Residents of the Sagaing Region capital Monywa demonstrate against military rule on April 3. (Facebook / AFP)
စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့တော်မုံရွာတွင် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသည့် မြို့ခံများကို ဧပြီ၃ရက်က မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖေ့စ်ဘွတ်ခ် / အေအက်ဖ်ပီ)

စစ်ကိုင်းမြေက တူမီးတော်လှန်ရေး

နိုင်ငံတစ်ဝန်း စစ်အာဏာသိမ်းမှုကို တွန်းလှန်အာခံဖို့ကြိုးစားတဲ့သူတွေကို စစ်ကောင်စီက နည်းမျိုးစုံသုံးပြီး အကြမ်းဖက်ဖြိုခွင်း၊ ဖိနှိပ်နေချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက နေရာအချို့မှာတော့ ဒေသခံတွေဟာ တူမီးသေနတ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံခဲ့ပါတယ်။

ဖရွန်းတီးယားမြန်မာ

မတ်၂၇ရက်မှာ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဆန္ဒထုတ်ဖော်သူ ရာချီသေဆုံးပြီးတဲ့နောက် စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ်တချို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံတိုက်ခိုက်ဖို့ ဒေသခံတွေက ပြင်ဆင်လာကြပါတယ်။

ကလေး၊ တမူး၊ ပင်လည်ဘူး၊ တန့်ဆည်နဲ့ ကနီအစရှိတဲ့မြို့နယ်တွေက ဆန္ဒပြပြည်သူတွေဟာ မတ်၂၇ရက်ကစလို့ ကြီးမားတဲ့ခံတပ်တွေကို တည်ဆောက်ခဲ့ကြပြီး မြို့နယ်အလိုက် ကာကွယ်ခုခံရေးအဖွဲ့တွေ ဖွဲ့စည်းခဲ့ကြပါတယ်။

အဲဒီအဖွဲ့တွေဟာ တူမီးသေနတ်ကို အများဆုံးအသုံးပြုကြပြီး စစ်ကောင်စီရဲ့ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေကို ၁၀ရက်ကျော်ကြာအောင် ကာကွယ်ခုခံနိုင်ခဲ့ကြပါတယ်။ ယခင်က ရိုးရာအမဲသေနတ်အဖြစ် အသုံးပြုတဲ့ တူမီးသေနတ်ဟာ မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ လက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာတော့ မတ်လနှောင်းပိုင်းကစပြီး ဒေသခံတွေဟာ နေ့တိုင်းလိုလို စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်ဆင်နွှဲခဲ့ကြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ဆန္ဒပြပွဲတွေကို ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းပြီး အကြမ်းဖက်နှိမ်နင်းမှုအရှိန် တိုးမြှင့်လာချိန်မှာတော့ ဒေသခံတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတဲ့ နည်းလမ်းအပြင် ပြန်လည်ခုခံဖို့ စတင်ပြင်ဆင်လာကြပါတော့တယ်။

ဒီလိုပြင်ဆင်တဲ့အနေနဲ့ ကလေးမြို့မှာတော့ လူထုတပ်ဖွဲ့ (KCA)ကို ဒေသခံတွေက ဖွဲ့စည်းခဲ့ပါတယ်။ လူငယ်တွေ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ KCAအဖွဲ့ဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို တန်ပြန်ခုခံဖို့ ပြင်ဆင်ခဲ့ပါတယ်။

ကလေးမြို့ရဲ့ တာဟန်းရပ်ကွက်မှာတော့ KCAအဖွဲ့ဟာ ဆန္ဒပြသူတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းလာရင် လွယ်လွယ်ကူကူ ရှေ့တက်လာလို့မရအောင် သဲအိတ်တွေ၊ အကာအရံတွေကိုစုပုံပြီး ခံတပ်တစ်ခုသဖွယ် အခိုင်အမာတည်ဆောက်ခဲ့ကြပါတယ်။ အဲဒီခံတပ်သဖွယ် အတားအဆီးဟာ အချိန်အတိုင်းအတာတစ်ခုအထိ ဆန္ဒပြသူဒေသခံတွေကို အကာအကွယ် ပေးနိုင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လွယ်လွယ်နဲ့ ရှေ့တိုးလို့မရအောင် တားဆီးပေးနိုင်ခဲ့ပါတယ်။

