နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပြစ်ဒဏ်ခံအမျိုးသမီးများ

မြန်မာနိုင်ငံ ဒီမိုကရေစီကြိုးပမ်းမှုကို ထောက်ခံသည့်အတွက် ထောင်ဒဏ်ကျခံခဲ့ရသော အမျိုးသမီးများသည် သူတို့ခံစားရသည်ထက်ပို၍ အသိအမှတ် ပြုခံထိုက်ရှိသူများဖြစ်သည်။

ဆုမြတ်မွန် ရေးသားသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီကြိုးပမ်းမှုတွင် အမျိုးသမီးများသည် ထူးခြားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပြီး အများစုမှာ ထောင်တွင်း၌ ကြမ်းတမ်းသောအခြေအနေများကို ရင်ဆိုင်၍ ကာလရှည်ကြာစွာ ပြစ်ဒဏ်ကျခံခဲ့ရခြင်း အပါအဝင် ရဲစွမ်းသတ္တိ ပြည့်ဝသူတို့၏ တက်ကြွလှုပ်ရှားမှုများအတွက် ကြီးမားသောတန်ဖိုးကို ပေးဆပ်ခဲ့ကြရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပူးတွဲတည်ထောင်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးအဖြစ် နိုင်ငံတွင် အကျော်ကြားဆုံး ဖြစ်သော်လည်း နိုင်ငံရေးယုံကြည်ချက်အတွက် အကျဉ်းထောင်ထဲ၌ အချိန်ကုန်ခဲ့ရသည့် အခြားအမျိုးသမီးများ၏ စွန့်လွှတ်ခံစားရမှုများကိုမူ ကျယ်ကျယ်ပြန့်ပြန့် မသိကြပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်အတွင်းရှိ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားဟောင်း ၁၄ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောသည်။ နိုင်ငံရေးအရ ဒေါ်အောင်ဆန်းစုကြည်၏ ထင်ပေါ်ကျော်ကြားမှု ရှိနေသော်လည်း လွှတ်တော်တွင် အမျိုးသမီးများ၏ ကိုယ်စားပြုနိုင်မှုမှာ ပြည်ထောင်စုလွှတ်တော်တွင် ၁၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ၌ ၉ ဒသမ ၇ ရာခိုင်နှုန်းသာရှိသဖြင့် လွန်စွာနည်းပါးလျက်ရှိသည်။

အမျိုးသမီး နိုင်ငံရေးအကျဉ်းသားဟောင်းများသည် အနိုင်မခံ အရှုံးမပေးသောစိတ်ဓာတ်နှင့် ဒီမိုကရေစီ အရေးတော်ပုံ အောင်မြင်ရေးအတွက် စွမ်းအားကြီးမားသော ဆုံးဖြတ်ချက်ဖြင့် ရှင်သန်ရပ်တည်ခဲ့ကြသူများ ဖြစ်သည်။

သူတို့ထဲတွင် အသက် ၄၆ နှစ်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း( အင်န်အယ်လ်ဒီ၊ မင်္ဂလာတောင်ညွန့်မြို့နယ်) လည်း ပါဝင်ပြီး ၂၀၀၀ ပြည့်နှစ်က အင်းစိန်ထောင်တွင် ထောင်ဒဏ်လေးလ ကျခံခဲ့ရသူဖြစ်သည်။ သူ့ကို တရားစွဲဆိုခြင်းလုံးဝမရှိဘဲ နိုင်ငံရေးအကျဉ်းသားများအတွက် သီးခြားထားသော အင်းစိန် သီးခြားအကျဉ်းတိုက်တွင် ထိန်းသိမ်းထားကြောင်း သူကပြောသည်။

ဒေါ်ဖြူဖြူသင်းသည် မန္တလေးသို့သွားရန် စီစဉ်ထားသော ခရီးစဉ်တစ်ခုမထွက်ခွာမီ ရန်ကုန်ဘူတာကြီးအနီး အဖမ်းခံခဲ့ရသော အင်န်အယ်လ်ဒီအဖွဲ့ဝင် ၃၀ ခန့်တွင် ပါဝင်ခဲ့သည်။

