A resident of Yangon's South Dagon Township stands behind a barricade of sandbags as protesters square off with security forces.
A resident of Yangon's South Dagon Township stands behind a barricade of sandbags as protesters square off with security forces.

တောင်ဒဂုံမြေပေါ် က နွေဦးကြယ်ပွင့်များ

ရပ်ကွက်နေလူထု၏ ရဲရင့်ခြင်းနှင့်စည်းလုံးခြင်းတို့ကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း)သည် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်မှတ်ထားခြေမှုန်းခံရသည့် မြို့နယ်တစ်ခုဖြစ်လာသည်။ စစ်ကောင်စီ၏ ပစ်ခတ်နှိမ်နင်းမှုကို ရသည့်နည်းဖြင့်ပြန်လည်ခုခံရင်း ကျဆုံးသူဦးရေ ၇၀ထက်မနည်းရှိနေပြီး ရာနှင့်ချီဖမ်းဆီးထိန်းသိမ်းခံထားရသည်။

ဖရွန်းတီးယားမြန်မာ

မတ်လနောက်ဆုံးပတ်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များအဖွဲ့ဝင်များက ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းမှုများ နေ့စဥ်ရက်ဆက် လုပ်ဆောင်နေသော်လည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ ရပ်ကွက်အချို့က ပြည်သူများသည် မတ်၃၁ရက် ညတွင်လမ်းပေါ်ထွက်၍ ညသပိတ်ဆင်နွှဲလိုက်ကြသေးသည်။ အမှတ် (၁၀၄) ရပ်ကွက်လည်း အဆိုပါ ရပ်ကွက်အချို့တွင် ပါဝင်သည်။

ရပ်ကွက်နေပြည်သူအချို့နှင့် စည်ပင်ဝင်းဟု ခေါ်ဆိုကြသည့် ကျူးကျော်ရပ်ကွက်ငယ်အတွင်းမှ ပြည်သူအချို့သည် ည၈နာရီ၃၀မိနစ်ဝန်းကျင်တွင် မင်းရဲကောင်းပုံလမ်းမကြီးပေါ်တက်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်လျက် ညသပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သပိတ်သိမ်းပြီးမကြာမီ လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းမကြီးအတိုင်း ခြေလျင်ချီတက်လာပြီး လမ်းဘေးဝဲယာရှိ လူနေအိမ်များကို ပစ်ခတ်ခဲ့ကြသည်ဟု အမှတ်(၁၀၄)ရပ်ကွက်နှင့် စည်ပင်ဝင်းနေပြည်သူများက ပြောသည်။

“သူတို့ကပစ်ပြီး ယောက်ျားသားတွေအကုန်ထွက်ခဲ့ဆိုပြီး အော်တယ်။ လမ်းပေါ်နဲ့အိမ်တွေရော ဆက်ပစ်တယ်”ဟု ကလေးနှစ်ယောက်မိခင်ဖြစ်သလို လက်ရှိလည်း ကိုယ်ဝန်လွယ်ထားရသည့် မလင်းလင်းမြတ်ကပြောသည်။

အဆိုပါည ပစ်ခတ်မှုတွင်မလင်းလင်းမြတ်နှင့် အခြားသူတစ်ဦး ကျည်ဆန်ထိမှန်၍ ဒဏ်ရာရရှိခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှာ မင်းရဲကောင်းပုံလမ်းမကြီးပေါ်တွင် နှစ်ချက်ပစ်ခံရကာ နေရာ၌ပင် ပွဲချင်းပြီး ကျဆုံးခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စည်ပင်ဝင်းနှင့် အမှတ်(၁၀၄)ရပ်ကွက်က ပြည်သူ ၁၅ဦးကိုလည်း ထိုညက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

မတ်၂၈ရက်က တောင်ဒဂုံရှိ ဆန္ဒပြပြည်သူများကို ဖြိုခွင်းရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည့် ကျည်ဆန်များကို ဒေသခံတစ်ဦးက ပြသစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ပစ်ခတ်သံများကို မလင်းလင်းမြတ်ကြားသည်နှင့် မီးများမှိတ်ကာ ၎င်း၏ ငါးနှစ်နှင့်ရှစ်နှစ်အရွယ် သားနှင့်သမီးငယ်ကို ရင်ခွင်ထဲပွေ့လျက် ကာကွယ်ပေးထားခဲ့သည်။ သို့သော် ၎င်းကိုယ်တိုင်မှာ ပျဉ်ထောင်အိမ်ပေါ်၌ လှဲ၍ ဝပ်နေရင်းကပင် ညာဘက်တင်ပါးဆုံသို့ ကျည်ထိမှန်ခဲ့သည်။

