Polling station officials count votes in Kyan Sit Thar ward in Yangon's Dala Township. (Nyein Su Wai Kyaw Soe | Frontier)
ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်ရှိ မဲရုံအမှတ်(၈)တွင် ဆန္ဒမဲပေးသူများ ကုန်လွန်သွားပြီဖြစ်၍ မဲစတင်ရေတွက်နေစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ပြည်ခိုင်ဖြိုး၏ တရားစွဲဆိုမှု ရင်ဆိုင်ရသော ဆရာ၊ ဆရာမများ

ဆရာ၊ ဆရာမများသည် အသက်အန္တရာယ်ခြိမ်းခြောက်ခံရသော ကပ်ရောဂါကာလတွင် မဲရုံတာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ သို့သော် ယခုတွင် ၎င်းတို့အနက်အချို့သည် ရွေးကောက်ပွဲရှုံးနိမ့်သော ပြည်ခိုင်ဖြိုးပါတီ၏ တရားစွဲဆိုမှုများကိုလည်း ရင်ဆိုင်နေရသည်။

ဆွေလဲ့မွန် ရေးသားသည်။

သွေးတိုးနှင့် ဆီးချိုရောဂါ နှစ်ရှည်ခံစားနေရသော ဆရာမဒေါ်ခင်မာရီအတွက်မူ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရပါက အသက်အန္တရာယ် အလွန်စိုးရိမ်ရမည်ဖြစ်သည်။ သို့သော် ၅၈နှစ်အရွယ် ဆရာမကြီးက ရောဂါကူးစက်မှုအန္တရာယ် မမှုဘဲ ရွေးကောက်ပွဲကာလတွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်ရှိ ပေါက်အင်းကျေးရွာမဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ရွေးကောက်ပွဲအပြီးအတွင် ကိုဗစ်-၁၉ဗိုင်းရပ်စ်ကို တိမ်းရှောင်နိုင်ခဲ့သော်လည်း မမျှော်လင့်ထားသော အန္တရာယ်တစ်ခုက ၎င်းကို စောင့်ကြိုနေသည်။ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်င်အယ်လ်ဒီပါတီ)အတွက် မဲဆွယ်ပေးခဲ့သည်ဟု စွပ်စွဲ၍အမှုဖွင့်ခံရခြင်းပင်။

ယင်းသို့တိုင်တန်း၍ အမှုဖွင့်သူများမှာ အင်န်အယ်လ်ဒီပါတီ၏ပြိုင်ဘက် ပျော်ဘွယ်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များဖြစ်သည်။ ပြည်ခိုင်ဖြိုးသည် ပျော်ဘွယ်အပါအဝင် ရမည်းသင်း၊ သာစည်၊ မိတ္ထီလာစသည့် ၎င်း၏အမာခံနယ်မြေများတွင် အင်န်အယ်လ်ဒီပါတီကို ရှုံးနိမ့်ခဲ့သည်။

ဇနီးသည်အပေါ် ပြည်ခိုင်ဖြိုးပါတီဝင်များ၏ တရားစွဲဆိုမှုနှင့်ပတ်သက်၍ ရတတ်မအေးဖြစ်ရသည်မှာ အသက် ၆၄နှစ်ရှိပြီဖြစ်သည့် အငြိမ်းစားကျောင်းဆရာ ဦးမျိုးသန့်ဖြစ်သည်။

“သူက ကျန်းမာရေးမကောင်းဘူး။ ဒါပေမဲ့ တိုင်းပြည်ကပေးလာတဲ့တာဝန်ကို တွန့်ဆုတ်ခြင်းမရှိဘဲ ထမ်းဆောင်ခဲ့တယ်။ အခုတော့ ဒီအသက်အရွယ်ရောက်မှ တရားရုံးသွားနေရတာ စိတ်မကောင်းဘူး” ဟု ၎င်းက ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီ၏ မဲရုံကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးမြရွှေက ဒေါ်ခင်မာရီနှင့် ဦးမျိုးသန့်ကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ၆၁(က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ သက်ကြီးရွယ်အိုများထံက အိမ်တိုင်ရာအရောက် ကြိုတင်မဲကောက်ခံစဉ်တွင် အင်န်အယ်ဒီကို မဲထည့်ရန် ၎င်းတို့နှစ်ဦးက  စည်းရုံးပြောဆိုခဲ့သည်ဟုဆိုကာ တိုင်တန်းခဲ့ခြင်းဖြစ်သည်။​ ပျော်ဘွယ်မြို့နယ်တရားရုံးက နိုဝင်ဘာ၂၅ရက်တွင် အမှုကိုလက်ခံခဲ့သည်။

