ အတွက် မဲပေးခဲ့ပေမဲ့ ဒေါ်စု သမ္မတ ဖြစ်မလာနိုင်ရင်တောင်မှ လုပ်ရမယ်”ဟု ၎င်းက Frontier ကို ပြောသည်။ ယင်းကို ဒေါက်တာအေးမောင်၏အဖွဲ့က သဘောမတူဘဲ အင်န်အယ်လ်ဒီနှင့် ပူးပေါင်းဆောင်ရွက်မှုမှန်သမျှ ပစ်ပယ်ခဲ့သည်။ ဖေဖော်ဝါရီလက ဦးအေးသာအောင်အား အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် အင်န်အယ်လ်ဒီက ခန့်အပ်ခဲ့ရာ အေအင်န်ပီ၏ ဗဟိုအမှုဆောင်ကော်မတီအတွင်း နောက်ထပ် ဖရိုဖရဲ ထပ်ဖြစ်သွားစေသည်။

မတ်လ အစောပိုင်းက ကော်မတီတွင် ကျန်ရှိနေသည့် ALD အဖွဲ့ဝင်ဟောင်းအားလုံးမှာ ဦးအေးသာအောင်မှလွဲ၍ ထုတ်ပယ်ခံခဲ့ရသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

မင်းမင်းမှာ Root Investigation Agency ၏ အယ်ဒီတာချုပ်နှင့် အထွေထွေမန်နေဂျာ ဖြစ်သည်။ မတ်လ ၁၀ ရက်က စစ်တွေမြို့ရှိ သူ့နေအိမ်ရှေ့၌ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း မိသားစုလုံခြုံမှုအလို့ငှာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်သည်။ သူ့မိသားစုမှာ ထပ်မံတိုက်ခိုက်ခံရမည်စိုး၍ လိပ်စာကို အသိမခံဘဲ သိုသိုသိပ်သိပ် နေထိုင်လျက်ရှိသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.