ပျောက်သည့်အရာ ရှာလည်းမတွေ့

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်အတွင်း ပျောက်ဆုံးနေသော လေတပ်သားများ၏ အကြွင်းအကျန်များကို ရှာဖွေရန် အမေရိကန်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုသည် ရလဒ် မရရှိသေးဘဲ အငြင်းပွားဖွယ် ရှာဖွေတွေ့ရှိမှု တစ်ခုဖြင့်သာ အဆုံးသတ်ခဲ့သည်။

ဟန်းစ် ဟာ့စ် ရေးသားသည်။

မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း အာရှ၌ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သော နိုင်ငံများထဲမှ တစ်ခု ဖြစ်သည်။ ၁၉၄၁- ၄၂ နှစ်များတွင် ဗြိတိသျှတပ်များ ဆုတ်ခွာသွားအပြီး ဂျပန်တို့ ဝင်ရောက်လာသောအခါ  ဗြိတိသျှတပ်များသည် ၎င်းတို့၏ အမေရိကန်နှင့် တရုတ်မဟာမိတ်များအကူအညီဖြင့် တန်ပြန်စစ်ဆင်ရေးများ ဆင်နွှဲခဲ့သည်။

ဒုတိယကမ္ဘာစစ်တွင် အရှည်လျားဆုံးတိုက်ပွဲများထဲမှ တစ်ခုဖြစ်သည့် မြန်မာစစ်ဆင်ရေး (Burma Campaign) သည် မြန်မာနိုင်ငံကို တစ်စစီ ကြေမွသွားစေခဲ့ပြီး တိုက်ပွဲများ ပြီးဆုံးသွားသောအခါ စစ်လက်နက် ပစ္စည်းအကြွင်းအကျန်များ များစွာကျန်ရစ်ခဲ့သည်။

သို့သော် စစ်ပွဲ၏ အမွေအနှစ်များ ကျန်ရစ်ခဲ့သည်။ အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့  ထောက်ပံ့ရေး အစီအစဉ်ဖြင့် ဟိမဝန္တာတောင်တန်းကြီးကို ဖြတ်ကျော်မောင်းနှင်ရသော အမေရိကန် လေတပ်သား ၇၀၀ ကျော်သည် ယနေ့ထက်တိုင် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

“ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ လေတပ်သားတွေ ပါဝင်တဲ့ ကုန်တင်လေယာဉ်တွေ အများကြီး ပျက်ကျခဲ့ ပါတယ်” ဟု ဒုဗိုလ်မှူးကြီး Rob Culpepper က ပြောကြားသည်။ ၎င်းသည် အမေရိကန်စစ်တပ်၏ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် စစ်ဆင်ရေးအတွင်း ပျောက်ဆုံးနေသောတပ်သားများ ကို ပြန်လည်ရှာဖွေရေးလုပ်ငန်းမှ တာဝန်ရှိအကြီးအကဲ ဖြစ်သည်။

ဟာဝိုင်အီတွင် အခြေစိုက်သည့် ပူးတွဲ POW/ MIA Accounting Command (JPAC) အဖွဲ့သည် အမေရိကန် စစ်လေယာဉ် အစီး ၃၀၀ ကျော် ပျက်ကျခဲ့သည့် နေရာများနှင့် လေယာဉ်မှူးများ အပါအဝင် လေတပ်သားများ၏ အကြွင်းအကျန်များကို ရှာဖွေရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ JPAC ကို မကြာသေးမီ အချိန်များက Defense POW Accounting Agency (DPAA) ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ရှာဖွေမှုကို ၂၀၁၃ ခုနှစ်တွင် ပြန်လည်စတင်လုပ်ဆောင်ခဲ့သည်။ “အဲဒီချိန်ကတည်းက ကျွန်တော်တို့ မြန်မာနိုင်ငံကို ငါးကြိမ်လောက် ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တောလက်ကျေးရွာ လူမှု အဖွဲ့အစည်းတွေထဲကို သွားရောက်ပြီး နေရာဒေသတွေရဲ့ အချက်အလက်တွေနဲ့  သီးခြားနေရာတွေကို ရှာဖွေ ခဲ့ပါတယ်” ဟု ဒုဗိုလ်မှူးကြီး Culpepper က ပြောကြားသည်။

