နေရှင်နယ်လိဂ်၊ နိုင်ငံရေး အပြောင်းအလဲနဲ့ ဘောလုံးလောက အနာဂတ်

စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်မှာ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ တည်ထောင်ထားကြတဲ့ မြန်မာနေရှင်နယ်လိဂ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာတော့ အရင်အစိုးရတွေလက်ထက်တုန်းက ရခဲ့တဲ့ အခွင့်အရေးတွေ ဆိတ်သုန်းသွားပြီး အဖက်ဖက်က ဖိအားတွေနဲ့ ရင်ဆိုင် နေရပါတယ်။

ထွန်းခိုင် ရေးသားသည်။

ဘရာဇီးကစားသမား မာစီယိုဂိုးမက် ဖန်တီးပေးလိုက်တဲ့ဘောလုံးကို နန်းမင်းအောင်က ရတနာပုံအသင်း ဂိုးပေါက်ထဲ ခေါင်းတိုက်ပြီး သွင်းလိုက်ချိန်မှာတော့ မုံရွာကွင်းထဲက ဇေယျာရွှေမြေ ပရိသတ် ၃,၀၀၀ လောက်ရဲ့ အောင်ပွဲခံတဲ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။

ဇူလိုင် ၁၀ ရက်နေ့က အဲဒီပွဲဟာ စစ်ကိုင်းတိုင်းဒေသကြီးအခြေစိုက် ဇေယျာရွှေမြေအတွက်တော့ နောက်ဆုံးအိမ်ကွင်းပွဲစဉ် ဖြစ်သလို ရာသီအကုန်မှာ အော်ရီဒူးမြန်မာ နေရှင်နယ်လိဂ် ၂၀၁၆ ချန်ပီယံ ဖြစ်လာမယ့် မန္တလေးအခြေစိုက် ရတနာပုံရဲ့ဒီနှစ်ရာသီမှာ ၁၆ ပွဲဆက် ရှုံးပွဲ မရှိစံချိန်ကို ချိုးဖျက်ခဲ့နိုင်ခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

“ရတနာပုံနဲ့ ကျွန်တော်တို့မုံရွာမှာကစားမယ့်နေ့မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဖလား ဖွင့်ပွဲလုပ်တယ်။ ပွဲစဉ်က တိုက်နေတယ်။ ကွင်းကိုဖယ်ပေးလို့ မရဘူး။ အဲဒါကို လွှတ်တော်မှာ သွားတင်တယ်။ ကျွန်တော်တို့  မပေးဘူးဆိုပြီးတော့”လို့ ဇေယျာရွှေမြေအသင်းရဲ့ အထွေထွေမန်နေဂျာဦးသိန်းအောင်က ပြောပါတယ်။

နောက်တစ်လလောက်အကြာ သြဂုတ် ၁၂ ရက်နေ့မှာတော့ အဲဒီအဖြစ်အပျက်ဟာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ထဲကို ရောက်သွားပြီး ဇေယျာရွှေမြေအိမ်ကွင်းအဖြစ် အသုံးပြုနေတဲ့ မုံရွာအားကစားကွင်းဟာ ပြည်သူပိုင်ကွင်းဖြစ်တဲ့အတွက် ပြည်သူတွေဆီ ကွင်းကိုပြန်ပေးဖို့ လွှတ်တော်က ဆုံးဖြတ်ချက်ချလိုက်ပါ တော့တယ်။

စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်မှာ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ တည်ထောင်ထားကြတဲ့ မြန်မာနေရှင်နယ်လိဂ် (Myanmar National League-MNL) ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာတော့ အရင်အစိုးရတွေလက်ထက်တုန်းက ရခဲ့တဲ့အခွင့်အရေးတွေ ဆိတ်သုန်းသွားပြီး အဖက်ဖက်က ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မြန်မာဘောလုံးကလပ် ခြောက်ခုလောက်ဟာ ဆက်လက်ရပ်တည်ဖို့အတွက် သောင်မတင်ရေမကျဖြစ်နေပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီထဲကအချို့က အသင်းဖျက်ပြီး ဘောလုံးလောကကနေ စွန့်ခွာဖို့ ပြင်ဆင်နေကြပါပြီ။

“အခုအချိန်က MNL အတွက ်စိန်ခေါ်မှုအကြီးဆုံးနဲ့ အခက်ခဲဆုံးအချိန်၊ စိန်ခေါ်မှု အမြင့်ဆုံးအချိန်ပဲ” လို့ ၂၀၁၀ ပြည့်နှစ်ကတည်းက မြန်မာဘောလုံးလောကအကြောင်း အထူးပြုရေးသားခဲ့တဲ့ Myanmar Special Media ကို တည်ထောင်သူ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

