မြောက်ဦးမြို့တွင် အသွားအလာကန့်သတ်ပိတ်ပင်ထားသော လမ်းတစ်လမ်းကို သြဂုတ်၂၁ရက်တွင် မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ပျံ့နှံ့မှုမြန်လာတဲ့ ရခိုင်ပြည်က ကိုဗစ်-၁၉

သြဂုတ်၁၆ရက်မှစ၍ ရခိုင်ပြည်နယ်တွင် ပြန်လည်ထွက်ပေါ်လာသည့် ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုသည် အချိန်တိုအတွင်း အလျင်အမြန်ကြီးထွားလျက်ရှိသည်။ အစိုးရကမူ မျိုးရိုးဗီဇပြောင်းလဲသည့်ရောဂါပိုးအမျိုးအစားဖြစ်နိုင်သည်ဟု ခန့်မှန်းထားပြီး ရောဂါကူးစက်မှုသည် စစ်ဘေးရှောင်စခန်းများသို့ ပျံ့နှံ့သွားမည်ကို အရပ်ဘက်အဖွဲ့အစည်းများက အလွန်အမင်းပူပန်စိုးရိမ်လျက်ရှိကြသည်။

ကောင်းဆက်နိုင် ရေးသားသည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေမြို့၏ ကိုဗစ်-၁၉ရောဂါလူနာတွေ့ရှိနှုန်းက ပိုမိုများပြားလာသည်။ ထို့ပြင် အခြားမြို့များဖြစ်သည့် မြောက်ဦးနှင့် သံတွဲမြို့များတွင်လည်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများလည်း စတင်တွေ့ရှိလာရပြီဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်၂၄ရက်၊ နံနက်၈နာရီတွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးရှိသူ ၁၃ဦး ထပ်မံတွေ့ရှိရကြောင်း ကြေညာခဲ့ရာ ပြည်တွင်းကူးစက်မှု ပြန်လည်တွေ့ရှိရသည့် ဩဂုတ်၁၆ရက်မှဆိုလျှင် အတည်ပြုလူနာဦးရေ စုစုပေါင်း ၈၈ဦးအထိ ရှိလာပြီဖြစ်သည်။ ၎င်းတို့အနက် ရောဂါပိုးကင်းစင်လာသူ  ၁၆ဦးရှိရာ လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ လူနာဦးရေ ၇၂ဦးအထိ ရှိနေသည်။

လက်ရှိတွင် စစ်တွေမြို့တွင် ညမထွက်ရအမိန့် (ည၉နာရီမှ နံနက်၄နာရီအတွင်း) နှင့် အသွားအလာကန့်သတ်ခြင်းနှင့် အိမ်တွင်သာနေရန် (Stay at Home) အစီအစဉ်များ ထုတ်ပြန်ထားသည်။ ပိုးတွေ့လူနာများနေထိုင်သည့် ရပ်ကွက်အချို့နှင့် လမ်းအချို့ကို အသွားအလာကန့်သတ်ပိတ်ပင်လိုက်၍ မြို့ခံလူထုမှာလည်း ထိတ်လန့်နေကြသည်။

“အခုတော့ မပေါ့လျော့ကြတော့ဘူး” ဟု စစ်တွေအခြေစိုက် ဝံလက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံက အခြေအနေကို ပြောပြသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါသည် အထူးမြန်ဆန်လျက်ရှိပြီး သြဂုတ်၁၆ရက်မှ ၂၁ရက်အထိ ငါးရက်တာကာလအတွင်း ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၅ဦးတွေ့ရှိရပြီး ပြည်သူများအကြား ရောဂါလက္ခဏာမပြဘဲ ကူးစက်နေသူများရှိနေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ (၂၂) ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ယင်းသို့ ကူးစက်မြန်ဆန်ခြင်းကြောင့် စစ်တွေမှလူနာများတွင် ကူးစက်နေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲနေသည့် ရောဂါပိုးအမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာနက ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမည် ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည့် ရောဂါဖြစ်ပွားမှု ခြုံငုံသုံးသပ်ချက်အစီရင်ခံစာအရ လက်ရှိကိုဗစ်-၁၉ကူးစက်ခံထားရသည့် လူနာဦးရေ ၇၂ဦးအနက် ဩဂုတ်၁၆ရက်က စတင်တွေ့ရှိခဲ့သည့် လူနာအမှတ်စဉ် ၃၇၅နှင့် ဆက်စပ်ကူးစက်သူ (primary contact) နှင့် ထပ်ဆင့်ဆက်စပ်ကူးစက်သူ (secondary contact) လူနာဦးရေသည် ၃၀ဝန်းကျင်ခန့်ရှိပြီး အကြီးဆုံးအုပ်စုလိုက်ကူးစက်မှု (cluster) အဖြစ်ရှိနေသည်။