JPAC/ DPAA သည် မြန်မာနိုင်ငံတွင် အမြဲတမ်းဌာနမရှိပါ။ ယင်းသည် ဦးဆောင်ရှာဖွေပေးနိုင်ရန် ဟာဝိုင်အီအခြေစိုက် ကာကွယ်ရေးဆိုင်ရာ ကန်ထရိုက်တာ ဖြစ်သည့် Pelatronကို ငှားရမ်းခဲ့သည်။ Pelatronသည် ရန်ကုန်မြို့ ယောမင်းကြီးလမ်းတွင် Outreach Center တစ်ခုဖွင့်လှစ်ထားရှိသည်။ ယင်းသည် အမှန်တကယ် ရှာဖွေသည့် လုပ်ငန်းများကို လုပ်ဆောင်ခြင်းမရှိဘဲ ဖုန်းခေါ်ဆိုသူများက ဦးဆောင်ရှာဖွေမှုများ ကို မှတ်တမ်းတင်ပေးသည့် အလုပ်သာ ဖြစ်သည်။

ဒုဗိုလ်မှူးကြီး Culpepper က ပြောကြားရာတွင် Pelatron သည် အမေရိကန် အစိုးရ၏ ကာကွယ်ရေး ကန်ထရိုက်တာအဖြစ် မြန်မာနိုင်ငံတွင် ရှာဖွေမှုပြုလုပ်ရန် အတည်မပြုရသေးမီက JPAC/ DPAA သည် သတင်း အချက်အလက်များ စုဆောင်းရန် ဒေသတွင်းမှ မြန်မာကန်ထရိုက်တာများနှင့် အလုပ်လုပ်ခဲ့သည်ဟု ဆိုသည်။

ထူးဆန်းသည့် အချက်တစ်ခုမှာ Pelatron သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် Daily Eleven နေ့စဉ် သတင်းစာတွင် မိမိကိုယ်မိမိ လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း ဖော်ပြသော ကြော်ငြာတစ်ခုကို မြန်မာဘာသာဖြင့် ရေးသားထည့်သွင်းခဲ့သည်။ Pelatron ၏ ဝက်ဆိုက်တွင် ရေးသားဖော်ပြ ထားသော ၎င်းတို့ လုပ်ဆောင်သည့် လုပ်ငန်းများမှာ ဒီဇိုင်းလုပ်ငန်း၊ အင်ဂျင်နီယာလုပ်ငန်း၊ ထုတ်လုပ်ရေး လုပ်ငန်း၊ နည်းဗျူဟာ အမိန့်ပေးထိန်းချုပ်စနစ်၊ အိုင်တီအဖြေရှာခြင်း၊ သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာ လုပ်ငန်း၊ အခြေစိုက်စခန်း ထောက်ပံ့ရေးလုပ်ငန်းတို့ ဖြစ်ကြသည်။ ၎င်း၏ လုပ်ငန်းများတွင် လူသားများ၏ ကြွင်းကျန်ရုပ်အလောင်းများကို ပြန်လည်ရှာဖွေရေးလုပ်ငန်းနှင့် ပတ်သက်သော အတွေ့အကြုံ ရှိသည်ဟုလည်း မကြားဖူးပေ။

Pelatronသို့ ပေးအပ်ခဲ့သောကန်ထရိုက်ကို အမေရိကန်အစိုးရက အွန်လိုင်းပေါ်တွင် လွှင့်တင်ပြသခဲ့ရာ  ထိုအချိန်၌ Pelatron က ကန်ထရိုက် စတင်ရရှိသည်မှာ ဒုတိယမြောက်နှစ်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် Pelatron ကို ယင်း၏ ဝန်ဆောင်မှုအတွက် အမေရိကန်ဒေါ်လာ ၃၄၂,၂၉၉ ဒေါ်လာ (ကျပ်ငွေ သန်း ၃၈၀ နီးပါး) ပေးဆောင်ခဲ့ရသည်။

ယင်းငွေပမာဏအနက်မှ မည်မျှသည် မြန်မာနိုင်ငံသို့ ရောက်ရှိသည်မှာမူ မရှင်းလင်းပေ။ Outreach Center ကို မြန်မာလူမျိုး ဝန်ထမ်း ငါးယောက်အား ဒေသတွင်းမှ လစာနှုန်းထားပေး၍ ခန့်အပ်ထားသည်။ ယင်းမှာ Pelatron က ရရှိထားသောဘတ်ဂျက်နှင့် နှိုင်းယှဉ်လျှင် အရာပင် မယွင်းပေ။

