စံချိန်တင် သွေးစွန်းခဲ့သော အာဏာသိမ်းတစ်လပြည့်

ဖရွန်းတီးယားမြန်မာသတင်းအဖွဲ့ တင်ဆက်သည်။

တပ်မတော်က အာဏာသိမ်းလိုက်တဲ့တစ်လပြည့် (ဖေဖော်ဝါရီ ၂၈ရက်)မှာ မြန်မာပြည်ကမြို့နယ်အချို့မှာ စံချိန်တင်သွေးစွန်းမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူပေါင်းအနည်းဆုံး၁၈ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ကျော်တယ်ဆိုပါတယ်။ စစ်ကောင်စီအုပ်ချုပ်တဲ့တစ်လအတွင်း ၎င်းတို့ကို ဆန့်ကျင်တဲ့သူတွေကို နှိမ်နင်းမှုမှာ တစ်ရက်အတွင်း စံချိန်တင်သေဆုံးခဲ့တဲ့ အရေအတွက်လည်းဖြစ်ပါတယ်။ 

ဒါပြင့် ရန်ကုန်တစ်မြို့တည်းမှာပဲ ဖမ်းဆီးခံရသူဦးရေ ၂၂၄ဉီးအထိရှိခဲ့ပြီး တစ်နိုင်ငံလုံးဖမ်းဆီးခံရသူပေါင်း ၄၆၀ရှိခဲ့တယ်လို့ စစ်ကောင်စီက ည၈နာရီသတင်းမှာ ထုတ်ပြန်ပါတယ်။ 

အာဏာသိမ်းမှုတစ်လပြည့်တဲ့နေ့မှာ မြန်မာ၊ ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ် ခြောက်နိုင်ငံစုပေါင်းပြီး “Milk Tea Allianceလို့ခေါ်တဲ့လှုပ်ရှားမှုကိုပြုလုပ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာတော့ မနက်ခင်း ၈နာရီဝန်းကျင်လောက်မှာပဲ ရဲနဲ့ စစ်တပ်ကပြည်နယ်နဲ့ တိုင်းအသီးသီးမှာရှိတဲ့ သပိတ်စစ်ကြောင်းတွေကို စတင်ဖြိုခွဲခဲ့ပါတယ်။ 

လူလေးဉီး သေဆုံးခဲ့တဲ့ ရန်ကုန်မြို့ရဲ့ မနက်ခင်းကတော့ လှည်းတန်းမှာ သွေးစွန်းမှုတွေနဲ့ စတင်ခဲ့ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့လူထုကို  မနက် ၈ နာရီခွဲ ဝန်းကျင်လောက်မှာ ရာဘာကျည်၊ မျက်ရည်ယိုဗုံးတွေ၊ ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ဖြိုခွင်းမှုကြောင့် လှည်းတန်းလမ်းတစ်လျှောက် ဖရိုဖရဲဖြစ်ကုန်ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။​ အဲဒီအထဲကမှ နှစ်ဦးသေဆုံးခဲ့တာပါ။

“ကျွန်တော်တို့က ပြေးရင်းနဲ့ ကားမှတ်တိုင်နောက်မှာ ပုန်းနေတာပါ။ အဲဒါကို သူတို့ သေနတ်တွေနဲ့ ပစ်တယ်။ အဲဒီမှာ ကျွန်တော်တို့လည်း တခြားကို ပြေးရတယ်”လို့ လှည်းတန်းကျောင်းရှေ့မှတ်တိုင်အနောက် ပုန်းအောင်းခဲ့ရာက လွတ်မြောက်လာခဲ့သူ ဆန္ဒပြလူငယ်တစ်ဦးက ပြောပြပါတယ်။

သေနတ်ထိမှန်ခဲ့တဲ့လူငယ်တွေကို  ပြည်သူတွေက သယ်ပိုး၊ ဘေးလွတ်ရာနေရာတွေကိုခေါ်သွားပြီး အနီးအနားက ဆရာဝန်တစ်ဦးက အရေးပေါ်ကုသရေးတွေ လုပ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူမှုကယ်ဆယ်ရေးအသင်းတွေက ဒဏ်ရာရသူတွေကို လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။ ဖရွန်းတီးယားမြန်မာက လှည်းတန်းလမ်းမပေါ်က အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိသွားချိန်မှာ လမ်းပေါ်မှာ ရာဘာကျည်ဆံတွေ၊ ဂေါ်လီလုံးတွေနဲ့ ကျည်ဆန်အစစ် အခွံတွေကို တွေ့ရှိခဲ့ပါတယ်။

