တောင်ပိုင်းချင်းပြည်နယ်၌ ကိုဗစ် ၁၉ ထက် ဗုံးဆန်ကို ပိုကြောက်ကြရ

နိုင်ငံတော်က ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဦးစားပေးလုပ်ဆောင်နေချိန်တွင် ချင်းရွာသားများမှာတော့ ကိုဗစ် – ၁၉ ပျံ့နှံ့မှုထက် ပိုမိုကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲများတွင် သေဆုံးနေကြရသည်။

Salai Sh Lian ရေးသားသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ)တို့အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေခြင်းသည် ချင်းပြည်တောင်ပိုင်း ပလက်ဝတွင် နေထိုင်ကြသူများအတွက် ကိုဗစ် ၁၉ ထက်ပိုမိုအရေးကြီးသော အန္တရာယ်ဖြစ်နေပြီး ပို၍သေကြေပျက်စီးစေနိုင်သောအရာ ဖြစ်နေသည်။ ချင်းရွာများဆီသို့ပါ တိုက်ပွဲများရောက်ရှိလာခြင်းကြောင့် အပြစ်မဲ့ဘဝများမှာ မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်လာစေသည်။

ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ်တွင်း အပစ်အခတ်ရပ်စဲထားရန် ပြည်တွင်းပြည်ပမှ နှိုးဆော်မှုတွေရှိသော်ငြားလည်း ဧပြီ ၁၆ ရက်အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄ ဦးသာရှိပြီး ပိုမိုပြင်းထန်လာသော တိုက်ပွဲများကြောင့် ပြီးခဲ့သည့်လ တစ်လတည်းမှာပင် ချင်းလူမျိုးအရပ်သား ၂၈ ယောက် သေကြေပျက်စီးခဲ့ရသည်။

ပြင်းထန်သော တိုက်ပွဲများကြားတွင် အစိုးရသည် ရခိုင်ပြည်နယ် မြို့နယ် ၈ မြို့နယ်နှင့်အတူ ပလက်ဝတွင်လည်း မိုဘိုင်းအင်တာနက် တားမြစ်မိန့်ကို ဆက်လက်ချမှတ်ထားသည်။

ပြည်တွင်းနှင့် ကုလသမဂ္ဂကဲ့သို့ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း မိုဘိုင်းအင်တာနက်ဆိုင်းငံ့ထားခြင်းများကို အဆုံးသတ်ပေးရန်၊ အစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများကို ထိုဒေသများသို့ ဝင်ရောက်ခွင့်ပြုပြီး မီဒီယာများကို တရားဝင် ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုထားကြသည်။

အစိုးရက ယင်းတောင်းဆိုမှုများကို လျစ်လျှူရှုထားရုံမျှမက ဧပြီ ၁၄ ရက် စောစောပိုင်းကပင် ပလက်ဝတွင် တယ်လီဖုန်းလိုင်းများကို ယခုလအတွင်း ဒုတိယအကြိမ် ထပ်မံဖြတ်တောက်ထားခဲ့သည်။

ယခုဆောင်းပါးရေးသားချိန်ထိ ကိုဗစ် – ၁၉ အရေးပေါ်ကာလအတွင်း သတင်းအချက်အလက် မရခြင်းကြောင့် ဒေသတွင်းနေထိုင်သူများအတွက် အန္တရာယ်ဖြစ်စေသော ဆက်သွယ်ရေးအမှောင်ချမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ သတင်းမှောင်ချထားခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် လူ့အခွင့်အရေး စောင့်ကြည့်မှု လုပ်ငန်းစဉ်များကိုလည်း အဟန့်အတားဖြစ်စေသည်။

မကြာသေးမီက တောင်ပိုင်းချင်းပြည်နယ်တွင် ဖြစ်ပေါ်နေသော လူပေါင်းများစွာ သေကြေနေကြသော တိုက်ပွဲသတင်းများသည်လည်း မရပ်တန့်နိုင်သေးပေ။