MNL လိဂ်ကော်မတီရဲ့ စက်တင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ချက်မှာတော့ ကချင်ပြည်နယ်အခြေစိုက် မနောမြေအသင်းဟာ ဖျက်သိမ်းသွားပြီး စစ်ကိုင်းတိုင်းအခြေစိုက် ဇေယျာရွှေမြေအသင်းဟာလည်း လိဂ်ကနေ နှုတ်ထွက်သွားတယ်လို့ ဆိုပါတယ်။

000_del6451617.jpg

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ပြုလုပ်သော ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်စဉ် အားပေးနေကြသည့် မြန်မာပရိသတ်များ။ ဓာတ်ပုံ-အေအက်ဖ်ပီ

MLN (သို့မဟုတ်) ခရိုနီများအတွက် ကြော်ငြာ

မြန်မာတွေအတွက်တော့ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်တွေ ဝန်းကျင်တုန်းက အာရှမှာ ထိပ်တန်းအဆင့်ရှိခဲ့တဲ့ မြန်မာဘောလုံးအသင်းအကြောင်းဟာ အမြဲတမ်း ဂုဏ်ယူပြောဆိုနေတဲ့ အတိတ်က အောင်မြင်မှု ဖြစ်ပါတယ်။

နောက်ပိုင်းနှစ်တွေမှာတော့ အာရှထိပ်သီးဟောင်း မြန်မာအသင်းရဲ့ ခြေစွမ်းဟာ ထိုးကျလာခဲ့ပြီး အာဆီယံ ဒေသတွင်းပြိုင်ပွဲတွေမှာတောင် အိမ်ဖြည့်အသင်းအဆင့်လောက်ပဲ ရှိခဲ့ပါတော့တယ်။

ဒီလိုနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့အပြီး ၂၀၀၉ ခုနှစ်မှာတော့ မြန်မာ့ဘောလုံးလောကအတွက် အပြောင်းအလဲတစ်ခု စတင်လာပါတော့တယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ ငယ်ရွယ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတယ်လို့ လူသိများတဲ့ ဦးဇော်ဇော်က မြန်မာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုက်ပြီး မြန်မာနိုင်ငံက အပျော်တမ်းလိဂ်ကို ပရော်ဖက်ရှင်နယ်လိဂ်တစ်ခုအဖြစ် ကူးပြောင်းဖို့ ကြိုးစားပါတော့တယ်။

အစိုးရဝန်ကြီးဌာနတွေက တည်ထောင်ထားတဲ့ဘောလုံးအသင်းတွေကို ဖျက်သိမ်းပြီး ပရော်ဖက်ရှင်နယ် ဘောလုံးကလပ်တွေ ထူထောင်ဖို့ စစ်ဗိုလ်ချုပ်ကြီးတွေက မီးစိမ်းပြလိုက်ပြီးတဲ့နောက်ပိုင်းမှာ မြန်မာနေရှင် နယ်လိဂ် စတင်ပေါက်ဖွားလာပါတော့တယ်။

မြန်မာနိုင်ငံက လူသိများတဲ့သူဋ္ဌေးကြီးရှစ်ဦးဟာ တိုင်းနဲ့ ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ဘောလုံး အသင်းတွေကို ထူထောင်ဖို့ ပြင်ဆင်ကြပါတော့တယ်။

ကိုယ်ပိုင်ဘောလုံးကလပ်အသင်းတွေ တည်ထောင်ဖို့ ဆောင်ရွက်ခဲ့ကြတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကတော့ ဦးတေဇ (Htoo Trading)၊ ဒေါက်တာစိုင်းဆမ်ထွန်း (Loi Hein Company)၊ ဦးထွန်းမြင့်နိုင်(ခေါ်)စတီဖင်လော(Asia World Group)၊  ဦးအောင်မိုးကျော်(IBTC)၊ ဦးဌေးမြင့်(ယုဇန)၊ ဦးဝင်းမြင့် (ရွှေနဂါးမင်း)၊ ဦးချစ်ခိုင်(ဧဒင်)နဲ့ ဦးအောင်ကိုဝင်း(ကမ္ဘောဇ)တို့ပဲ ဖြစ်ပါတယ်။

သူတို့တွေဟာ တပ်မတော်အစိုးရနဲ့ နီးစပ်သူတွေဖြစ်ကြပြီး လူထုကြားမှာတော့ ခရိုနီတွေအဖြစ် နာမည်ကြီးပါတယ်။

စစ်အစိုးရ အုပ်ချုပ်မှုလက်အောက်မှာ တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ ရှင်သန်နေရတဲ့ မြန်မာဘောလုံးပရိတ်သတ်တွေဟာ အသင်းပိုင်ရှင်တွေအကြောင်းကို ဂရုမစိုက်ကြတော့ပဲ ဘောလုံးကွင်းတွေဆီ အရောက်သွားခဲ့ကြပါတယ်။

ဒီလိုနဲ့ မြန်မာနေရှင်နယ်လိဂ် အစပိုင်းကာလဟာ အောင်မြင်ခဲ့ပြီး ဘောလုံးကွင်းတွေဟာလည်း တပ်မတော် အစိုးရခေတ်မှာ လူတွေ ထောင်သောင်းချီပြီး တရားဝင် စုဝေးလို့ရတဲ့ တစ်ခုတည်းသောနေရာတွေ ဖြစ်လာခဲ့ပါတယ်။

