USDP spokesperson Dr Nanda Hla Myint speaks with Frontier on July 24 at the party's headquarters in Nay Pyi Taw. (Thuya Zaw)
ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ဖရွန်းတီးယားမြန်မာကို ဇူလိုင်လအတွင်းက ပါတီဌာနချုပ်တွင် လက်ခံတွေ့ဆုံခဲ့သည်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

ပြည်ခိုင်ဖြိုးပါတီ၏ လူမှုကွန်ရက်စောင့်ကြည့်လေ့လာရေးအဖွဲ့

တပ်မတော်နှင့်မဟာမိတ်သဖွယ်ဆက်ဆံရေးရှိသော အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီသည် အသက်ငယ်ရွယ်၍ နည်းပညာကျွမ်းကျင်သူများကို သီးသန့်ငှားရမ်းကာ ပါတီကို အွန်လိုင်းပေါ်တွင် မည်သို့ပြောဆိုနေကြသည်ကို အချိန်ပြည့် စောင့်ကြည့်လျက်ရှိသည်။

နော်ဘတ်တီဟန် ရေးသားသည်။

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် မကြာသေးခင်က ဘွဲ့ရထားသည့် လူငယ်များပါဝင်သော စောင့်ကြည့်လေ့လာသည့်အဖွဲ့တစ်ဖွဲ့သည် ၎င်းတို့ပါတီကို နိုင်ငံအတွင်း လူအများဆုံးအသုံးပြုသည့် လူမှုကွန်ရက်ဖြစ်သော ဖေ့စ်ဘွတ်ခ်ပေါ်တွင် လူအများက မည်သို့ ဝေဖန်ပြောဆိုကြသည်၊ မှတ်ချက်ပြုကြသည်ကို အဓိက လေ့လာ၍ စောင့်ကြည့်၊ ခြေရာခံနေကြသည်။

ငယ်ရွယ်တက်ကြွ၍ နည်းပညာနှင့် အကျွမ်းတဝင်ရှိသူများပါဝင်သည့် အဆိုပါသုတေသနအဖွဲ့သည် ပါတီဌာနချုပ် အဆောက်အဦးအတွင်းရှိ အခန်းတစ်ခုတွင် များသောအားဖြင့် အလုပ်များလျက်ရှိသည်။ သုတေသနအဖွဲ့ဝင်များ အားလုံး၏ ပျမ်းမျှအသက်သည် ၂၀မှ ၃၀နှစ် အတွင်းသာရှိကြသော လူငယ်များဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံရးပါတီအသီးသီး ပုံမှန်မဲဆွယ်လှုပ်ရှားမှုများ မလုပ်ဆောင်နိုင်တော့ဘဲ အွန်လိုင်းနှင့် လူမှုကွန်ရက်တွင် မဲဆွယ်စည်းရုံးသည့် လှုပ်ရှားမှုများကို အသွင်ပြောင်းလဲ၍ လုပ်ဆောင်ရာတွင် အဆိုပါဆိုရှယ်မီဒီယာစောင့်ကြည့်ရေး အဖွဲ့ဝင်များသည် ပြည်ခိုင်ဖြိုးပါတီအတွက် သာမန်မဲဆွယ်စည်းရုံးမှုထက်ပို၍အရေးကြီးသော၊​ ပို၍ထိရောက်သော အွန်လိုင်းလှုပ်ရှားမှုများကို ဆောင်ရွက်ရာတွင် အဓိကကျသူများဖြစ်လာသည်။

ယခုနှစ် ရွေးကောက်ပွဲတွင် အွန်လိုင်းမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများသည် ပို၍အရေးပါလာသည်ဖြစ်ရာ ထိုလုပ်ငန်းဆောင်တာများနှင့်ဆက်စပ်၍ ကျွမ်းကျင်သူများနှင့် သုတေသနပြုသူများ၏ အခန်းကဏ္ဍသည်လည်း အရေးပါလာသည်။

