နေ့မြင် ညပျောက်

တောရိုင်းတိရစ္ဆာန်များကို ရောင်းဝယ်မှု၊ သစ်ထုတ်လုပ်ခြင်း၊ တူးဖော်ခြင်းနှင့် စိုက်ပျိုးရေး လုပ်ငန်များကြောင့် မြန်မာနိုင်ငံ ဇာတိဖြစ်သော အပင်နှင့် တိရစ္ဆာန် မျိုးစိတ်များ မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ် ကျရောက်နေသည့်အပြင် မြန်မာနိုင်ငံရှိ ကျားမျိုးစိတ်များသည်လည်း မျိုးတုန်းလုနီးပါး ဖြစ်နေသည်

အိုလီဗာဆလိုး ရေးသားသည်။

မြန်မာနိုင်ငံတွင် တရားမဝင် သစ်ခိုးထုတ်မှုများနှင့် တောရိုင်းတိရိစ္တာန်များကို ကုန်သွယ်မှုများကို နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့များက အာရုံစိုက်လာကြပြီး အချို့သော မျိုးစိတ်များသည် မျိုးတုန်းမည့်အန္တရာယ် ကျရောက်နေပြီဟု ၎င်းတို့က သတိပေးနေကြသည်။

မြန်မာနိုင်ငံသည် ရေခဲများ ဖုံးလွှမ်းနေသော တောင်တန်းများ၊ မိုးသစ်တောများ၊ ကျယ်ပြန့်သော မြစ်ကြီးများနှင့် မြစ်ဝကျွန်းပေါ်ဒေသများစသော သဘာဝပတ်ဝန်းကျင် မျိုးကွဲများ များပြားပြီး အရှေ့တောင်အာရှဒေသတွင် တောရိုင်းတိရိစ္တာန်နှင့် သစ်ပင်မျိုးစိတ်များ အများအပြားရှိသော နိုင်ငံတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံ ဇာတိ မျိုးစိတ်များတွင် တွားသွားသတ္တဝါများသည် အများဆုံးဖြစ်ပြီး စုစုပေါင်း ၂၉ မျိုး ရှိနေသည်။ ထို့နောက်တွင် အပင်များက ရှစ်မျိုးဖြင့် နောက်မှ လိုက်နေသည်။ မြန်မာနိုင်ငံ ဇာတိ ငှက်မျိုးစိတ် လေးမျိုးရှိပြီး တစ်ခုတည်းသော မြန်မာနိုင်ငံဇာတိဖြစ်သည့် နို့တိုက်သတ္တဝါမှာ ရွှေသမင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း သစ်တောဧရိယာ ဟက်တာ ၁ ဒသမ ၇ သန်း ဆုံးရှုံးခဲ့သည်ဟု လန်ဒန်အခြေစိုက် Environmental Investigation Agency က ပြီးခဲ့သည့် စက်တင်ဘာလက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုနှုန်း သည် ဒေသတွင်း အမြင့်မားဆုံးစာရင်းတွင် ပါဝင်သည်ဟုလည်း ၎င်းအဖွဲ့က ဖော်ပြထားသည်။

အခြားသော ခြိမ်းခြောက်မှုတစ်ခုမှာ တောရိုင်းတိရိစ္တာန်များကို ကုန်သွယ်ခြင်း နှင့် ၎င်းတို့၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ရောင်းချခြင်း ဖြစ်သည်။

“တောရိုင်းတိရိစ္တာန်များကို ရောင်းချခြင်းက မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှ ဒေသတစ်ခုလုံးမှာ တိုးပွားနေတာပါ” ဟု တောရိုင်းတိရိစ္တာန် ကုန်သွယ်မှုကို စောင့်ကြည့်လေ့လာသည့် အဖွဲ့ဖြစ်သည့် TRAFFIC ၏ အရှေ့တောင်အာရှဒေသ ညွှန်ကြားရေးမှူး Chris Shepherd က ပြောကြားသည်။ လူများသည် ဝယ်ယူနိုင်စွမ်းများ ပိုမိုများပြားလာပြီး ဝင်ငွေများလည်း ပိုမိုများပြားလာကြသည့်အပြင် အခြေခံအဆောက်အအုံများသည်လည်း ပိုမိုကောင်းမွန်လာသဖြင့် တောရိုင်းတိရိစ္တာန်များနှင့် ထုတ်ကုန်များကို ပိုမိုလွယ်ကူစွာ သယ်ယူပို့ဆောင်လာနိုင်ကြသည်ဟု ၎င်းကပြောသည်။

