မတ်၂၄ရက်က အင်းစိန်ထောင်မှ ပြန်လွတ်လာသူများကို ဘတ်စ်ကားများဖြင့် တင်ဆောင်၍ တာမွေမြို့နယ်၊ တာမွေရဲစခန်းအနီး၊​ ဗညားဒလလမ်းမသို့ ပို့ဆောင်ခဲ့သည်။ ပြန်လွတ်လာသူများသည် မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းခဲ့ကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဖမ်းခံရသူများပြန်လွတ်သော်လည်း ထောင်တွင်းကျန်နေသူများအတွက် စိုးရိမ်ဖွယ်ဖြစ်နေ

အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံရသော ကျောင်းသားနှင့် ဆန္ဒပြသူ ၆၀၀ကျော်ကို ယနေ့ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ထောင်တွင်းကျန်ရှိနေသူများကို မြို့နယ်တရားရုံးများတွင် ရုံးထုတ်မစစ်ဆေးတော့ဘဲ ထောင်အတွင်း၌သာ ခုံရုံးဖွဲ့စစ်ဆေးတော့မည်ဟု ကြားသိရကြောင်း အမှုလိုက်ရှေ့နေများကပြောသည်။

ဖရွန်းတီးယားမြန်မာ

မတ်၂၄ရက်၊ နံနက်ပိုင်းတွင် ဖမ်းဆီးခံရသူ ၆၀၀ကျော် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။ ယနေ့ပြန်လွတ်လာသူအများစုမှာ မတ်၃ရက်က တာမွေ၊ လှိုင်၊ ရွေပြည်သာနှင့် မြောက်ဥက္ကလာပမြို့နယ်များတွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင့်ရေး ဆန္ဒပြသပိတ် စစ်ကြောင်းများတွင် ပါဝင်၍ ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသူဦးရေအတိအကျကို ဖရွန်းတီးယားမြန်မာက သီးခြားအတည်မပြုနိုင်သော်လည်း ဖမ်းဆီးခံရသူများအား အမှုလိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေများကမူ ပြန်လွတ်လာသူဦးရေသည် ၆၂၈ဦးဖြစ်သည်ဟု ဆိုသည်။

“မနက်ပိုင်းမှာ အရာရှိတစ်ယောက်ရောက်လာပြီး တပ်မတော်က အာဏာကို မလွဲသာလို့ သိမ်းရတာဖြစ်ကြောင်းနဲ့ လူငယ်တွေ Generaltion Zတွေရဲ့ အနာဂတ်မပျောက်သွားပါဘူး ဆိုတာမျိုး ကျနော်တို့ကိုလာပြောတယ်”ဟု ယနေ့ ပြန်လည်လွတ်မြောက်လာသူ လူငယ်တစ်ဦးက ပြောသည်။

ယနေ့နံနက် ၁၁နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာသူများကို တင်ဆောင်လာသည့် ဘတ်စ်ကားခုနှစ်စီးခန့်သည် အင်းစိန်ထောင်မှ တာမွေမြို့နယ်၊ ဗညားဒလလမ်းမပေါ်ရှိ တာမွေရဲစခန်းအနီးသို့ ဆိုက်ရောက်လာသည်။

လွတ်မြောက်လာသူများသည် စောင့်မျှော်နေသည့် ၎င်းတို့၏ မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းခဲ့ကြပြီး အချို့မှာ အချင်းချင်းသိုင်းဖက်၍ ငိုကြွေးကြသည်။ မကြာမီတွင် ရဲနှင့်စစ်သားများ ရောက်ရှိလာပြီး လူစုခွဲကြရန် လာရောက်ပြောဆိုသဖြင့် စုဝေးနေသူများ ၎င်းတို့၏ နေရပ်အသီးသီးသို့ ထွက်ခွာသွားခဲ့ကြသည်။

အင်းစိန်ထောင်တွင် ကျန်ရစ်ခဲ့သူများ

ပြန်လည်လွတ်မြောက်လာသူများကို မေးမြန်းချက်အရ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသူများအနက် အချို့က အစာအငတ်ခံ၍ ဆန္ဒပြလျက်ရှိပြီး အချို့မှာ ထောင်အတွင်း အကျဉ်းချခံရနေစဉ်တွင်ပင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသီချင်းများကို စုပေါင်း၍လည်း သီဆိုလေ့ရှိကြကြောင်း သိရသည်။