“ပြန်လွှတ်ပေးတဲ့အချိန်အထိ ကျွန်မတို့ကိုဖမ်းရတဲ့ အကြောင်းရင်းကို ပြောမပြပါဘူး” ဟု ဇူလိုင် ၂၂ ရက်က Frontier ကို သူကပြောသည်။

သူတို့ကို အဝတ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့်ပင် အင်းစိန်ထောင်သို့ ခေါ်သွားသည်။

“တစ်ပတ်ကျော်လောက် ကျွန်မတို့မှာ ခါးဝတ်ခါးစားကလွဲပြီး ဘာမှဝတ်စရာမရှိဘူး။ ကျွန်မတို့အဝတ်အစားတွေ လျှော်ထားတဲ့အခါ အဝတ်တွေခြောက်တဲ့အထိ ထောင်ကပေးတဲ့စောင်ကို ခြုံထားရတယ်” ဟု ဒေါ်ဖြူဖြူသင်းကပြောသည်။

“အင်းစိန်ထောင်ကို ကျွန်မတို့ရောက်တော့ ငရဲတမျှပါပဲ။ ကျွန်မတို့ကို တစ်ပတ်လုံးလုံး နေ့ရောညပါ စစ်ဆေးတယ်” ဟု သူကပြောပြီး ဒုတိယအဆိုးရွားဆုံး အတွေ့အကြုံမှာ အစားအစာတွေ  ညံ့ဖျင်းခြင်းဖြစ်ကြောင်း သူကပြောသည်။

ဆန်ထဲတွင် သဲနှင့်ကျောက်ခဲများ ပြည့်နှက်နေပြီး ပဲများမှာလည်း ပိုးထိုးထားသည်။

“စိတ်ဓာတ်မကျအောင် ကျွန်မတို့ ကိုယ့်ကိုယ်ကို စိတ်ဓာတ်မြှင့်တင်ထားရတယ်။ ဒါကြောင့် အစားအစာနဲ့ပတ်သက်ပြီး ကျွန်မတို့ ရယ်စရာလုပ်ပစ်တယ်။ ဆန်ထဲကသဲနဲ့ခဲတွေ ရွေးကောက်ပြီးစားရတာကို ကျွန်မတို့က ‘ရွေးကောက်ပွဲ’ လုပ်တယ်လို့ ပြောကြတယ်” ဟု သူကပြောသည်။

“လေးလလုံးလုံး ကျွန်မတို့ကို အခန်းကျဉ်းလေးထဲမှာပဲ ပိတ်ထားတယ်။ အဲဒီမှာပဲ အစားအစာစားပြီး အိမ်သာသွားစရာမရှိလို့ ရေပုံးထဲမှာပဲ အပေ့ါအလေးသွားရတယ်” ဟု သူကပြောသည်။

ထောင်ထဲတွင် နေရသည့်ကာလအတွင်း ဒေါ်ဖြူဖြူသင်းထံသို့ မိသားစုဝင်များက ထောင်ဝင်စာတွေ့ခွင့်မရဘဲ သူတို့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် လခြမ်းနီအသင်းတို့မှတဆင့် အစားအစာ ပါဆယ်များကို ပို့ပေးရသည်။

အစားအစာ ပါဆယ်များမှာ အမြဲနောက်ကျမှရောက်ပြီး စားစရာအချို့မှာ လုံးဝရောက်မလာတော့ကြောင်း သူကပြောသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဟု လူသိများသော လူနေမှုကုန်ကျစရိတ် ကြီးမြင့်မှုနှင့်ပတ်သက်၍ ဖြစ်ပွားသော သံဃာတော်များ ဦးဆောင်သည့်တော်လှန်ရေးတွင် ရာပေါင်းများစွာ အထိန်းသိမ်းခံရသည့်အထဲ၌ ဒေါ်ဖြူဖြူသင်းလည်း ပါဝင်ခဲ့ပြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားပြိုင်ကွင်း၌ တစ်လကျော် ထိန်းသိမ်းခံရပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

