ဖန်သားပြင်ပေါ်မှာဆက်ကြည့်ရမယ့် iflix ဇာတ်ရှုပ်

မလေးရှားအခြေစိုက် ဗီဒီယိုဝန်ဆောင်မှုလုပ်ငန်း iflix သည် မြန်မာနိုင်ငံရှိ ရုံးကို ယမန်နှစ်အောက်တိုဘာတွင် ပိတ်သိမ်းပြီး ကုမ္ပဏီ၏ ကုန်ပစ္စည်းအမှတ်တံဆိပ်သံအမတ်အဖြစ် ခန့်အပ်ထားသည့် နာမည်ကျော် သရုပ်ဆောင်တစ်ဦးကို အနုပညာကြေးပေးအပ်ရန်ရှိနေသော်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်မှုမရပ်ဆိုင်းသေးကြောင်း ပြောဆိုခဲ့သည်။

ကျော်ရဲလင်း

လွန်ခဲ့သောသုံးနှစ်ခန့်တွင် မလေးရှားအခြေစိုက် ဗီဒီယိုဝန်ဆောင်မှုလုပ်ငန်း မြန်မာနိုင်ငံသို့ လုပ်ငန်းချဲ့ထွင်လာသည့်အခါတွင် မြန်မာနိုင်ငံသား ဝန်ထမ်းများက နိုင်ငံတွင်း အကောင်းဆုံး လုပ်ငန်းခွင်ရှိနေသည့် နေရာတစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့သည်။
iflix သည် ဗဟန်းမြို့နယ်ရှိ ဓမ္မစေတီလမ်းတွင် ရုံးခန်းဖွင့်လှစ်ပြီးနောက် ၂၀၁၇ ခုနှစ် မတ်တွင် မြန်မာနိုင်ငံ၌ လုပ်ငန်းစတင်လည်ပတ်ခဲ့သည်။
“ရုံးခန်းက သိပ်ကြီးတာကြီးမျိုးမဟုတ်ဘူး၊ ဒါပေမယ့် iflix မှာ လုပ်ရတာ အင်မတန်ကိုပျော်စရာကောင်းခဲ့တယ်” ဟု ကုမ္ပဏီတွင် နှစ်နှစ်လုပ်ကိုင်ခဲ့သည့် ဝန်ထမ်းဟောင်းတစ်ဦးကပြောဆိုခဲ့သည်။
“နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံပြောဆိုရတာ ပျော်စရာကောင်းခဲ့တယ်” ဟု သူက Frontier သို့ ဖေဖော်ဝါရီ အစောပိုင်းတွင် ပြောဆိုခဲ့သည်။
iflix ၏ မြန်မာရုံးခွဲကို အမေရိကန်နိုင်ငံသူ အာဒီယာနာ ဂရင်းလီက ဦးဆောင်ပြီး ဝန်ထမ်း ၁၀ ဦးခန့်ရှိခဲ့သည်။ လုပ်ငန်းလည်ပတ်စဉ်အတွင်း ကုမ္ပဏီသည် မြန်မာပရိသတ်အတွက် ဗီဒီယိုများဖြန့်ချိနိုင်ရန် ပြည်တွင်းရှိနာမည်ကျော်တချို့၊ ထုတ်လုပ်သူတချို့တို့နှင့် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့သည်။
ယင်းသဘောတူစာချုပ်များကို iflix ၏ မလေးရှားရုံးနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာပုဂ္ဂိုလ်များကြား ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာရုံးခွဲသည် စာချုပ်ပါ အချက်များကို ရှင်းပြရသည့် တာဝန်ကိုသာယူခဲ့ရကြောင်း သတင်းအရင်းအမြစ်များကပြောဆိုခဲ့သည်။
မင်းသမီး ဖွေးဖွေးကို iflix နှင့်စာချုပ်ချုပ်ဆိုအောင် လုပ်ဆောင်ရေးသည် ပထမဆုံးခြေလှမ်းဖြစ်ခဲ့ကြောင်း ဝန်ထမ်းဟောင်းတစ်ဦးကပြောဆိုခဲ့သည်။ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုနှစ်ကြိမ်ရရှိထားသည့် ဖွေးဖွေးသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် iflix ၏ ကုန်ပစ္စည်းအမှတ်တံဆိပ်ဆိုင်ရာသံအမတ်အဖြစ် သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့သည်။