လိဂ်ဟာအစပိုင်းကာလတွေမှာ ပရိသတ်တွေ တိုးပြီးရင်းတိုးလာပြီး လိဂ်အဆင့်အတန်းဟာ အပေါင်းလက္ခဏာ ပြခဲ့ပေမယ့် အသင်းပိုင်ရှင်သူဌေးကြီးတွေအတွက်တော့ ပြောင်းပြန်ဖြစ်လာခဲ့ပါတယ်။ ဘောလုံးအသင်းတွေက ဝင်ငွေမရှိလောက် နည်းပါးပြီး ကုန်ကျငွေပဲရှိတာကြောင့် သူတို့ ငွေစာရင်းတွေမှာ အနှုတ်လက္ခဏာတွေသာ ပြနေခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ်အသင်းတွေကို စီမံအုပ်ချုပ်သူတွေအဆိုအရ ဘောလုံးကလပ်တစ်ခုရဲ့ တစ်နှစ်အသုံး စားရိတ်က ကျပ်သိန်း ၆,၀၀၀ ကနေ သိန်း ၁၀,၀၀၀ ကြားမှာ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဘောလုံးအသင်းကနေ ပြန်ရတဲ့ငွေက အသင်းရဲ့ ဧည့်ခံကြွေးမွေးရေးစားရိတ်တောင် မရှိဘူးလို့ ဇေယျာရွှေမြေအသင်းရဲ့ အထွေထွေမန်နေဂျာ ဦးသိန်းအောင်က ပြောပါတယ်။

“ဝင်ငွေက တစ်ပြားမှမရဘူး”လို့ ဦးသိန်းအောင်က ပြောပါတယ်။

tzh_mnl_9horizon_fc_.jpg

ကျိုက္ကဆံ အားကစားကွင်းတွင် Horizon FC မှ အသင်းသားများ လေ့ကျင့်နေကြစဉ်။ ဓာတ်ပုံ-တေဇလှိုင်

ဒါပေမဲ့သူဌေးကြီးတွေဟာ ဘောလုံးအသင်း တည်ထောင်ထားတဲ့အတွက် စစ်အစိုးရကထံက စီးပွားရေးအခွင့်အလမ်းတွေ ရရှိနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ဘောလုံးအသင်းပိုင်ရှင် လုပ်ငန်းရှင်တွေကတော့ ဒါကို တစ်စိုက်မတ်မတ် ငြင်းဆိုခဲ့ကြပြီး သူတို့က မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် မျိုးချစ်စိတ်နဲ့ လုပ်ကိုင်နေကြတာလို့ အစဉ် တုန့်ပြန်လေ့ ရှိကြပါတယ်။

“ဘောလုံးအသင်းထောင်လို့ အစိုးရက ပိုက်ဆံပေးခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် ပိုက်ဆံ(စီမံကိန်းတွေ) ရခဲ့တဲ့ သူကို ဘောလုံးအသင်းထောင်ခိုင်းတာ”လို့ Myanmar Special Media အားကစားသတင်းဌာနကို တည်ထောင်သူ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

တစ်နှစ်ကို ကျပ်သိန်းပေါင်းထောင်ပေါင်းများစွာ ကုန်ကျနေပေမယ့် ကလပ်အသင်းပိုင်ရှင်သူဌေးကြီးတွေက ဘောလုံးလောကမှာ ဆက်လက်ရင်းနှီးမြှုပ်နှံနေဆဲပါ။

ငွေကြေးအမြတ်အစွန်းရစရာ အကြောင်းမရှိတာ လူတိုင်းသိပေမယ့် မြန်မာ့ဘောလုံးကလပ်တွေမှာ ရင်းနှီးမြှုပ်နှံတဲ့သူတွေ လျှော့မသွားတဲ့အပြင် ထပ်မံတိုးလာခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်ဘောလုံးအသင်း ရှစ်သင်းသာရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် လိဂ်တစ်ခုမှာ အသင်းတစ်ဒါဇင်စီပါတဲ့ လိဂ်နှစ်ခုနဲ့ အသင်းစုစုပေါင်း ၂၄ သင်းလောက် ပါဝင်ယှဉ်ပြိုင်နေကြပါပြီ။

စီးပွားရေးမှာ ပါးနပ်ကြတဲ့ မြန်မာသူဌေးကြီးတွေက ငွေကြေးအမြတ်အစွန်း လုံးဝမရတဲ့ မြန်မာ့ဘောလုံးလောကမှာ ဆက်လက်ရင်းနှီးမြုပ်နှံထားတာ ဘာကြောင့်ပါလဲ။

“မြန်မာနိုင်ငံမှာ လူစိတ်ဝင်စားတာ နံပါတ်တစ်က နိုင်ငံရေးပဲ။ နံပါတ်နှစ်က ဘောလုံးပဲ” လို့ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