“မြို့ကြီးတွေမှာ လူထုအင်အားကိုဖြိုခွဲသလို ဒီကပြည်သူတွေကို သူတို့လွယ်လွယ်လုပ်လို့မရခဲ့ဘူး” လို့ ကလေးမြို့က ဆန္ဒပြလူထုကို ဦးဆောင်ခဲ့တဲ့ မအေးသဇင်ကပြောပါတယ်။

ဧပြီ၆ရက်မှာတော့ တာဟန်းသပိတ်စခန်းကို ဖျက်သိမ်းပေးဖို့ စစ်ကောင်စီက နောက်ဆုံးအကြိမ် ပြောဆိုညှိနှိုင်းလာပါတယ်။ ဒေသခံဆန္ဒပြပြည်သူတွေကတော့ နှစ်ငါးလုံးလူထုအုံကြွမှုလို ဆန္ဒပြပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လုပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီဘက်က မလိုက်လျောခဲ့ပါဘူး။

“မဖျက်ပေးရင် မနက်တစ်နာရီ (ဧပြီ၇ရက်)နောက်ပိုင်း အာမ မခံတော့ဘူးဆိုတာ ပြောလာတယ်။ အဲဒါကြောင့် ကျမတို့တတွေ တစ်ညလုံး သတိရှိရှိနေခဲ့ကြပေမဲ့ မနက်၅နာရီကျော်လောက်မှာ သူတို့ဘက်က စပြီးပစ်ခတ်လာတယ်”လို့ မအေးသဇင်က ပြောပါတယ်။

အဲဒီအချိန်မှာ စစ်ကောင်စီဘက်က အင်အား၂၀၀လောက်နဲ့ တာဟန်းသပိတ်စခန်းကို ကျည်ဆန်အစစ်တွေသုံးပြီး တရစပ်ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ သတင်းဌာနတစ်ချို့ရဲ့အဆိုအရတော့ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သပိတ်စခန်းကို အရှေ့၊​ အနောက် နှစ်ဘက်ညှပ်ပြီး တိုက်ခိုက်တဲ့အပြင် လမ်းသွယ်တွေထဲကနေလည်း နေရာယူပြီး ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

ဧပြီ၇ရက်ဖြိုခွင်းမှုကြောင့် KCAအဖွဲ့ဝင်တွေအပါအဝင် ဆန္ဒပြသူ၁၂ဦးသေဆုံးခဲ့ပြီး ၁၈ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါ့ပြင် သပိတ်စခန်းနဲ့ သပိတ်မှာပါဝင်ပတ်သက်တဲ့ ဒေသခံတွေကိုလည်း စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့တာကြောင့် ကလေးမြို့က နယ်ခံတစ်ချို့ဟာ တခြားဒေသတွေကို တိမ်းရှောင်ထွက်ပြေးကြရပါတယ်။

“၇ရက်နေ့နောက်ပိုင်းလည်း ဆန္ဒပြစစ်ကြောင်းတွေ တစ်ကြောင်း၊ နှစ်ကြောင်း ပုံမှန် ထွက်ဖြစ်ပါတယ်။ လုံး၀မရှိတော့တဲ့ ပုံစံတော့မဟုတ်ဘူး။ KCAလည်း တန်ပြန်ခုခံ တိုက်ခိုက်ဖို့ အတွက် လုပ်နေကြပါတယ်။ သူတို့ကိုအဓိကလိုက်ဖမ်းနေတော့ မြန်မြန်တော့ လုပ်လို့မရဘူး။ အဲဒီလိုအခြေအနေတော့ရှိတယ်”လို့ မအေးသဇင်က ဧပြီ၂၂ရက်က ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

ဧပြီ၃ရက်က မုံရွာမြို့ရှိ ဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရရှိသွားသူတစ်ဦးကို ဆန္ဒပြသူများက ဘေးလွတ်ရာသို့ ဝိုင်းဝန်းသယ်ဆောင်ခဲ့ကြစဉ်။ (ဓာတ်ပုံ | ဖေ့စ်ဘွတ်ခ် / အေအက်ဖ်ပီ)

ကလေးမြို့လိုပဲ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖြိုခွင်းမှုတွေကို ပြန်ပြီး တုံ့ပြန်တာတဲ့ နောက်တစ်နေရာကတော့ အိန္ဒိယမြန်မာနယ်စပ်က တမူးမြို့မှာဖြစ်ပါတယ်။ တမူးမှာလည်း ဒေသခံတွေဟာ တမူးဒေသလုံခြုံရေးအဖွဲ့ (Tamu Security Group)ကို ဖွဲ့စည်းခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာပါဝင်တဲ့ ရဲသားနဲ့ စစ်သားတစ်ချို့ပါဝင်ပြီး ဒေသခံအရပ်သားအများစုပါဝင်ပါတယ်။