TRAFFIC က မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ  သင်းခွေချပ် များကို ကုန်သွယ်မှုအကြောင်းကိုလည်း ထည့်သွင်း ဖော်ပြ ထားသည်။ သင်းခွေချပ်များသည် ညဘက်တွင် ကျက်စားသော နို့တိုက် သတ္တဝါဖြစ်ပြီး ကမ္ဘာပေါ်တွင် တရားမဝင် ကုန်သွယ်မှု အများဆုံးခံရသည့် တောရိုင်းတိရိစ္တာန်ဖြစ်သည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သော မိုင်းလားမြို့တွင် သင်းခွေချပ်များကို ရောင်းချမှုများ တိုးပွားလာလျှက်ရှိကြောင်းနှင့် မိုင်းလားသည် မြန်မာနိုင်ငံတွင် တောရိုင်းတိရိစ္တာန်များ ရောင်းချမှု အများဆုံး ဈေးကွက်တစ်ခုဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သင်းခွေချပ်များကို မြန်မာနိုင်ငံ၏ အခြားနေရာများတွင်လည်း ရောင်းချနေကြောင်း လားရှိုးမြို့တွင် နေထိုင်သူတစ်ဦးက ပြောပြသည်။ လားရှိုးမြို့တွင်သင်းခွေချပ်များကို တခြားသော ဒေသထွက်မဟုတ်သည့် တောရိုင်းတိရိစ္တာန်များနှင့် တွဲ၍ ရောင်းချကြသည်ကို တွေ့ရသည်ဟု ၎င်းကဆိုသည်။ မြန်မာ တရုတ် နှစ်ဘာသာဖြင့် ဝက်ဆိုက်တစ်ခုဖြစ်သော md-zw.com တွင် ရိုးရာဆေးအဖြစ်သုံးသော သင်းခွေချပ်များကို ပုံမှန်ကြော်ငြာ ရောင်းချနေသည်ကို တွေ့ရသည်။

“သင်းခွေချပ်တွေ ဘယ်လောက်ရှိသေးတယ်ဆိုတာ ခန့်မှန်းတွက်ချက်တာတွေတောင် မရှိသေးဘူး။ လောလောဆယ်တော့ သင်းခွေချပ် အကောင်ရေ ဘယ်လောက်ကျန်တယ်ဆိုတာ မသိနိုင်သေးဘူး။ ကျွန်တော်တို့ သိနိုင်တာက သင်းခွေချပ်တွေကို တွေ့ရခဲသွားပြီ။ တရားမဝင် ဈေးကွက်တွေမှာလည်း သိပ်မတွေ့ရတော့ဘူး။ အာရှဒေသက သင်းခွေချပ်တွေ လျော့နည်းလာတော့ အာဖရိက မျိုးစိတ်လေးခုကို ဝယ်လိုအားတက်လာတယ်” ဟု Mr Shepherd က ပြောသည်။

၂၀၁၄ ခုနှစ် အစီရင်ခံစာအရ တောရိုင်းတိရိစ္တာန်
ပြစ်မှုပေါင်း ၁၂၉ ခု ဖြစ်ပွားခဲ့သည့်အနက်
အများဆုံးမှာ ရှမ်းပြည်နယ်တွင်ဖြစ်

ကမ္ဘာလုံးဆိုင်ရာ တောရိုင်း တိရိစ္တာန် တရားမဝင် ကုန်သွယ်မှုသည် နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၀ ဘီလျံခန့် တန်ဖိုးရှိသည်ဟု သိရသည်။ ထို့ပြင် တောရိုင်းတိရိစ္တာန်မျိုးစိတ်များ ထိန်းသိမ်းရေးများ လုပ်ဆောင်နေရာတွင် တရားမဝင် ရောင်းချမှုများသည် စားကျက်မြေများ ပျက်ဆီးမှုပြီးလျှင် ဒုတိယ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေသည်။