ဒါကိုလည်း ဘောလုံးအသင်းပိုင်ရှင် သူဌေးကြီးတွေက ကောင်းကောင်းသိနေခဲ့ပါတယ်။

ဘောလုံးမှာ ရင်းနှီးမြုပ်နှံတာဟာ တပ်မတော်အစိုးရလက်ထက်မှာ ကြွယ်ဝချမ်းသာလာတဲ့ သူဌေးကြီးတွေကို လူတွေအမြင်မှာ “ခရိုနီ”ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေမှုကနေ အဆုံးသတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အကောင်းဆုံးပြစရာ နမူနာတစ်ခုပါ။

ဦးဇော်ဇော်ရဲ့ ကိုယ်ပိုင်ငွေကြေးနဲ့စီမံခန့်ခွဲမှုအထောက်အပံ့တွေကြောင့် မြန်မာလူငယ်အသင်းဟာ နယူးဇီလန်မှာ ကျင်းပခဲ့တဲ့ ၂၀၁၅ ခုနှစ် အသက် ၂၀ အောက် U-20 ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့ပြီး မြန်မာ့သမိုင်းတလျှောက် ပထမဆုံးသော ကမ္ဘာ့ဖလားရောက် ဘောလုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မြန်မာဘောလုံးလောကအတွက် ကိုယ်ပိုင်ငွေ ကျပ်သိန်းထောင်ချီပြီး စိုက်ထုတ်သုံးစွဲခဲ့တဲ့ ဦးဇော်ဇော်ဟာ ခရိုနီဆိုတာထက် မြန်မာ့ဘောလုံးလောကအတွက် မရှိမဖြစ် သူရဲကောင်းတစ်ယောက် ဖြစ်နေပါပြီ။

ဦးဇော်ဇော်ဦးဆောင်တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အတွက် အစိုးရဆီက အတောက်အပံ့ရတာ နည်းလွန်းတာကြောင့် ဦးဇော်ဇော်က ငွေကြေးအမြောက်အများ စိုက်ထုတ်သုံးစွဲနေရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သြဂုတ်လအတွင်းမှာ ထုတ်ပြန်ချက်အရ ဦးဇော်ဇော်က ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၀၅ ကနေ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်တာအတွင်း  ကျပ် ၁၉ ဘီလျံလောက် စိုက်ထုတ်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

“တခြားခရိုနီတွေလဲ(လူမှုရေးတွေ) လုပ်ကြတာပဲ။ ဒါပေမယ့်  သူ (ဦးဇော်ဇော်)ကျတော့ ဘောလုံးနဲ့ ပတ်သက်တယ်လေ။ ဘောလုံးကလည်း သည်းခြေကြိုက်ကို”လို့ ဦးဇော်ဇော်ကို လူကြိုက်များရတဲ့အကြောင်းအရင်းကို တက်လမ်း အားကစားဂျာနယ်အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်က ပြောပါတယ်။

ဦးဇော်ဇော်လိုပဲ တခြားသူဌေးကြီးတွေအတွက်လည်း ဘောလုံးမှာ ပါဝင်ပတ်သက်တာကနေ မမြင်ရတဲ့ အကျိုးအမြတ်တွေ ရခဲ့တယ်လို့ အားကစားကလောင်ရှင်တွေက ဆိုပါတယ်။

ဘောလုံးကလပ်အသင်းတွေမှာ ရင်းနှီးမြုပ်နှံတာက ငွေကြေးအမြတ်အစွန်းဆိုတာထက် ဘောလုံးအသင်းနဲ့အတူ တွဲပြီးရလာတဲ့ ပုံရိပ်ကို ပိုမိုအားထားကြတာဟာ နိုင်ငံတကာမှာ ရေပန်းစားနေသလို မြန်မာပြည်မှာလဲ ခေတ်စားခဲ့ပါတယ်။

“ကလပ်အသင်းတသင်း ထူထောင်တယ်ဆိုတာ ကော်ပိုရေးရှင်းကြီးတွေ၊ စီးပွားရေးသမားကြီးတွေက သူတို့ရဲ့ ပုံရိပ်ကို ထူထောင်တာပါပဲ။ နိုင်ငံတကာမှာလဲ ဒီအတိုင်းဘဲ”လို့ ဦးချစ်ဝင်းမောင်က ပြောပါတယ်။

မအောင်မြင်သော စီမံကိန်း

နေရှင်နယ်လိဂ်စတင်ခဲ့တာ ရှစ်နှစ်အကြာမှာ မြန်မာ့ဘောလုံးလောကကို ပြန်ကြည့်ရင် မြန်မာ့ဘောလုံးလောကအတွက်လို့ ကြွေးကျော်ပြီး တစ်နှစ်မှာ ကျပ်သိန်းထောင်သောင်းချီ အကုန်အကျခံခဲ့ကြတဲ့ သူဌေးကြီးတွေရဲ့ ရည်မှန်းချက်တွေက ထင်ရှားတဲ့ အောင်မြင်မှု မရခဲ့ပါဘူး။