အရေအတွက်နည်းပါးသည့် အခြားအုပ်စုလိုက်ကူးစက်မှုများလည်းရှိပြီး အချို့ဓာတ်ခွဲအတည်ပြုလူနာများသည် အုပ်စုလိုက်ကူးစက်မှုများနှင့် ဆက်စပ်မနေဘဲ၊​ ၎င်းတို့မည်သို့ ကူးစက်ခံရသည်ကို ကျန်းမာရေးဝန်ကြီးဌာနက ရှာဖွေဖော်ထုတ်လျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါကူးစက်မှုသည် စစ်တွေမြို့တွင်သာမက တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ)တို့၏ စစ်ရေးပဋိပက္ခများအကြား ရောက်ရှိနေသည့် မြောက်ဦးမြို့သို့ပါ ရောက်ရှိလာသည်။

သြဂုတ်၂ဝရက်တွင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Relief International က အမျိုးသမီးဝန်ထမ်းတစ်ဦးသည် နေမကောင်းဖြစ်၍ သွားရောက်စစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း အဖြေထွက်ခဲ့သည်။ ပိုးတွေ့ရှိသူလူနာနေထိုင်ခဲ့သည့်  မြောက်ဦးမြို့ပေါ်ရှိ လက်ကားစျေးရပ်ကွက်၊ ကန်လှ ကန်ဘောင်လမ်းကို သြဂုတ်၂၁ရက်တွင် အသွားအလာကန့်သတ်ပိတ်ပင်၍ လော့ခ်ဒေါင်းချလိုက်သည်။ ထို့ပြင် သြဂုတ်၂၃ရက်တွင် မြောက်ဦးမြို့ရှိ ဗန္ဓုလရပ်ကွက်နှင့် ကန်လှရပ်ကွက်တို့မှ​လမ်းတစ်လမ်းစီကိုလည်း ထပ်မံ၍ အသွားအလာကန့်သတ်ပိတ်ပင်ခဲ့သည်။

Firefighters prepare to disinfect a market in Mrauk-U as COVID-19 cases surge in the north of the state. (Hkun Lat I Frontier)
မြောက်ဦးမြို့စျေးအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရန် ပိုးသတ်ဆေးဖြန်းနေသည့် မီးသတ်သမားများကို သြဂုတ်၂၁ရက်က မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

မြောက်ဦးမြို့ Relief International ရုံးမှ ဝန်ထမ်းများနှင့် မိသားစုများအပါအဝင် အယောက်၇၀ ကျော်နှင့် ပိုးတွေ့လူနာတည်းခိုခဲ့သည့်နေအိမ်မှ မိသားစုဝင်များနှင့် တည်းခိုသူများအပါအဝင် ၁၁ ယောက်ခန့်ကိုလည်း အသွားအလာကန့်သတ်နေထိုင်စေမှု ကွာရန်တင်းဝင်ခိုင်းထားပြီး စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းဖွဲ့စည်းထားသည့် မြောက်ဦးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးပူးပေါင်းကော်မတီ(CPACC Mrauk-U)ထံက သိရသည်။

ယမန်နေ့က RI က ထပ်မံထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ RI၏ အခြားဝန်ထမ်းနှစ်ဦးတွင်လည်း ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည်။

မြောက်ဦးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးပူးပေါင်းကော်မတီဝင် ဦးဘညွန့်ကမူ မြောက်ဦးမြို့၏ ကိုဗစ်-၁၉အခြေအနေများနှင့်ပတ်သက်၍ “အခြေအနေဆိုးလာနိုင်တယ်။ ပိုးတွေထပ်တွေ့နိုင်တယ်”ဟု ပြောသည်။

မြို့၏ လူအစည်ကားဆုံး အရပ်ဖြစ်သည့် တောင်ရပ်လမ်းဂွဆုံနေရာတွင် ပုံမှန်သွားလာမှုများရှိနေသေးသော်လည်း ဒေသခံများအကြားစိုးရိမ်ထိတ်လန့်မှုများကို ဖရွန်းတီးယားမြန်မာက ဩဂုတ်၂၁ရက်က မြောက်ဦးသို့ သွားရောက်စဉ်အတွင်း မြင်တွေ့ခဲ့ရသည်။

