Chin, Naga and Pa-O representatives, wearing traditional costumes, pose for a picture during the opening of a peace conference in Nay Pyi Taw on August 31, 2016. (AFP)
၂၀၁၆၊ ဩဂုတ်တွင် ကျင်းပခဲ့သော ၂၁ပင်လုံညီလာခံသို့ တက်ရောက်လာသည့် တိုင်းရင်းသားကိုယ်စားလှယ်အချို့ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

စတုတ္ထအကြိမ် ၂၁ရာစုပင်လုံညီလာခံ အခင်းအကျင်းကို ရှုမြင်ကြည့်ခြင်း

ဆွေလဲ့မွန် ရေးသားသည်။

ယနေ့ကျင်းပတော့မည့် စတုတ္ထအကြိမ်မြောက်၂၁ရာစုပင်လုံညီလာခံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအတွက် မှေးမှိန်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရယူနိုင်မည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။

နှစ်နှစ်ကျော်ကြာကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့သော ညီလာခံကို ယနေ့ နေပြည်တော်တွင် ကျင်းပတော့မည်ဖြစ်ရာ ညီလာခံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအပါအဝင် သဘောတူညီချက် (၂၀) ခန့်ကို ဆွေးနွေးရယူ နိုင်မည်ဟု အစိုးရနှင့် အင်န်စီအေစာချုပ် လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့က မျှော်လင့်နေကြသည်။

အဆိုပါသဘောတူညီချက်များက ၂၀၂၀ အလွန်ငြိမ်းချမ်းရေးအခင်းအကျင်း၊ တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် (အင်န်စီအေ) အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အခြေခံ အုတ်မြစ်များဟူသော အစိတ်အပိုင်းသုံးခုကို လွမ်းခြုံထားသည်။

အင်န်စီအေစာချုပ်လက်မှတ်မထိုးရသေးသော အဖွဲ့ ခုနှစ်ဖွဲ့က စတုတ္ထအကြိမ်ပင်လုံညီလာခံကို တက်ရောက်ရန် ငြင်းဆန်ခဲ့ခြင်းက ညီလာခံ၏ အောင်မြင်မှုကို ကန့်သတ်သလိုဖြစ်ခဲ့သည်။ ကျန်အဖွဲ့များကို ဖိတ်ကြားခဲ့သော်လည်း အစိုးရက ရက္ခိုင့်တပ်တော် (အေအေ)ကို ဖိတ်ကြားသည့်စာရင်းတွင် ချန်လှပ်ခဲ့ခြင်းက ၎င်းတို့ ညီလာခံ မတက်ရောက်ရန် အဓိက အကြောင်းအရင်းဖြစ်ခဲ့သည်။

ဇူလိုင်အတွင်းက အင်န်စီအေ လက်မှတ်ထိုးထားသော တိုင်းရင်းလက်နက်ကိုင်အဖွဲ့အချို့က အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ပြုပြင်ပြောင်းလဲရန်အားထုတ်ခဲ့မှုများနှင့် စပ်လျဉ်း၍ တပ်မတော်နှင့် အင်န်စီအေထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သဘောထားကွဲလွဲအချို့လည်း ဖြစ်ပေါ်ခဲ့သေးသည်။

မှေးမှိန်နေသော ငြိမ်းချမ်းရေးအခင်းအကျင်း

အင်န်စီအေစာချုပ်ကို ပထမဦးဆုံးလက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့နှင့်အတူ ၂၀၁၆ ခုနစ် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သော ပထမဦးဆုံးအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရအတွက် သမိုင်းဝင်ပြယုဂ်တစ်ခုဖြစ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တက်လာပြီးနောက်ပိုင်း ၂၀၁၆ ဩဂုတ်လတွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်ချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ၏ အစည်းအဝေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ခြောက်လလျှင် တစ်ကြိမ်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသော်လည်း လက်ရှိအချိန်အထိ သုံးကြိမ်သာကျင်းပထားသည်။