ဒေါ်ခင်မာရီသည် နိုင်ငံတစ်ဝန်း ပြည်ခိုင်ဖြိုးပါတီက တရားစွဲဆိုထားသည့် ၁၀ဦးထက်မနည်းသော ကျောင်းဆရာ၊ ဆရာမများအနက်က တစ်ဦးဖြစ်သည်။ ၎င်းတို့အားလုံးသည် နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြည်ခိုင်ဖြိုး၏ တရားစွဲဆိုခံထားရသည့် ကျောင်းဆရာ၊ ဆရာမများကို ဥပဒေအရ ကူညီပေးလျက်ရှိသည်။

ဆရာ၊ ဆရာမများအဖွဲ့ချုပ်၏ အဆိုအရ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပညာရေးဝန်ထမ်းဦးရေ ၂၀၀,၀၀၀ဝန်းကျင်ရှိခဲ့ပြီး ၎င်းတို့အနက် ၁၀၈ဦးသည် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရသည်။ ကိုဗစ်-၁၉ပိုးကူးစက်ခံရသည့် ဆရာ၊ ဆရာမများသည် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေး စသည့်တိုင်းဒေသကြီးများနှင့် ကရင်ပြည်နယ်တို့မှဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက မန္တလေးတိုင်းဒေသကြီးတွင် ပျော်ဘွယ်၊ ညောင်ဦး၊ မြင်းခြံနှင့် ငါးဇွန်မြို့နယ်တို့တွင်လည်းကောင်း၊ ပဲခူးတွင် ဖြူးနှင့် ရေတာရှည်မြို့နယ်တို့တွင်လည်းကောင်း ဆရာ၊​ ဆရာမများကို အမှုဖွင့်လှစ်တိုင်ကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင်လည်း အလားတူဖြစ်ရပ်များရှိခဲ့သည်ဟု မြန်မာနိုင်ငံဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ဆိုသည်။

မြို့နယ်အဆင့် ဆရာသမဂ္ဂများကလည်း တိုင်တန်းခံရသော ဆရာ၊ ဆရာများကို ကူညီနေပြီး အချို့တိုင်တန်းမှုများကမူ တရားစွဲဆိုသည့်အဆင့်သို့ ရောက်ရှိမလာခဲ့ပေ။

“အရမ်းတော့လည်း စိတ်မပူပါဘူး။ ဘာကြောင့်လဲဆိုတော့ အမှန်တရားက ကျွန်တော်ဘက်မှာ ရှိနေပြီးသားလေ”ဟု ကြိုတင်မဲကောက်ယူချိန်တွင် ဇနီးသည်အနီးတွင် ရှိနေခဲ့သဖြင့် ပူးတွဲတရားစွဲဆိုခံခဲ့ရသူ ဦးမျိုးသန့်က ပြောသည်။

သို့တိုင် ဇနီးသည်ဒေါ်ခင်မာရီ၏ ကျန်းမာရေးအတွက် စိုးရိမ်သည်ဟု ၎င်းကပြောသည်။

ကြားနေမဖြစ်ဟု စွပ်စွဲခံရခြင်း

နိုဝင်ဘာ၁၁ရက်က ရန်ကုန်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီက မဲရုံတာဝန်ထမ်းဆောင်ခဲ့သော ဆရာ၊ ဆရာမအများစုသည် အင်န်အယ်ဒီပါတီကို အားပေးထောက်ခံသူများဖြစ်ပြီး ကြားနေသူများမဟုတ်သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့သည်။ ချက်ခြင်းပင် ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြည်ခိုင်ဖြိုးပါတီသည် ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ စော်ကားမှုကို ပြန်လည်တောင်းပန်ရန် တောင်းဆိုခဲ့သည်။