ကိုဗစ်-၁၉ရောဂါကူးစက်မှုကို သိရှိရသည့် လွန်ခဲ့သော သီတင်းပတ်တွင် မြောက်ဦးမြို့အတွင်း မျက်နှာဖုံး (Mask) တပ်၍ သွားလာသူ များပြားလာခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းစသည့် ကူးစက်ပျံ့နှံ့မှုကာကွယ်ရေးလှုပ်ရှားမှုများကို မြင်တွေ့လာရသည်။ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အချို့ကမူ ဆိုင်ထိုင်စားသောက်ခွင့်မပြုတော့ဘဲ ပါဆယ်သာ ရောင်းချတော့သည်ကိုလည်း လေ့လာတွေ့ရှိခဲ့သည်။

မြောက်ဦးမြို့မစျေးကို ခါတိုင်း နံနက်၆နာရီခွဲမှ ညနေ၅နာရီအထိ နေ့စဉ်ဖွင့်လှစ်သော်လည်း ယခုအခါ နေ့လယ် ၁၂ နာရီတွင် စျေးကိုပိတ်သိမ်းတော့မည်ဖြစ်သည်။ လက်ရှိတွင် စျေးသို့ ကျေးရွာများမှ စျေးဝယ်ထွက်သူများ လာရောက်ခြင်းမရှိတော့ကြောင်း သုံးဘီးအငှားယာဉ်မောင်းများက ဆိုသည်။

 “အခုတော့ အားလုံးကြောက်နေကြပြီ။ အကုန်လန့်နေတယ်”ဟု အသက်၂၈နှစ်အရွယ်ရှိ သုံးဘီးယာဉ်မောင်း ကိုအောင်နိုင်ဝင်းက ပြောဆိုသည်။

 ယခုအချိန်တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်များကို အများပြည်သူက လိုက်နာကြရန် လိုက်လံဆော်သြနေသည်။

ကျေးရွာများနှင့် ဝေးလံသောနေရာများသို့ ကိုဗစ်-၁၉ကာကွယ်ရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်များကို ဆက်သွယ်ပျံ့နှံ့စေရန်မှာမူ အင်တာနက်လိုင်းက အလွန်နှေးကွေးနေသေး၍ အခက်အခဲများရင်ဆိုင်နေရသည်။

“2G (အင်တာနက်ကွန်ရက်) ဆိုတော့ ဘာမှလုပ်မရဘူး”ဟု ဦးခိုင်ကောင်းစံက ပြောသည်။

ဖရွန်းတီးယားမြန်မာက လွန်ခဲ့သည့် သီတင်းပတ်၊ မြေပြင်သို့သွားရောက်ခဲ့စဉ် အတွေ့အကြုံအရ မြောက်ဦးမြို့ပေါ်တွင် ဖုန်းအင်တာနက်လိုင်းအသုံးပြုရန် ခက်ခဲသည်။ မြို့နှင့်နီးစပ်ရာ အချို့တောင်ကုန်များပေါ်တက်၍အသုံးပြုပါက တယ်လီနောနှင့် မိုင်တဲလ်ဆင်းကတ်များဖြင့် အင်တာနက်သုံးနိုင်သည်။ မြေပြန့်ဒေသများတွင်မူ အင်တာနက်လိုင်းသည် ညဉ့်နက်ပိုင်းအချိန်ရောက်မှ ဖေ့စ်ဘွတ်ခ်မက်စင်ဂျာက တစ်ဆင့် သတင်းစကားပေးပို့မှုကို ရံဖန်ရံခါမှ ပြုလုပ်နိုင်သည်ကိုတွေ့ရှိခဲ့ရသည်။ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ စစ်ရေးပဋိပက္ခများကြောင့် သွားလာရသည်မှာ အခက်အခဲရှိနေသည်။

“အင်တာနက်လိုင်းမရတော့ရွာတွေကို ဆက်သွယ်လို့မရဘူး။ တော်တော်ပြဿနာရှိတယ်။ သတင်းတွေက ချက်ခြင်းမပြန့်ဘူးလေ”ဟု ဦးဘညွန့်က ပြောသည်။