“ဖွေးဖွေးပါလာတာမို့ iflix ကိုယုံကြည်ရတဲ့ နိုင်ငံခြားတံဆိပ်အဖြစ်သတ်မှတ်လာပြီး နာမည်ကျော်တွေ ၊ ထုတ်လုပ်သူတွေပါ နောက်ပိုင်းမှာ ပါဝင်လာကြပါတယ်” ဟု သူကပြောသည်။
“ကျွန်တော်တို့ အကောင်းဆုံးလုပ်ခဲ့တယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ iflix ဘယ်နေရာမှာလွဲသွားတယ်ဆိုတာတော့ မသိဘူး” ဟု သူကပြောသည်။ ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ သူနှင့် အခြားဝန်ထမ်းများကို လစာပုံမှန်မပေးနိုင်တော့ကြောင်း အဆိုပါဝန်ထမ်းဟောင်းက ဆက်လက်ပြောဆိုခဲ့သည်။
ယင်းကြောင့် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ရုံးခွဲကို မပိတ်မီတွင် အလုပ်မှထွက်ခဲ့ခြင်းဖြစ်ကြောင်း သူကပြောသည်။

ရဲတပ်ဖွဲ့သို့ တိုင်ကြားခြင်း

iflix မြန်မာနိုင်ငံမှ ထွက်ခွာပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ဝန်ထမ်းဟောင်းတချို့ကို ဗဟန်းရဲစခန်းသို့လာရောက်ရန် ဆင့်ခေါ်မှုရှိခဲ့သည်။ ရုံးခွဲကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းကြားသိရပြီးနောက် မြန်မာဗီဒီယိုထုတ်လုပ်သူတစ်ဦးက ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဗီဒီယိုများထောက်ပံ့ပေးရသော်လည်း စာချုပ်ပါအတိုင်း ငွေမရခဲ့ကြောင်း၊ ကြိုတင်အကြောင်းကြားမှုမရှိဘဲ iflix ပိတ်သိမ်းသွားသည့်အတွက် စိတ်ပျက်မိကြောင်း အဆိုပါ ထုတ်လုပ်သူကပြောဆိုခဲ့သည်ဟု iflix ဝန်ထမ်းဟောင်းတစ်ဦးကပြောဆိုခဲ့သည်။
ဖျော်ဖြေရေးအကြောင်းအရာထောက်ပံ့သူများအား စာချုပ်ပါ အချက်အတိုင်း ငွေပေးရန် ၎င်းတို့တွင် တာဝန်မရှိကြောင်း ဝန်ထမ်းဟောင်းများက ရဲစခန်းတွင် ရှင်းလင်းပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့နှင့် ထုတ်လုပ်သူတို့သည် မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူရှိ iflix ရုံးချုပ်ကိုသာဆက်သွယ်ရန် ဝန်ထမ်းဟောင်းများက အကြံပြုခဲ့သည်။
မြန်မာနိုင်ငံရှိ iflix ဝန်ထမ်းများသည် ဖျော်ဖြေရေးအကြောင်းအရာထောက်ပံ့ရေးအတွက် စာချုပ်ချုပ်ဆိုရန် စေ့စပ်ဆွေးနွေးမှုများကိုပြုလုပ်ခဲ့ရသော်လည်း စာချုပ်ကို မြန်မာရှိ ဖျော်ဖြေရေးအကြောင်းအရာ ထောက်ပံ့သူများနှင့် ကွာလာလမ်ပူရှိ iflix အမှုဆောင်အရာရှိများက လက်မှတ်ရေးထိုးခဲ့ခြင်းသာဖြစ်ကြောင်း ဝန်ထမ်းဟောင်းတစ်ဦးကပြောဆိုခဲ့သည်။