“တင်ပါးမှာပူခနဲဖြစ်ပြီးတော့ အရမ်းနာလာပြီး သွေးတွေက ဗွက်ဗွက်ဆိုထွက်လာရော။ အဲဒါနဲ့ အမေရေ သမီးတော့ ထိသွားပြီလို့ပြောတော့ အမေက ကျမကိုလန့်ပြီး သွေးပြိုတယ်ပဲထင်တယ်။ အမေ့ကို ထပ်ပြောရတယ်။ သမီးတကယ်ထိသွားပြီလို့”ဟု အသက်၃၀နှစ်ရှိပြီဖြစ်သည့် မလင်းလင်းမြတ်က ထိုညက အဖြစ်အပျက်ကို ပြန်ပြောပြသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ထိုနေရာကို စွန့်ခွာသွားချိန်တွင် စည်ပင်ဝင်းအတွင်းရှိ အိမ်နီးနားချင်းများက ၎င်းကို ဆေးရုံသို့ ပို့ဆောင်ပေးရန်ကြိုးပမ်းကြသည်။ သို့သော် သူက လက်မခံပေ။

“ဆေးရုံကိုပို့ရင်းတခြားသူတွေ ထပ်ပြီး ထိခိုက်ဒဏ်ရာရမှာ၊ အသတ်ခံရမှာ ကျမမဖြစ်စေချင်ဘူး။ အဲဒါနဲ့ ကျမ သေချင်သေပါစေ၊ မနက်ကျမှသွားရင် သွားမယ်ဆိုပြီးနေခဲ့တယ်”ဟု ၎င်းကဆိုသည်။

ယင်းမှာ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ တောင်ဒဂုံမြို့နယ်ကို အကြမ်းဖက်ဖြိုခွင်းစဉ် ပြည်သူတစ်ဦး ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက် တစ်ခုတည်းသာဖြစ်သည်။ ယင်းသို့ဖြိုခွင်းစဉ် ထိခိုက်ဒဏ်ရရှိမှု၊ သေဆုံးမှုဖြစ်စဉ်များက များစွာကျန်ရှိနေသေးသလို သတင်းမီဒီယာများပင် ယင်းဖြစ်စဉ်များ၊ အခြေအနေများအားလုံးကို ခြုံငုံမိနိုင်အောင် လိုက်ယူတင်ဆက်ရန်အခွင့်မသာခဲ့ပေ။

ဆန္ဒပြပြည်သူ၊ ခုခံကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ဆေးဝါးအထောက်အကူပြု ပြည်သူအချို့ ဖြင့် လျှို့ဝှက်ဖွဲ့စည်းထားသည့် “တောင်ဒဂုံမြို့နယ် ကင်းကွန်ရက်” အဖွဲ့ဝင်အချို့နှင့် ခိုင်လုံသည့်အခြားသတင်းရင်းမြစ်များ၏ ပြောကြားချက်အရမူ မတ်၁၄ရက်မှ ယနေ့ချိန်အထိ ၎င်းတို့မြို့နယ်၌ ကျဆုံးသူ အရေအတွက်မှာ ၇၀ထက်မနည်း ရှိနေပြီး ရာနှင့်ချီ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း သိရသည်။

Slum dwellings in South Dagon, seen on April 2. (Frontier)
ဧပြီ၂ရက်က မြင်တွေ့ရသော တောင်ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်တစ်ခု။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

နာရေးအိမ်တွေ များခဲ့ရ

မတ်၃၁ရက်က အမှတ်(၁၀၄)ရပ်ကွက်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပစ်ခတ်နေချိန်တွင် အသက်၂၉နှစ်အရွယ် မလှသိင်္ဂီက ကျဆုံးသွားပြီဖြစ်သည့် အစ်ကိုဖြစ်သူအတွက် နောက်တစ်နေ့နံနက်တွင် ဆွမ်းသွပ်၍ အလှူဒါနပြုရန် ဟင်းလျာများချက်ပြုတ်နေခဲ့သည်။ ၎င်းတို့မိသားစုမှာ စည်ပင်ဝင်းနှင့် ကပ်လျက် လမ်းသွယ်တစ်ခုတွင် နေထိုင်ကြသည်။

၎င်း၏ အကိုဖြစ်သူ ကိုအောင်ထွန်းအေး (အသက် ၃၂နှစ်)သည် မတ်၂၇ရက်၊ နံနက်၁နာရီအချိန်က အမှတ်(၁၀၄)ရပ်ကွက်ဈေးအနီး ဗန္ဓုလလမ်းမပေါ်တွင် လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် စစ်ကောင်စီ၏လက်နက်ကိုင်များကို လေးခွတစ်လက်ဖြင့် ခုခံကာကွယ်ရင်း ပေါင်သို့ ကျည်ဆန်သုံးချက် ထိမှန်၍ ကျဆုံးခဲ့သူ ဖြစ်သည်။

တရစပ်ပစ်ခတ်ဖောက်ခွဲနေချိန်ဖြစ်၍ ကူညီကယ်ဆယ်ရေးအဖွဲ့များက ၎င်းကျည်ထိမှန်ပြီး နှစ်နာရီအကြာတွင်မှ ရောက်လာနိုင်ခဲ့ကြသည်။ သင်္ဃန်းကျွန်း၊ စံပြဆေးရုံသို့ ရောက်ပြီးမကြာမီ နံနက်၄နာရီ၊ မိနစ်၄၀အချိန်တွင် ကျဆုံးသွားသည်။