ဧပြီ ၇ ရက် တပ်မတော်မှ တိုက်လေယာဉ်များနှင့် ထိုးစစ်ဆင်မှုများထဲမှ တစ်ခုတွင် ပလက်ဝ နန်းချောင်းကျေးရွာ၌ အရပ်သား ၇ ဦး အသက်ဆုံးခဲ့ကြရသည်။

အပြစ်မဲ့ပြည်သူများဖြစ်သော ၃ နှစ်အရွယ်ကလေးငယ်ကို ရင်ခွင်ပိုက်ပြီး လောင်ကျွမ်းဒဏ်ရာများနှင့် သေဆုံးနေကြသော မိခင်တစ်ဦးနှင့် အခြားကလေးငယ်နှစ်ဦးတို့ကို မီးလောင်နေသော အိမ်တစ်အိမ်ထဲတွင် တွေ့ရှိခဲ့ရသည်။

အရပ်သားများ ထိခိုက်ဒဏ်ရာရခဲ့သော မတ်လ ၃၁ ရက် ဘောင်းဝကျေးရွာ လေကြောင်းတိုက်ခိုက်မှုပြီးနောက် သီတင်းပတ်တွင် တွေ့ရှိရခြင်းဖြစ်သည်။ အစောပိုင်းဖြစ်သော မတ်လ ၁၄ ရက် နှင့် ၁၅ ရက် လေကြောင်းတိုက်ခိုက်မှုများတွင် အရပ်သား ၂၁ ဦး သေကြေခဲ့ရပြီး ကလေးငယ်များ ပါဝင်ခဲ့သည်။

ထိုသို့သောတိုက်ပွဲများသည် လက်နက်နှင့်ပဋိပက္ခများကို ထိန်းချုပ်ရန်ရည်ရွယ်သော သဘောတူစာချုပ်အရ တားမြစ်ထားသော မဆင်မခြင်ပစ်ခတ်တိုက်ခိုက်ခြင်း၊ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ အရပ်သားများကို ပစ်ခတ်ခြင်း တို့တွင်ပါဝင်နေသည်။

၁၉၉၂ တွင် မြန်မာနိုင်ငံပါဝင် လက်မှတ်ရေးထိုးထားသော ဂျနီဗာသဘောတူစာချုပ်တွင် အကာအကွယ်ပေးရမည့်လူများကို တမင်ကြံစည်သတ်ဖြတ်ခြင်းကဲ့သို့ “စစ်မက်ဖြစ်ပွားခြင်းများတွင် တက်ကြွစွာပါဝင်ခြင်းမရှိသည့် အရပ်သားများနှင့် လူပုဂ္ဂိုလ်ကို နည်းအမျိုးမျိုးဖြင့် ရည်ရွယ်သတ်ဖြတ်ခြင်းဖြင့် ရှင်သန်မှုနှင့်လူကို အကြမ်းဖက်ခြင်း” မှ တိတိကျကျ တားမြစ်ထားပါသည်။

ပလက်ဝရှိရွာများတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် အပြစ်မဲ့အရပ်သားများ သေကြရခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ခြင်းအဖြစ် ယူဆနိုင်ပြီး အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံးက အုတ်မြစ်ချထားသော ရောမဥပဒေ Rome Statute အရ စစ်ရာဇဝတ်မှုလည်း ဖြစ်နိုင်ပေသည်။

တပ်မတော်နှင့် အစိုးရ၏ တောင်ပိုင်းချင်းပြည်နယ်မှ တိုက်ပွဲများသည် ဂျနီဗာ သဘောတူစာချုပ်ကို ချိုးဖောက်နေခြင်း ဖြစ်တန်ရာရုံမကပေ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၁၂၆၅ နှင့် ၁၂၉၆ အရ လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများကို ကာကွယ်ပေးရမည်၊ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ပြစ်ဒဏ်ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ဆုံးဖြတ်ချက် ၁၂၆၅ တွင် အလေးပေးဖော်ပြထားသည်မှာ “ပြစ်ဒဏ်စီရင်မှုမရှိခြင်းများကို ထိန်းချုပ်ရန်နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ခြင်းနှင့် လူသားချင်းစာနာမှုနှင့် ဆန့်ကျင်သောပြစ်မှုဖြစ်သည့် လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသူများကို တရားစွဲဆိုရန် နိုင်ငံများတွင် တာဝန်ရှိသည်ဟု ပါရှိပါသည်။