၂၀၁၆ ခုနှစ်တွင် အင်န်အယ်လ်ဒီအစိုးရကို အာဏာလွှဲပြောင်းပေးခဲ့သော်လည်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ချခံနေသူများ ရှိနေသေးကြောင်းနှင့် သူတို့လွတ်မြောက်ရေးအတွက် အစိုးရက ပိုမိုကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း သူကပြောသည်။

 “ဒီမိုကရေစီကို တက်လှမ်းနေတဲ့နိုင်ငံမျိုးမှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးမှ မရှိသင့်ပါဘူး။ ထိန်းသိမ်းခံနေရသူတွေကို ဖြစ်တဲ့နည်းနဲ့ လွှတ်ပေးရပါမယ်” ဟု ဒေါ်ဖြူဖြူသင်းကပြောသည်။

အင်းစိန်တွင် ၁၃ နှစ်

အသက် ၅၂ နှစ်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူဟောင်း ဒေါ်သန်းသန်းဌေးသည် အင်းစိန်တွင် ၁၃ နှစ်ကြာ အကျဉ်းချခံခဲ့ရပြီး စစ်ဆေးခံနေရစဉ်ကာလ၌ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။

ဒေါ်သန်းသန်းဌေးသည် အင်းစိန်ထောင်တွင် နှစ်ကြိမ်ပြစ်ဒဏ်ကျခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားလှသော အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ည) အရ ကျောင်းသားသမဂ္ဂနှင့်ပတ်သက်မှုဖြင့် ပြစ်ဒဏ်ခြောက်နှစ်ကျခံခဲ့ရသော်လည်း တစ်နှစ်နှင့်လေးလအရတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ယခုအခါ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၌ ပါဝင်ဆောင်ရွက်နေသည့် ဒေါ်သန်းသန်းဌေးသည် အင်းစိန်ထောင်တွင် ၁၃ နှစ်ခန့် အကျဉ်းချခံခဲ့ရသည်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ယခုအခါ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၌ ပါဝင်ဆောင်ရွက်နေသည့် ဒေါ်သန်းသန်းဌေးသည် အင်းစိန်ထောင်တွင် ၁၃ နှစ်ခန့် အကျဉ်းချခံခဲ့ရသည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

၂၀၀၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံအတွင်းရှိ တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ဖွဲ့ထံ နိုင်ငံရေးအကျဉ်းသားများစာရင်း ပေးအပ်မှုနှင့် နိုင်ငံရေးအကျဉ်းသားများ၏ ဆွေမျိုးရင်းချာများအား ငွေကြေးထောက်ပံ့မှုတို့အတွက် အရေးပေါ်စီမံမှု အက်ဥပဒေနှင့် မတရားသင်းဥပဒေတို့အရ ထောင်ဒဏ် ၁၇ နှစ် နှင့်လေးလပြစ်ဒဏ် စီရင်ခြင်းခံခဲ့ရသည်။ ၂၀၁၁ ခုနှစ်တွင် သူ့ကိုပြန်လွှတ်ပေးခဲ့သည်။

အင်းစိန်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေမှာ ဆိုးရွားကြောင်း ဒေါ်သန်းသန်းဌေးကပြောသည်။ အခန်းကျဉ်းကလေးထဲ၌ လေကောင်းလေသန့်မရသဖြင့် တစ်ရက်ကို ၁၅ မိနစ်အပြင်ထွက်၍ လေ့ကျင့်ခန်းလုပ်ရန် သူ့ကိုခွင့်ပြုကြောင်းဆိုသည်။ တခါတရံ သူ့စားစရာများကို ကြွက်များက လာစားတတ်ကြောင်း သူကပြောသည်။

အင်းစိန်ထောင်အတွင်းရှိ အကျဉ်းသားများမှာ တိရစ္ဆာန်ရုံလှောင်အိမ်ထဲမှ တိရစ္ဆာန်များနှင့်တူကြောင်း ဒေါ်သန်းသန်းဌေးကပြောသည်။