နွေဦးတော်လှန်ရေးကာလအတွင်း အစ်ကိုဖြစ်သူ ကျဆုံးသွားသည့်အပေါ် “ဝမ်းနည်းရပါတယ်” ဟု မလှသိင်္ဂီ မှတ်ချက်ပြုသည်။ မလှသိင်္ဂီတို့အိမ်နှင့် မလှမ်းမကမ်းက စည်ပင်ဝင်းသည် လွန်စွာချို့တဲ့၍ သန့်ရှင်းမှုအားနည်းသော တဲများ၊ လူလျှောက်လမ်းကျဉ်းများ ယှက်နွှယ် ဆက်သွယ်ထားသော ကျူးကျော်ရပ်ကွက်ငယ်တစ်ခုဖြစ်သည်။ ဓနိမိုးထရံကာ တဲများ၊ ပျဉ်ထောင်အိမ်များသာဖြစ်၍ ကျည်ကာရာနေရာ ရှာရခက်သည့်အရပ်လည်းဖြစ်သည်။ ဆင်းရဲချို့တဲ့စွာ ရုန်းကန်နေကြရသော်လည်း စည်ပင်ဝင်းအတွင်း နေထိုင်သူများမှာ မေတ္တာတရားမချို့တဲ့ကြပေ။

ကျည်ထိမှန်သူ၊ ဖမ်းဆီးနှိပ်စက်ခံရပြီး ပြန်လွတ်လာသူ၊ ကျဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုဝင်များထံ လူနာမေး၊ သတင်းမေး၊ နာရေးမေး လာရောက်လျှင် မိမိအိမ်ရှိ ဆန်၊ ဆီ၊ ဆားမှစ၍ ယူလာသလို အချို့ကလည်း ငွေအားဖြင့် ကူညီအားပေးတတ်ကြသည်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးအိမ်မှ ကိုက်၂၀ခန့်အကွာရှိ ခြေတံရှည် ပျဉ်ထောင်အိမ်တစ်ခုတွင် နာရေးရှိနေသည်။ အနီးအနားက အသိမိတ်ဆွေများ၊ ရပ်ကွက်နေပြည်သူအချို့နှင့် ဆွေမျိုးသားချင်းများက ယင်းနေအိမ်သို့ ရောက်ရှိနေကြပြီး မိသားစုဝင်များကို အားပေးလျက်ရှိသည်။

အသက် ၄၅နှစ်အရွယ် ဒေါ်မြင့်မြင့်သန်းသည် ခင်ပွန်းဦးအောင်မင်းထွန်း (၃၇ နှစ်)၏ ဓာတ်ပုံမှန်ဘောင် တင်ထားသည့် ခုံနဘေးတွင် ထိုင်နေသည်။ ဒေါ်မြင့်မြင့်သန်း၏ မျက်နှာတွင် အသက်ရှင်သန်နေသေးသော်လည်း အနာဂတ်သေဆုံးနေသည့် ရုပ်အသွင်က အတိုင်းသားပေါ်လွင်နေသည်။

ဦးအောင်မင်းထွန်းသည် မတ်၃၁ရက် ညက မင်းရဲကောင်းပုံလမ်းမထက်တွင် ညသပိတ်သံကြား၍ သွားကြည့်ရန် နေအိမ်က ထွက်သွားခဲ့သည်။ စစ်ကောင်စီ လက်နက်ကိုင်များ လမ်းထဲသို့တိုးလာချိန်၌ အိမ်ကို အမြန်ပြန်ပြေးရန် ကြိုးစားခဲ့သေးသည်။ သို့သော် စစ်သားတစ်ယောက်က ၎င်း၏ ပုခုံးကို အနောက်ဘက်မှနေ၍ လှမ်းပစ်လိုက်သည်။

၎င်းလဲကျသွားချိန်တွင် စစ်သားများသည် ၎င်းကိုလမ်းမကြီးဘက်သို့ ဒရွတ်တိုက် ဆွဲခေါ်သွားသည်။ ခဏအကြာတွင် ၎င်း၏ ရင်ဘတ်ကို သေနတ်တစ်ချက်ထပ်ပစ်လိုက်သည်ဟု အခင်းဖြစ်ပွားမှုအားပုန်း၍ ကြေကွဲခံပြင်းစွာ ချောင်းကြည့်နေခဲ့ရသူ သား၊ သမီးသုံးယောက်မိခင် ဒေါ်မြင့်မြင့်သန်းက ပြောသည်။