၁၉၉၁ တွင် မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းတွင်ပါရှိသည်မှာ “ကလေးသူငယ်တိုင်းသည် အသက်ရှင်သန် ရပ်တည်ခွင့်ရှိရမည်၊ ဤသဘောတူစာချုပ်တွင် ကလေးငယ်တစ်ဦးသည် အသက်ရှင်ရပ်တည်ခွင့်၊ ဖွံ့ဖြိုးကြီးထွားခွင့်ကို တတ်နိုင်သလောက် အများဆုံး ရရှိနိုင်ရန်” ဟူ၍လမ်းညွှန်ထားသည်။

မကြာမတင်က ကလေးငယ်များ သေဆုံးရခြင်းသည်လည်း ဤသဘောတူစာချုပ်အရ လိုက်နာရမည့် ဝတ္တရားများ ပျက်ကွက်ရာရောက်နေသည်။

ယခုအချိန်သည် အရပ်သားများကို ကာကွယ်နိုင်ရန် တိုက်ပွဲများကို လျှော့ချနိုင်ရေးအတွက် ချဉ်းကပ်သင့်ပြီဖြစ်သည်။

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN သည် ဤကိစ္စရပ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်သော်လည်း ယင်းသည် ထိထိရောက်ရောက်ပါဝင်ရန် ရှောင်လွှဲနေသည်။

ဤကိစ္စသည် အကြမ်းဖက်မှုများမြင့်တက်လာခြင်းကို ရပ်တန့်ရန်နှင့် အသက်ပေါင်းများစွာကို ကယ်တင်ရန် အဖွဲ့အစည်းတွင်း၌ လက်လွတ်ခံရသော အခွင့်အရေးတစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံ၏ နယ်နိမိတ်ကိုကျော်လွန်၍ အထူးသဖြင့် အိန္ဒိယနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ မလေးရှားတို့သို့ ဒုက္ခသည်များစွာ သွားရောက်ခိုလှုံကြခြင်းကြောင့် ထိုနိုင်ငံများအပေါ်သက်ရောက်စေသော ပြဿနာများအတွက် အဖြေရှာရန် လုပ်ပိုင်ခွင့်များဖြင့် အကြမ်းဖက်မှုဖြစ်စေသော အကြောင်းရင်းကိုရင်ဆိုင်ရန် စေ့စပ်ညှိနှိုင်းမှုများနှင့် လူသားချင်းစာနာထောက်ထားမှု အစီအစဉ်များကို အာဆီယံသည်ပူးပေါင်းလုပ်ဆောင်နိုင်ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းသည် ဗိုင်းရပ်စ်အန္တရာယ်မှ လူများကို ကာကွယ်စောင့်ရှောက်နိုင်ရန် အရေးပေါ်ဆောင်ရွက်ချက်များကို အာရုံစိုက် လုပ်ဆောင်နေသကဲ့သို့ပင် လူထုကိုထိခိုက်ပျက်စီးစေသော လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားစစ်ဆင်ရေးများတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇဝတ်မှု​မြောက်နိုင်​သော အပြစ်မဲ့အရပ်သားများ သေကြေနေကြရခြင်းများကို အဆုံးသတ်နိုင်ရန်လည်း ဆောင်ရွက်ရမည်ဖြစ်သည်။

ဤအရာသည် လက်နက်ကိုင်ပဋိပက္ခများတွင် အရပ်သားများကို အကာအကွယ်ပေးရန် တောင်းဆိုနေသော ပြည်တွင်းနှင့်ပြည်ပမှ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၃၀ ကျော်၏ တောင်းဆိုမှု ဖြစ်သည်။