ဖရွန်းတီးယားမြန်မာ၏ လေ့လာတွေ့ရှိချက်အရ အဆိုပါ အဖွဲ့သည် သုတေသနပြုလုပ်သည်ဟူသော ခေါင်းစဉ်အောက်တွင် အွန်လိုင်းပေါ်ရှိ ၎င်းတို့ ပါတီအပေါ် ပြောဆိုဝေဖန်ကြသည့် သဘောထား မှတ်ချက်များ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းဆီအလိုက် ပါတီကို ပုတ်ခတ်ပြောဆိုမှုများ၊ သတင်းမီဒီယာများ၏ ပို့စ်အောက်တွင် သဘောထားမှတ်ချက်ပြုမှုများ စသည်တို့ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ၍ လေ့လာလျက်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်၏ အဆိုအရ ပြည်ခိုင်ဖြိုးက အွန်လိုင်းကတစ်ဆင့် စည်းရုံးမှုများလုပ်ဆောင်ရာတွင် ယင်းသုတေသန စစ်တမ်းများကို အသုံးပြုသည်ဟုဆိုသည်။ သို့သော် မည်သို့မည်ပုံ အသုံးပြုသည်ကို အသေးစိတ်ပြောဆိုရန်မူ ၎င်းက ငြင်းဆန်ခဲ့သည်။

လူဦးရေ ၁၅ဦးခန့်ပါဝင်သည့် ယင်းသုတေသနအဖွဲ့ကို လွန်ခဲ့သည့် လေးနှစ်ခန့်တွင် ပြည်ခိုင်ဖြိုးပါတီက စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က ထိုသို့ အွန်လိုင်းစောင့်ကြည့်လေ့လာရေး လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

အဆိုပါဆိုရှယ်မီဒီယာအဖွဲ့သည် ၎င်းပါတီဌာနချုပ်တွင် စတင်တာဝန်ထမ်းဆောင်သည့် ၂၀၁၆တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အာဏာရ အင်န်အယ်လ်ဒီပါတီအစိုးရ လက်ထက်တွင် စီးပွားရေးအပါအဝင် ကဏ္ဍအသီးသီးကို စီမံခန့်ခွဲကိုင်တွယ်ပုံ၊ ယင်းသို့လုပ်ဆောင်ရာတွင် ဖြစ်ပေါ်လာသည့် လိုအပ်ချက်၊ အားနည်းချက်နှင့် မည်သို့ဆက်လက်လုပ်ဆောင် သင့်သည်ဟူသောအချက်များကို စနစ်တကျ လေ့လာသုံးသပ်နိုင်ရန် ထိုသုတေသနအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ဦးနန္ဒာလှမြင့်ကဆိုသည်။

၂၀၁၈၊ ဒီဇင်ဘာတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယခုနှစ်ရွေးကောက်ပွဲအတွက် စနစ်တကျ ပြင်ဆင်နိုင်ရန်နှင့် ပါတီစည်းရုံးလှုပ်ရှားမှုများ လုပ်ဆာင်နိုင်ရန် အဆိုပါသုတေသနအဖွဲ့ကို လူမှုကွန်ရက်လေ့လာစောင့်ကြည့်ရေးသုတေသနအဖွဲ့အဖြစ် အမည်ပြောင်းခဲ့ကြောင်း ၎င်းကဆိုသည်။

“အခုသူတို့အဖွဲ့ကို အုပ်စုနှစ်စုခွဲပြီးလုပ်တယ်။ ပထမတစ်စုက ဖေ့ဘွတ်ပေါ်မှာ ပါတီမကောင်းကြောင်း ပြောတာတွေ၊ ပါတီနဲ့ပတ်သက်တဲ့ သတင်းအမှားတွေ ရေးသားဖြန့်ဝေတာကို စောင့်ကြည့်တယ်။ နောက်တစ်စုကတော့ တရားဝင် သတင်းစာတွေ၊ အွန်လိုင်းသတင်းမီဒီယာတွေရဲ့ ပါတီနဲ့ပတ်သက်ပြီး ရေးသားချက်တွေ၊ တခြားပါတီတွေနဲ့ ပတ်သက်ပြီး ရေးသားချက်တွေကိုစောင့်ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာတယ်”ဟု ဦးနန္ဒာလှမြင့်က ပြောသည်။