“ကျမ သိရသလောက်က တချို့ကျောင်းသားတွေက အစာငတ်ခံဆန္ဒပြနေတယ်။ နောက်တစ်ခုကတော့ တရားစီရင်ရေးကို အယုံအကြည်မရှိဘဲ သပိတ်မှောက်တဲ့အနေနဲ့ ရှေ့နေမငှားကြဘူး၊ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုလည်း လက်မခံဘူးဆိုပြီး  ဆန္ဒပြနေတာတွေရှိတယ်”ဟု ဖမ်းဆီးခံထားရသူများကို ဥပဒေအရ အကူအညီပေးနေသည့် “သင့်အတွက်ရှေ့နေများ”အဖွဲ့ဝင် ဒေါ်ဇာလီအေးက ပြောသည်။

မတ်၁၄ရက်နောက်ပိုင်းတွင် ဖမ်းဆီးခံရသူများအနက် စစ်ကြောရေးစခန်းမှ ရောက်ရှိလာသူများတွင် ခန္ဓာကိုယ်ကို ရာဘာကျည်ဖြင့် တေ့၍ပစ်ခတ်ထားသည့် ဒဏ်ရာများ၊ မျက်နှာယောင်ကိုင်းဒဏ်ရာများနှင့် ပြတ်ရှဒဏ်ရာများလည်းတွေ့ရကြောင်း ပြန်လည်လွတ်မြောက်လာသူအချို့က ပြောသည်။

“ဆိုးဆိုးဝါးဝါးဖြစ်လာတဲ့ လူတွေကိုတွေ့ရတယ်။ သူတို့အပြင်မှာပဲ ရိုက်နှက်ပြီးဖမ်းလာလို့ အဲဒီလောက်ဆိုးတာလား။ စစ်ကြောရေးမှာပဲ နှိပ်စက်တာလားဆိုတာတော့မသိရဘူး”ဟု ပြန်လည်လွတ်မြောက်လာသည့် လူငယ်တစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

အင်းစိန်ထောင်တွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီးနောက် ဆန္ဒပြပွဲဦးဆောင်သူများ၊ ငြိမ်းချမ်းစွာ အာဏာဖီဆန်ရေး CDMလှုပ်ရှားမှုတွင် ပါဝင်သောဝန်ထမ်းများနှင့် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသော မြို့နယ်များမှ ဖမ်းဆီးရမိသူများကို သီးခြားခွဲထုတ်ခဲ့သည်ဟု ပြန်လွတ်လာသူများက ဆိုသည်။

မတ်၃ရက်က တာမွေမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၄၀၀နီးပါး အဖမ်းခံခဲ့ရပြီး ၎င်းတို့အနက်မှ ခေါင်းဆောင်ဟု စစ်ကောင်စီက ယူဆသူရှစ်ဦးကို အကျဉ်းထောင်အာဏာပိုင်များက ကျန်အကျဉ်းသားများနှင့် မရောနှောဘဲ သီးခြားခွဲထုတ်ထားသည်ဟု ပြန်လွတ်လာသူတစ်ဦးက ဆိုသည်။

ထို့ပြင် ယနေ့ပြန်လွတ်လာသူများတွင်မပါဝင်၊ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များလည်း မဟုတ်ဘဲ နောက်ထပ်ကျောင်းသား အယောက်၃၀ခန့်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသည်ဟု ၎င်းက ဆက်ပြောသည်။ အထက်ပါအုပ်စုနှစ်ခုတွင် မပါဝင်သည့် အခြားကျောင်းသားများနှင့် ဆန္ဒပြသူများကို ယနေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများအတွင်း အဖမ်းခံရသူဦးရေအတိအကျကို သီးခြားအတည်မပြုနိုင်သော်လည်း စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ၁ရက်နောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသူ ၂,၀၀၀နီးပါး ရှိနိုင်သည်ဟု သင့်အတွက်ရှေ့နေများအဖွဲ့က ခန့်မှန်းထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်၍ အဖမ်းဆီးခံရသူများကို ဥပဒေအရ အကူအညီပေးရန် သင့်အတွက်ရှေ့နေများအဖွဲ့ကို မတ်၊ ဒုတိယအပတ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းဝင်၂၀ခန့်ရှိသည့် ရှေ့နေအဖွဲ့တစ်ခုလည်းဖြစ်သည်။ လက်ရှိအချိန်တွင် သင့်အတွက်ရှေ့နေများအဖွဲ့သည် အဖမ်းဆီးခံရသူပေါင်း ၁,၃၀၀ကျော်အတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည်။