အပျော်တန်းလိဂ်ကနေ ပရော်ဖက်ရှင်နယ်လိဂ်ပြောင်းလိုက်ရင် တစ်ချိန်က အာရှမှာထွန်းတောက်ခဲ့တဲ့ မြန်မာ့ဘောလုံးလောက ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ထားခဲ့ကြတာတွေဟာလည်း ပြောင်းပြန်တွေ ဖြစ်ကုန်ပါတော့တယ်။

အာရှထိပ်သီးဖြစ်ဖို့ ရည်မှန်းချက်နဲ့ ပရော်ဖက်ရှင်နယ်အဖြစ် ကူးပြောင်းခဲ့ပေမယ့် အရှေ့တောင်အာရှဒေသမှာ အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ AFF SUZUKI  ဖလားမှာတောင် အဆိုးရွားဆုံး ရှုံးနိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

MNL မစခင် ၂၀၀၉ ခုနှစ် အရှေ့ပိုင်းကာလတွေမှာ ယှဉ်ပြိုင်ခဲ့တဲ့ AFF SUZUKI ဖလား သုံးကြိမ်ဖြစ်တဲ့ ၂၀၀၄၊ ၂၀၀၇ နဲ့ ၂၀၀၈ ခုနှစ်တွေမှာ မြန်မာဘောလုံးအသင်းဟာ အကြိုဗိုလ်လုပွဲကို တစ်ကြိမ် တက်ရောက်ခဲ့ပါတယ်။ အဲဒီသုံးနှစ်အတွင်း ၁၂ ပွဲကစားခဲ့ရာမှာ နိုင်ပွဲလေးပွဲရရှိခဲ့ပြီး တစ်ပွဲပျမ်းမျှ ၁ ဒသမ ၃ မှတ်နှုန်း ရရှိခဲ့ပါတယ်။

အပျော်တမ်းအဆင့်ကနေ အရော်ဖက်ရှင်နယ်အဆင့် ကူးပြောင်းပြီးတဲ့ နောက်ပိုင်းမှာသွားရောက်ကစားခဲ့တဲ့ သုံးကြိမ်ဖြစ်တဲ့ ၂၀၁၀၊ ၂၀၁၂ နဲ့ ၂၀၁၄ ခုနှစ်တွေမှာတော့ နိုင်ပွဲတစ်ပွဲမှ မရခဲ့ပါဘူး။ အဲဒီသုံးကြိမ်အတွင်းကိုးပွဲ ကစားခဲ့ရာမှာ သုံးပွဲသရေရလာဒ်သာ ရခဲ့ပြီး တစ်ပွဲပျမ်းမျှ ၀ ဒသမ ၃ မှတ်နှုန်းပဲ ရရှိခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အစောပိုင်းကာလတွေက လူထောင်သောင်းချီ ကြည့်ခဲ့ကြတဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲတွေဟာ အခုဆိုရင် ပွဲစဉ်အများစုမှာ ပရိသတ် ၁၀၀ တောင် မပြည့်တော့ပါဘူး။

ဘောလုံးကွင်းကို ပရိသတ်တွေ စွန့်ခွာသွားရတဲ့အကြောင်းရင်းက မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း  နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်မြင်မှုမရလို့ စိတ်ပျက်တာတစ်ခုတည်းကြောင့် မဟုတ်ဘူးလို့ မြန်မာဘောလုံးအကြောင်း ဆယ်စုနှစ်နှစ်ခုနီးပါး ရေးသားလာတဲ့ ဦးချစ်ဝင်းမောင်က ပြောပါတယ်။

ကလပ်အသင်းတည်ထောင်ခဲ့တဲ့ ပိုင်ရှင်တွေရဲ့ ခရိုနီဆိုတဲ့တံဆိပ်က လူတွေရင်ထဲ စွဲနေခဲ့တာကြောင့်လည်း ဖြစ်တယ်လို့ သူကဆိုပါတယ်။

“ဒေသခံတွေအမြင်မှာ ဘောလုံးအသင်းပိုင်ရှင်တွေက ခရိုနီတွေပေါ့”လို့ ဦးချစ်ဝင်းမောင်က ပြောပါတယ်။

မနောမြေဘောလုံးအသင်းဟာ ကချင်ပြည်နယ် ကိုယ်စားပြုအဖြစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အသင်းတစ်သင်းဖြစ်ပြီး သူတို့အသင်းရဲ့ အခြေစိုက်ဒေသကို မြစ်ကြီးနားလို့ ကြေညာထားပါတယ်။

ဒါပေမဲ့ ကချင်ပြည်နယ်မှာ မနောမြေဘောလုံးအသင်းအကြောင်း သိတဲ့သူတွေ သိပ်နည်းတယ်လို့ မြစ်ကြီးနား အခြေစိုက် မြစ်ကြီးနားဂျာနယ်က အားကစားသတင်းထောက် ဆလိုင်းခွင်ရှိန်းက ပြောပါတယ်။