အွန်လိုင်းလေ့လာစောင့်ကြည့်ခြင်းနှင့် ပါတီတွင်း စစ်တမ်းများထုတ်ခြင်းလုပ်ငန်းစဉ်သည် ပြည်ခိုင်ဖြိုးပါတီက ယခုနှစ် ရွေးကောက်ပွဲတွင် အသုံးပြုမည့် အွန်လိုင်းလှုပ်ရှားမှု ဗျူဟာများအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်နေကြောင်း ၎င်းကယူဆလျက်ရှိသည်။

အသက် ၂၈နှစ်ရှိပြီဖြစ်သော မဇာခြည်လင်း(အမည်လွှဲ) သည် ကွန်ပြူတာအထူးပြုဘာသာရပ်ဖြင့် ကျောင်းပြီးထားသူဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်ခိုင်ဖြိုးပါတီ၏ အွန်လိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့တွင် ပါဝင်လျက်ရှိသည်။ ၎င်းသည် ၂၀၁၉၊ ဇန်နဝါရီတွင် ပါတီဌာနချုပ်သို့ စတင်ပြောင်းရွှေ့ကာ တာဝန်ထမ်းဆောင်ခဲ့သည်။

လုပ်ခလစာမည်မျှရရှိသည်ကို ဖြေကြားခဲ့ခြင်းမရှိသော်လည်း ပါတီဌာနချုပ်တွင် တာဝန်ထမ်းဆောင်သည့် အခြားဝန်ထမ်းများ၏ ပြောကြားချက်အရ သုတေသနအဖွဲ့ဝင်များသည် လစာအဖြစ် ငွေကျပ် ၃ဝဝ,ဝဝဝ မှ ၅ဝဝ,ဝဝဝအထိ ရရှိကြပြီး ၎င်းတို့လုပ်ဆောင်သည့် တာဝန်အပေါ် မူတည်၍ ပို၍မြင့်မားသောလစာ ရရှိကြသည်ဟု သိရသည်။

မဇာခြည်လင်းသည် ပါတီက တရားဝင်အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာခွဲများကို ဖေ့စ်ဘွတ်ခ်က စိစစ်ပေးအပ်သည့် Blue Mark (တရားဝင်အဖွဲ့အစည်းဖြစ်ကြောင်း အသိအမှတ်ပြုမှု)ရရှိအောင် ပြုလုပ်ရာတွင် အဓိကပါဝင်သူဖြစ်သည်။ ထို့ပြင် ပါတီနှင့် ပါတီခေါင်းဆောင်များအပေါ် လူမှုကွန်ရက်တွင် ဝေဖန်ပုတ်ခတ်သည့် ပြောဆိုရေးသားမှုများကို နေ့စဉ်စောင့်ကြည့်လေ့လာသည့် တာဝန်ရယူထားသူလည်းဖြစ်သည်။

“ဖေ့စ်ဘွတ်ခ်က ပါတီကို လွန်ခဲ့တဲ့ နှစ်လက တစ်ခါပဲ အဆက်အသွယ်လုပ်ပြီး ဆွေးနွေးဖူးတယ်။ အဓိက ဆွေးနွေးတာကတော့ ပါတီက အသုံးပြုတဲ့ စာမျက်နှာတွေနဲ့ ပါတီခေါင်းဆောင်တွေရဲ့ တစ်ကိုယ်ရေသုံး ပုဂ္ဂိုလ်ရေးအကောင့်တွေကို (တရားဝင်အသိအမှတ်ပြုတဲ့) blue mark ပေးဖို့ ပြောတာ။ ပါတီရဲ့ တရားဝင်စာမျက်နှာကတော့ ၂၀၂၀အစပိုင်းမှာ blue mark ရခဲ့တယ်”ဟု ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် မေးမြန်းချက်တစ်ခုတွင် ၎င်းက ဖရွန်းတီးယားမြန်မာကို ပြောသည်။