“ကလေးတွေက လူလားမမြောက်ကြသေးဘူး။ ကျမ ရင်ထုမနာခံစားရပါတယ်”ဟု ၎င်းက ပြောသည်။

“ဖြစ်နိုင်ရင် ဒီဟာကြီးကို မြန်မြန်အဆုံးသတ်စေချင်ပြီ။ ကျနော်တို့ အခုခံစားနေရသလိုမျိုး တခြားမိသားစုတွေ ထပ်ပြီးမခံစားရစေချင်ဘူး”ဟု အသက်၂၃နှစ်ရှိပြီဖြစ်သည့် ဦးအောင်မင်းထွန်း၏ အကြီးဆုံးသားက ပြောသည်။

ဦးအောင်မင်းထွန်းသည် ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲတွင် အမှတ်(၁၀၄)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ တာဝန်ပေးချက်အရ မဲရုံစေတနာ့ဝန်ထမ်းအဖြစ်လည်း လုပ်အားပေးခဲ့ဖူးသူဖြစ်သည်။

မတ်၃၁ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားခဲ့သည့် ခင်ပွန်းသည် ဦးအောင်မင်းထွန်း၏ ဓာတ်ပုံအနီး ငိုကြွေးနေသည့် ဒေါ်မြင့်မြင့်သန်းကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

တောင်ဒဂုံ သူရဲကောင်းများ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မတ်၁၄က စ၍ ဆန္ဒပြသူများကို ကျည်ဆန်အစစ်များဖြင့် လူသေစေလောက်သည်အထိ ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။ ထိုနေ့သည် လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များတွင် စစ်အုပ်ချုပ်ရေး (မာရှယ်လော) စတင်ကြေညာလိုက်သည့်နေ့လည်း ဖြစ်သည်။ အထူးသဖြင့် လှိုင်သာယာတွင် အင်အားအလွန်အမင်းသုံး၍ အကြမ်းဖက်ဖြိုခွင်းနေချိန်ဖြစ်သည်။

လှိုင်သာယာကို ပစ်မှတ်ထား၍ အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေသည်ကို တုံ့ပြန်သည့်အနေဖြင့် အခြားမြို့နယ်အချို့ကလည်း လူထုလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်က စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များကို အာရုံလွှဲ၍ အင်အားခွဲထုတ်ရန် ဖြစ်သည်။ ယင်းသို့ အာရုံလွှဲရန်ကြိုးပမ်းခဲ့ကြသည့် မြို့နယ်များတွင် သင်္ဃန်းကျွန်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့လည်း ပါဝင်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့ခံအချို့ ညနေ၅နာရီကျော်အချိန်၌ လေးထောင့်ကန်လမ်းမပေါ်သို့ ထွက်လာချိန်တွင် တောင်ဒဂုံမြို့ခံများကလည်း ဧရာဝဏ်လမ်းဆုံသို့ ထွက်၍ ညသပိတ် စတင်ခဲ့ကြသည်။ ညနေ၅နာရီခွဲဝန်းကျင်တွင် သင်္ဃန်းကျွန်းညသပိတ်ဖြိုခွင်းခံရပြီး ဆန္ဒပြသူခုနှစ်ဦးထက်မနည်းကျဆုံးကာ တစ်ဒါဇင်အထက် ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် တောင်ဒဂုံ၌လည်း သတ်ဖြတ်ဖြိုခွင်းမှု စတင်ခဲ့သည်။

ထိုညက ဖရွန်းတီးယားမြန်မာ၏ သတင်းထောက်သည် စံပြဆေးရုံအနီးရှိနေခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်နှင့် အနီးတစ်ဝိုက်ပတ်ဝန်းကျင်မြို့နယ်များမှ ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် လူပေါင်းဒါဇင်နှင့်ချီ၍ အရေးပေါ်ကုသရေးဌာနသို့ ရောက်လာကြသည်ကို မျက်မြင်တွေ့ရှိခဲ့ရသည်။

ည၇နာရီဝန်းကျင်တွင် ကျည်ဆန်ထိမှန်ဒဏ်ရာများဖြင့် ဆေးရုံသို့ ရောက်ရှိလာသူ ဦးရေမှာ ၄၀ ကျော်သွားပြီဖြစ်သည်။ ယင်းတို့အနက်အချို့က ဆေးရုံသို့မရောက်မီပင် လမ်းခုလတ်တွင် အသက်ပျောက်သွားခဲ့ကြသည်။ အသက်၄၀ဝန်းကျင် အမျိုးသားတစ်ဦးသည် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် ကျဆုံးသွားသည့် အလောင်းတစ်ခု၏ ခေါင်းရင်းတွင် နံရံကိုမီလျက် ထိုင်နေသည်။

ဖြတ်သွားဖြတ်လာတိုင်းကိုလည်း သေဆုံးသွားသူမှာ ၎င်း၏ သမီးဖြစ်ကြောင်းနှင့် ဓာတ်ပုံရိုက်သွားကြရန် ပြောနေသည်။ ၎င်း၏ သမီးဆိုသူမှာ အခြားသူမဟုတ်။ အသက်၁၅နှစ်အရွယ်သာ ရှိသေးသည့် မဇူးဝင့်ဝါဖြစ်သည်။ ၎င်းသည် ၂၀၂၁၊ မြန်မာ့နွေဦးတော်လှန်ရေးအတွင်း တောင်ဒဂုံမြေပေါ်တွင် ပထမဆုံးကြွေလွင့်သွားခဲ့သူအဖြစ် တောင်ဒဂုံနယ်ခံများက ဂုဏ်ပြုလက်ခံထားသည်။