“မနောမြေ မနှစ်က တန်းဆင်းသွားတယ်ဆိုတာတောင် သိပ်မသိကြဘူး” လို့ သူက ပြောပါတယ်။

000_hkg10207783.jpg

အင်းလေးကန်တွင် ဘောလုံးကစားနေကြသည့် ကလေးငယ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဘောလုံးနဲ့ နိုင်ငံရေး

“ဟိုတုန်းကတော့ ဘောလုံးအသင်းကလပ်ပိုင်ရှင်တွေက အသင်းထောင်လို့ အခွင့်အရေးတောင် ရလိုက်သေးတယ်။ ဒါပေမဲ့ အခုအစိုးရပြောင်းသွားတော့ အသင်းပိုင်ရှင်တွေမှာ တခြားဝင်ငွေမရှိတော့ဘူး” လို့ ဦးချစ်ဝင်းမောင်က ပြောပါတယ်။

ငွေကြေးရှူံးပြီးရင်းရှုံးနေတဲ့ကြားထဲ အစိုးရအပြောင်းအလဲမှာ တခြားဖိအားတွေကိုလည်း ရင်ဆိုင်နေကြရပါတယ်။

စစ်အစိုးရ၏ ယုံကြည်ကိုးစားမှုကိုခံခဲ့ရပြီး သမ္မတဦးသိန်းစိန်လက်ထက်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖြစ်လာတဲ့ ဦးဝင်းမြင့် တည်ထောင်ခဲ့တဲ့ ဇေယျာရွှေမြေအသင်းဟာ မြန်မာနေရှင်နယ်လိဂ် (၁) က ဘောလုံးကလပ်တစ်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု ဘောလုံးအသင်း ဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမာခံဖြစ်တဲ့ ဦးဝင်းမြင့်ရဲ့  အသင်းဟာ မုံရွာမြို့လယ်က ဘောလုံးကွင်းကို သူတို့ရဲ့အိမ်ကွင်းအဖြစ်သတ်မှတ်ပြီး လိဂ်ပြိုင်ပွဲတွေ ကစားနေခဲ့တာ ငါးနှစ်ရှိပြီဖြစ်ပါတယ်။

စစ်အစိုးရနဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဘာပြဿနာမှ မရှိခဲ့ပေမယ့် အစိုးရသစ်ပြောင်းလဲလာချိန်မှာတော့ မုံရွာကွင်းကနေ ထွက်ခွာပေးပြီး ကွင်းကို ပြည်သူပိုင်အဖြစ် ပြန်အပ်ဖို့အတွက် ဖိအားပေးခံခဲ့ပါတယ်။

ဒီကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်က တိုင်းလွှတ်တော်ထဲမှာ ဦးဆောင်ဆွေးနွေးခဲ့တာပါ။

သူ့ရဲ့အဆိုအရတော့ ပြည်သူပိုင်ဘောလုံးကွင်းကို ဇေယျာရွှေမြေက အပိုင်စီးထားပြီး မူလပိုင်ရှင်တွေဖြစ်တဲ့ မုံရွာမြို့ခံတွေကို ကွင်းအတွင်း ဝင်ရောက်ကစားခွင့် ပိတ်ပင်ခဲ့တာတွေရှိတယ်လို့ ဒေသခံတွေဆီက တိုင်ကြားချက် တွေရခဲ့တယ်လို့ ဆိုပါတယ်။

“ဇေယျာရွှေမြေကို တည်ထောင်တဲ့သူတွေကိုယ်တိုင် ကိုယ်ပိုင်ကွင်း၊ လေ့ကျင့်ရေးကွင်းတွေ ဆောက်လို့ရပေမယ့် ပြည်သူပိုင်အရင်းအမြစ်တွေကို ယူသုံးတဲ့အပေါ် ပြည်သူတွေက သဘောမကျကြတာ” လို့ မုံရွာမြို့ခံ ကိုဇော်သူရိန်ထွန်းက ပြောပါတယ်။

ဇေယျာရွှေမြေအသင်းကို အကျပ်အတည်းဖြစ်အောင်လုပ်တာမဟုတ်ပဲ မုံရွာဒေသခံတွေရဲ့ ဆန္ဒကို အကောင်အထည် ဖော်ပေးတာလို့ ဒေါ်အောင်ကြည်က ဆိုပါတယ်။