၁၉၉၄ ခုနှစ် Protection of Wildlife and Protected Area Law အရ ကာကွယ်စောင့်ရှောက်ထား သော တောရိုင်းတိရိစ္တာန်များကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ ပိုင်ဆိုင်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ဒဏ်ရာ အနာတရ ဖြစ်စေခြင်း၊ နိုင်ငံခြားတင်ပို့ခြင်းတို့ ပြုလုပ်ပါက အကြီးမားဆုံး ပြစ်ဒဏ်သည် ထောင်ဒဏ် ခုနစ်နှစ် ကျခံစေခြင်းနှင့် ဒဏ်ငွေကျပ် ၅၀,၀၀၀ ဖြစ်သည်။

သစ်တောဦးစီးဌာန၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာအရ တောရိုင်းတိရိစ္တာန် ပြစ်မှုပေါင်း ၁၂၉ ခု ဖြစ်ပွားခဲ့သည့်အနက် အများဆုံးမှာ ရှမ်းပြည်နယ်တွင်ဖြစ်ပြီး ၃၇ မှု ဖြစ်ပွားခဲ့သည်။ ဒုတိယ အများဆုံးမှာ မန္တလေးတိုင်းဒေသကြီးတွင် ဖြစ်ကာ ၂၂ မှုနှင့် တတိယအများဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး ၁၀ မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဖြစ် အများဆုံး ပြစ်မှုများမှာ ဆင်များ၊ ဆင်၏ အင်္ဂါအစိတ်အပိုင်းများ၊ သစ်ခွပင်များ၊ သင်းခွေချပ် များ၊ သမင်များနှင့် လိပ်များကို တရားမဝင် ကုန်သွယ်မှု ဖြစ်သည်။

ထိုအစီရင်ခံစာတွင် ကျားများနှင့် ကျားခန္တာကိုယ် အစိတ်အပိုင်းများကို ရောင်းဝယ်မှုများနှင့် ပတ်သက်ပြီး ဖော်ပြပြောဆိုထားခြင်း မရှိပေ။ သို့သော် မြန်မာနိုင်ငံတွင် ကျားကောင်ရေ ကျဆင်းနေရခြင်းမှာ တရားမဝင် အမဲလိုက်ခြင်းနှင့် ဆက်နွယ်နေသည်ဟု Flora and Fauna International မှ အစီအစဉ်ညွှန်ကြားရေးမှူး Mark Quigley က ပြောကြားသည်။

ကျားအရေအတွက် စစ်တမ်းကောက်ယူမှုကို သစ်တောဦးစီးဌာနနှင့် နယူးယောက်အခြေစိုက် Wildlife Conservation Society တို့ ပူးပေါင်းထုတ်ပြန်သော Tiger Action Plan အတွက် ၂၀၀၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ အောက်သာ ကျန်ရှိတော့ကြောင်းနှင့် ထိုအရေအတွက်သည် လျင်မြန်စွာ လျော့နည်းလာလျှက်ရှိကြောင်း၊ အရေးယူ လုပ်ဆောင်ခြင်း မရှိပါက မကြာမီတွင် ကျားများ မျိုးပြုန်းသည့် အန္တရာယ် ကျရာက်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကျားကောင်ရေ အများဆုံးရှိသည့် ကချင်ပြည်နယ်တွင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ စိုက်ပျိုးရေးအတွက် မြေယာရှင်းလင်းခြင်း များကြောင့် စားကျက်မြေများ ပျက်ဆီးခြင်းသည် ကျားများ၏ အသက်ရှင်သန်ရေးကို ခြိမ်းခြောက်နေသည်။

“ကျားအရေအတွက်က အလွန်ကို နည်းနေပြီ။ အရေအတွက် လျော့ကျလာနေတယ်ဆိုတဲ့ သက်သေတွေပဲ တိုးတိုးလာတယ်။ ကျားတွေက ရှားပါးလာတော့ ပိုက်ဆံအများကြီး တန်ဖိုးတက်လာတာပဲ ရှိတယ်” ဟု မစ္စတာ Quigley က ပြောသည်။