မဇူးဝင့်ဝါသည် ဖေဖော်ဝါရီ၁ရက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများ ရန်ကုန်မြို့တွင် စတင်ခဲ့ရာ ဖေဖော်ဝါရီလကတည်းကပင် စစ်အာဏာရှင်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး မတ်လပထမပတ်တွင် ဖမ်းဆီးခံရပြီး အင်းစိန်ထောင်သို့ ရောက်ရှိခဲ့သည်။ သို့သော် တစ်ပတ်အကြာတွင် ပြန်လွတ်လာသည်။ ထိုသို့ ဖမ်းဆီးခံခဲ့ရသော်လည်း မဇူးဝင့်ဝါကတော့ ထောင်ကလွတ်သည်နှင့် ဆက်၍ ဆန္ဒပြခဲ့သည်။

“အဖေတစ်ယောက်အနေနဲ့ သူ့အတွက် ဂုဏ်ယူတယ်ဗျာ။ ဒါပေမယ့် ဒီကောင်တွေကို တစ်သက်လုံး မကျေဘူး။ သမီးက ပြောတယ်။ သူသေရင် ပါပါး မငိုရဘူးတဲ့”ဟု ရေရွတ်ပြောဆိုသည့် ဦးတင်ကိုကိုဦး၏ ဆို့နစ်ကြေကွဲ၊ ငိုကြွေးသံက ဆေးရုံနံရံများအထိ ပဲ့တင်ရိုက်ခတ်သွားသည်။

ထိုနေ့၊ မတ်၁၄ရက် တစ်ညတည်းမှာပင် တောင်ဒဂုံ၌ အနည်းဆုံးခုနှစ်ဦး ကျဆုံးခဲ့သည်ဟု အဆိုပါမြို့နယ်အခြေစိုက် သတင်းထောက်တစ်ဦးက ပြောသည်။

“နောက်နေ့ကျတော့ ကျနော်နာရေးတွေ စုံအောင်တောင်မသွားနိုင်တော့ဘူး”ဟု အဆိုပါသတင်းထောက်က ပြောသည်။

ထိုနေ့နောက်ပိုင်းကစ၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် စစ်ကောင်စီ လက်နက်ကိုင်များ၏ ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူများ တစ်စတစ်စ များပြားလာတော့သည်။

ဧပြီ၂ရက်က ဖရွန်းတီးယားမြန်မာသည် “၁၀၇ သူရဲကောင်း” ဟု ဂုဏ်ပြုခေါ်တွင် ခံထားရသည့် ကျဆုံးသွားပြီဖြစ်သော ဦးဖိုးလပြည့်အိမ်သို့ သွားရောက်ခဲ့သည်။ နေအိမ်သို့မရောက်မီ လမ်းထိပ်အဝင်ဝ၌ပင် ၎င်းကျဆုံးခဲ့သည့် နေရာကို ရပ်ကွက်နေပြည်သူများက အုတ်နီခဲများဖြင့် ဝိုင်းလျက်၊ နှင်းဆီပန်းအိုးတစ်အိုးကိုလည်း ထိုးကာ ဂုဏ်ပြုထားကြသည်။

အသက်၃၁နှစ်တွင်ကျဆုံးသွားသည့် ဦးဖိုးလပြည့်၏ နေအိမ်ကိုရောက်သောအခါ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဥမ္မာ (၄၈နှစ်)က ခင်ပွန်းသည်အတွက် ကြီးစွာပူဆွေးသောကရောက်လျက်ရှိသည်။ လွန်ခဲ့သည့် ၁၂နှစ်ကျော်ကာလက ဦးဖိုးလပြည့်နှင့် သူဆုံတွေ့ခဲ့ပုံ၊ အသက်အရွယ်ကွာဟသော်လည်း မည်သို့အကြောင်းပါခဲ့ကြပုံကို ပြန်ပြောင်းပြောပြနေခဲ့သည်။ ၎င်းတို့တွင် သမီးလေးတစ်ဦးထွန်းကားခဲ့သည်။

တက္ကစီမောင်းသည့် ဦးဖိုးလပြည့်သည် ရဲရင့်သွက်လက်၍ လူချစ်လူခင်ပေါသလို ရပ်ရွာအကျိုးလည်း ကူညီသယ်ပိုးပေးသူဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက ဆိုကြသည်။

မတ် ၃၀ရက်တွင် စစ်ကောင်စီ၏လက်နက်ကိုင်များ ရပ်ကွက်တွင်း ဝင်ရောက်ပစ်ခတ်ဖြိုခွင်းချိန်တွင် တန်ပြန်ခုခံ၍ ရပ်ကွက်ကိုကာကွယ်ရင်း ဝမ်းဗိုက်သို့ ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့သည်။