နောက်ဆုံးအကြိမ်အဖြစ် တတိယမြောက်ညီလာခံကို ၂၀၁၈၊ ဇူလိုင်တွင် ကျင်းပခဲ့ပြီး နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာသဘောတူညီချက်တစ်ခုမျှ မရရှိခဲ့ဘဲ “ခွဲမထွက်ရ”နှင့် “တစ်ခုတည်းသောတပ်မတော်” စသည့် အကြောင်းအရာများနှင့် သက်ဆိုင်သည့် စကားလုံးအသုံးအနှုန်းများအပေါ် သဘောတူညီချက်မရဖြစ်ခဲ့သည်။

ထိုမှတစ်ဖန် ၂၀၁၈၊ အောက်တိုဘာတွင် ကျင်းပခဲ့သော အင်န်စီအေရေးထိုးမှုနှစ်ပတ်လည်အခမ်းအနားက စတင်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်ဆို့မှုများဖြစ်ပေါ်ခဲ့သည်။ ထိုနှစ်တွင် အင်အားကြီးလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က ငြိမ်းချမ်းရေး အခင်းအကျင်းတစ်ခုလုံးကို ပြန်လည်သုံးသပ်နိုင်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် တရားဝင် ဆွေးနွေးပွဲများတွင် ပါဝင်မှုကို ရပ်ဆိုင်းခဲ့ကြသည်။

ယင်းသို့ ရပ်ဆိုင်းလိုက်ပြီးနောက် RCSSနှင့် တပ်မတော်အကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်းကောင်း၊ ကေအင်န်ယူနှင့် တပ်မတော်တို့အကြား ကရင်ပြည်နယ်၊​ ဖာပွန်မြို့နယ်တွင်လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ငြိမ်းချမ်းရေးနှင့်ပြန်လည်ပေါင်းစီးရေးစင်တာ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက အပြန်အလှန် ယုံကြည်မှုကင်းမဲ့ခြင်းက ငြိမ်းချမ်းရေးဖြစ်စဉ် ရပ်တန့်သွားခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်သည်ဟု ဆိုသည်။

“ယုံကြည်မှုကျဆင်းနေတဲ့အချိန်မှာ ခွဲထွက်ရေးတို့၊ တစ်ခုတည်းသောတပ်မတော်တို့ စတဲ့ ကိစ္စရပ်အကြီးကြီးတွေကို ဆွေးနွေးနေမှတော့ ကျိန်းသေ deadlock (ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေ)ဖြစ်ပြီပေါ့” ဟု ၎င်းက ပြောသည်။

အစိုးရသည် ကေအင်န်ယူနှင့် RCSS တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ပြန်လည်ပါဝင်လာအောင် တစ်နှစ်ကျော်ကြာ အချိန်ယူ၍ အလွတ်သဘောဆွေးနွေးကာ ညှိနှိုင်းခဲ့ရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊​ အစိုးရနှင့် တပ်မတော်တို့အကြား တစ်နှစ်ကျော်ကြာသော ထိုအလွတ်သဘောဆွေးနွေးပွဲများက တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန်လည်း အရေးပါခဲ့သည်ဟု ၂၀၁၁ကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ပြီး လက်ရှိငြိမ်းချမ်းရေးကော်မရှင်တွင် အကြံပေးတစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက ပြောသည်။

ယင်းကြောင့်ပင် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ၂၀၂၀ ဇန်နဝါရီလတွင် ရှစ်ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM)ကျင်းပခြင်းဖြင့် ပြန်လည်စတင်နိုင်ခဲ့သည်။ ထိုအစည်းအဝေးတွင်  ငြိမ်းချမ်းရေးညီလာခံကျင်းပခြင်းနှင့် ၂၀၂၀ အလွန်ငြိမ်းချမ်းရေးအခင်းအကျင်းကို ရေးဆွဲခြင်းတို့အပါအဝင် ဆုံးဖြတ်ချက် ရှစ်ခုချမှတ်ခဲ့သည်။