အမေရိကန်ပြည်ထောင်စု၏ ဥပဒေအရ Pelatron သည် Article 8(a) တွင် ဖော်ပြထားသော Small Disadvantaged Business Enterprise (DBE) ကုမ္ပဏီအမျိုးအစားဖြစ်ပြီး ယင်းမှာ တစ်ဦး၊ သို့မဟုတ် တစ်ဦး ထက်ပိုသော လူနည်းစုပုဂ္ဂိုလ်များက ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထိန်းချုပ်သောကုမ္ပဏီဖြစ်သည်။ DBEs ကုမ္ပဏီ များကို တင်ဒါ မခေါ်ယူဘဲ ကန်ထရိုက်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ယှဉ်ပြိုင်မှု ကင်းမဲ့ခြင်းသည် တစ်ခါတစ်ရံတွင် သာမန်ထက်ပိုသော အခကြေးငွေများ ပေးရနိုင်သည်။

JPAC/ DPAA ၏ ၂၀၁၃ ခုနှစ်မှ စတင်ပြုလုပ်ခဲ့သော ကွင်းဆင်းရှာဖွေမှု ငါးကြိမ်၏ အကျိုးရလဒ် အဖြစ် Pelatron ၏ ဦးဆောင်ရှာဖွေမှုတွင် မည်သည့် ရှာဖွေတွေ့ရှိမှုများ ရှိခဲ့သနည်း။

“ ကျွန်တော်တို့ ရှာဖွေတွေ့ရှိမှု တစ်ခုမျှ မရှိသေးပါဘူး။ အခုအထိတော့ မြန်မာနိုင်ငံအောက်ပိုင်း လူနေ ထူထပ်တဲ့နေရာတွေမှာ ရှာဖွေနေပါတယ်။ မြေမျက်နှာသွင်ပြင်တွေက အရင်ကနဲ့ မတူတော့ပါဘူး။ ဒီနေရာ တွေမှာ အရင်က တူးဖေါ်ရှာဖွေထားတာတွေလည်း ရှိပြီးပုံပါပဲ။ ဒီတော့ ရှာဖွေရတာ မလွယ်ကူပါဘူး။ မြန်မာ နိုင်ငံမြောက်ပိုင်းကတော့ ကျွန်တော်တို့ သွားရောက်ဖို့ ကြိုးစားနေတဲ့ နေရာပါပဲ” ဟု ဒုဗိုလ်မှူးကြီး Culpepper က ပြောကြားပါသည်။

သူက ဆက်လက်ပြောကြားရာတွင် JPAC/ DPAA သည် မြန်မာအစိုးရအပြင် တပ်မတော်နှင့်လည်း အတူပူးပေါင်း လုပ်ဆောင်လျက်ရှိသည်ဟုဆိုသည်။ သို့သော် လေယာဉ်များ အများဆုံး ပျက်ကျခဲ့သောနေရာ များသို့ သွားရောက်ခွင့်ကိုမူ စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း ဆိုပါသည်။

လေယာဉ်ပျက်ကျမှု အများအပြားသည် ၂၀၁၁ ခုနှစ်ကတည်းက ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော်တို့အကြား စစ်ပွဲများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ၏ အချမ်းသာဆုံးသူများထဲမှ တစ်ဦးဖြစ်သူ၏ နေအိမ်တွင် အငြင်းပွားဖွယ်ရာ သွားရောက်တွေ့ဆုံမှုသည် မည်သည့် အကြွင်းအကျန်တစ်စုံတစ်ရာမျှ ရှာဖွေ တွေ့ရှိခဲ့ခြင်းမရှိ ဟူသော Pelatron ၏ ဖော်ပြချက်အပေါ် အမြင်တစ်မျိုး ကျရောက်စေခဲ့သည်။

ယင်းတွေ့ဆုံမှုသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်တွင် သူဌေးကြီးဦးတေဇ ၏ အင်းလျားလမ်းရှိ နေအိမ်တွင် ဖြစ်သည်။ Frontier က တွေ့ရှိခဲ့သောသတင်းများအရ အမေရိကန်သံရုံးသို့ လေတပ်သားတစ်ဦး ၏ အရိုးဟု ယူဆရသော အရိုးတစ်ခုကို စာအိတ်ထဲထည့်ကာ လာရောက်ပို့ဆောင်သွားခဲ့သည်ဟု သိရသည်။ ထိုအရိုးကို ပေးသောတပ်မတော်မှ ဗိုလ်မှူးတစ်ဦးနှင့် တွေ့ဆုံရန် JPAC မှ သမိုင်းပညာရှင် Bob Maves နှင့် ဒုဗိုလ်မှူးကြီး Culpepper တို့ကို ဦးတေဇ၏ နေအိမ်သို့ ဒေသခံ Pelatron ဝန်ထမ်းတစ်ဦးက ခေါ်ဆောင်သွား ခဲ့သည်ဟု သိရသည်။