“ဒါကြောင့် ထောင်ထဲကခံစားချက်တွေကို ပြန်သတိရတဲ့အတွက် ကျွန်မအပါအဝင် နိုင်ငံရေး အကျဉ်းသမားဟောင်းတွေက တိရစ္ဆာန်ရုံကို သွားမလည်ချင်ကြဘူး” ဟု သူကပြောသည်။

ဒေါ်သန်းသန်းဌေးဘဝတွင် အလှည့်အပြောင်းဖြစ်ခဲ့သည်မှာ ၁၉၈၈ ခုနှစ် မတ် ၁၃ ရက်၌ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဘုန်းမော်အား ရဲတပ်ဖွဲ့က ပစ်သတ်သည်ကို မျက်မြင်ကြုံတွေ့ခဲ့ရချိန်က ဖြစ်သည်။ ယင်းမှာ စစ်အစိုးရကို ဆန့်ကျင်ခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်စေသည်ထိ ဖြစ်ခဲ့သောအုံကြွမှုကို နှိမ်နင်းရာတွင် ပထမဆုံး အသက်ဆုံးရှုံးမှုဖြစ်သည်။

နိုင်ငံရေးတွင် သူပိုမိုပတ်သက်လာရခြင်းမှာ ကိုဘုန်းမော်သေဆုံးမှု အခြေအနေများနှင့်ပတ်သက်၍ စစ်အစိုးရက မမှန်သတင်းများ တမင်ကြေညာခဲ့သောကြောင့်ဖြစ်ကြောင်း ထိုအချိန်က ရန်ကုန်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ ဖြစ်ခဲ့သူ ဒေါ်သန်းသန်းဌေးကပြောသည်။

သူ့မိသားစုကလည်း ကြားထဲကပြစ်ဒဏ် ဝင်ခံကြရရှာသေးသည်။

၁၉၉၁ ခုနှစ်က ဒေါ်သန်းသန်းဌေးအား အာဏာပိုင်တို့က ရှာဖွေဖမ်းဆီးချိန်တွင် သူ့အစ်မကြီးနှစ်ဦးနှင့် သူ့မိခင်ကိုပါ ထိန်းသိမ်းခဲ့ကြသည်။

“ပထမတော့ ကျွန်မအမေနဲ့ အစ်မတစ်ယောက် အဖမ်းခံရပြီး ကျွန်မပုန်းနေတဲ့နေရာကို မပြောရင် ထမင်းမကျွေးဘူးဆိုပြီး အကျပ်ကိုင်တယ်” ဟု ဒေါ်သန်းသန်းဌေးကပြောသည်။

တစ်နှစ်နှင့်လေးလခန့် ထောင်ကျခဲ့သော ကျန်အစ်မတစ်ယောက်မှာ စစ်ဆေးမေးမြန်းစဉ်အတွင်း ရက်ရက်စက်စက် ရိုက်နှက်ခံထားရသည်။

“အရိုက်ခံထားရတဲ့အတွက် သူ့မျက်နှာ ရောင်ကိုင်းနေလို့ သူ့ကိုကျွန်မတွေ့တော့ မှတ်တောင်မမှတ်မိဘူး” ဟု ဒေါ်သန်းသန်းဌေးကပြောသည်။

အင်းစိန်ထောင်တွင် ပထမအကြိမ် အကျဉ်းကျစဉ်က သူ့ကို ထောင်ဝင်စာလာတွေ့သူမရှိဘဲ ဒုတိယအကြိမ် ထောင်ကျပြီးငါးလကြာမှသာ သူ့မိသားစုက သူ့ကိုထောင်ဝင်စာ လာတွေ့နိုင်ခဲ့သည်။ သူ့မိသားစုက ပို့ပေးသော အစားအစာ ပါဆယ်ထုပ်များမှာ တခါတရံ သူ့ထံရောက်မလာပေ။

ထောင်ထဲတွင် နေထိုင်ရသောဘဝကို ရင်ဆိုင်ဖြေရှင်းရာ၌ စိတ်လှုပ်ရှာခံစားမှုနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ခက်ခဲလှကြောင်းကို သူ့ကြောင့် မိသားစု အခက်အခဲဖြစ်ရသဖြင့် သူလွတ်လာပြီးနောက်ပိုင်း အပြစ်မကင်းသကဲ့သို့လည်း ခံစားနေရသော ဒေါ်သန်းသန်းဌေးကပြောသည်။