အွန်လိုင်းစောင့်ကြည့်လေ့လာရေး သုတေသနအဖွဲ့သည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပါတီနှင့်ပတ်သက်၍ ရေးသားပြောဆိုသမျှကို အချိန်ပြည့်စောင့်ကြည့်လျက်ရှိပြီး သတင်းအမှားများတွေ့ပါကလည်း ပါတီတာဝန်ရှိသူများထံ ချက်ခြင်းသတင်းပို့ကာ အဆိုပါသတင်းနှင့်ပတ်သက်၍ ပါတီ၏တရားဝင် စာမျက်နှာတစ်ဆင့် ရှင်းလင်းတုံ့ပြန်လေ့ရှိသည်။

သတင်းအမှားများကို တန်ပြန်သည့် ရှင်းလင်းချက်များကို မြို့နယ်အသီးသီးမှ ပါတီဝင်များနှင့် ဝန်းရံသူများ ပါဝင်ဖွဲ့စည်းထားသော ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာနှင့် အုပ်စုများတွင် ပြန်လည်မျှဝေကာ သတင်းကို နေရာအနှံ့ ပျံ့နှံ့အောင် အဆိုပါအဖွဲ့က လုပ်ဆောင်ရလေ့ရှိသည်။ လက်ရှိ ပြည်ခိုင်ဖြိုး၏ တရားဝင်ပါတီစာမျက်နှာကို တာဝန်ယူပေးနေသည့် အမည်မဖော်လိုသော နည်းပညာ ကျွမ်းကျင်သူတစ်ဦး၏ အဆိုအရ ပါတီနှင့်ပတ်သက်သည့် မြို့နယ်အသီးသီးကို ကိုယ်စားပြုသော ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါင်း ၉၁ခုအထိရှိကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ၏ နေပြည်တော်ပါတီဗဟိုဌာနချုပ်တွင် အလုပ်လုပ်နေသော ပါတီဝင်များကို ဇူလိုင်လအတွင်းက တွေ့ရစဉ်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

သို့သော် အမုန်းတရားနှင့် သတင်းအမှားများဟူသော စကားလုံးများ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များမှာ အများငြင်းခုန်ရဆဲဖြစ်သည်။ ယင်းစကားလုံးများနှင့်ပတ်သက်၍ မည်သို့အဓိပ္ပာယ်ဖွင့်ဆိုမည်နည်းဟု ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများကို ဖရွန်းတီးယားမြန်မာက မေးမြန်းခဲ့သော်လည်း ၎င်းတို့က တိကျရှင်းလင်းသည့် အဖြေမပေးခဲ့ပေ။ 

အကယ်၍ အဆိုပါအွန်လိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့သည် ၎င်းတို့သတင်းတု၊ သတင်းမှား (disinformation)ဟု ယူဆထားသည့် အကြောင်းအရာများကိုသာ တုံ့ပြန်ဖြေရှင်း မည်ဆိုပါက ယင်းသို့လုပ်ဆောင်ချက်သည် အကျိုးထက် အပြစ်ကိုသာ ပို၍ဖြစ်လာစေဖွယ်ရှိကြောင်း သုတေသနပြုချက်တစ်ခုက ဆိုသည်။

ဥရောပကောင်စီ၏ ၂၀၁၇တွင် ထုတ်ပြန်သော စာတမ်းအရ အွန်လိုင်းပေါ်တွင် ပျံ့နှံ့သည့် သတင်းအမှားများ၊ မပြည့်စုံသော သတင်းများကို တန်ပြန်ဖြေရှင်းရန်ကြိုးပမ်းခြင်းသည် ယင်းသတင်းတု၊ သတင်းမှားများ ပျံ့နှံ့မှုကိုသာ ပို၍အားကောင်းစေကြောင်း၊ လူတို့၏ သတင်းတု၊ သတင်းမှားအပေါ် မှန်ကန်သည်ဟု မှားယွင်းစွာယုံကြည်မှုကို ပြောင်းလဲမရနိုင်ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သော လများက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်က လှုပ်ရှားဆောင်ရွက်မှုခြောက်ခုကို “မရိုးဖြောင့်သော ချိန်ကိုက်လှုပ်ရှားမှုများ”ဖြစ်သည်ဟုဆိုကာ ၎င်း၏လူမှုကွန်ရက်မှ ဖယ်ရှားခဲ့သည်။ ယင်းလှုပ်ရှားမှုများမှ စစ်တပ်နှင့်ဆက်နွှယ်သည်ဟု ဖေ့စ်ဘွတ်ခ်ကဆိုသည်။