“ကျမ သူပြန်လာတာပဲလိုချင်တယ်၊ သူကို သတ်ခဲ့တဲ့သူတွေကိုလည်း သူ့ကိုလုပ်ခဲ့သလို အဲဒီလိုပဲ ပြန်လုပ်မယ့်သူ ပေါ်စေချင်တယ်”ဟု ဒေါ်ဥမ္မာက ငိုကြွေးလျက်ပြောသည်။

“၁၀၇ သူရဲကောင်း”ဟု တောင်ဒဂုံနယ်ခံများက ဂုဏ်ပြုသည့် ကျဆုံးခဲ့သော ကိုဖိုးလပြည့်၏ ဇနီးသည်ဖြစ်သူ ဒေါ်ဥမ္မာကို ဧပြီ၂ရက်က ဖရွန်းတီးယားမြန်မာက တွေ့ဆုံခဲ့သည်။ (ဓာတ်ပုံ​ | ဖရွန်းတီးယားမြန်မာ)

အားမတန်၍သာ မာန်လျှော့ထားရ

ဧပြီ၁ရက်၊ တောင်ဒဂုံ၏ ညသည် လွန်စွာတိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။ အရင်ရက်များတွင် ပုံမှန်ကြားနေရသည် သေနတ်ပစ်သံ၊ အသံဗုံးခွဲသံနှင့် အခြား ဖောက်ခွဲသံများမကြားရဘဲ ထိုညသည် တိတ်ဆိတ်နေသည်။ ထို့ပြင် ဖေဖော်ဝါရီ ပထမပတ်ကတည်းက ပြည်သူများ ပုံမှန်ဆင်နွှဲခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးသံများပါ ပျောက်ရှနေသည်။

အမှန်တွင်မူ တောင်ဒဂုံမြို့ခံများသည် မတ်၃၀ရက်ကတည်းက သံပုံးမတီးနိုင်တော့ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် မတ်၂၅ရက်မှစ၍ နေ့စဉ်ရက်ဆက် အင်အားအလုံးအရင်းဖြင့် ဆန္ဒပြသူများကို ဖြိုခွင်းခဲ့ပြီးနောက် ငါးရက်အကြာ ထိုမတ်၃၀ရက်တွင် တောင်ဒဂုံမြို့နယ်တစ်ခုလုံးကို ၎င်းတို့၏ထိန်းချုပ်မှုအောက်ရောက်အောင် ဖိနှိပ်နိုင်ခဲ့ခြင်းဖြစ်သည်။

သံပုံးတီးလျှင် အသံကြားသည့်နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ကြကြောင်း တောင်ဒဂုံမြို့ခံများက ပြောသည်။ သို့ရာတွင် CNN သတင်းထောက် တောင်ဒဂုံသို့ လာရောက်သည့် အဆိုပါ ဧပြီ၁ရက်၊ မွန်းလွဲ၁နာရီတွင်မူ မြို့ခံပြည်သူများသည် အခြားမြို့နယ်များနည်းတူ အရဲစွန့်ပြီး သံပုံးတီးခဲ့ကြသေးသည်။ ထိုအချိန်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်မှု မပြုခဲ့ပေ။

မတ်၂၈ရက်တွင် တောင်ဒဂုံရှိ မြို့ခံပြည်သူများက စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ရဲရဲဝံ့ဝံ့ ပြန်လည်ခုခံခဲ့ကြသည်ကို ဖရွန်းတီးယားမြန်မာက မျက်မြင်တွေ့ရှိခဲ့ရသည်။ သို့သော် မတ်၂၉ရက်တွင်မူ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ပုခုံးထမ်းလောင်ချာဟု ယူဆရသည့် တိုက်ပွဲသုံးလက်နက်ကြီးများ၊ လက်ပစ်ဗုံးများအပါအဝင် စက်သေနတ်တင်ဆောင်ထားသည့် သံချပ်ကာကားတစ်စီးကိုပါ အသုံးပြု၍ ပြန်လည်ခုခံသည့် မြို့ခံများကို ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း မြို့ခံပြည်သူအချို့က ပြောသည်။

“ကျမတို့က လမ်းပေါ်ထွက်တယ်၊ ဆန္ဒပြတယ်၊ ကျမတို့မှာဘာလက်နက်မှမရှိခဲ့ဘူး။ ကျမတို့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြခဲ့ကြတာ။ ဒါပေမဲ့ သူတို့ကပစ်တယ်၊ လူတွေကိုသတ်တယ်။ ဒါကြောင့် ဒီလို သဲအိတ်တွေ အတားအဆီးတွေကိုစပြီး ကာရံပိတ်ဆို့လာရတာ”ဟု အမှတ်(၇၀) ရပ်ကွက်တွင် နေထိုင်သည့် အသက်၃၈နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီအကာအရံတွေ နောက်က ပြည်သူတွေဆိုတာ သူတို့ကို ဘာမှအန္တရာယ်မပြုနိုင်ပါဘူး။ ဒီလိုကာရံကြတယ်၊ ခုခံကာကွယ်ကြတယ်ဆိုတာကလည်း သူတို့ရောက်လာရင် ဆန္ဒပြပြည်သူတွေ ထွက်ပြေးဖို့ အချိန်ရအောင်ပါ”ဟု ၎င်းက ဆက်ပြောသည်။