ယနေ့မြန်မာနိုင်ငံတွင် ကျားအရေအတွက် ၁၅၀ အောက်သာ ရှိတော့သည်။ ဓာတ်ပုံ - Fredy Mercay WWF

ယနေ့မြန်မာနိုင်ငံတွင် ကျားအရေအတွက် ၁၅၀ အောက်သာ ရှိတော့သည်။ ဓာတ်ပုံ – Fredy Mercay WWF

၂၀၀၄ ခုနှစ်တွင် စစ်အစိုးရသည် ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းတွင် ကမ္ဘာ့အကြီးဆုံး ကျားဘေးမဲ့တောကို သတ်မှတ် လျာထားပေးခဲ့သည်။ ၎င်း ဘေးမဲ့တောမှာ ၆,၅၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

၂၀၁၀ ခုနှစ်တွင် ထိုတောရိုင်းတိရိစ္တာန် ဘေးမဲ့တောကို ဟူးကောင်းချိုင့်ဝှမ်း တစ်ခုလုံးအထိ လွှမ်းခြုံနိုင်အောင် အစိုးရက ချဲ့ထွင်သတ်မှတ်ပေးခဲ့သည်။ ထို့ကြောင့် ထိုဘေးမဲ့တောသည် စတုရန်းကီလိုမီတာ အကျယ် ၂၂,၀၀၀ အထိ ရှိလာသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ကျားကောင်ရေ ၁၀ ကောင်အောက်သာ ရှိတော့သည်ဟု World Wildlife Fund အဖွဲ့၏ ဒေသဆိုင်ရာမန်နေဂျာ Thomas Gray က ပြီးခဲ့သောနှစ် ကမ္ဘာ့ကျားများနေ့က ဘန်ကောက်မြို့ ၌ ပြောကြားခဲ့သည်။

World Wildlife Fund Myanmar ၏ ထိန်းသိမ်းရေး အစီအစဉ် မန်နေဂျာ Nicholas Cox က မြန်မာနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဝေးလံခေါင်သီသော နေရာများသည် ကျားများကုန်သွယ်မှုနှင့် တခြားမျိုးတုန်း မည့် အန္တရာယ် ကျရောက်နေသော မျိုးစိတ်များကို တရားမဝင် ကုန်သွယ်ရာ အဓိက နေရာများ ဖြစ်သည်ဟု ပြောကြားသည်။ ကျားများ ပြန်လည် ပေါက်ပွား တိုးပွားလာနိုင်မည့် အလားအလာရှိသော နေရာများတွင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများကို အရေးယူလုပ်ဆောင်ရန် လိုအပ်နေပြီဟု ၎င်းကပြောသည်။

အခြားနိုင်ငံများတွင် ကျားနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်ပြီး အောင်မြင်သည့် သာဓကတစ်ချို့ ရှိခဲ့သည်။ ၎င်း၏ ကျားအရေအတွက်သည် လေးနှစ်အတွင်း ၃၀ ရာခိုင်နှုန်း တိုးပွားလာသည်ဟု ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံက ပြောကြားသည်။ နီပေါနိုင်ငံကမူ ၎င်း၏ ကျားအရေအတွက်သည် ပြီးခဲ့သော လေးနှစ်အတွင်း  ၆၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့သည်ဟု ၂၀၁၃ ခုနှစ်တွင် ပြောကြားခဲ့သည်။ ထိုကဲ့သို့ တိုးပွားလာမှုသည် ကျားများကို ထိန်း သိမ်းရေး အစီအစဉ်များကြောင့် ဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံသည် ထိုသို့သော အစီအစဉ်များ မလုပ်ဆောင်နိုင်ပါက နိုင်ငံတွင်းမှ ကျားများ ထာဝရ ပျောက်ကွယ်သွားမည် ဖြစ်သည်။

ခေါင်းစီးပုံ- ရှမ်းပြည်နယ်၊ မိုင်းလားမြို့နယ်ရှိ ဈေးတစ်ခုတွင် တိရိစ္တာန် ခန္တာကိုယ် အစိတ်အပိုင်းများကို ရောင်းချနေသော ဈေးဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ ဓာတ်ပုံ- Traffic /EPA

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.