ကောလဟာလများ ထွက်ပါ်လာခြင်း 

လွန်ခဲ့သော ဇွန်၂၆ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပါတီအဖွဲ့အစည်းတစ်ခုမှ ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းအမှားများကို ဖြန့်ဝေနေသည်ဟု ပြောဆိုခဲ့သည်။ ဦးဇော်ဌေးက အဖွဲ့အစည်းအမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသည့်တိုင် အချို့က ပြည်ခိုင်ဖြိုးပါတီဖြစ်နိုင်သည်ဟု ထင်ကြေးပေးကြသည်။ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ကမူ ယင်းစွပ်စွဲချက်များသည် ပယ်ချလိုက်သည်။ ၎င်းတို့ပါတီသည် ယင်းကိစ္စရပ်များနှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟု ၎င်းကဆိုသည်။

ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားချက်အရ ပါတီအဖွဲ့အစည်းကြီးတစ်ခုသည် ယခင်သတင်းထောက်လုပ်ဖူးသူများနှင့် လက်ရှိသတင်းထောက်လုပ်ကိုင်နေသူအချို့ကို ငွေကြေးပုံပေးကာ သတင်းအမှားများကို ဖြန့်ဝေနေသည်ဟု သိရသည်။ အစိုးရက ယင်းအဖွဲ့အစည်းများကို ဖော်ထုတ်သွားမည့်အပြင် ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဟု ဦးဇော်ဌေးကဆိုသည်။

“ကျွန်တော်တို့ လုပ်တယ်လို့ သတင်းတွေသာပြန့်နေတာ၊ ဘယ်မှာလဲ သက်သေ။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြဿနာကလေ ဘာပဲဖြစ်လာလာ ကျွန်တော်တို့ပဲ​လုပ်နေတယ်လို့ အထင်ခံရတာ၊ အစွပ်စွဲခံရတာပဲ”ဟု ဦးနန္ဒာလှမြင့်ကပြောသည်။

“တလောက သတင်းစာရှင်းလင်းပွဲမှာလည်း ဦးဇော်ဌေးကပြောသွားတာ ကျွန်တော်တို့လို့ (ပြည်ခိုင်ဖြိုးလို့) နာမည်မတပ်ရုံ တမယ်ပဲ။ ကျွန်တော်တို့ လုပ်တာမှန်ရင် သက်သေ ရှိရင် အရေးယူလိုက်လေ။ သူတို့ကအစိုးရပဲ လုပ်ပိုင်ခွင့်ရှိနေတာပဲ။ လုပ်လို့ရတယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့လုပ်ကြောင်း ဘာမှသက်သမပြနိုင်ပဲနဲ့တော့ ဘယ်သူဖြစ်ဖြစ် လာပြီးထိပါးပြောလို့ မလုပ်သင့်ဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီတရားဝင်ဖေ့ဘွတ်စာမျက်နှာနှင့် အမျိုးသမီးကော်မတီ စာမျက်နှာ နှစ်ခုသာအသုံးပြုကြောင်း သူက အတည်ပြုသည်။ သို့သော် ထိုစာမျက်နှာများတွင် တင်ထားသည့် ပို့စ်များကို ငွေပမာဏမည်မျှအသုံးပြုကာ လူအများအပြားဆီရောက်အောင် Boost လုပ်သည်ကိုမူ ဖြေကြားရန် ၎င်းကငြင်းဆန်ခဲ့သည်။

“ဒါက ပါတီအတွင်းရေးကိစ္စတွေ။ ဖြေလို့ မကောင်းဘူး”ဟု ၎င်းကပြောသည်။

လက်ရှိအစိုးရသည် လူမှုကွန်ရက်ကို စောင့်ကြည့်ရန် ငွေကျပ်သန်း ၆၀ အသုံးပြုနေသည့် အချိန်တွင် ပြည်ခိုင်ဖြိုးသည် မိမိပါတီကို လူမှုကွန်ရက်ပေါ်တွင် လူသိများလာအောင် ငွေကြေးအချို့သုံးစွဲခြင်းက ဖြစ်သင့်သည့် ကိစ္စရပ်တစ်ခုဟု ၎င်းကဆိုသည်။