ထို့ကြောင့် မြန်နှုန်းမြင့်အင်တာနက်လိုင်းကို ယခုကာလတွင် ပြန်လည်အသုံးပြုနိုင်ရန် အစိုးရက စီစဉ်ပေးသင့်ကြောင်း  ဦးခိုင်ကောင်းစံက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက ကိုဗစ်-၁၉ ရောဂါပျံ့နှံမှုကို ကာကွယ်ထိန်းချုပ်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးဆောင်သည့် ဗဟိုကွင်းဆင်းအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားပြီး ပြည်နယ်ကျန်းမာရေးအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်စေခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ ဆက်စပ်သူများ၊ ယင်းအနီးကပ်ထိတွေ့ဆက်စပ်သူများနှင့် ထပ်ဆင့်ထိတွေ့ဆက်စပ်သူများကိုပါ ရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဩဂုတ်၂၃တွင် ထုတ်ပြန်သည့် ရောဂါဖြစ်ပွားမှု ခြုံငုံသုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ရောဂါထိန်းချုပ်ကုသရေးအတွက် မရှိမဖြစ်လိုအပ်သည့် ကာကွယ်ရေးသုံးပစ္စည်းများကို အားဖြည့်ထားပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးသိရှိနိုင်သည့် GeneXpert စက်နှစ်လုံးကို ပို့ဆောင်ထားကြောင်း၊ စစ်တွေနှင့် အခြားမြို့များတွင် ကူးစက်မှုပိုမိုများပြားလာပါက အသွားအလာကန့်သတ်စဉ်နေထိုင်မည့်အဆောင်များ ပြင်ဆင်ထားကြောင်း အစီရင်ခံစာက ဆိုသည်။

စစ်တွေနှင့် မြောက်ဦးမြို့များတွင် ကိုဗစ်-၁၉ရောဂါပျံ့နှံမှုများတွေ့ရှိလာရာ စစ်ဘေးရှောင်နှင့် ဒုက္ခသည်စခန်းများသို့  ရောဂါပိုးပျံ့နှံ့သွားမည်ကို အရပ်ဘက်အဖွဲ့အစည်းများက အလွန်အမင်းစိုးရိမ်လျက်ရှိကြသည်။ ဝံလက်ဖောင်ဒေးရှင်း၏ အဆိုအရ စစ်တွေမြို့ပေါ်တွင် ဒုက္ခသည်စခန်း ၂၇ ခုခန့်ရှိပြီး လူဦးရေ ၄,၁၀၀ ကျော်  ရှိသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ အကြီးဆုံး ဒုက္ခသည်စခန်းများအနက် တစ်ခုဖြစ်သည့် မြတန်ဆောင်ဒုက္ခသည်စခန်းအတွင်းက အမျိုးသမီးကြီးတစ်ဦးကို သြဂုတ်၂၁ရက်က မြင်တွေ့ခဲ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

“စစ်ဘေးရှောင်စခန်းတွေမှာက လူတွေက ကျပ်ကျပ်တည်းတည်း နေနေရတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကွာအဝေး (တစ်ခုခြားပြီး) မနေနိုင်ဘူး”ဟု ဦးခိုင်ကောင်းစံက ပြောသည်။

မြောက်ဦးမှ ပိုးတွေ့လူနာသည် သူနာပြုဝန်ထမ်းတစ်ဦးဖြစ်ပြီး စစ်ဘေးရှောင်စခန်းအနည်းငယ်ကို သွားရောက်ထားသည်ဟု သတင်းများထွက်ပေါ်သောကြောင့် စိုးရိမ်ပူပန်မှုများမှာ ပိုမိုမြင့်တက်နေသည်။ RI အဖွဲ့၏ ထုတ်ပြန်ချက်အရ ပိုးကူးစက်ခံရသော ၎င်းတို့၏ဝန်ထမ်းများသည် လွန်ခဲ့သော ရက်သတ္တနှစ်ပတ်အတွင်း မြောက်ဦးမြို့နယ်အတွင်းရှိ ရခိုင်စစ်ဘေးရှောင်စခန်းလေးခုကို သွားရောက်ခဲ့ကြောင်း သိရသည်။ သို့သော် မည်သည့်စခန်းများဆိုသည်ကိုမူ အဆိုပါအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။ မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၂၆ ခုရှိပြီး စစ်ဘေးရှောင်အရေအတွက် ၁၇,၀၀၀ ကျော်ရှိသည်။