တောင်ပိုင်းချင်းပြည်တွင် အသေအပျောက်များသော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပလက်ဝရှိ ပစ္စည်းအင်အားမပြည့်စုံသော ဆေးရုံများနှင့် ကျန်းမာရေးဝန်ထမ်းအနည်းငယ်တို့သည် ကိုဗစ် – ၁၉ ဖြစ်ပွားမှုကို ကြိုတင်ပြင်ဆင်ခြင်းထက် ဒဏ်ရာရသူများကို ဆေးဝါးကုသပေးရခြင်းများတွင် အင်အားနှင့် အရင်းအမြစ်များကို မြှုပ်နှံထားကြရသည်။ ဤအရာများသည် ပဋိပက္ခမဖြစ်ခင်ကတည်းက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်သော ပြည်နယ်တွင်း၌ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ရွာသားများသည် တိုက်ပွဲရှောင်နေကြရသောကြောင့် အိမ်ပစ်ရာပစ်နှင့် ကျပ်ညပ်နေသောစခန်းများသို့ ထွက်ပြေးတိမ်းရှောင်ကြရခြင်းကြောင့် လူပေါင်း ၉,၀၀၀ ကျော်မှာ social distancing (လူအများခပ်ခွာခွာနေကြဖို့) မလုပ်ဆောင်နိုင်ကြချေ။

တိုက်ပွဲများနှင့် နေရပ်စွန့်ခွာရခြင်းကြောင့် စားဝတ်နေရေးကျပ်တည်းခြင်းနှင့် စိတ်ဒဏ်ရာရခြင်းတို့ဖြင့် ရောဂါရပြီးသေနိုင်သော အခြေအနေများ တိုးပွားလာနေချိန်မှာပဲ ထိုသို့နေထိုင်နေကြရခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များလည်း ပိုမိုဖြစ်လာနေသည်။

ယင်းအချိန်တွင်ပင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားခြင်းကို ဆက်လက်တိုးမြှင့်ထားခြင်းကြောင့် ဒေသတွင်းလူထုသည် ဗိုင်းရပ်စ်ရန်မှ မည်သို့ကာကွယ်နေထိုင်ရမည်ဆိုသည့် အရေးကြီးအချက်အလက်များလည်း မရရှိနိုင်ကြပေ။

တပ်မတော်နှင့် အေအေ နှစ်ဘက်စလုံးသည် ပုံမှန်အားဖြင့် အရပ်သားများကို ထိန်းသိမ်းလေ့ရှိသဖြင့် ဒေသတွင်း ခရီးသွားလာရခြင်း၏ အန္တရာယ်ရှိသော သဘောသဘာဝနှင့်အတူ ဤကဲ့သို့ ဆက်သွယ်ရေးဖြတ်တောက်ထားခြင်းသည် ကိုဗစ် -၁၉ ဖြစ်ပွားနေသည့် အချိန်အတွင်းတွင် ပြင်ပမှအကူအညီများပေးအပ်နိုင်ရန် အားထုတ်ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေပါသည်။

မည်သို့ပင်ဆိုစေ ပလက်ဝတွင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆောင်ရွက်ချက်များသည် တိုက်ပွဲများ အလျင်အမြန် မရပ်သရွေ့အကျိုးမဲ့ ဖြစ်နေပေလိမ့်မည်။

ဤကဲ့သို့ အခြေအနေများဖြစ်နေသည့်တိုင် ထိုဒေသတွင်းရှိလူများကတော့ မမြင်နိုင်သော ဗိုင်းရပ်စ်အန္တရာယ်ထက် လတ်တလော လက်တွေ့မြင်နေရသော ဗုံးဆန် ကျည်ဆန်များ၏ အန္တရာယ်များကိုသာ ပိုမိုကြောက်ရွံ့လျက် ရှိနေကြလေသည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.