ဒေါ်လာသန်းချီတန် မြေကွက်များကို စီမံနေသည့် MICA ၏ လုပ်ငန်းများကို ရပ်ဆိုင်းတော့မှာလား

နေပြည်တော်၊ ဒီဇင်ဘာ ၇

ဉာဏ်လှိုင်လင်း ရေးသားသည်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဖွဲ့စည်းခဲ့ပြီး အစိုးရပိုင် မြေဧကများစွာကို ငှားရမ်းစီမံခန့်ခွဲခွင့် ရထားတဲ့ မြန်မာနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (မိုက်ကာ/MICA) ရဲ့ လုပ်ငန်းများကို ရပ်ဆိုင်းဖို့အတွက် စဉ်းစားနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ယနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တက်ရောက်လာတဲ့ ဒေါက်တာအောင်သူက “မိုက်ကာအဖွဲ့အစည်းက လုပ်ငန်းဆက်လုပ်ဖို့ အခက်အခဲ ရှိလာတယ်။ မိုက်ကာရဲ့ အပေါ်ပိုင်း ဖွဲ့စည်းပုံကြီးက မရှိတော့ဘူး။ အတွင်းရေးမှူးနဲ့ အောက်ပဲ ရှိတော့တယ်။ ဒါကြောင့်မို့လို့ ဒါရိုက်တာအဖွဲ့ အစည်းအဝေးက ကျွန်တော်တို့ဆီ အစီရင်ခံလာတယ်။ ဆုံးဖြတ်ချက် တက်လာတယ်။ ဆုံးဖြတ်ချက်ကတော့ ပီပီပြင်ပြင် မရှိသေးဘူး”လို့ ဘီဘီစီသတင်းထောက်ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

မိုက်ကာကို ၂၀၁၂ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာ ဖြစ်သော်လည်း ၂၀၁၄ ခုနှစ် သြဂုတ် ၂၈ ရက်နေ့က အစိုးရဝန်ကြီးအဖွဲ့ အစည်းအဝေးမှာမှ တရားဝင် တည်ထောင်လိုက်တာ ဖြစ်ပါတယ်။

မိုက်ကာက ယခုအစိုးရသစ်လက်ထက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလိုက်တဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနပိုင် လယ်မြေများ၊ ငါးကန်များ၊ စက်ရုံများအပါအဝင် နိုင်ငံပိုင်ခြံမြေနှင့် စက်ရုံဝင်း ၆၆ ခုထက်မနည်းကို ငှားရမ်းထားပါတယ်။

ထိုအထဲက ၂၀ ခန့်က ရန်ကုန်မှာတည်ရှိပြီး ကြီးမားကျယ်ဝန်းတဲ့ ခြံမြေကြီးတွေ ဖြစ်ကြပါတယ်။

မြေကွက်တွေရဲ့ တန်ဖိုးတွေကို အစိုးရက တရားဝင် ထုတ်ဖော်မပြောပေမယ့်လည်း အမေရိကန် ဒေါ်လာသန်း ရာနှင့်ချီပြီး ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Frontier က ရရှိထားတဲ့ စာရင်းတွေအရဆိုရင် မိုက်ကာရဲ့ စီမံမှုနဲ့ မြေဧရိယာ ၁၈၉၉ ဒသမ ၉၄ ဧကထက်မနည်းကို  ဦးသိန်းစိန်အစိုးရသက်တမ်းပြီးကာနီး ကာလအတွင်းမှာပဲ ပုဂ္ဂလိကကုမ္ပဏီတွေထံ အငှားချထားလိုက်တာ တွေ့ရပါတယ်။

စာရင်းတွေအရ ဒီမြေတွေမှာ လုပ်ပိုင်ခွင့်ရ ကုမ္ပဏီ ကိုးခုရှိပါတယ်။ စက်သုံးဆီအရောင်းဆိုင်၊ တန်ဖိုးနည်းအိမ်ယာစီမံကိန်းနဲ့ ဈေးဆိုင်ခန်းတွေ၊ မွေးမြူရေး၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ အသင့်ဖျော် ကွန်ကရိစက်ရုံ၊ ဆောက်လုပ်ရေးသုံးပစ္စည်းစက်ရုံစတဲ့လုပ်ငန်းတွေကို မင်းမဟာစံ၊ ဦးစောကျော်သန်းမင်း၊ C.P၊ အောင်ဖြိုးမြတ်၊ First Golden Dragon Construction၊ Rich Farm၊ Golden Green Gate၊ Glory Heyday Services၊ Win Lily Mining ကုမ္ပဏီတွေက ကာလရှည် ငှားရမ်း လုပ်ကိုင်ခွင့် ရရှိထားပါတယ်။