ကျန်ဒေသတွေက သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ သတင်းတွေကြောင့် တမူးမြို့မှာလည်း ဆန္ဒပြပြည်သူတွေဟာ သပိတ်စခန်းတွေကို ခံတပ်သဖွယ် အခိုင်အမာ တည်ဆောက်ပြီး ပြင်ဆင်ထားကြပါတယ်။

ကလေးမြို့က တာဟန်းသပိတ်စခန်းဖြိုခွင်းခံရပြီး နှစ်ရက်အကြာ ဧပြီ၉ရက်မှာတော့ တမူးမြို့မှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျည်ဆန်အစစ်တွေသုံးပြီး ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ အဲဒီနေ့က ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။

“လက်နက်ကတော့ တူမီးထက် တခြားလက်နက်တွေ ပိုများပါတယ်။ ကျနော်တို့ ပြန်မခုခံဘူးဆိုရင် အခုသေဆုံးခဲ့တဲ့ လူဦးရေထက် ပိုများနေလိမ့်မယ်။ သူတို့လွယ်လွယ်ကူကူ ပစ်သတ်လို့မရအောင် ကျနော်တို့လုပ်နေတာပါ။ ရဲရော၊ စစ်သားရော ကျနော်တို့ကို ကြောက်နေရမယ်။ အဲဒီလိုဖြစ်အောင် ရည်ရွယ်တာ”လို့ တမူးမြို့ခံ၊ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းသူက ပြောပါတယ်။

ဒီမတိုင်ခင် ဧပြီ၁ရက်မှာ CDMမှာပါဝင်တဲ့ ရဲတပ်သားတစ်ယောက်ဦးဆောင်ပြီး ဒေသခံတစ်ချို့ဟာ တမူးမြို့အနီး၊ နန်းဖာလုံက စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ဝင်တွေ နေရာယူထားတဲ့ ရဲကင်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ပြီး အဲဒီရဲတပ်သားလည်း ကျဆုံးခဲ့ပါတယ်။

တမူးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက ပြန်လည်တိုက်ခိုက်မှု စတဲ့ဖြစ်စဉ်တွေအတွင်း အရပ်သားသေဆုံးသူဦးရေ လေးဦးထက်မနည်း ရှိနေပါပြီ။ ဒေသခံ ၃၀ဝန်းကျင်ကတော့ အဖမ်းအဆီး ခံခဲ့ရပါတယ်။

ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းရုံမက ဆန္ဒပြပွဲတွေမှာ ပါဝင်ပတ်သက်သူတွေကို လိုက်လံဖမ်းဆီးခဲ့တာကြောင့် ဒေသခံတစ်ချို့ဟာ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ကို တိမ်းရှောင်ထွက်ပြေး ကြရပါတယ်။ အစပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ပစ်ခတ်ကြပေမဲ့ လက်နက်အင်အား မမျှတတာကြောင့် တမူးဒေသခံတွေဟာ ပုံစံပြောင်းပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖြိုခွင်းမှုကို ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

“တမူးမှာဆန္ဒပြတာလည်း ပြောက်ကျားစနစ်နဲ့ပြနေတယ်။ မြို့ပေါ်မှာကတော့ စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေ နေရာတော်တော်များများမှာရှိတယ်။ သူတို့ကို ဒီတိုင်းသွားတိုက်ရင် ကျနော်တို့အထိနာလိမ့်မယ်။ အဲဒါကြောင့် အချိန်တစ်ခုကို စောင့်နေတာပါ”လို့ ကိုစည်သူက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ပင်လည်ဘူးနဲ့ ကနီမြို့နယ်တွေမှာလည်း ဒေသခံတွေဟာ တူမီးသေနတ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ပစ်ခတ်ပြီး တုံ့ပြန်ခဲ့ကြပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီလိုတိုက်ခိုက်မှုတွေကို အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ထားပြီး ဒေသခံတွေနဲ့ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးအဖွဲ့မှာ ပါဝင်သူတွေကို လိုက်လံဖမ်းဆီးလျက် ရှိပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.