“ကျွန်တော့်မှာလည်း ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာရှိတယ်။ အဲ့ဒီမှာသုံးတဲ့ ငွေကြေးကတော့ ကျွန်တော့် ကိုယ်ပိုင်ငွေပဲ။ ဒီလိုပဲ တခြားပါတီခေါင်းဆောင်တွေလည်း သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ အသုံးပြုတဲ့ စရိတ်တွေက သူတို့ရဲ့ကိုယ်ပိုင်ငွေပဲဖြစ်တယ်။ ပါတီရန်ပုံငွေနဲ့ မသက်ဆိုင်ဘူး”ဟု ၎င်းကပြောသည်။

အမည်မဖော်လိုသည့် ပါတီ၏ နည်းပညာကျွမ်းကျင်သူကမူ ၎င်းသည် ပြည်ခိုင်ဖြိုး၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာအပြင် မြို့နယ်အဆင့်ဆင့်ရှိ ကော်မတီများ၏ စာမျက်နှာများကိုလည်း အလျဉ်းသင့်သလို စီမံခန့်ခွဲပေးရသည်ဟု ဆိုသည်။

“စာမျက်နှာတစ်ခု (Page)အတွက် တစ်လကို အနည်းဆုံး ကျပ်တစ်သိန်း အသုံးပြုပြီး boost (လူသိများအောင် ပိုက်ဆံသုံး၍ ကြော်ငြာခြင်း) လုပ်တာမျိုးရှိတယ်”ဟု ၎င်းကပြောသည်။

ထိုမျှသာမက ပါတီထောက်ခံသူများ ဖွဲ့စည်းထားသော လူမှုကွန်ရက် ဖေ့စ်ဘွတ်ဂရုပ်များ၊ စာမျက်နှာများနှင့် ၎င်းတို့အသုံးပြုသည့် တစ်ကိုယ်ရေသုံးအကောင့်စစ်များသာမက အကောင့်တုများကလည်း ပါတီနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ ဖြန့်ဝေလျက်ရှိကြောင်း ၎င်းကဆိုသည်။

“ဖေ့စ်ဘွတ်ဂရုပ် တော်တော်များများကို ဝင်ဖို့လွယ်တယ်။ Public (အများပြည်သူမြင်သာသော ပုံစံ) နဲ့ပဲ ဖွဲ့ထားကြတာ။ သတင်းအမှား ဒါမှမဟုတ် ပါတီက မှားကြောင်းထုတ်ပြန်ချင်တဲ့ သတင်းအချက် အလက်တစ်ခုကို တရားဝင်စာမျက်နှာကနေ ထုတ်ပြန်ပြီးတာနဲ့ အွန်လိုင်းစောင့်ကြည့် လေ့လာတဲ့အဖွဲ့တွေက အဲ့ဒီ group တွေထဲကို share (မျှဝေ) ပေးလိုက်တာနဲ့ သတင်းက ခဏလေးအတွင်းမှာ အုပ်စုတစ်စုပြီးတစ်စု၊ အကောင့်တစ်ခုပြီး တစ်ခုကနေ ပြန့်သွားရော”ဟု ၎င်းကပြောသည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီကို လူစိတ်ဝင်စားလာအောင် အမွှမ်းတင်ပေးနေသော တရားဝင် သတင်းစာမျက်နှာများကဲ့သို့ လုပ်ဆောင်နေသည့် လူမှုကွန်ရက် စာမျက်နှာများလည်းရှိသည်။