အခြေခံအဆောက်အဦးအချို့ ပါဝင်ပြီးဖြစ်တဲ့ အဲဒီမြေတွေကို ငှားရမ်းထားတဲ့ နှုန်းထားကို ကြည့်မယ်ဆိုရင်လည်း ဥပမာ၊ ဧရာဝတီတိုင်းဒေသကြီးမှာ မြေတစ်ဧက (အလျား ၂၀၈ ဒသမ ၇၁ပေ၊ အနံ ၂၀၈ ဒသမ ၇၁ပေ) ကို ကျပ်တစ်သိန်းနှုန်း၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်း နေရာကောင်းဖြစ်တဲ့ ဒညင်းကုန်းက မြေကွက်ကို တစ်ဧကလျှင် ကျပ် သိန်း ၃၀ နှုန်း စသဖြင့် နှုန်းထားအမျိုးမျိုးနဲ့ ငှားရမ်းထားသလို အကျိုးအမြတ် ရာခိုင်နှုန်းအလိုက် ခွဲဝေတဲ့စနစ်နဲ့ ငှားရမ်းထားတာကိုလည်း တွေ့ရပါတယ်။

(ရရှိထားတဲ့ အသေးစိတ်စာရင်းကို ပူးတွဲဖော်ပြထားပါတယ်။) File

File

for_mica_story.xlsx

mica-business-deals.jpg

ဒီငှားရမ်းခ ဈေးနှုန်းတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ မြန်မာပြည်ရဲ့ အိမ်ခြံမြေဈေးကွက်မှာ နာမည်ရ ဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ iMyanmar House ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဈေးကွက်ပေါက်ဈေးတွေနဲ့ အကြမ်းဖျဉ်း နှိုင်းယှဉ်ကြည့်ရင်ပင် မေးခွန်းထုတ်စရာတွေ တွေ့နေရပါတယ်။

iMyanmar House ရဲ့ ဝက်ဘ်ဆိုဒ်မှာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်း နေရာအသေးစိတ် ဖော်ပြမထားတဲ့ ပေ ၈၀၊ ၁၂၀ အကျယ်ရှိ ဂိုထောင်တစ်လုံးကို ငှားရမ်းမယ်ဆိုရင်တောင် ကျပ်သိန်း ၁၀၀ ပေးရမယ်လို့ ဈေးခေါ်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ မိုက်ကာအဖွဲ့ တာဝန်ရှိသူတွေထံ Frontier က မေးမြန်းဖို့ ကြိုးစားနေပေမယ့် အခွင့်အရေး မရသေးပါဘူး။

ဒေါက်တာအောင်သူကတော့ ငှားရမ်းခတွေကို “အစိုးရသစ်လက်ထက်မှာ နှစ်စဉ်ပေါက်ဈေးနဲ့ ပြန်လည် ညှိနှိုင်းပါဆိုတဲ့စနစ်ကို ပြန်လုပ်ထားတယ်။ အရင်ငှားတဲ့ဈေးနှုန်းနဲ့ ဈေးနှုန်းဘာဖြစ်ခဲ့ခဲ့ နှစ်စဉ်ပေါက်ဈေးနှုန်းနဲ့ ပြန်ညှိနှိုင်းပါဆိုပြီး အစိုးရအဖွဲ့က လုပ်ထားတယ်”လို့ ပြောပေမယ့် အစီအစဉ် အသေးစိတ်ကိုတော့ မဖြေကြားခဲ့ပါဘူး။

မိုက်ကာကို ဒါရိုက်တာဘုတ်အဖွဲ့က လွတ်လပ်စွာ အုပ်ချုပ်လုပ်ကိုင်သော တစ်ဝက်တစ်ပျက် နိုင်ငံပိုင်အေဂျင်စီတစ်ခုအဖြစ် ကြေညာထားပြီး ယခင် ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ သမ္မတရုံးဝန်ကြီး တစ်ဦးဖြစ်တဲ့ ဦးစိုးသိမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ ဦးဆောင်သူမရှိ ဖြစ်နေတာပါ။