မြောက်ဦးမြို့ အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် ဒါရိုက်တာ ဦးဘညွှန့်က “ငဆွေကန်၊ ရွာသစ်ကေ၊ အလှ စခန်းတွေလို့ ကြားတယ်။ စိုးရိမ်ရတယ်”ဟု  ရရှိထားသည့် အချက်အလက်များကို ပြောဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရောဂါဖြစ်ပွားမှုခြုံငုံသုံးသပ်ချက်အစီရင်ခံစာကမူ မြောက်ဦးမြို့က အတည်ပြုလူနာသုံးဦး၊ သံတွဲမြို့ကအတည်ပြုလူနာနှစ်ဦးတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ဖော်ထုတ်ပြီး အသွားအလာကန့်သတ်နေထိုင်စေကာ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် ဒုက္ခသည်စခန်းများသို့ အဝင်အထွက်ရှိသည့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများကိုလည်း ရောဂါကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်များ တိကျစွာလိုက်နာစေလျက်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။ စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် (မူရင်းထုတ်ပြန်ချက်တွင် ဘင်္ဂါလီဟု သုံးနှုန်းထားသည်) ရောဂါကူးစက်မှုဖြစ်ပွားလာပါက ကုသပေးရန်ပြင်ဆင်ထားကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

သို့သော် ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များအကြား ကိုဗစ်ကူးစက်ခံရပါက ထိန်းချုပ်နိုင်ရန် မလွယ်ကူကြောင်း မြောက်ဦးမြို့၊ မြတန်ဆောင်ဒုက္ခသည်စခန်း တာဝန်ခံဆရာတော် ဦးနန္ဒသာရက သတိပေးသည်။

မြတန်ဆောင်းစစ်ဘေးရှောင်စခန်းသည် မြို့ပေါ်စစ်ရှောင်စခန်းတစ်ခုဖြစ်ပြီး လူဦးရေထောင်ချီရှိသည်။ စခန်းအတွင်းရှိ အဆောင်တစ်ခုနှင့်တစ်ခုမှာ သုံးပေခန့်သာကွာဝေးပြီး ၁၀ ပေ၊ ၁၅ ပေခန့်ရှိသည့် အခန်းများတွင် မိသားစုများ စုပေါင်းနေထိုင်ကြရသည်။ လက်ရှိတွင် စစ်ဘေးရှောင်စခန်းကို အဝင်အထွက်နှင့် အသွားအလာ ကန့်သတ်ပိတ်ပင်လိုက်သည်။

“အကုန်လုံး ကူးစက်သွားနိုင်တဲ့အခြေအနေမျိုးနဲ့နေရတယ်။ ကြိုတင်ကာကွယ်ထားတာ ဘာမှမရှိဘူး”  ဟု ဆရာတော်က မိန့်သည်။

အိမ်ထောင်စုပေါင်း ၂၉၀ ဝန်းကျင်ရှိသည့် အဆိုပါစခန်းတွင် မိသားစုတိုင်းလက်သန့်ဆေးရည် တစ်ဗူးရအောင်ပင် မဝေငှနိုင်သေးကြောင်း သိရသည်။

ထို့ပြင် ဟောခန်းအတွင်း စစ်ဘေးရှောင်များ စုပြုံနေရသည့်စခန်းများတွင်မူ ရောဂါပျံ့နှံ့ရန်မှာ စိုးရိမ်ဖွယ်ကောင်းလောက်အောင် အလွန်လွယ်ကူနေသည်။ အခြားစစ်ဘေးရှောင်းစခန်းဖြစ်သည့် ရှစ်သောင်းတွင်လည်း မိသားစုများဟောခန်းတွင် အတူတကွနေထိုင်ရသည့်ပုံစံမျိုးဖြစ်ကာ အိမ်ထောင်စုပေါင်း၁၄ဝကျော်နှင့် လူဦး၄၈ဝဝန်းကျင်ခန့် နေထိုင်ကြသည်။

ယင်းစခန်းတွင်နေထိုင်သည့် အသက်၄၂ နှစ်အရွယ် ဦးကျော်ထွန်းက ကိုဗစ်-၁၉ရောဂါကူးစက်မှု သတင်းများကို သိရှိထားပြီးဖြစ်၍ ထိတ်လန့်နေသည်ဟု ဆိုသည်။ မိသားစုလေးဦးရှိသည့် သူက စခန်းအပြင်သို့ထွက်၍ ဆိုင်ကယ်မောင်းနှင်ရသူ တစ်ဦးလည်း ဖြစ်သည်။

“ဒီမှာဖြစ်ရင်တော့ အကုန်လုံး ကူးမှာပဲ”ဟု သူက ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.