ဆွေးနွေးပွဲတွင် စတုတ္ထအကြိမ်ပင်လုံညီလာခံကို ၂၀၂၀၏ ပထမလေးလအတွင်းကျင်းပရန် သဘောတူညီခဲ့ကြသော်လည်း ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါအပါအဝင် အခြားအကြောင်းအရင်းများကြောင့် ထပ်မံ ရွှေ့ဆိုင်းခဲ့ရပြီး နောက်ဆုံးတွင် ဩဂုတ် တတိယပတ် (၁၉၊ ၂၀၊ ၂၁ရက်များ)တွင် ကျင်းပရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

အပစ်ရပ်စောင့်ကြည့်ရေးကိစ္စအတွက် သဘောမတူညီမှုများ

အပစ်ရပ်စောင့်ကြည့်ရေးကိစ္စအတွက်  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသန္တရအဆင့်ဟူ၍ အဆင့်သုံးဆင့်ခွဲခြားထားပြီး တပ်ပိုင်းဆိုင်ရာ အငြင်းပွားမှုများ၊ အင်န်စီအေတွင် ပြဋ္ဌာန်းထားသော အပစ်အခတ်ရပ်စဲရေးစည်းကမ်းချိုးဖောက်မှုများကို ဝင်ရောက်ဖြေရှင်းပေးရသော ယန္တရားတစ်ခုဖြစ်သည်။ အင်န်စီအေကို လက်မှတ်ရေးထိုးပြီးသော်လည်း ၂၀၁၈နှောင်းပိုင်းတွင် အစိုးရနှင့် စစ်ရေးတင်းမာခဲ့သော ကေအင်န်ယူနှင့် RCSS တို့ တရားဝင်ငြိမ်းချမ်းရေးပါဝင်မှု ရပ်ဆိုင်းပြီးနောက်ပိုင်းတွင် JMC အစည်းအဝေးများလည်း ရပ်တန့်ခဲ့သည်။

တရားဝင်ဆွေးနွေးပွဲများ ပြန်လည်စတင်ခဲ့ရာ ရှစ်ကြိမ်မြောက် JICM အစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏(JMC) အစည်းအဝေးများကို ပြန်လည်စတင်ရန်ဟူသည့် အချက်လည်းပါဝင်ခဲ့သည်။ သို့သော် ယင်းအချက်အပေါ် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကောက်အယူလွဲမှုများဖြစ်ပေါ်ခဲ့သည်ဟု ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသူတစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏(JMC) အစည်းအဝေးများဟုဆိုရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က ပြည်နယ်အဆင့် JMC အစည်းအဝေးများပါ ပါဝင်သည်ဟု ထင်မြင်ယူဆခဲ့ကြပြီး တပ်မတော်ကမူ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတစ်ခုကိုသာကျင်းပရန် ဆိုလိုကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

ယခုနှစ်၊ ဇူလိုင်လတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတစ်ခုက ပြည်နယ်အဆင့် JMC များ ပြုပြင်ပြောင်းလဲရန် အဆိုပြုလာသောအခါ တပ်မတော်နှင့် သဘောထားမတိုက်ဆိုင်ဖြစ်ခဲ့သည်။ တပ်မတော်က ပြည်နယ်အဆင့် JMC အစည်းအဝေးများ ကျင်းပရန် သဘောတူခဲ့ခြင်းမရှိဟုဆိုကာ တင်းခံခဲ့သည်။

“တပ်မတော်ကပြောတာက JMC နဲ့ UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ) နဲ့ နှစ်မျိုးပဲပြောတယ်။ JMC-U နဲ့ ဟန်ချက်ညီညီလုပ်။ တိုင်းရင်းသား တစ်ချို့ကျတော့ JMC ကို reform (ပြန်လည်ပြင်ဆင်ခြင်း) လုပ်ပြီးမှ ပြန်လာမယ်ဆိုပြီး ပြောခဲ့တာရှိတယ်။ တကယ်ကျတော့ ပြည်နယ်အဆင့် ကို reform လုပ်တာက ဆုံးဖြတ်ချက်မရှိဘူး။ ပြန်ဆွေးနွေးဖို့ တစ်ရက်နှစ်ရက်လောက် စောင့်လိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုအဆင့် JMC အစည်းအဝေးကို ဇူလိုင်၇ နှင့် ၈ ရက်တို့တွင် ကျင်းပခဲ့သည်။