“တို့က သူတို့ကို စာချုပ်ကိုရှင်းပြတာပဲရှိခဲ့တာ၊ ဒါကြောင့် ထုတ်လုပ်သူက ကျွန်တော်တို့ကို အပြစ်တင်နေမယ့်အစား ရှေ့နေငှားလိုက်တာက ပိုကောင်းမယ်လို့ ထင်ပါတယ်” ဟု ဝန်ထမ်းဟောင်းက Frontier အား ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောဆိုခဲ့သည်။
ဖျော်ဖြေရေးအကြောင်းအရာဝေမျှရေးသဘောတူစာချုပ်များကို ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သည်ဟု iflix ဝန်ထမ်းဟောင်းများကပြောဆိုခဲ့သည့် သရုပ်ဆောင်များ၊ ထုတ်လုပ်ရေးကုမ္ပဏီများကို ဆက်သွယ်မေးမြန်းရန် Frontier က ကြိုးပမ်းခဲ့သော်လည်း မည်သူကမျှ တွေ့ဆုံမေးမြန်းခွင့်မပေးခဲ့ချေ။
သို့သော် ၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီတွင် iflix နှင့် သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့သော်လည်း iflix က ၎င်းအား အနုပညာကြေးတစ်စုံတရာပေးအပ်ခြင်းမရှိခဲ့ကြောင်း ဖွေးဖွေးက ဇန်နဝါရီ ၁၈ ရက်တွင် ဖေ့စ်ဘွတ်ခ်၌ ရေးသားခဲ့သည်။ iflix သည် ၎င်းအား နှစ်စဉ်ငွေကြေးပေးအပ်ရမည်ဆိုသည့် စာချုပ်ပါအချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိခဲ့ကြောင်း ဖွေးဖွေးက ဇန်နဝါရီ ၂၉ ရက်တွင် တယ်လီဖုန်းဖြင့်ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုခဲ့သည်။
ဒုတိယနှစ်ရောက်လာသော်လည်း ပထမဆုံးအကြိမ်ပေးအပ်ရမည့် ငွေကိုပင် မပေးသေးသောကြောင့် စိုးရိမ်လာခဲ့ကြောင်း၊ဆက်ဆံလာခဲ့သူများကိုဆက်သွယ်သည့်အခါ iflix သည် မြန်မာနိုင်ငံတွင် ရုံးခန်းနှင့်ဝန်ထမ်းများပါမရှိတော့ကြောင်း သိရသဖြင့် အံ့သြသွားခဲ့ရကြောင်း ဖွေးဖွေးကပြောဆိုခဲ့သည်။
ရသင့်ရထိုက်သည်များကို ပြန်ရရေး iflix အားတရားစွဲဆိုရန်အတွက် ဖွေးဖွေးသည် ရှေ့နေငှားခဲ့ပြီးဖြစ်သည်။ မြန်မာ သို့မဟုတ် မလေးရှားတွင် တရားစွဲလို့ရသည်မရသည်ကို မသေချာသေးကြောင်း ဖွေးဖွေးကပြောဆိုခဲ့သည်။ သို့သော် ရရှိမည့် ငွေကြေးပမာဏကိုတော့ သူက မပြောချေ။
မလေးရှားတွင်သာ တရားစွဲဆိုရမည်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ၂၀၁၂ မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ယူခဲ့သည့် ဇင်ဝိုင်းက ပြောသည်။