သို့သော်ပြည်ခိုင်ဖြိုးပါတီကမူ အဆိုပါအမှားသည် ကွန်ပျူတာစာစီ၊ စာရိုက်ဝန်ထမ်း၏ မှားယွင်းမှုသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆရာ၊ ဆရာမများသည် တစ်ဦးချင်း သဘောထားအရ တိမ်းညွတ်သည့်ပါတီရှိနိုင်သော်လည်း ဘက်လိုက်သည်ဆိုသည့်စကားသည် လက်မခံနိုင်သော အသုံးအနှုန်းဖြစ်ကြောင်း ဒေါက်တာဇော်မျိုးလှိုင်က ဆိုသည်။

“ဒါပေမဲ့ မဲရုံတာဝန်ထမ်းဆောင်တဲ့အခါကြရင်တော့ ဘက်မလိုက်ဘူး။ လိုက်လို့လည်း မရဘူး။ သက်ဆိုင်ရာပါတီတွေက ကိုယ်စားလှယ်တွေရှိတယ်။ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေ ရှိတယ်။ သတင်းမီဒီယာတွေ ရှိတယ်။ ဒီလူတွေ အားလုံးရှေ့မှာ လုပ်တဲ့ပွဲဖြစ်တဲ့အတွက် ဘယ်သူမှလည်း ဘက်လိုက်လို့မရဘူး။ ဘယ်သူမှလည်း မသမာလုပ်လို့မရဘူး” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူးဒေါက်တာဇော်မျိုးလှိုင်ကို ဒီဇင်ဘာ၁၁ရက်က မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီ၏ မိတ်ဖက်ပါတီတစ်ခုဖြစ်သော အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ဥက္ကဋ္ဌဦးသိမ်းကြည်က နိုဝင်ဘာ၂၅ရက်တွင်ပြုလုပ်သော သတင်းစာရှင်းပွဲ၌ မဲစာရင်းအမှားနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြစ်တင်ပြောဆိုနေချိန်တွင် ဆရာ၊ ဆရာမများကို ခွေးနှင့်ခိုင်းနှိုင်းသော စကားပုံတစ်ခုကိုလည်း အသုံးပြုခဲ့သည်။ 

ဒေါ်ခင်မာရီနှင့် ဦးမျိုးသန့်တို့ဘက်မှ အမှုလိုက်ပေးသည့် မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးသိန်းသန်းဦးက ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံတစ်ဝန်းမရှုမလှရှုံးနိမ့်ခဲ့သောကြောင့် ရွေးကောက်ပွဲကို ဂုဏ်သိက္ခာပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် မဲရုံတာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာများအား တိုင်တန်းခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်ဟု သုံးသပ်သည်။

“သူတို့ကိုယ်စားလှယ်တွေက အင်န်အယ်ဒီကိုယ်စားလှယ်တွေကို ခွက်ထိုးခွက်လန်ရှုံးခဲ့ကြတာ။ ဒါက ပြည်သူရဲ့ဆုံးဖြတ်ချက်ဆိုတာကို သူတို့မလက်ခံနိုင်ဘူး။ သူတို့ရဲ့ နိုင်ငံရေးသိက္ခာအဖတ်ဆယ်ဖို့အတွက် ရွေးကောက်ပွဲက မတရားပါဘူး။ ကော်မရှင်ကလူတွေ အလုပ်မလုပ်လို့ပါဆိုတဲ့ ပုံရိပ်ဖန်တီးချင်လို့ အခုလို စွပ်စွဲမှုတွေလိုက်လုပ်တယ်လို့ ကျွန်တော်ယူဆတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဆရာ၊ ဆရာမများအပေါ် တိုင်တန်းမှုများကို ရုတ်သိမ်းရန် ဒီဇင်ဘာ၃ရက်တွင် တိုက်တွန်းခဲ့ပြီး တရားစွဲဆိုခံရသော ဆရာ၊ ဆရာများကို ဥပဒေအရ ရင်ဆိုင်ရာတွင် အခမဲ့ကူညီသွားမည်ဟု ထုတ်ပြန်ထားသည်။