ယင်းအဆိုပြုချက်ကို တင်ပြခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၏ အမည်ကို ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသော်လည်း အဆိုပါအဖွဲ့သည် “JMC ကို ပြုပြင်ပြောင်းလဲမှုပြုလုပ်ပြီးမှ ငြိမ်းချမ်းရေးစကားဝိုင်းများသို့ ပြန်လာမည်”ဟုဆိုသည့် အဖွဲ့အစည်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ ထုတ်ပြန်ခဲ့သည့် တစ်ခုတည်းသော အင်န်စီအေထိုးထားသည့်အဖွဲ့မှာ RCSS သာဖြစ်သည်ကို ၎င်းတို့ ထိုစဉ်က ထုတ်ပြန်သည့် ကြေညာချက်တစ်ခုအရ သိရှိနိုင်သည်။ ၂၀၁၈၊ နိုဝင်ဘာတွင် RCSS အဖွဲ့သည် JMC ဆွေးနွေးပွဲများက ထွက်ခွာသွားစဉ်က ၎င်းတို့၏ထုတ်ပြန်ချက်တွင် ကော်မတီသည် မျှတမှုမရှိဘဲ ဆုံးဖြတ်ချက်များကလည်း အကျိုးသင့်၊​အကြောင်းသင့်မရှိဟုဆိုကာ ၎င်းတို့၏ပါဝင်မှုကို ပြန်လည်စဉ်းစားသွားမည်ဟူ၍ ထည့်သွင်းဖော်ပြခဲ့သည်။

JMC နှင့်စပ်လျဉ်းသော သဘောမတူညီမှုများကြောင့် ပင်လုံညီလာခံကို တစ်ပတ်နောက်ဆုတ်လိုက်ရသည်။ ဇူလိုင်လဆန်းတွင် ပြုလုပ်ခဲ့သော ပင်လုံညီလာခံကျင်းပရန် ညှိနှိုင်းသည့် အဖွဲ့အစည်းအဝေးတစ်ခုတွင် ညီလာခံကို ဩဂုတ် ၁၂မှ၁၄ အထိ ကျင်းပရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

နှစ်ရက်ကြာဆွေးနွေးမှုအပြီးတွင် ပြည်နယ်အဆင့် JMC ဆွေးနွေးပွဲများကို ၂၁ပင်လုံငြိမ်းချမ်းရေးညီလာခံနှင့် အပြိုင် ကျင်းပရန် နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည်ဟု ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့၏ နာယကခွန်ဥက္ကာက ပြောသည်။

“JMC ကို ပြုပြင်ပြောင်းလဲ မွမ်းမံချင်တဲ့အဖွဲ့တွေရှိတယ်။ ဒါတွေကို တစ်ခုပြီးမှ တစ်ခုလုပ်တဲ့ပုံစံမဟုတ်ဘဲနဲ့ အပြိုင်စနစ်နဲ့ ပြည်ထောင်စုအဆင့် JMC မှာ လိုအပ်တာကိုဆွေးနွေး၊ ပြည်နယ်အဆင့် JMC မှာ လိုအပ်တာကို ဆွေးနွေး။ တစ်ချိန်ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလည်း ဆက်လက်ဆွေးနွေးပြီးတော့ ၂၁ ရာစုပင်လုံမှာ နိုင်ငံရေးသဘောတူညီချက်တွေ ထပ်မံရရှိဖို့အတွက် ကြိုးပမ်းရမယ်ဆိုတဲ့ အခြေခံသဘောတူညီချက်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ကော်မတီတွင် အစိုးရက ပါဝင်သတ်မှုမရှိခြင်းကြောင့် ငြိမ်းချမ်းရေးအခင်းအကျင်းတွင် JMC ၏အခန်းကဏ္ဍပျောက်ဆုံးနေပြီး ကော်မတီဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲသင့်သည်ဟု အစိုးရ၏ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသူတစ်ဦးက အကြံပြုသည်။