မိုက်ကာရဲ့ဒါရိုက်တာအဖွဲ့ဝင် အများစုဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးရုံးက ဝန်ထမ်းများဖြစ်ကြပြီး အမြဲတမ်း အတွင်းဝန် ဦးခင်ဇော်က မိုက်ကာဘုတ်အဖွဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေပါတယ်။

ဝန်ကြီးဒေါက်တာအောင်သူရဲ့ ပြောဆိုချက်အရ စုစုပေါင်း ဘုတ်အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ မိုက်ကာဟာ အခုအချိန်မှာတော့ ဥက္ကဋ္ဌတစ်ဦးနဲ့ အဖွဲ့ဝင် ၁၁ ဦး နှုတ်ထွက်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘုတ်အဖွဲ့ မှာ အတွင်းရေးမှူးတစ်ဦးနဲ့ တွဲဖက်အတွင်းရေးမှူး နှစ်ဦးသာ ကျန်ရှိပါတော့တယ်။

မိုက်ကာရဲ့ လုပ်ငန်းတွေအကြောင်းကို “ဝန်ကြီးဟောင်းနှစ်ပါး၊ လျှို့ဝှက်အေဂျင်စီနှင့် ဒေါ်လာသန်းချီတန် မြှပ်ကွက်များ”ဆိုတဲ့ ခေါင်းစဉ်နဲ့ Frontier ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ရေးသားဖော်ပြခဲ့ဖူးပါတယ်။

အဲဒီဆောင်းပါးထဲမှာ ဝန်ကြီးဌာနက အမည်မဖော်လိုသူတစ်ဦး ထုတ်ဖော်ပြောကြားထားတာကတော့ ဦးအုန်းမြင့်ဟာ ၎င်းရဲ့ ရာထူးသက်တမ်း စောစောပိုင်း ကာလကပင် ထိုလုပ်ငန်းကို ပုဂ္ဂလိကအေဂျင်စီတစ်ခုထံကို လွှဲပြောင်းပေးခဲ့ပြီး လွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့ရန် စီစဉ်ခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

“ဌာနဖွဲ့စည်းပုံ ဇယားထဲမှာတော့ သူ့နာမည်ကို တွေ့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက နောက်ကွယ်က အားလုံးကို ကြိုးကိုင်နေတာ၊ ဦးစိုးသိမ်းကို ရုပ်ပြသက်သက် ထည့်ထားတာပါ” လို့ ထိုပုဂ္ဂိုလ်က Frontier ကို ပြောကြားခဲ့ပါတယ်။

၁၉၂၅ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အသုံးမပြုဘဲထားရှိသည့် တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေးရုံးချုပ် နှစ်ထပ်အဆောက်အအုံကို တွေ့ရစဉ်။ ဓာတ်ပုံ - တေဇလှိုင်

၁၉၂၅ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အသုံးမပြုဘဲထားရှိသည့် တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေးရုံးချုပ် နှစ်ထပ်အဆောက်အအုံကို တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင်

ဦးစိုးသိမ်းကတော့ “ကျွန်တော်တို့က အနာဂတ်အတွက် နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက ပူးတွဲလုပ်ကိုင်ရေး ပေါ်လစီထူထောင်ဖို့ အစည်းအဝေးတွေမှာသာ ပါဝင်ခဲ့တာပါ။ လက်တွေ့ အကောင်အထည် ဖော်ရာမှာတော့ အတွင်းဝန် ဒေါက်တာခင်ဇော်နဲ့ ဝန်ကြီးဌာန တခြားဝန်ထမ်းတွေမှာသာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့က အနာဂတ်အတွက် မိုက်ကာကို စလုပ်ပေးခဲ့ကြတာပါ” လို့ Frontier ကို ဖြေကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် “ဝန်ကြီးဌာနအောက်မှာ လုပ်မယ်ဆိုရင် ဒီလို စီမံကိန်းကြီးတွေကို လုပ်ကိုင်ဖို့ ဝန်ကြီးဌာနမှာ ဘတ်ဂျက် အလုံအလောက် မရှိဘူး။ အလားအလာကောင်းတဲ့ နိုင်ငံပိုင် မြေတွေကလည်း ရှိနေတယ်။ အစိုးရနဲ့ ပုဂ္ဂလိက ပူးတွဲပြီး PPP (Private Public Partnetship) အဖြစ် ဒီမြေတွေကို ဖွံ့ဖြိုးရေးလုပ်ချင်သူတွေနဲ့လုပ်ရင် အစိုးရရော ပြည်သူတွေအတွက်ပါ အကျိုးရှိနိုင်တယ်” လို့လည်း သူက ဆက်လက် ပြောကြားခဲ့ပါသေးတယ်။