“Competitor” အမည်ရ ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ထုတ်ပြန်ထားသည့် တရားဝင်အွန်လိုင်းသတင်းမီဒီယာစာရင်းတွင် မပါဝင်သော်လည်း တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီတို့ကို ချီးမွမ်းထောက်ခံသည့် သတင်းများနှင့် အစိုးရအပေါ် ဝေဖန်သည့် သတင်းများကိုလည်း မကြာခဏတင်လေ့ရှိသည်။ တစ်ခါတစ်ရံ အဆိုပါ လူမှုကွန်ရက်စာမျက်နှာက ဖြန့်ချိသည့် သတင်းများကို ပြည်ခိုင်ဖြိုးပါတီ၏ တရားဝင်စာမျက်နှာက ပြန်လည်မျှဝေသည်ကိုလည်း လေ့လာတွေ့ရှိရသည်။

အဆိုပါ လူမှုကွန်ရက်စာမျက်နှာကို ကိုင်တွယ်ထိန်းချုပ်သူများအား ဖရွန်းတီးယားမြန်မာက ယခုဆောင်းပါးအတွက် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းတို့က ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

အဆိုပါ “Competitor” လူမှုကွန်ရက်စာမျက်နှာသည် ပြည်ခိုင်ဖြိုးပါတီ ကောင်းကြောင်း သတင်းသီးသန့်ရေးရန်၊ ပါတီကို အမွှမ်းတင်၍ လူသိများလာအောင် ပြုလုပ်ပေးရန် ပါတီက ငွေပေးခိုင်းစေသည့် စာမျက်နှာဖြစ်ကြောင်း အမည်မဖော်လိုသည့် နေပြည်တော်အခြေစိုက် သတင်းသမားသုံးဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။ ယင်းသို့ လုပ်ဆောင်သည့်အတွက် အခကြေးငွေကို ပါတီရန်ပုံငွေမှ အသုံးပြုခြင်းမဟုတ်ဘဲ ပါတီဝင်အချို့က ၎င်းတို့၏ အိတ်စိုက်ငွေမှ သုံးစွဲခြင်းဖြစ်သည်ဟု အဆိုပါသတင်းသမားများကဆိုသည်။

နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်ကို ဇူလိုင်လအတွင်းက မြင်တွေ့ရစဉ်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

သို့တိုင် ဖရွန်းတီးယားမြန်မာက အဆိုပါကိစ္စနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

“ကျွန်မတို့ ပို့စ်တွေတင်တယ်၊ boost တွေလုပ်တယ်။ ဒါပေမဲ့ ကျွန်မတို့ပါတီနဲ့ ပတ်သက်တဲ့ သတင်းတွေက ပြန့်တာ လူတွေဆီရောက်တာ နည်းတယ်၊ နှေးတယ်။ ဒါပေမဲ့ ကျွန်မတို့ ပါတီမကောင်းသတင်းကျ ပြန့်တာ မြန်လိုက်တာမှလွန်ရော။ ဒါကလုံးဝမတရားဘူး”ဟု မဇာခြည်လင်းက ပြောသည်။

ဆိုရှယ်မီဒီယာကုမ္ပဏီဖေ့စ်ဘွတ်ခ်သည် ပြည်ခိုင်ဖြိုးအပေါ် မလိုလားသည့် သဘောထားရှိသဖြင့် ပါတီနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို အများပြည်သူအကြား ဖြန့်ဝေမှုကို နှေးကွေးအောင် တမင်ထိန်းချုပ်ထားသည်ဟု ၎င်းက ယုံကြည်နေသည်။

ဖြစ်နိုင်ခြေရှိသည်မှာ ပြည်ခိုင်ဖြိုးပါတီက ငွေကြေးအင်အားနှင့် နည်းပညာတက်ကျွမ်းမှုများ မည်သို့ အသုံးပြုစေကာမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ပါတီလောက် မြန်မာနိုင်ငံက လူမှုကွန်ရက်အသုံးပြုသူများကို မစွဲဆောင်နိုင်၍ ဖြစ်ပေလိမ့်မည်။ အမှန်တွင်မူ ဖေ့စ်ဘွတ်ခ်၏ Algorithm နည်းပညာသည် လူမှုကွန်ရက်အသုံးပြုသူများ၏ လတ်လောစိတ်ဝင်စားမှု အကြောင်းအရာများကို ပို၍အသားပေးတင်ဆက်ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.