ဦးတေဇသည် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ Specially Designated Nationals list အထူးကန့်သတ်ထားသည့် နိုင်ငံသားများစာရင်းတွင် ထင်ရှားစွာ ပါဝင်သူတစ်ဦး ဖြစ်သည်။ ထိုစာရင်းတွင် ပါဝင်သူများနှင့် အမေရိကန် ကုမ္ပဏီများနှင့် သီးခြားလုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ဆောင်မှုကို အမေရိကန် အစိုးရက တားမြစ်ထားသည်။

မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးကမူ ထိုသို့ လည်ပတ်တွေ့ဆုံမှု ရှိခဲ့ကြောင်း ဝန်ခံထားသည်။ သံရုံး ဝန်ထမ်းတစ်ဦးက ပြောကြားရာတွင် သူတို့သည် မည်သူမည်ဝါ မသိသော လူတစ်ဦးနှင့် တွေ့ဆုံရမည်ဟုသာ သိခဲ့ပြီး ဦးတေဇနှင့် မတွေ့ခင်အထိ ဦးတေဇမှန်း မသိရှိရကြောင်း ပြောပြသည်။

“ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ အဲဒီအရိုးကို လက်ခံရရှိခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ပါတယ်။ အဲဒါကို ဟာဝိုင်အီမှာ ရှိတဲ့ DPAA ရဲ့ ဓာတ်ခွဲခန်းကို ပို့ပြီးပါပြီ။ DPAA က မိသားစုဝင်များရဲ့ နမူနာတွေကို ရယူ စစ်ဆေး နေဆဲဖြစ်ပြီး မည်သူ မည်ဝါ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး” ဟု ယင်းသံရုံးဝန်ထမ်းက ဆိုသည်။

အမေရိကန်ပြည်ထောင်စု၏ Drug Enforcement Administration ဌာန၏ မြန်မာ နိုင်ငံရုံးခွဲ အကြီး အကဲ John Whalen က ပြောကြားရာတွင် JPAC/ DPAA တာဝန်ရှိသူများသည် ဦးတေဇနှင့် တွေ့ဆုံခြင်းထက် အခြားနည်းလမ်းများဖြင့် ပိုမိုလုပ်ဆောင်သင့်သည်ဟုဆိုသည်။

“တကယ်လို့ သူတို့က မည်သူမည်ဝါ မသိဘဲ ဦးတေဇနေအိမ်ကို ရောက်ရှိသွားခဲ့တယ်ဆိုရင် သူတို့ဟာ သူတို့ရဲ့ အဆက်အသွယ်တွေကို သေသေချာချာ မစစ်ဆေးဘူးလို့ ပြောလို့ရပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။

Specially Designated Nationals list (SDN) စာရင်းတွင် ပါဝင်နေသူများနှင့် အဝေးမှပင် ဆက်သွယ် လုပ်ကိုင်လျှင်ပင် ၎င်းတို့ ကုမ္ပဏီအတွက် အန္တရာယ်ရှိကြောင်း ယခုကိစ္စရပ်တွင် JPAC/ DPAA လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ကြောင်း သူက ဆိုသည်။

ယင်းတွေ့ဆုံလည်ပတ်မှုကို ဦးတေဇက SDN စာရင်းမှ ပယ်ဖျက်ခံရလို၍ ကြိုးပမ်းမှု တစ်ရပ်အဖြစ် ရှုမြင်နိုင်မည်လော။

အမေရိကန် သံရုံးမှ တာဝန်ရှိသူများက ဆိုရာတွင် ၎င်းတို့သည် အများပြည်သူထံမှ ရရှိလာသော ရုပ်ကြွင်းများနှင့် သတင်းအချက်အလက်များအတွက် အပြန်အလှန်အားဖြင့် ဘာမျှ ပေးအပ်ခဲ့ခြင်း မရှိကြောင်း ဆိုသည်။

ဟာဝိုင်အီရှိ Pelatron ဌာနချုပ်မှ တာဝန်ရှိသူများသည် တစ်စုံတစ်ရာ ဖော်ပြပြောဆိုရန် ငြင်းပယ်ခဲ့ သည်။ ရန်ကုန်မြို့ရှိ Pelatron ရုံးခွဲမှ ကြီးကြပ်သူက ပြောရာတွင် ၎င်းသည် သတင်းသမားများနှင့် မတွေ့ဆုံရန် အထက်က အမိန့်ပေးထားသဖြင့် ဘာမျှ ပြောဆိုနိုင်ခြင်းမရှိဟု ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.