ယနေ့၊ အင်းစိန်ထောင်မှ လူပေါင်း၆၀၀ကျော် ပြန်လွတ်လာသော်လည်း ဆက်လက်ထိန်းသိမ်းခံထားရသူ ၁,၀၀၀ထက်မနည်းရှိနိုင်သည်ဟု ဒေါ်ဇာလီအေးက ခန့်မှန်းသည်။

မတ်၁၈ရက်က အင်းစိန်ထောင်ရှေ့တွင် ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်အောင် ဥပဒေရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်နေသည့် သင့်အတွက်ရှေ့နေအဖွဲ့ဝင် ရှေ့နေများကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

တရားရုံးများ ထောင်တွင်းသို့ရွှေ့

ကျန်ရှိနေသော ထိန်းသိမ်းခံထားရသူများကို မတ်၂၅ရက်မှစ၍ သက်ဆိုင်ရာမြို့နယ်တရားရုံးများတွင် ရုံးထုတ်တော့မည်မဟုတ်ဘဲ အင်းစိန်ထောင်ရှိ ထောင်တွင်းတရားရုံးတွင်သာ စစ်ဆေးသွားမည်ဟုကြားသိရကြောင်း ရှေ့နေများကဆိုသည်။ လက်ရှိတွင် အင်းစိန်ထောင်အတွင်း ကျန်ရှိနေသူအများစုကို စစ်ကောင်စီက အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်အထိကျခံနိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီး ပုဒ်မ၅၀၅-ကဖြင့် အမှုဖွင့်ထားသည်။

မတ်၂၄ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် ၃၀နီးပါးမှာ ၎င်းတို့ရှေ့နေများနှင့် တွေ့ဆုံခွင့်ရပြီး အမှုနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးနိုင်ခဲ့ကြောင်း ရှေ့နေများကပြောသည်။ သို့သော် အမှုစစ်ဆေးခြင်းလုပ်ငန်းစဉ်များ စတင်ခြင်းမရှိသေးပေ။

“သက်ဆိုင်ရာ မြို့နယ်တရားသူကြီးတွေကို အင်းစိန်ထောင်ထဲထားပြီး စစ်တော့မယ်။ ရှေ့နေတစ်ဦးပဲ ဝင်ခွင့်ရမယ်လို့ ကနဦးသိထားတယ်”ဟု ဒေါ်ဇာလီအေးက ဖရွန်းတီးယားမြန်မာကိုပြောသည်။

မြို့နယ်တရားသူကြီးများကို အင်းစိန်အကျဉ်းထောင်ဝင်းအတွင်း ရုံးခန်းများဖွဲ့၍ မြို့နယ်တရားရုံးများ သဖွယ်သတ်မှတ်ကာ အမှုများကို စစ်ဆေးမည်ဖြစ်သောကြောင့် တရားရုံးများကို အင်းစိန်ထောင်အတွင်းသို့ ရွှေ့လိုက်သည့်သဘောဖြစ်ကြောင်း အမည်မဖော်လိုသည့် တရားရေးအရာရှိတစ်ဦးက ပြောသည်။

“အင်းစိန်ထဲက ရုံးခန်းတွေကို တရားရုံးပုံစံမျိုးနဲ့လုပ်မှာ။ ကမာရွတ်မြို့နယ်ကအမှုဆိုရင် ကမာရွတ်မြို့နယ် တရားသူကြီးအဖွဲ့က လာစစ်၊ တာမွေမြို့နယ်ဆိုလည်း သူ့မြို့နယ်တရားသူကြီးနဲ့အဖွဲ့ကလာစစ်တဲ့ သဘောမျိုးလုပ်တာပါ”ဟု ၎င်းကပြောသည်။