“ကော်မတီမှာ အစိုးရကိုယ်စားလှယ်တွေက တပ်မတော်ကခန့်အပ်ထားတာဖြစ်ပါတယ်။ အစိုးရကလည်း သူ့ကိုယ်စားလှယ်တွေကို ခေါ်တွေ့တာတွေတစ်ခါမှ မလုပ်ဘူး။ ဒါကြောင့် JMC က သက်သက်ကြီးဖြစ်နေတာ။ စစ်သားတွေကြီးပဲရှိနေသရွေ့တော့ ကော်မတီက အလုပ်ဖြစ်မှာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ကော်မတီတွင် အရပ်သားကိုယ်စားလှယ်များပါဝင်သော်လည်း ယင်းတို့ကို နှစ်ဖက်တပ်ဖွဲ့များက ရွေးချယ်ပြီး ကော်မတီက အတည်ပြု ခန့်အပ်ထားခြင်းကြောင့် နှစ်ဖက်တပ်များအကြား အားကောင်းသော ညှိနှိုင်းရေးကြားခံများဖြစ်မလာဟု ၎င်းက ဆိုသည်။

၂၁ပင်လုံတွင် ဆွေးနွေးကြမည့်အချက်များ

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးမှု ရှစ်ကြိမ်အပြီး ပင်လုံညီလာခံတွင် ချုပ်ဆိုကြမည့် သဘောတူညီချက်များရရှိခဲ့သည်ဟု ဦးလှမောင်ရွှေက ဆိုသည်။ ညီလာခံတွင်ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း(၃)တွင် ယင်းသဘောတူညီချက်များကို ထည့်သွင်းချုပ်ဆိုကြမည် ဖြစ်သည်။

ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း(၃) တွင် ခေါင်းစဉ်ကြီး သုံးခုပါဝင်မည်ဖြစ်ပြီး ၎င်းတို့မှာ အင်န်စီအေအကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်၊ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးအခင်းအကျင်းနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအခြေခံမူများ ဟူ၍ ဖြစ်သည်။

အင်န်စီအေ အကောင်အထည်ဖော်မှုဆိုင်ရာမူဘောင်ခေါင်းစဉ်အောက်တွင် သဘောတူညီချက် ၁၅ ချက်ရရှိထားသည်။ JMC နှင့် UPDJC အစည်းအဝေးပွဲများကျင်းပရာတွင် နှစ်ဖွဲ့ချင်းတွေ့ဆုံပွဲများ (bilateral meetings) ကိုလည်း တစ်ပြိုင်နက် ကျင်းပရန် သဘောတူညီထားပြီး UPDJC အနေဖြင့် ယခုလာမည့်ညီလာခံတွင် ရရှိမည့်သဘောတူညီချက်များကို အခြေခံ၍ နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို လိုအပ်သလိုပြင်ဆင်ခွင့်ရှိသည်ဟုလည်း ပါဝင်သည်။

ထို့အပြင် “အင်န်စီအေစာချုပ်ပါအချက်အလက်များ”ကို နှစ်ဖက်တွေ့ဆုံရန်ဆွေးနွေးရန်လည်း သဘောတူညီထားသည်။ ပြည်ထောင်စုသဘောတူစာချုပ်တစ်ခုလုံးတွင် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးအခင်းအကျင်းနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအခြေခံမူများက အရေးကြီးဆုံးဖြစ်သည်ဟု အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားများက ယူဆကြသည်။

“ဒီရွေးကောက်ပွဲပြီးသွားရင် ဘယ်အစိုးရပဲတာဝန်ယူယူ ဒီဟာတွေကို ဆက်ဆွေးနွေးပါ့မယ်ဆိုတဲ့ သဘောတူညီချက်ကို သူတို့က(တိုင်းရင်းသားအဖွဲ့များ) ရချင်တာ။ နောက်တစ်ခုက ဖက်ဒရယ်အခြေခံမူတွေကို စဆွေးနွေးကြဖို့ပေါ့” ဟု ဦးလှမောင်ရွှေက ပြောသည်။