“ကျွန်တော်သိသလောက်တော့ စာချုပ်ဟာ မြန်မာဥပဒေတွေနဲ့မကိုက်ဘူး၊ စာချုပ်ကို အင်္ဂလိပ်လိုရေးထားတာမို့ တချို့လည်း ဖတ်တောင်ဖတ်မကြည့်ခဲ့ကြဘူး” ဟု ဇင်ဝိုင်းကပြောဆိုခဲ့သည်။ ထို့ပြင် စာချုပ်တွင် မြန်မာအစိုးရ၏အခွန်တံဆိပ်ခေါင်းကိုလည်း မမြင်တွေ့ခဲ့ရကြောင်း သူကပြောသည်။
“ဒါကြောင့် လူအများစုက သူတို့ခံခဲ့ရတာကို လူသိရှင်ကြားမဖြစ်စေချင်တာဖြစ်လိမ့်မယ်” ဟု သူကဆက်လက်ပြောဆိုခဲ့သည်။

iflix ကလည်း သူ့နည်းသူ့ဟန်ဖြင့် တုံ့ပြန်

၂၀၁၉ ခုနှစ် အကုန်ပိုင်းတွင် မြန်မာနိုင်ငံ၌ ရုံးခန်းပိတ်သိမ်းခဲ့သော်လည်း iflix သည် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းရန် အစီအစဉ်မရှိခဲ့ကြောင်း ကွာလာလမ်ပူရှိ ရုံးချုပ်မှ ဆက်သွယ်ရေးဆိုင်ရာဌာနအကြီးအကဲ ဆာဘီနာ မဲဒါရဲဗစ်ကပြောဆိုခဲ့သည်။
iflix၏ မြန်မာနိုင်ငံရှိ လုပ်ငန်းခွဲကို ကွာလာလမ်ပူရှိ ရုံးချုပ်မှတစ်ဆင့် စီမံခြင်းသည် စီးပွားရေးအရ ပိုမိုအဓိပ္ပါယ်ရှိကြောင်း သေချာစွာစဉ်းစားသုံးသပ်ပြီးနောက် ဆုံးဖြတ်ခဲ့သည်ဟု မဲဒါရဲဗစ်က ဖေဖော်ဝါရီ ၁၃ ရက်တွင် အီးမေးလ်မှတစ်ဆင့် ပြန်လည်ဖြေဆိုခဲ့သည်။
iflix ဝန်ဆောင်မှုများကို မြန်မာနိုင်ငံတစ်ဝန်းရှိ အသုံးပြုသူများ ဆက်လက်သုံးစွဲနိုင်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံံ၌ ဝန်ဆောင်မှုပေးနေခြင်းကို ရပ်ဆိုင်းရန် အစီအစဉ်မရှိကြောင်း သူကပြောဆိုခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ကုမ္ပဏီသည် တရားရေးအရ ရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စလည်းမရှိကြောင်း သူကပြောဆိုခဲ့သည်။ သို့သော် ကောလာဟလများနှင့် သို့လောသို့လောပြောဆိုမှုများနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုခြင်းမပြုရန် iflix က မူဝါဒချမှတ်ထားသဖြင့် ဖျော်ဖြေရေးအကြောင်းအရာထောက်ပံ့သူများအား ငွေပေးအပ်ခြင်းမရှိဆိုသည့် စွပ်စွဲချက်များကိုမူ ဖြေဆိုလိုခြင်းမရှိကြောင်း မဲဒါရဲဗစ်ကပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် iflix ကို ကြိုတင်ငွေပေးသုံးစွဲသူဦးရေမည်မျှရှိမည်ကို မသိနိုင်သော်လည်း သုံးစွဲသူဦးရေ ကျဆင်းနေပြီဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။ iflix အား ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများတွင် အော်ရီဒူးလည်းပါဝင်သည်။ အော်ရီဒူးသည် စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာမတိုင်မီ ခြောက်လအလိုကတည်းက data pack အစီအစဉ်ကို ရပ်ဆိုင်းခဲ့ကြောင်း အော်ရီဒူး၏ ကော်ပိုရေးရှင်းဆက်သွယ်ရေးဆိုင်ရာဌာနအကြီးအကဲ ဦးတင့်နိုင်ထွဋ်ကပြောဆိုခဲ့သည်။