ဒါ့ပြင် ရဲတပ်ဖွဲ့ဝင်တွေဟာ လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းတစ်ဝိုက်ကို ပစ်ခတ်ဖြိုခွင်းမှုတွေ ပြုလုပ်ပြီး ပိတ်ဆို့ခဲ့ပေမဲ့ ဆန္ဒပြသူတွေဟာ မမှုခဲ့ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေ မလာနိုင်အောင် ပိတ်ဆို့ခဲ့ပြီး အချင်းချင်း ရိုင်းပင်းကာညီညွတ်ခဲ့ပြီး ဆန္ဒပြခဲ့ပါတယ်။

လက်လုပ်ဒိုင်းတွေ၊ အမှိုက်ပုံးတွေ၊ ဝါးထရံတွေ၊ အမှိုက်လှည်းတွေကို ယူခဲ့ပြီးလမ်းမတွေပေါ်မှာပိတ်ဆို့ပြီး အရံအတားတွေ လုပ်ခဲ့ပါတယ်။ အဲဒီအရံအတားတွေရဲ့ ရှေ့မှာလည်း ရဲတပ်ဖွဲ့ အလွယ်တကူ မချီတက်နိုင်အောင် ဖန်ပုလင်းကွဲတွေ ချခင်းထားပါတယ်။

“ကျွန်တော်တို့ ညီညွတ်မှရမယ်။ နောက်ကို မဆုတ်ဘူး။ ဝုန်းကနဲ ပြန်မပြေးဘူး။ ဖြည်းဖြည်းချင်းဆုတ်မယ်” လို့ အသက်၂၈နှစ်အရွယ်ရှိ ဆန္ဒပြနေတဲ့ လူငယ်တစ်ဦးက အသံချဲ့စက်နဲ့ တခြားသူတွေကို အသိပေးပါတယ်။ သူတို့တွေမှာ ခေါင်းဆောင်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိပေမဲ့ အရေးကြုံလာတဲ့အချိန်မှာ တာဝန်တွေကို သူ့ဟာသူ ခွဲဝေယူခဲ့ကြပါတယ်။ 

“ပစ်တာတွေကိုတော့ ကြောက်တယ်။ ဒါပေမဲ့ တိုက်ရမှာပဲ။ နောက်နေ့တွေလည်း ဆက်ပြမယ်”လို့ မရမ်းကုန်းမြို့နယ်က ဆန္ဒလာပြတဲ့ လူငယ်တစ်ဦးကလည်း ဆိုပါတယ်။ ပစ်ခတ်ခံရမှုအတွက် ပြည်သူအများစုဟာ ရင်ထဲမှာ အသီးသီးခံပြင်းနေကြပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ရာ မတုန့်မပြန်မိအောင် စိတ်ထိန်းပေမဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တော့ ပြင်ဆင်လာကြပါပြီ။

သင်္ဃန်းကျွန်းမြို့နယ်က ရပ်ကွက်အသီးသီးမှာ ပြည်သူတွေ စုပေါင်းထွက်မယ့် သပိတ်စစ်ကြောင်းဟာ မနက်၈နာရီခွဲလောက်မှာပဲ ဖြိုခွင်းခံလိုက်ရပါတယ်။ စံပြစျေးစုရပ်မှာ လူထုဟာ စုရုံးဖို့ပြင်ဆင်နေစဉ်မှာပဲ ရဲတပ်ဖွဲ့ဟာ ဘာမှကြေညာခြင်းမရှိဘဲ ပစ်ခတ်ဖြိုခွင်းခဲ့တယ်လို့ ဆန္ဒပြပြည်သူတွေက ပြောပါတယ်။