၎င်းတွင် သားသမီးသုံးဦးရှိပြီး ၎င်းတို့မှာ ဆယ်ကျော်သက်အရွယ်သမီးနှစ်ယောက်နှင့် အသက်၂၀အရွယ် သားတစ်ယောက်တို့ ဖြစ်ကြပြီး အကြီးဆုံးသားက ဒဂုံတက္ကသိုလ်တွင် သမိုင်းဘာသာ သင်ယူနေသည့် Generation Z မျိုးဆက် ကျောင်းသားတစ်ဦး ဖြစ်သည်။

မိခင်ဖြစ်သူသည် နံနက်ခင်းတွင် အသက်၁၅နှစ်အရွယ် သမီးနှင့်အတူ ဆန္ဒထွက်ပြပြီး ညအချိန်ရပ်ကွက်ထဲ ကင်းစောင့်ချိန်မှာတော့ သားဖြစ်သူနှင့်အတူလိုက်ပါ၍ ရပ်ကွက်လုံခြုံရေး ကင်းစောင့်ခဲ့သည်။ ၎င်း၏ အမျိုးသားနှင့် အသက်၁၇နှစ်အရွယ်သမီးဖြစ်သူတို့ကတော့ စိုးရိမ်ကြောက်ရွံ့စိတ်များသူများဖြစ်၍ ဆန္ဒပြပွဲများတွင်လည်း မလိုက်ပါခဲ့သလို ညပိုင်းကင်းစောင့်ချိန်၌လည်း မထွက်ရဲခဲ့ပေ။

“အခု ကျမတို့ အားလုံးငြိမ်နေတယ်ဆိုတာ ဒါ ခဏပါပဲ၊ အားလုံးမှာ အားမတန်လို့ မာန်လျှော့ထားရတာပဲ ရှိမယ်၊ ဘယ်သူမှတော့ ဒီအခြေအနေကြီးကို လက်မခံချင်ကြဘူး၊ ဒါပေမဲ့ သူတို့ကို လက်နက်နဲ့တော့ ဘယ်ယှဉ်လို့ ရနိုင်မလဲ။ အဲဒီတော့ ကျမတို့စိတ်ဓာတ်နဲ့ပဲ ယှဉ်ပြိုင်ရမှာပဲ”ဟု ၎င်းက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မတ်၃၀ရက်ဖြိုခွင်းမှုအတွင်း ကိုဖိုးလပြည့် ကျဆုံးသွားသောနေရာတွင် တောင်ဒဂုံနယ်ခံများက နှင်းဆီပန်းစိုက်၍ အောက်မေ့သတိရမှုကို ပြသခဲ့ကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ရဲရင့်သည့် တောင်ဒဂုံပြည်သူများသည် ရန်ကုန်မြို့၌ လူထုဆန့်ကျင်လှုပ်ရှားမှု စတင်သည့် ဖေဖော်ဝါရီ၆ရက်ကတည်းကပင် စတင်ပြီး မြို့နယ်အား ခုခံကာကွယ်ရေးအတွက် လျှို့ဝှက်ပြင်ဆင်ခဲ့ကြသည်။ မြို့နယ်တွင်း နေထိုင်ကြသည့် ပြည်သူများအား အတတ်နိုင်ဆုံး ခုခံကာကွယ်သွားရန် ကွန်ရက်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။

ယင်းကွန်ရက်၏ ရည်ရွယ်ချက်များမှာ အရေးပေါ်ကယ်ဆယ်ရေးနှင့် ဆေးဝါးအထောက်အကူပြုရန်၊ ပြည်သူ့ကာကွယ်ရေးဆောင်ရွက်ရန်နှင့် မီဒီယာမှတ်တမ်းအထောက်အထားများ ရယူရန်ဖြစ်ပြီး အဖွဲ့ဝင်များက စုပေါင်းဦးဆောင်သည်။

လက်ရှိအချိန်တွင်မူ တောင်ဒဂုံတွင် စစ်ကောင်စီသည် ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးယန္တရား ထူထောင်နိုင်ရန် ကြိုးပမ်းနေပြီး ရပ်ကွက်အများစုတွင် ရပ်/ကျေးဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေး၍ စတင်ရုံးထိုင်စေပြီဖြစ်ကြောင်း မြို့ခံများကပြောသည်။