၂၀၂၀ အလွန် ရှေ့ဆက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ခေါင်းစဉ်အောက်တွင် ဇယားနှစ်ခုပါဝင်ပြီး ဇယား (၁) တွင် ခေါင်းစဉ်ကြီးရှစ်ခုပါဝင်သည်။ ခေါင်းစဉ်ကြီးရှစ်ခုတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးရေး၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်များ၊ မြေယာနှင့်သယံဇာတ၊ ဒီမိုကရေစီတည်ဆောက်ရေး၊ လူမှုသဟဇာတဖြစ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြည်လည်ပေါင်းစည်းရေးတို့ ဖြစ်သည်။

ဇယား(၂)တွင် ပါဝင်သည့်ကိစ္စများသည် ဆက်လက်ဆွေးနွေးရန် ကျန်နေသေးသည်ဟု မွန်ပြည်သစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင် နိုင်အောင်မငေးက ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအခြေခံမူများတွင် သဘောတူညီချက် ငါးချက်ရရှိခဲ့သည်။ ၎င်းတို့မှာ ဖက်ဒရယ်တည်ဆောက်ရေး ကတိအဝတ်၊ ဖက်ဒရယ်ဆိုင်ရာခုံရုံးအကောင်အထည်ဖော်ခြင်း၊ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာ၊ သယံဇာတ၊ အခွန်အကောက်နှင့် ဘဏ္ဍာငွေခွဲဝေကျင့်သုံးခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့အကြား တူညီသောရပိုင်ခွင့်များနှင့် လူများ၏မူလအခွင့်အရေးများဖြစ်ကြောင်း နိုင်အောင်မငေးက ပြောသည်။

ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲခွင့်ကို နှစ်ဖက်သဘောတူညီခဲ့ကြသော်လည်း အသုံးအနှုန်းဆိုင်ရာ အငြင်းပွားမှုများကြောင့် ယခုပင်လုံတွင် ပါဝင်နိုင်ဦးမည်မဟုတ်သေးပေ။

အင်န်စီအေမထိုးသည့်အဖွဲ့များ ညီလာခံမတက်ရောက်

အစိုးရအနေဖြင့် အင်န်စီအေလက်မှတ်မရေးထိုးရသေးသော အဖွဲ့အစည်းခုနှစ်ခုကို ပင်လုံညီလာခံတက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း တစ်ဖွဲ့မျှတက်ရောက်မည် မဟုတ်ပေ။ ယင်းအဖွဲ့အစည်းများသည် ယခင်ညီလာခံများသို့ လေ့လာသူများအဖြစ်တက်ရောက်ခဲ့ပြီး အစိုးရ၊ တပ်မတော်တို့နှင့် သီးခြားဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။

တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသော အေအေအဖွဲ့ကို အစိုးရ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက ဖိတ်ကြားခဲ့သည့် စာရင်းမှ ချန်လှပ်ခဲ့ခြင်းကြောင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်၍ အစိုးရနှင့် အဓိကတိုက်ခိုက်မှုများရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်သော ကျန် FPNCC အဖွဲ့ဝင် ခြောက်ဖွဲ့က ညီလာခံမတက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု လေ့လာသူများက ထောက်ပြကြသည်။

အေအေအဖွဲ့ကို အစိုးရက ယခုနှစ်၊ မတ်တွင် အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခံထားရခြင်းကြောင့် ဖိတ်ကြားရန် ဥပဒေအရ အဟန့်အတားများရှိခဲ့သည်ဟု အမျိုသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများကို ဖြေဆိုထားသည်။