အချုပ်အနှောင်မှ လွတ်လာပြီးနောက် သူတို့ဘဝကို ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံရေးအကျဉ်းသမားဟောင်းများအဖို့ စိတ်ဓာတ်ကြံ့ခိုင်ရန်လိုကြောင်း သူကပြောသည်။

“ကျွန်မတို့ ရုန်းကန်ရမှာပဲ” ဟု သူကဆိုသည်။

မြန်မာနိုင်ငံကို ပိုမိုကောင်းမွန်စေချင်သည့်အတွက် နိုင်ငံရေးတွင် ပါဝင်လာရခြင်းဖြစ်ကြောင်း ဒေါ်သန်းသန်းဌေးကပြောသည်။

“ကျွန်မလုပ်တာ ဘာမှမမှားဘူးလို့ ကျွန်မယုံကြည်တယ်။ ဒါကြောင့် နိုင်ငံရေးလုပ်တာကို ရပ်မှာမဟုတ်ဘူး” ဟု သူကပြောသည်။

ရွှေဝါရောင် ဆန္ဒထုတ်ဖော်မှု

ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသမီးများ အရပ်ဘက်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ အသက် ၅၃ နှစ်ရှိ ဒေါ်ချိုချိုအေးသည် ၂၀၀၇ ခုနှစ် ဘုန်းတော်ကြီးများ ဦးဆောင်ခဲ့သော ဆန္ဒထုတ်ဖော်ပွဲ ဒုတိယအကြိမ် နှစ်ပတ်လည်ပွဲ၌ ဘုန်းတော်ကြီးများအား ဆွမ်းကပ်ပြီးနောက် အဖမ်းခံရသော အမျိုးသမီးသုံးဦးတွင် ပါဝင်ခဲ့သည်။

နှစ်ပတ်လည်အခမ်းအနား အထိမ်းအမှတ်အဖြစ် အမျိုးသမီးများက တစ်လလုံး အဝါရောင်ဝတ်ဆင်ပြီး အဝါရောင်ထီးများ ဆောင်းကြသည်။

“တစ်ဖွဲ့လုံး အဝါရောင်ဝတ်ပြီး အများပြည်သူရှိတဲ့နေရာတွေကို ကျွန်မတို့သွားတဲ့အခါ ကျွန်မတို့နောက်မှာ အထူးထောက်လှမ်းရေးက အမြဲလိုက်တယ်” ဟု ဒေါ်ချိုချိုအေးက ပြန်ပြောင်းပြောပြသည်။

အင်န်အယ်လ်ဒီပါတီဝင် တစ်ဦးဖြစ်သော ဒေါ်ချိုချိုအေးသည် နေအိမ်အကျယ်ချုပ် ကျခံနေရသော အတိုက်အခံခေါင်းဆောင် လွတ်မြောက်ရေးအတွက် ရွှေတိဂုံစေတီတော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ တနင်္လာဂြိုဟ်တိုင်သို့ ၂၀၀၄ ခုနှစ်ကတည်းက အဖွဲ့လိုက်ပုံမှန်သွားရောက်ကာ ဆုတောင်းပေးကြသည်။

၂၀၀၉ ခုနှစ်တွင် အဖမ်းခံရပြီးနောက် အမျိုးသမီးသုံးဦးကို လေးရက်နှင့်သုံးည မအိပ်မနေစစ်ဆေးပြီးနောက် အင်းစိန်ထောင်ပို့ကာ သန့်စင်ခန်းမပါ ပြောင်သလင်းခါ မှောင်မိုက်နေသော အခန်းကျဉ်းလေးထဲတွင် တရားရုံးမတင်မီ လေးလထိန်းသိမ်းထားခဲ့သည်။

မြောက်ဒဂုံမြို့နယ်ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၌ အင်းစိန်ဗဟိုအကျဉ်းထောင်ပုံစံငယ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

မြောက်ဒဂုံမြို့နယ်ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၌ အင်းစိန်ဗဟိုအကျဉ်းထောင်ပုံစံငယ်ကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