“တကယ်တော့ ဒါတွေ ဖြစ်လာမယ်ဆိုတာ ကြိုသိပြီးသားပါ။ သူတို့ လက်နက်အားကိုးပြီး ကျနော်တို့ကို ဖြိုခွင်းမယ်၊ သူတို့ကို မလှန်ရဲအောင် ခြိမ်းခြောက်မယ်။ အခုသူတို့ အုပ်ချုပ်ရေးရုံးတွေ ဖွင့်နေပြီ၊ နောက်တစ်ဆင့်ဆိုရင် ဧည့်စာရင်းတွေ စစ်မယ်၊ ပြီးရင်တော့ လူဖမ်းပွဲတွေလုပ်မယ်ပေါ့ဗျာ” ဟု တောင်ဒဂုံကင်းကွန်ရက်၏ ဆေးဝါးနှင့် မီဒီယာမှတ်တမ်းရယူရေး တာဝန်ခံ အသက်၃၄အရွယ် အမျိုးသားက ပြောသည်။

“ဟုတ်တယ်၊ ကျနော်တို့ ဖြိုခွင်းခံလိုက်ရတယ်။ ကျနော်တို့ကို သေနတ်နဲ့ပစ်တယ်၊ သတ်တယ်။ ဒါပေမဲ့ ကျနော်တို့စိတ်ထဲမှာ တွေးတာတော့ ကျနော်တို့မရှုံးဘူး။ ကျနော်တို့ပြန်လာမယ်ပေါ့ဗျာ။ အခုလက်ရှိအချိန်မှာ ကျနော်တို့ငြိမ်နေတယ်ဆိုပေမယ့် ကြောက်လို့မဟုတ်ဘူး။ ကျနော်တို့က အခြေအနေကို စောင့်ကြည့်နေတာပါ”ဟု ၎င်းကပြောသည်။

တောင်ဒဂုံကင်းကွန်ရက် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်း (အသက်၄၅နှစ်)ကတော့ ပြည်သူများသည် အာဏာသိမ်းစစ်ကောင်စီကို ၎င်းတို့၏ အုပ်ချုပ်သူအဖြစ် လုံးဝအသိအမှတ်မပြုကြောင်း၊ လုံးဝလက်မခံကြောင်း ပြောသည်။

“ကျနော် အံ့ဩမိတာကပေါ့လေ၊ ဘာကြောင့်ကမ္ဘာက အခုထိ ဘာမှထိထိရောက်ရောက် အရေးမယူသေးတာလဲပေါ့။ ကျနော်တို့ပြည်သူတွေဟာ ဒီမိုကရေစီကို မြတ်နိုးတယ်၊ ကျနော်တို့ဟာ ဒီမိုကရေစီကို အရမ်းလိုချင်တယ်၊ ဒါကြောင့်လည်း ပြည်သူတွေဟာ သူတို့ရဲ့ အသက်တွေကို စတေးခဲ့ကြတယ်၊ ဒါပေမဲ့ ဒါတောင်နိုင်ငံတကာအတွက်က မလုံလောက်သေးဘူးလား” ဟု ၎င်းကမေးခွန်းထုတ်သည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် တောင်ဒဂုံမြို့နယ်ကို စစ်ကောင်စီက လက်နက်ကိုင်အင်အား အလုံးအရင်းသုံး၍ ထိန်းချုပ်ထားသည်။ စစ်ကား၊ ရဲကားများ နေရာအနှံ့တွင်ချထားပြီး ပြည်သူများကို စောင့်ကြည့်နေကြသည်။ တောင်ဒဂုံမြို့နယ်ရှိ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းဝင်းအတွင်းတွင်လည်း စစ်ကား တစ်ဒါဇင်ခန့် နေရာယူထားပြီး ကျန်အဖွဲ့များက မြို့နယ်နေရာအနှံ့ တစ်နာရီခြားတစ်ခါ လှည့်လည်နေကြသည်။

ပြည်သူများအား ခုခံကာကွယ်ရာတွင် ပါဝင်ခဲ့သလို စစ်ကောင်စီလက်နက်ကိုင်များ ပြည်သူများအပေါ် တိုက်ခိုက် သတ်ဖြတ်ခဲ့သည့် မှတ်တမ်းများကိုလည်း ရယူခဲ့သည့် အသက် ၃၂ နှစ်အရွယ် တောင်ဒဂုံမြို့ခံ အမျိုးသားတစ်ဦးကတော့ အာဏာရှင်ဆန့်ကျင်ရေးဆိုသည်မှာ ရက်သတ္တပတ် သို့မဟုတ် တဒင်္ဂတော်လှန်ရေးမဟုတ်ဟု ဆိုသည်။

“ဒီနွေဦးပြီးသွားခဲ့ရင်လည်း ဒီတော်လှန်ရေးကတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်မချေမှုန်းနိုင်မချင်း ဆက်ရှိနေအုံးမှာပဲ ဖြစ်တယ်”ဟု လက်ရှိအချိန်တွင် လုံခြုံရေးအခြေအနေအရ ရန်ကုန်ပြင်ပတစ်နေရာသို့ တိမ်းရှောင်နေရသည့် ၎င်းကဆိုသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.