ဩဂုတ်၁၃ရက်က UWSA ဌာနချုပ်တည်ရှိရာ ပန်ဆန်းတွင် FPNCC အဖွဲ့ဝင်များ တွေ့ဆုံခဲ့ပြီးနောက် ပင်လုံညီလာခံမတက်ရောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အင်န်စီအေစာချုပ်တွင် လက်မှတ်မရေးထိုးရသေးသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကလည်း ညီလာခံမတက်ရောက်နိုင်ကြောင်းကို အစိုးရကို အကြောင်းကြားခဲ့သည်။ ကိုဗစ်-၁၉ ကြောင့် ခရီသွားလာမှု ခက်ခဲ၍ မတက်ရောက်ခြင်းဖြစ်နိုင်ကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သော်လည်း KNPP ၏ အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်က “ဖွင့်ပွဲအခမ်းအနားတစ်ခုကိုသာ တက်ရောက်ခွင့်ပြုခြင်းကြောင့် ညီလာခံသို့မလာရောက်ကြောင်း” 7Day သတင်းဌာနကို ဩဂုတ်၁၂ရက်တွင် ဖြေကြားခဲ့သည်။

FPNCC အဖွဲ့ ညီလာခံမတက်ရန် ဆုံးဖြတ်ရာတွင် ကိုဗစ်-၁၉ကပ်ရောဂါကို အကြောင်းပြခဲ့သော်လည်း ကော်မတီတွင် အားလုံးပါဝင်ရေးမူရှိနေပြီး ၎င်းတို့၏အဖွဲ့ဝင် အေအေကို ဖိတ်ကြားခြင်းမရှိ၍ မတက်ရောက်ခြင်းဖြစ်နိုင်သည်ဟု ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် လမိုင်ဂွန်ဂျာက ပြောသည်။

“ဒါက ပြည်ထောင်စုအရေးပဲလေ။ ပင်လုံညီလာခံဖြစ်တဲ့အတွက် တိုင်းရင်းသားအားလုံးနဲ့ ဆိုင်တဲ့ဆွေးနွေးပွဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အားလုံးကို ဖိတ်သင့်တယ်။ ချန်တယ်ဆိုရင်ကတော့ ဆက်လက်ပြီး ငြိမ်းချမ်းရေးကိစ္စနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက်မှာကော တစ်ဖက်နဲ့တစ်ဖက်က ပိုပြီးတော့မှာ ယုံကြည်မှုအားနည်းသွားနိုင်တယ်” ဟု သူက ပြောသည်။

ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း “တိုင်းရင်းသားလက်နက်ကိုင်တွေက အစိုးရက သူတို့ကို ခွဲထုတ်ဖို့ကြိုးစားနေတယ်လို့ ခံစားရရင် သူတို့က အစိုးရနဲ့ဆက်ဆံရေး သတိကြီးကြီးထားလေ့ရှိတယ်။ အေအေကို မဖိတ်ဘူးဆိုရင် သူတို့ရဲ့မဟာမိတ် ကေအိုင်အေနဲ့ တအာင်းအဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းမှုများလုပ်ဖို့ရာ ခက်ခဲသွားလိမ့်မယ်”ဟု ၎င်းက ပြောသည်။

အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း အစိုးရသည် FPNCC အဖွဲ့ဝင်များကို သွေးခွဲရန်ကြိုးစားနေသည်ဟု ပြောဆိုပြီး အစိုးရက တွေ့ဆုံညှိနှိုင်းရေးကို လက်မခံ၍ အနာဂတ်တွင်အကျိုးဆက်များရှိလာနိုင်သည်ဟု ပြောသည်။

“မြန်မာအစိုးရဘက်ကနေ စကားပြောစရာမရှိတော့ဘူး၊ ဆွေးနွေးစရာမလိုတော့ဘူးဆိုရင် ကျွန်တော်တို့ဘက်ကလည်းပဲ ဒီထက်ပိုပြီးတော့မှ ရှင်းရှင်းလင်းလင်း လုပ်ဆောင်သွားရုံပဲရှိတယ်။ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်း ရခိုင်လူထုနဲ့လက်တွဲပြီးတော့ ညီညီညွတ်ညွတ်နဲ့ ဆက်ပြီးတော့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး မူဝါဒကို အခိုင်အမာလုပ်ဆောင်သွားဖို့ပဲရှိတယ်” ဟု ၎င်းက ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.