 “ကျွန်တော်တို့ ချီတက်ဖို့ စုတုန်းရှိသေးတယ်။ အဲဒီမှာ အရပ်ဝတ်တွေနဲ့ လူတစ်ချို့က ကျွန်တော်တို့နောက်က ခြေထောက်နဲ့ ကန်တယ်။ အဲဒီနောက်မှာ ရဲတွေက ဝင်ပစ်တယ်”လို့ အရပ်ဝတ်လူတစ်ချို့ဂုတ်ကို အကန်ခံခဲ့ရတဲ့ အသက်၁၉နှစ်အရွယ် လူငယ်တစ်ဦးက ပြောဆိုပါတယ်။

အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဟာ တရစပ် မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ၊ ကျည်ဆန်အစစ်တွေနဲ့ ဆန္ဒပြလူအုပ်ကို စတင်ပစ်ခတ် ဖြိုခွင်းပါတော့တယ်။

“သူတို့က သေနတ်တွေနဲ့ ကျွန်တော်တို့ရှေ့ကို ဝင်ပစ်တယ်။ လူတွေကို အတင်းဖမ်းပြီး ကားပေါ်တင်တယ်”လို့ အသက်၂၈နှစ်အရွယ် သင်္ဃန်းကျွန်းမြို့နယ်နေ လူငယ်တစ်ဦးက ပြောဆိုပါတယ်။ အဲဒီပစ်ခတ်မှုတွေကြောင့် စံပြစျေးအကျော် ဘဝမြင့်မှတ်တိုင်အနီးမှာ သေနတ်ထိမှန်ခဲ့တဲ့ တောင်ဒဂုံက ဆန္ဒလာပြတဲ့ အသက်၂၃နှစ်အရွယ်လူငယ်တစ်ဦး ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

လူအများအပြားကို ဖမ်းဆီးထားတဲ့ ရဲကားကို YBS ယာဉ်တစ်စီးက ပိတ်ဆို့တားဆီးခဲ့တဲ့နောက် ရဲတပ်ဖွဲ့ဝင်တွေဟာ အဲဒီကားပေါ်ကို တက်ပြီး ယာဉ်မောင်းကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်တွေ့လိုက်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောဆိုပါတယ်။

“ယာဉ်မောင်းကိုလည်း ဖမ်းသွားတယ်။ ကားကိုလည်း ရဲစခန်းရှေ့ မောင်းသွားတယ်”သူက ပြောပါတယ်။

အဲဒီလိုဖြစ်ခဲ့ပြီးတဲ့နောက် သင်္ဃန်းကျွန်းလေးထောင့်ကန်လမ်းမပေါ်က ဆန္ဒပြဖို့ ထွက်လာတဲ့ လူအများအပြားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ သင်္ဃန်းကျွန်းက သပိတ်စစ်ကြောင်းကို ဖြိုခွင်းမှုမှာ လူဦးရေ၆၀ဝန်းကျင် ဖမ်းဆီးခံခဲ့ရတယ်လို့ အဲဒီအနီး နေထိုင်သူတွေရဲ့ အဆိုအရ သိရပါတယ်။

အဲဒီဖြစ်စဉ်တွေနောက် ဆန္ဒပြသူတွေဟာ လေးထောင့်ကန်လမ်းမကြီးပေါ်မှာ ငြိမ်းငြိမ်းချမ်ချမ်း ဆက်လက် ဆန္ဒဖော်ထုတ်ပေမဲ့လည်း ရဲတပ်ဖွဲ့ကတော့ ဖြိုခွင်းမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

အင်းစိန်လမ်းပေါ်က လှိုင်ဘူတာရုံလမ်းမှတ်တိုင်အနီးမှာတော့ ဒီနေ့ လူဦးရေသောင်းနဲ့ချီ စုဝေးဆန္ဒပြခဲ့ပါတယ်။ မနက်၉နာရီကျော်က မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်လူစုခွဲခံရပေမဲ့ ဆန္ဒပြသူတွေဟာ မကြာခင်မှာပဲ ပြန်စုဝေးခဲ့ကြပါတယ်။ အလားတူ စမ်းချောင်းမြို့နယ်မှာလည်း ရဲတပ်ဖွဲ့နဲ့ စစ်သားတွေဟာ ဆန္ဒထုတ်ဖော်တဲ့သူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ထိမှန်ခဲ့လို ထိခိုက်ဒဏ်ရာရသူရှိခဲ့ပေမဲ့ သေဆုံးသူတော့မရှိခဲ့ပါဘူး။