မြို့နယ်တရားရုံးများတွင် ရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ အင်းစိန်ထောင်အတွင်း သီးသန့်စစ်ဆေးခြင်းက အမှုသည်များအေနဖြင့် အခွင့်အရေးနစ်နာနိုင်သည်ဟု ရှေ့နေများက ထောက်ပြသည်။ ထို့ပြင် တရားစွဲဆိုခံထားရသူများသည် ၎င်းတို့၏ရှေ့နေ၊ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ကိုပါ ကန့်သတ်လိုက်သကဲ့သို့ ဖြစ်လာနိုင်ကြောင်း ၎င်းတို့ကဆိုသည်။

“သတင်းမီဒီယာတွေကို ပေးဝင်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ ပွင့်လင်းမြင်သာမှုလုံးဝမရှိပါဘူး” ဟု ဒေါ်ဇာလီအေးကပြောသည်။ ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးသည်မှာ ဝမ်းသာစရာဖြစ်သော်လည်း ထောင်ထဲတွင် ကျန်နေသေးသော ပြည်သူများမှာ ဥပဒေပါအခွင့်အရေးများ ရ၊မရကို သတိချပ်ရမည်ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရန် ကူညီနေသည့် ရှေ့နေများ မတ်၁၈ရက်က အင်းစိန်ထောင်ရှေ့တွင်တွေ့ဆုံဆွေးနွေးနေကြစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဖမ်းဆီးခံထားရသူများကို ထိန်းသိမ်းထားသည့်နေရာနှင့် အချုပ်တွင် မည်မျှကြာအောင် ချုပ်နှောင်မည်ကို မိသားစုဝင်များက ဥပဒေအရ သိရှိပိုင်ခွင့်ရှိသည်။ ထို့ပြင် ဖမ်းဆီးခံထားရသူများကို ဆက်လက်ထိန်းသိမ်းရန် ရဲတပ်ဖွဲ့က ချုပ်ရက်ရမန်ထပ်ယူသည့်အခါ တရားခံရှေ့နေဘက်က ဥပဒေအရ ကန့်ကွက်ခွင့်ရှိပြီး၊ ကန့်ကွက်မှုရှိပါက တရားရုံးက ရဲတပ်ဖွဲ့ကို ချုပ်ရက်ရမန်ပေးရန် သင့်၊​ မသင့် ပြန်လည်စစ်ဆေးရမည်ဖြစ်သည်။

ရှေ့နေများကမူ ဆန္ဒပြမှုကြောင့် ဖမ်းဆီးချုပ်နှောင်ခံထားရပြီး တရားရင်ဆိုင်နေရသူများသည် စစ်ကောင်စီအာဏာသိမ်းသည့် ဖေဖော်ဝါရီ၁ရက်နောက်ပိုင်းတွင် ဥပဒေအရခံစားခွင့်ရှိသော အဆိုပါအခွင့်အရေးများ ခံစားခွင့်မရကြတော့ဟု ဆိုသည်။

အမည်မဖော်လိုသည့်​ မြို့နယ်တရားသူကြီးတစ်ဦးကမူ တရားစွဲဆိုခံရ၍ ထိန်းသိမ်းခံထားရသူများကို မိသားစုဝင်များနှင့် တွေ့ခွင့်မပေးတော့သည်မှာ ဖေဖော်ဝါရီမတိုင်ခင်ကတည်းက ဖြစ်သည်ဟု ဆိုသည်။

“ကိုဗစ်ကာလမှာကတည်းက အချုပ်ခံထားရတဲ့ လူတွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးတော့ဘူး။ စည်းမျဉ်းတွေအရ ရောဂါပျံ့နှံ့မှုကို ကာကွယ်ဖို့ပေါ့။ အဲဒီအလေ့အကျင့်ကိုဆက်သုံးပြီး ဖမ်းဆီးခံရသူတွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးတော့တာ” အဆိုပါမြို့နယ်တရားသူကြီးက ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.