တက္ကသိုလ်တက်နေသော သူ့သမီးဘွဲ့ရပြီးပါက နိုင်ငံခြားသွားခွင့်ပြုမည်မဟုတ်ကြောင်း သူ့ကိုစစ်ဆေးနေစဉ် ရဲအရာရှိတစ်ဦးကပြောလာကြောင်း ဒေါ်ချိုချိုအေးကပြောသည်။

“ကျွန်မသမီးအကြောင်း သူတို့ပြောတော့ သမီးအတွက် ကျွန်မအရမ်းစိတ်ပူသွားတယ်။ နှစ်နှစ်အတွင်းမှာ သူနဲ့တစ်ကြိမ်ပဲ တွေ့ရတယ်” ဟု သူကပြောသည်။

သူ့ကိုစွဲဆိုမည့်အမှုမှာ များပြားလှသဖြင့် အနည်းဆုံး ထောင်အနှစ် ၆၀ ကျခံရလိမ့်မည်ဖြစ်ကြောင်း နောက်ဆုံးတွင် ဒေါ်ချိုချိုအေးကို သူတို့အသိပေးခဲ့သည်။

“ကျွန်မစွဲချက်စာရွက်ကို ကြည့်လိုက်တော့ သွေးတက်ပြီး လဲကျမတတ်ဖြစ်သွားတယ်” ဟု သူကပြောသည်။

နောက်ဆုံးတွင် သူ့ကိုလှုံ့ဆော်အားပေးမှုဖြင့်သာ စီရင်ချက်ချမှတ်ပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။သူ့ကို မန္တလေးတိုင်းဒေသကြီး၏ အလယ်ပိုင်းရှိ ရမည်းသင်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

“မိသားစုက ထောင်ဝင်စာ လာတွေ့ဖို့ခက်အောင် သူတို့က ကျွန်မကို ပို့လိုက်တာပါ” ဟု သူကပြောသည်။

ထောင်ထဲနေရစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးသောစကားများက သူ့ကိုအားတက်စေခဲ့ကြောင်း ဒေါ်ချိုချိုအေးကပြောသည်။ ထောင်ထဲ၌ကြုံတွေ့ခဲ့ရသည့် ခါးသီးသောအတွေ့အကြုံများက နိုင်ငံရေးလုပ်ရန် သူ့ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။

“ကျွန်မကြုံတွေ့ခဲ့ရတဲ့ ဒီအခက်အခဲတွေက ဓားကိုသွေးပေးလိုက်သလိုပါပဲ။ ကျွန်မစိတ်ဓာတ်ကို ကျမသွားစေဘဲ ပိုမိုခိုင်မာလာစေပါတယ်” ဟု သူကပြောသည်။

အမျိုးသမီးများက မိသားစုကို ပြုစုစောင့်ရှောက်ရမည်ဟု ယူဆထားသည့်အတွက် နိုင်ငံရေးတွင်ပါဝင်ရန် မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် မလွယ်ကူကြောင်း ဒေါ်ချိုချိုအေးကပြောသည်။

နိုင်ငံရေးတွင် ပါဝင်နေသော အမျိုးသမီးများအား အတ္တများသည်ဟူသော စိတ်ခံစားမှုကို တခါတရံ ရရှိစေတတ်ကြောင်းနှင့် သူ့မိသားစု၏ ဝေဖန်မှုကိုပင် ရင်ဆိုင်ခဲ့ရကြောင်း သူကပြောသည်။

“မိသားစုဝင်ငွေကို အထောက်အကူမပြုနိုင်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ အပြစ်ရှိတယ်လို့ ကျွန်မခံစားမိတယ်” ဟု ဒေါ်ချိုချိုအေးကပြောသည်။

“ကျွန်မကတော့ အစိုးရက တာဝန်ယူစေချင်တယ်”

အသက် ၅၃ နှစ်ရှိ ဒေါ်အေးချမ်းသည်လည်း ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများအဖွဲ့ဝင် တစ်ဦး ဖြစ်သည်။