ဦးအုန်းမြင့်ကလည်း သူဟာ ဝန်ကြီးတစ်ယောက်အဖြစ် မိုက်ကာတွင် တိုက်ရိုက် ပါဝင်ပတ်သက်မှု မရှိခဲ့ဘဲ ဦးစိုးသိမ်းကသာလျှင် အမှန်တကယ် ဦးစီးဦးဆောင်ပြုခဲ့တာဖြစ်တယ်လို့ ထိုအချိန်က ပြောကြားခဲ့ဖူးပါတယ်။ ဒါအပြင် မိုက်ကာရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောဆိုနေတဲ့အချက်ကိုလည်း သူက ငြင်းဆိုလိုက်ပါသေးတယ်။

“ကျွန်တော်တို့ လုပ်ဆောင်မှုတွေကို နှစ်ပတ်တစ်ခါ သတင်းထုတ်ပြန်နေတယ်။ ပူးပေါင်း လုပ်ဆောာင်တဲ့ ကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်ပြီး ရွေးခဲ့တာပဲ” လို့ ဦးအုန်းမြင့်က ပြောပါတယ်။

အရင် မိုက်ကာ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး လက်ရှိအမျိုးသားလွှတ်တော်အမတ်ဖြစ်တဲ့ ဦးစိုးသိမ်းနဲ့ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးအုန်းမြင့်တို့ကို ဒီနေ့ ထပ်မံ မေးမြန်းဖို့ Frontier က ကြိုးစားခဲ့ပေမယ့် မအောင်မြင်သေးပါဘူး။

မိုက်ကာအေဂျင်စီရဲ့ ရည်ရွယ်ချက်ကတော့ အပြည့်အဝ အသုံးမချနိုင်ပဲ ဖြစ်နေတဲ့ ဝန်ကြီးဌာနပိုင်မြေတွေကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရန်လို့ ဆိုထားပါတယ်။

အရင်ဝန်ကြီးဌာနအဆိုအရ ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေထံက လုပ်ငန်း အဆိုပြုလွှာများကို ဖိတ်ခေါ်ခဲ့ပြီး ထိုလျှောက်လွှာများကို စိစစ်ဖို့ အစည်းအဝေး ၁၃ ကြိမ် ထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မိုက်ကာစီမံကိန်းကနေ ဝင်ငွေ နှစ်မျိုးရရှိပါတယ်။ အဲဒါတွေကတော့ လုပ်ငန်း အမြတ်အစွန်းနဲ့ မြေငှားရမ်းခတို့ပဲ ဖြစ်ပါတယ်။ မြေငှားရမ်းခကို သက်ဆိုင်ရာလုပ်ငန်းက ရယူပြီး အမြတ်အစွန်းကို သီးခြားအစိုးရငွေစာရင်း ဖွင့်၍ အပ်နှံရတယ်လို့ မိုက်ကာက မတ်လ အတွင်းက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

လစဉ် ငွေစာရင်းကိုတော့ မိုက်ကာရဲ့ စာရင်းစစ်အဖွဲ့က စစ်ဆေးပြီး ပြင်ပစာရင်းစစ်တွေက နှစ်စဉ် ငွေစာရင်း စစ်ဆေးတယ်လို့ ဝန်ကြီးဌာနဘက်ဆိုပေမယ့် မြေငှားရမ်းခ မည်မျှနဲ့ အမြတ်အစွန်းမည်မျှ ရရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာ မတွေ့ရသေးသလို ပြင်ပစာရင်းစစ်တွေနဲ့ ပုံမှန်စစ်ဆေးနိုင်ခြင်းရှိမရှိကိုလည်း အတည်မပြုနိုင်သေးပါဘူး။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.