ခင်ပွန်းဖြစ်သူ အငြိမ်းစားကျောင်းဆရာ ဦးမျိုးသန့်သည် အင်န်အယ်လ်ဒီပါတီ ဝန်းရံသူတစ်ဦး ဖြစ်သည့်အတွက် ၎င်းတို့ကို မကျေနပ်သဖြင့် တရားစွဲဆိုခြင်းဖြစ်နိုင်ကြောင်း ဆရာမဒေါ်ခင်မာရီက 7Day သတင်းဌာနနှင့် ပြုလုပ်သည့် အွန်လိုင်းဆွေးနွေးပွဲတစ်ခုတွင် မှတ်ချက်ပြုသည်။

ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးကမူ ပြည်သူများ၏ ပြည်ခိုင်ဖြိုးပါတီအပေါ် တစ်ဖက်သတ် ဝေဖန်နေမှုများသည် မမျှတဟု ဆိုသည်။ 

“ကျွန်တော်တို့ရဲ့အောက်ခြေက ပါတီကလူတွေက သူတို့နစ်နာမှုတွေကို ဥပဒေကြောင်းအရ လုပ်ဆောင်နေခြင်းသာဖြစ်တယ်။ ဆရာမအားလုံးကို စွဲဆိုခြင်းမဟုတ်ဘူး။ ဥပဒေနဲ့ မညီတဲ့အပေါ်မှာပဲ စွဲဆိုခြင်းဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ 

အချင်းချင်း ဝန်းရံစောင့်ရှောက်ခြင်း

ဒေါ်ခင်မာရီနှင့် ဦးမျိုးသန့်တို့အပေါ်တရားစွဲဆိုမှု ပထမရုံးချိန်းကို ဒီဇင်ဘာ၈ရက်က ပျော်ဘွယ်မြို့နယ်တရားရုံးတွင် ကြားနာခဲ့ပြီး တရားခွင်သို့ ကျောင်းဆရာ၊ ဆရာမနှင့် ပြည်သူအများအပြား လာရောက်ဝန်းရံခဲ့ကြသည်။

လယ်သမားအရေးနှင့် အလုပ်သမားအရေးလှုပ်ရှားသူများအတွက် ဥပဒေအရ အကူအညီပေးလေ့ရှိသော ဦးသိန်းသန်းဦးက ပထမအကြိမ်ကြားနာမှုအပြီးတွင် ၎င်း၏ အမှုသည်များ အပြစ်ကင်းစင်မှု ပို၍ပေါ်လွင်လာသည်ဟု ဆိုသည်။

“တရားလိုမြရွှေက တောသူတောင်သားဆိုတော့ ရိုးတယ်။ သူ့ကြည့်ရတာ တစ်ယောက်ယောက်က ဖိအားပေးလို့ ဆရာမကြီးတို့လင်မယားကို တရားစွဲတဲ့ပုံပဲ”ဟု ၎င်းကပြောသည်။

ဖရွန်းတီးယားမြန်မာက ဆရာမဒေါ်ခင်မာရီတို့နှစ်ဦးကို တရားစွဲဆိုသည့် တရားလိုဦးမြရွှေကို ဆက်သွယ်၍ မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၎င်းတို့နှစ်ဦးသည် သက်ကြီးရွယ်အိုများကို အင်န်အယ်ဒီပါတီအား မဲထည့်ရန်ပြောဆိုနေသည်ကို တွေ့ရှိရသည်ဟူသည့် ပြောဆိုချက်ဖြင့် ဦးမြရွှေက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ပျော်ဘွယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးစိုးမြင့်က အဆိုပါအမှုကိစ္စကို တရားရုံးမရောက်မီ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့သော်လည်း မအောင်မြင်ခဲ့ဟု ဆိုသည်။ 

ယခင်ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီက ပျော်ဘွယ်မြို့နယ်ရှိ လွှတ်တော်မဲဆန္ဒနယ် လေးခုစလုံးတွင် အနိုင်ရခဲ့သော်လည်း ယခုနှစ်ရွေးကောက်ပွဲတွင် အဆိုပါနေရာများကို အင်န်အယ်လ်ဒီက အနိုင်ရခဲ့ပြီးနောက် ရွေးကောက်ပွဲရလဒ်ကို လက်ခံရန်ငြင်းဆိုခဲ့ကြသည်။ 