“ဒီကိစ္စက နိုင်ငံရေးနဲ့ လုံးဝမဆက်စပ်ပါဘူး”လို့လည်း ဒေါ်အောင်ကြည်က ပြောပါတယ်။

အခြားမြန်မာနေရှင်နယ်လိဂ်အသင်းဖြစ်တဲ့ ရှမ်းယူနိုက်တက်(ယခင်ကမ္ဘောဇ)နဲ့ လိဂ်(၂)က နေပြည်တော်တို့ဟာလည်း သူတို့အိမ်ကွင်းအဖြစ် အသုံးပြုထားတဲ့ကွင်းတွေဟာ ပြည်သူပိုင်ကွင်းတွေဖြစ်နေတဲ့အတွက် ပြည်သူတွေဆီကို ပြန်လည်လွှဲပေးဖို့အတွက် တောင်းဆိုခံနေရပါတယ်။

နေပြည်တော်ဘောလုံးအသင်းဟာ မြန်မာနေရှင်နယ်လိဂ်စပြီး တစ်နှစ်အကြာ ၂၀၁၀ ပြည့်နှစ်၊ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အားကစားဝန်ကြီးနဲ့ ဟိုတယ်/ခရီးဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဒေါက်တာဖြိုးကိုကိုတင့်ဆန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ ဘောလုံးကလပ်တစ်ခုလည်း ဖြစ်ပါတယ်။

လိဂ်(၂)မှာ အခုကစားနေတဲ့ ဒီဘောလုံးအသင်းကို နေပြည်တော်ကို ကိုယ်စားပြုတဲ့ဘောလုံးအသင်းအဖြစ် စစ်အစိုးရလက်ထက်က တည်ထောင်ခဲ့တာဖြစ်ပါတယ်။

အခုတော့ နေပြည်တော်က အိမ်ကွင်းအဖြစ် အသုံးပြုနေတဲ့ ပျဉ်းမနားမြို့က ပေါင်းလောင်းဘောလုံးကွင်းကနေ ထွက်ခွာပေးဖို့ မြို့ခံတွေက တောင်းဆိုနေကြပါပြီ။

“၂၀၁၁ မှာ လူ ၁၀၀ ကျော်၊ ၂၀၁၂ မှာ လူ ၁,၂၀၀ ကျော် အစိုးရဆီ လက်မှတ်ထိုးပြီး ကွင်းကိုပြန်ပေးဖို့ တောင်းခဲ့တယ်။ မရသေးဘူး။ အခု ၂၀၁၆ ဇူလိုင်မှာ တခါထပ်တောင်းထားတယ်။ လွှတ်တော်မှာလဲ မေးဖို့ အမတ်တွေ ကြိုးစားနေတယ်” လို့ ပေါင်းလောင်းကွင်း ပြန်လည်ရရှိရေးဆပ်ကော်မတီက ဦးအုန်းလွင်က ပြောပါတယ်။

“ပေါင်းလောင်းကွင်းဆိုတာ အစိုးရ တည်ပေးခဲ့တာမဟုတ်ဘူး။ ပျဉ်းမနားက ပြည်သူတွေ ကိုယ့်ဟာကိုယ် ပိုက်ဆံစိုက်၊ လုပ်အားစိုက်ပြီး ၁၉၇၃ မှာတည်ထားတဲ့ ကွင်း၊ အစိုးရကသိမ်းပြီးတော့ ဘောလုံးကလပ်ကို ပေးထားတော့ မြို့ခံလူတွေကစားဖို့ ကွင်းမရှိတော့ဘူး”လို့လည်း ဦးအုန်းလွင်က ပြောပါတယ်။

လိဂ်(၂)မှာအခုကစားနေပြီး နေပြည်တော်ဘောလုံးအသင်းရဲ့ ပြိုင်ဘက်ဖြစ်တဲ့ မနောမြေအသင်းကလည်း ဆက်လက်ရပ်တည်ရေး အကျပ်အတည်းတွေ့နေတဲ့ ကလပ်အသင်းတစ်ခုဖြစ်ပါတယ်။

မနောမြေအသင်းဟာ ယခင်က ဒီမိုကရေစီသစ် တပ်မတော်-ကချင်(New Democratic Army-Kachin) အဖွဲ့ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းမိသားစုပိုင်တဲ့ ကလပ်တစ်ခုအဖြစ်လည်း လူသိများပါတယ်။

အခုတော့နယ်ခြားစောင့်တပ် (၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃) အဖြစ် အသွင်ပြောင်းလိုက်ပြီဖြစ်တဲ့ အဲဒီတပ်ရဲ့ ခေါင်းဆောင်  ဦးဇခုန်တိန့်ယိန်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်၊ ကချင်ပြည်နယ် အမှတ် ၅ မဲဆန္ဒနယ်ရဲ့ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဒါပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၃၀ ရက်နေ့မှာ ဦးဇခုန်တိန့်ယိန်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ရုတ်သိမ်းလိုက်ပါတယ်။

မရှေးမနှောင်းမှာပဲ လိဂ်(၂)မှာ ချန်ပီယံဖြစ်ခဲ့ပြီး လာမယ့် ရာသီမှာ လိဂ်(၁)ကို ပြန်လည်ကစားခွင့်ရမယ့် မနောမြေအသင်းကို ဆက်လက်မကိုင်တွယ်တော့ဘူးဆိုပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံကို အသင်းပိုင်ရှင်တွေက အကြောင်းကြားလိုက်ပါတော့တယ်။