ဒီနေ့မနက်ပိုင်း မန္တလေးမြို့မှာတော့ ဆန္ဒပြဖို့လမ်းပေါ်ထွက်တဲ့သူတွေကို လူစုမခံဘဲရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။

“ရဲတွေက ဆန္ဒပြတဲ့သူမဟုတ်ဘဲ လမ်းပေါ်မှာရှိတဲ့သူပါ ပစ်သွားတာ။ ကျွန်တော့်ရှေ့မှာပဲ ရဲကားတစ်စီးက ကားပေါ်ကနေ ဆိုင်ကယ်မောင်းနေတဲ့သူရဲ့ ခေါင်းကိုပစ်လိုက်တာ ကျွန်တော်မြင်လိုက်ရတယ်”လို့ မဟာအောင်မြေမြို့နယ်၊ ၆၆လမ်းပေါ်မှာ လမ်းသွားလမ်းလာတစ်ဦး ပစ်သတ်ခံလိုက်ရတဲ့ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပါတယ်။

အဲဒီအမျိုးသားဟာ လူမှုကူညီရေးအသင်းတစ်ခုရဲ့ အကူအညီနဲ့ အရေးပေါ်ဆေးကုသမှု ခံယူနေစဉ်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ ညနေ ၅နာရီ ၃၀မိနစ်လောက်မှာ မဟာအောင်မြေမြို့နယ် ၃၅လမ်းနဲ့ ၇၆လမ်းထောင့်မှာ အမျိုးသမီးတစ်ယောက် ဦးခေါင်းကို သေနတ်နဲ့ပစ်ခံလိုက်ရတာကြောင့် အဲဒီနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်။

မနက် ၁၀နာရီ ဝန်းကျင်မှာ ၆၂လမ်းပေါ်က ကုတင် ၃၀၀သင်ကြားရေးဆေးရုံရှေ့မှာ ပိတ်မိနေတဲ့ ဆေးကျောင်းသားနဲ့ ဆရာဝန်တွေကို လူထုကကယ်ထုတ်ဖို့ ကြိုးစားရာမှာ ရဲတပ်ဖွဲ့က ကျည်အစစ်၊ ရာဘာကျည်၊ မျက်ရည်ယိုဗုံးစတာတွေနဲ့ ပစ်ဖောက် ဖြိုခွင်းခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တို့က ဆန္ဒထုတ်ဖော်မှုတွေမှာလည်း စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

အလားတူ ဆန္ဒထုတ်ဖော်မှုတွေကို သတင်းယူခဲ့တဲ့သတင်းထောက်တွေ အပါအဝင် ဆန္ဒထုတ်ဖော်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေကို အကြမ်းဖက် ဖမ်းဆီးမှုတွေလည်းရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့  မှတ်တမ်းများအရ ဖေဖော်ဝါရီ၁ရက်ကနေ ၂၇ရက်အထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၈၅၄ ဦးထိရှိခဲ့ပြီဖြစ်ပါတယ်။

သို့ပေမဲ့ ဒီကိန်းဂဏန်းတွေက လူထုကို စိတ်ပျက်အားလျော့မှုတွေထက် နာကျည်းမှုတွေ၊ ဖိနှိပ်မှုကို ခံပြင်းမှုတွေက ဆန္ဒပြပွဲကို ဆက်လက်ဆင်နွှဲဖို့ အင်အားတွေဖြစ်စေခဲ့ပါတယ်။

ဒီစိတ်ဓာတ်တွေနဲ့ ပူပြင်းတဲ့အပူရှိန်အောက်မှာ၊ သေနတ်သံတွေနဲ့ မျက်ရည်ယိုဗုံးငွေ့တွေကြားမှာ “ပြည်သူ့ရဲတွေ ဘာလုပ်နေလဲ၊ အာဏာရူးကို ကာကွယ်နေတယ်”လို့ သံပြိုင်ဟစ်ကြွေးနေကြပါတယ်။ အဲဒီကြွေးကြော်သံကို ကြားယုံနဲ့ လူထုရဲ့ နှလုံးသားထဲမှာ အာဏာရှင်စနစ်ကိုဘယ်လောက်မုန်းတီးနာကျည်းနေလဲဆိုတာ ခံစားနားလည်နိုင်မှာပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.