iflix နှင့်ပတ်သက်သည့် data pack အစီအစဉ်ကို ယမန်နှစ် ဇူလိုင်တွင် ရပ်ဆိုင်းခဲ့သည်မှာ မှန်ကန်ကြောင်း သူက Frontier အား ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖုန်းဖြင့်ပြောဆိုခဲ့သည်။ သို့သော် စာချုပ်သက်တမ်းမပြည့်မီ ရပ်ဆိုင်းလိုက်ရသည့်အကြောင်းအရင်းကိုမူ ရှင်းလင်းပြောဆိုခြင်းမပြုခဲ့ချေ။
iflix သည် ဒေတာဝန်ဆောင်မှုအတွက် ငွေပေးရန် ပျက်ကွက်ခဲ့သောကြောင့် အော်ရီဒူးက စာချုပ်သက်တမ်းမကုန်ဆုံးမီ လုပ်ငန်းချင်းပတ်သက်မှုကို ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်ရှိ သတင်းအရင်းအမြစ်တစ်ခုက Frontier အားပြောဆိုခဲ့သည်။
iflix သည် MPT နှင့်လည်း လုပ်ငန်းပတ်သက်မှုရှိခဲ့သည်။ မြန်မာကျပ် ၃၀၀၀၀ ပေးသွင်းပါက iflix ကို ၁၂လ အကန့်အသတ်မရှိသုံးစွဲနိုင်ကြောင်း MPT ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ Frontier သည် MPT ကို ဆက်သွယ်နိုင်ရန် ကြိုးပမ်းခဲ့သေးသည်။
မြန်မာနိုင်ငံရှိ အကြီးဆုံး ဈေးဝယ်စင်တာလုပ်ငန်းစုဖြစ်သည့် City Mart အပါအဝင် ဆိုင်တချို့တွင် iflix ကြိုတင်ငွေဖြည့်သွင်းကတ်များကို ရရှိနေဆဲဖြစ်သည်။ City Mart ကိုယ်စားလှယ်တစ်ဦးကို မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမှုမရှိခဲ့ချေ။
သို့သော် iflix ကြိုတင်ငွေဖြည့်သွင်းကတ်များကို ဝယ်ယူသူဦးရေကျဆင်းလာပြီဖြစ်ကြောင်း ရန်ကုန်ရှိ အောင်ဆန်းအားကစားကွင်းနားတွင်ရှိသည့် City Mart ဆိုင်ခွဲမှ အရောင်းဝန်ထမ်းတစ်ဦးကပြောဆိုခဲ့သည်။ “ကျွန်မသိသလောက်ဆိုရင် ဒီလပိုင်းတွေအတွင်း ကတ်တစ်ကတ်တောင်မရောင်းခဲ့ရပါဘူး” ဟု သူကပြောသည်။ ၂၀၁၈ ခုနှစ် အစောပိုင်းတွင် iflix ကို နှစ်လစာငွေကြေးပေးသွင်းအသုံးပြုခဲ့သော်လည်း အကြောင်းအရာများသည် Netflix နှင့်နှိုင်းယှဉ်လျှင် စိတ်ဝင်စားစရာမကောင်းလှကြောင်း သူကပြောသည်။
iflix သည် Netflix ကို အတုခိုးထားသော်လည်း တင်ဆက်သော အကြောင်းအရာများသည် ပျင်းစရာကောင်းသလို ဟောင်းမြင်းနေပြီဖြစ်ကာ ယင်းတို့ကို အွန်လိုင်းတွင်လည်း အခမဲ့ အလွယ်တကူရနိုင်နေသောကြောင့် iflix အတွက် ငွေကုန်မခံနိုင်တော့ကြောင်း သူကပြောသည်။

သက်အေး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.