“ကျွန်တော်လဲမေးကြည့်တယ်။ ဦးဇခုန်တိန့်ယိန်းရဲ့ နိုင်ငံရေးကြောင့်လား။ ဘာကြောင့် အသင်းပြန်အပ်သလဲလို့။ သူတို့ဘက်က မပြောဘူး” လို့ မြစ်ကြီးနားဂျာနယ်က အားကစား သတင်းထောက် ဆလိုင်းခွင်ရှိန်းက ပြောပါတယ်။

မြန်မာ့ဘောလုံး အလားအလာ

အိမ်ကွင်းကို ပြန်အပ်ဖို့ ဖိအားပေးခံခဲ့ရတဲ့ ဇေယျာရွှေမြေက ကွင်းသာမက ဘောလုံးအသင်းကိုပါပြန်အပ်ပြီး လိဂ်မှာ ဆက်ရင်းနှီးမြုပ်နှံမှုတွေမလုပ်ဖို့ စဉ်းစားနေတယ်လို့ အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။

“(ငွေကြေးအရ အကျိုးအမြတ်မရဘူးဆိုပေမယ့်) စစ်ကိုင်းတိုင်းက လူထုက အသိအမှတ်ပြုတာလေးတော့ ခံချင်တာပေါ့။ အသိအမှတ်ပြုမခံရပဲ အပုပ်ချသလိုဖြစ်သွားတော့ သူတို့ (ပိုင်ရှင်တွေ) စိတ်ပျက်သွားတယ်” လို့ ဇေယျာရွှေမြေအသင်းရဲ့ အထွေထွေမန်နေဂျာ ဦးသိန်းအောင်က ပြောပါတယ်။

အခြားကလပ်တွေဖြစ်တဲ့ ဇွဲကပင်နဲ့ မနောမြေတို့ကလည်း လိဂ်ကနေ နှုတ်ထွက်မယ်ဆိုပြီး သတင်း ထုတ်ပြန်ထားကြပါတယ်။

“ကျနော်တို့လည်း အချိန်တစ်လ ပေးထားတယ်။ ဘာတွေဘယ်လို လာမလဲတော့ မသိဘူး” လို့ မနောမြေ ဘောလုံးအသင်းရဲ့ မန်နေဂျာ ဦးကိုမောင်က ပြောပါတယ်။

အိမ်ကွင်းပြန်အပ်ဖို့ ဖိအားပေးတာတွေခံနေရတဲ့ ဘောလုံးကလပ်တွေကြောင့် သူတို့ရဲ့မြို့ခံဒေသတွေမှာ ပြည်သူပိုင်ကွင်းတွေကို အိမ်ကွင်းအဖြစ် ငှားရမ်းဆောက်လုပ်နေတဲ့ ကလပ်အသင်းတွေလဲ အိမ်ကွင်းအစီအစဉ်ကို ပြန်လည်စဉ်းစားနေတာတွေရှိတယ်လို့ ဆိုပါတယ်။

မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်ကတော့ လိဂ်နဲ့ ပတ်သက်ပြီး ဖြစ်ပျက်နေတာတွေကို ထင်မြင်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဘောလုံးကို အစိုးရက ငွေကြေးထောက်ပံ့မှု မရှိသလောက်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ သူဌေးကြီးတွေသာ ဘောလုံးလောကမှာဆက်လက်ရင်းနှီးမြုပ်နှံမှုတွေ မလုပ်တော့ရင် မြန်မာ့ဘောလုံးလောကအတွက် စိုးရိမ်ဖွယ်ဖြစ်လာမယ်လို့ ခန့်မှန်းတာတွေလည်း ရှိနေပါတယ်။

“သူဌေးကြီးတွေမပါဘဲ MNL က ရပ်တည်ဖို့ မလွယ်သေးဘူး”လို့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့အမာခံ ပရိတ်သတ် ဦးဘိုဘိုအောင်က ပြောပါတယ်။

ဒါပေမယ့် အခြားတစ်ဖက်မှာလည်း ဝင်ငွေက ပြောပလောက်အောင်မရှိဘဲ ကုန်ကျမှုတွေများတဲ့ကြားက ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာဘောလုံးကလပ်တွေ ဘယ်လောက်အထိ ရပ်တည်နိုင်မလဲဆိုတာက မေးခွန်းထုတ်စရာပါ။

ဒီအချိန်က ဘောလုံးလောကကော၊ အစိုးရအတွက်ပါ ပြဿနာတွေကို ဖြေရှင်းရမယ့် အချိန်လို့ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

“ဒါတွေကို မကျော်လွှားနိုင်ရင်၊ တိုတိုနဲ့ လိုရင်းပြောရရင် ဘောလုံးအဆင့်အတန်း ဇောက်ထိုး ပြန်ဆင်းသွားမယ်”  လို့ သူကပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.