“ကျွန်တော်တို့ ညှိပေးတုန်းကတော့ နှစ်ဖက်လုံးက ကျေနပ်သွားကြတယ်။ ဒါပေမဲ့ နောက်ရက် နည်းနည်းကြာတော့ အဲဒီကိစ္စက တရားရုံးရောက်သွားတယ်။ ကျွန်တော်တို့ တက်နိုင်သလောက်တော့ ကူညီခဲ့ပါတယ်” ဟု ဦးစိုးမြင့်က ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က အဆိုပါအမှုအတွက် အခကြေးငွေဖြင့် ငှားရမ်းခဲ့သော်လည်း တရားစွဲဆိုခြင်းခံရသူနှစ်ဦးသည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် မမှန်မကန်စွပ်စွဲခံနေရသဖြင့် အခမဲ့ကူညီရန် ဆုံးဖြတ်ခဲ့သည်ဟု ဦးသိန်းသန်းဦးက ဆိုသည်။ 

“ရွေးကောက်ပွဲတာဝန်က ဆရာမတွေရဲ့ မဖြစ်မနေလုပ်ရမယ့် တာဝန်မဟုတ်ဘူး။ သူတို့က အထူးတာဝန်တစ်ရပ်ကို အပိုလုပ်ပေးရတာ။ ဒီလိုလုပ်ရလို့လည်း ဆရာ၊ ဆရာမ ၁၀၀ ကျော် ကိုဗစ်ကူးခံရတယ်” ဟု ၎င်းကပြောသည်။

တစ်ပြိုင်နက်တည်းတွင် ပညာရေးဝန်ကြီးဌာနသည် တရားစွဲခံရသော ဆရာ၊ ဆရာမများကို ကာကွယ်ရန်ပျက်ကွက်နေသည်ဟူသည့် ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။ တရားစွဲဆိုခံရ၍ ထောင်ချခံရပါက ဆရာ၊ ဆရာမများသည် အစိုးရဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရသည့် အဖြစ်ကြုံရနိုင်ကြောင်း ဒေါက်တာဇော်မျိုးလှိုင်က ဆိုသည်။

“မိခင်ဝန်ကြီးဌာနက ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးသင့်တာပေါ့”ဟု ၎င်း ပြောသည်။

ရွေးကောက်ပွဲနေ့တွင် မဲရုံတာဝန်ကျ ကျောင်းဆရာမနှစ်ဦးကို မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းကမူ ဝန်ကြီးဌာနသည် တရားစွဲဆိုခံရသော ဆရာ၊ ဆရာမများကို ဥပဒေအရအကူအညီများပေးအပ်ရန် မြို့နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပညာရေးမှူးများကို ညွန်ကြားထားပြီးဖြစ်သည်ဟု ဆိုသည်။

“ထုတ်ပြန်ချက်တွေ ဘာတွေမထုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ဆရာ၊ ဆရာမတွေကို လိုအပ်တဲ့အကူအညီတွေပေးဖို့၊ မမှန်မကန် အစွပ်စွဲခံရရင်လည်း ဥပဒေကြောင်းအရ ပြန်တုံ့ပြန်ဖို့ ညွန်ကြားပြီးဖြစ်ပါတယ်”ဟု ၎င်းက ဒီဇင်ဘာ၁၁ရက်တွင် ဖရွန်းတီးယားမြန်မာကို ပြောသည်။

သို့သော် ၎င်းက ယင်းသို့ဆိုသည့်တိုင် အမှန်တကယ်တွင်မူ မြေပြင်အခြေအနေများက ထိုသို့မဟုတ်ပေ။ မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူများက ပျော်ဘွယ်မြို့နယ်ကဖြစ်စဉ်ကို စစ်ဆေးခဲ့ပြီး မှတ်ချက်တစ်ခုသာ ရေးပေးခဲ့ကြောင်း၊ ယင်းအပြင်အခြားအကူအညီ ပေးအပ်ခြင်းမရှိကြောင်း ဦးမျိုးသန့်ကဆိုသည်။

ဒေါက်တာဇော်မျိုးလှိုင်က ယခင်က ထုတ်ပြန်ချက်များက တစ်ဆင့် ဆရာ၊ ဆရာမများကို ကာကွယ်ရန် ပညာရေးဝန်ကြီးဌာနအား တိုက်တွန်းခဲ့သော်လည်း လျစ်လျူရှုခဲ့သဖြင့် ထပ်မံတိုက်တွန်းတော့မည်မဟုတ်ဟု ဆိုသည်။