သူသည်တချိန်က ကျောင်းဆရာမတစ်ဦးအဖြစ် ရန်ကုန်နှင့်ကရင်ပြည်နယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်၌ နုတ်ထွက်ခဲ့သည်။ နောက်ငါးနှစ်အကြာတွင် ထိုင်းနိုင်ငံသွားပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်နှင့်တွေ့ဆုံ၍ လယ်သမားများနှင့် အစိုးရဝန်ထမ်းများ၏ ရပိုင်ခွင့်များအတွက် ဆောင်ရွက်ရန်ဆွေးနွေးခဲ့သည်။

“အစိုးရဝန်ထမ်းတွေကို အကူအညီပေးချင်လို့ ကျွန်မ အဲဒီကိုသွားတာပါ။ နိုင်ငံရေးထဲ ဝင်ပါတယ်လို့ ကျွန်မမထင်ပါဘူး” ဟု သူကပြောသည်။

နှစ်နှစ်အကြာ ၂၀၀၅ ခုနှစ်မေလတွင် ရှော့ပင်းစင်တာနှစ်ခုနှင့် ရန်ကုန်မြို့ ပြပွဲခန်းမတစ်ခု၌ ဗုံးသုံးလုံး တပြိုင်နက်တည်း ပေါက်ကွဲခဲ့သဖြင့် လူ ၁၁ ဦးသေဆုံးပြီး ၁၆၂ ဦး ဒဏ်ရာရခဲ့သည်။

ဗုံးပေါက်ကွဲမှုနှင့်ဆက်စပ်ပြီး အဖမ်းခံရသူများတွင် ဒေါ်အေးချမ်းလည်း ပါဝင်ခဲ့သည်။ သူ့ကို မတရားသင်း ဥပဒေပုဒ်မ ၁၇(၁) နှင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁)တို့အရ တရားစွဲခဲ့သည်။

“ကျွန်မအဖမ်းခံရတော့ အံ့အားသင့်ပြီး ဒေါသလည်းဖြစ်မိတယ်။ ဘယ်စင်တာတွေ ဗုံးခွဲခံရမှန်းတောင် ကျွန်မ မသိခဲ့ပါဘူး” ဟု သူကပြောသည်။

၁၆ ရက်ခန့် သူ့ကိုစစ်ဆေးနေစဉ်အတွင်း အခြားသံသယရှိသူများကဲ့သို့ သူ့ကို နှိပ်စက်ညှဉ်းပန်းခြင်း မပြုခဲ့ပေ။

“ဗုံးခွဲတိုက်ခိုက်မှုမှာ ကျွန်မ တကယ်ပါဝင်ခဲ့တယ်လို့ထင်ရင် သူတို့နှိပ်စက်မှာ သေချာပါတယ်” ဟု သူက Frontier ကို ဇူလိုင် ၁၇ ရက်ကပြောသည်။

ဒေါ်အေးချမ်းကို တရားစွဲဆိုပြီး ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခဲ့သော်လည်း ခြောက်နှစ်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။ ထောင်ကျနေစဉ် ဒေါ်အေးချမ်းကို ထောက်ပံ့ရသည်မှာ မိသားစုအတွက် လေးလံသော ငွေကြေးဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်ခဲ့သည်။ သူ့သားနှစ်ယောက်မှာ ကျောင်းထွက်လိုက်ရပြီး သူတို့နေအိမ်ကို မိသားစုက ရောင်းချလိုက်ရသည်။

“ကျွန်မတို့အပေါ်မှာ ပြုမူခဲ့တာတွေအတွက် အစိုးရက တာဝန်ယူစေချင်ပါတယ်” ဟု သူကပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏အဆိုအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၃,၅၀၀ မှ ၄,၀၀၀ အထိရှိပြီး နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ထဲ၌ရှိနေသေးသူမှာ ၃၃ ဦးရှိသည်။ နောက်ထပ် ၂၄၅ ဦးမှာ တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း AAPP ကိန်းဂဏန်းများအရ သိရသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို ၂၀၁၂ ခုနှစ်က မဲဆွယ်လှုပ်ရှားမှုအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.