“သူတို့မလုပ်တာကို ကျွန်တော်တို့က တဆာဆာသွားတောင်းနေမယ့်အစား ကျွန်တော်တို့ဘာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်ဖြေရှင်းလိုက်တော့တယ်”ဟု ၎င်းကပြောသည်။

မကူညီသည့်အပြင် အလယ်အလတ်အဆင့် ပညာရေးဌာနအရာရှိများက တရားစွဲဆိုခံရသော ဆရာမများအား ကူညီပေးသော ဆရာ၊ ဆရာမများကို မကူညီရန် ဟန့်တားမှုများပင်ရှိခဲ့သည်ဟု ဆိုသည်။

“တချို့သော တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပညာရေးအရာရှိတွေက ဆရာတွေအရေး လိုက်ပါကူညီနေတဲ့ ဆရာ၊ ဆရာမတွေကို ဟန့်တားတာမျိုး၊ ဝင်မပါဖို့ ပြောတာတွေရှိနေတယ်။ ဆရာ၊ ဆရာမအချင်းချင်းမှာ မှန်တဲ့ဘက်က ဥပဒေနဲ့အညီဝန်းရံတာပဲ။ မလုပ်ရဘူး။ မပါရဘူးဆိုတာမျိုး တားတာကတော့ တော်တော်လေးကို ရုပ်ဆိုးတဲ့လုပ်ရပ်ပဲ”ဟု ဒေါက်တာဇော်မျိုးလှိုင်က ဆိုသည်။ 

၎င်းထံ ဥပဒေအကူအညီ တောင်းခံခဲ့သော ဆရာ၊ ဆရာမအချို့သည် ပညာရေးဌာနအထက်အရာရှိ များ၏ တားမြစ်သတိပေးခံခဲ့ရသည်ကို ကြားသိရကြောင်း ရှေ့နေဦးသိန်းသန်းဦးက ဆိုသည်။ 

“ကိုယ့်လူကို မကာကွယ်တဲ့အပြင်ပေါ့လေ။ တိုင်းပြည်မှာ စစ်အာဏာရှင်က ၁၉၆၂ ကစပြီးတော့ အုပ်ချုပ်လာတော့ သူတို့ရဲ့ အကြွင်းအကျန်တွေ အရိုးအရင်းကိုက်တွေက ဌာနဆိုင်ရာတွေမှာ အုံနဲ့ကျင်းနဲ့ရှိနေသေးတယ်။ အဲ့လိုလူတွေက ပြောတာဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။ 

တာဝန်ထမ်းဆောင်စဉ်အတွင်း ကိုဗစ်ကူးစက်ခံရခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အမှတ်(၆) အထက်တန်းကျောင်းတွင်က ဆရာမတစ်ဦးဖြစ်သူ  ဒေါ်ထက်ထက်‌အေးသည် ရွေးကောက်ပွဲကာလ မဲရုံတာဝန်ထမ်းဆောင်နေစဉ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူတစ်ဦး ဖြစ်သည်။

“ရွေးကောက်ပွဲနေ့မှာက မနက်၄နာရီကနေ ည၁၂နာရီလောက်အထိ မရပ်မနားလုပ်ခဲ့ရတယ်။ အဲဒီမှာတင် ပန်းသွားတာပေါ့။ သုံးရက်လောက်ကြာတော့ စဖျားတော့တာပဲ”ဟု ၎င်းကပြောသည်။

ရောဂါဖြစ်ပွားခဲ့သည်မှာ တစ်လကျော်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း ယခင်လို အကောင်းပကတိ ပြန်ဖြစ်ရန် ယခုအထိ ရုန်းကန်နေရဆဲဖြစ်သည်။ မိသားစုလေးဦး ကွာရန်တင်းဝင်ခဲ့ရပြီး (အသွားအလာကန့်သတ်နေထိုင်ခြင်းကိုဆိုလိုသည်) ငွေကုန်ကြေးကျများခဲ့ကြောင်း ၎င်းကဆိုသည်။

“အခုကာလက အကုန်လုံးက ကျပ်တည်းနေကြတဲ့ကာလေ။ ကျန်းမာရေးအတွက်ကြတော့ သုံးရတာပဲ။ ဘယ်တက်နိုင်မလဲ”ဟု ဒေါ်ထက်ထက်အေးက ပြောသည်။ 

ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာ၁၁ရက်တွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်စဉ် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံခဲ့ရသော ပညာရေးဝန်ထမ်း ၇၁ဦးကို တစ်ဦးလျှင် ငွေကျပ်သုံးသိန်းစီ ထောက်ပံခဲ့သည်။ ဦးကိုလေးဝင်းက ယင်းပညာရေးဝန်ထမ်း ၇၁ဦးအနက် ဆရာ၊ ဆရာမများ ပါဝင်သည်ဟု ပြောဆိုခဲ့သော်လည်း အရေအတွက်အတိအကျကို ထုတ်ဖော်မပြောကြားခဲ့ပေ။

ပညာရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်သည် နောက်ကျသော်လည်း ကြိုဆိုသည်ဟု ဦးဇော်မျိုးလှိုင်က ဆိုသည်။ ဝန်ကြီးဌာနက ထောက်ပံ့ကြေးပေးချိန်တွင် လက်ခံရရှိသူ ဆရာ၊ ဆရာမများ အားလုံးသည် သက်သာပျောက်ကင်း၍ ဆေးရုံနှင့်ကိုဗစ်-၁၉ကုသရေးစင်တာများမှ ဆင်းနှင့်ပြီဖြစ်သည်။

နိုဝင်ဘာ၈ရက်တွင် မဲရုံတာဝန်ထမ်းဆောင်ခဲ့သည့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း (အင်းစိန်)တွင် ဓာတုဗေဒဘာသာရပ်သင်ကြားသည့် ဆရာမဒေါ်ထက်ထက်အေးကို ဒီဇင်ဘာ၁၄ရက်က မြင်တွေ့ရစဉ်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

“ဆရာ၊ ဆရာမတွေက ပိုက်ဆံလိုချင်လို့ပြောနေကြတာမဟုတ်ဘူး။ သူတို့က မိခင်ဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှုကို လိုချင်တာ။ ကြောက်စိတ်နဲ့ ဆေးရုံတွေမှာ ရောက်နေကျတုန်းက ဆရာတို့အားပေးမှုတွေလုပ်တော့ သူတို့တော်တော်လေးကို ပီတိဖြစ်တယ်။ ပြီးတော့ ဆရာ၊ ဆရာမအားလုံးလိုလိုက ဘာပြောလဲဆိုတော့ အခုလို ဖြစ်သွားလို့ ဝမ်းမနည်းဘူး။ ဒီလိုအဖြစ်ခံပြီး တာဝန်တာဝန်ထမ်းဆောင်ခဲ့ရတာကို ဂုဏ်ယူတယ်။ နောင်တလည်း မရပါဘူးလို့ ပြောကြတယ်” ဟု ဒေါက်တာဇော်မျိုးလှိုင်က ပြောသည်။

ဆရာမ ဒေါ်ထက်ထက်အေးကလည်း နောင်တမရသူများထဲမှ တစ်ယောက်ပင်ဖြစ်သည်။ 

“အချို့တွေလည်း အမှားလေးတွေ လုပ်မိကောင်းလုပ်မိမယ်။ ဒါပေမဲ့ ဒါတွေက ရိုးသားစွာလုပ်ရင်း ဖြစ်တဲ့ စေတနာအမှားတွေပဲဖြစ်မှာပါ။ ဒီနှစ်က ကိုဗစ်ကန့်သတ်ချက်တွေလည်းရှိတော့ ကော်မရှင်က သင်ကြားပို့ချမှုကို တစ်ရက်ပဲလုပ်နိုင်ခဲ့တာ။ ဆရာမတွေအားလုံးကတော့ တက်နိုင်သမျှ အရိုးသားဆုံးနဲ့ အကောင်းဆုံးလုပ်ခဲ့ကြတာပါ”ဟု သူကပြောသည်။

၂၀၂၅တွင်လည်း တိုင်းပြည်က တာဝန်ပေးအပ်လာပါက ပျော်ရွှင်စွာမဲရုံတာဝန်ကို ထမ်းဆောင်ဦးမည်ဟု ဒေါ်ထက်ထက်အေးက ပြတ်သားစွာဆိုသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.