စစ်အာဏာရှင်လက်ထက် နာဂစ်နဲ့ ရွေးကောက်ခံအစိုးရ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ဘာကွာသလဲ

နိုင်ငံတော်အစိုးရရဲ့ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ကုသရေးပိုင်းမှာ လစ်ဟာချက်တွေရှိနေပေမဲ့ ၂၀၀၈ နာဂစ်ဆိုင်ကလုန်း ဘေးအန္တရာယ်ကျရောက်စဉ်က စစ်အစိုးရရဲ့စာနာစိတ်ကင်းစွာ တုန့်ပြန်ဆောင်ရွက်မှုကို အမှတ်ရနေသူတို့အဖို့တော့ ဖြေသာနိုင်ကြမှာပါ။

စည်သူအောင်မြင့် ရေးသားသည်။

လာမယ့် မေလ ၂ ရက်ဆို မြန်မာနိုင်ငံမှာ လူပေါင်း တစ်သိန်း လေးသောင်းလောက် သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်း ကျရောက်ခဲ့တာ ၁၂ နှစ် ပြည့်ပါတော့မယ်။

လက်ရှိအချိန်မှာလည်း မြန်မာနိုင်ငံဟာ တခြားကမ္ဘာ့နိုင်ငံတွေနည်းတူ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ပြဿနာကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ မတူတာတစ်ခုက နာဂစ်မုန်တိုင်း ကျရောက်ခဲ့ချိန်တုန်းက မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက် ကျရောက်နေရပြီး အာဏာရှင်တွေရဲ့စီမံခန့်ခွဲမှုနဲ့ ဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတာဖြစ်ပေမဲ့ ဒီကနေ့အချိန်မှာတော့ ရွေးကောက်ခံအစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ ကမ္ဘာ့ကပ်ဘေးကြီးကို ရင်ဆိုင်ကျော်ဖြတ်နေရတာ ဖြစ်ပါတယ်။

ပြည်တွင်းက နိုင်ငံရေးသမားတွေ၊ တတ်သိပညာရှင်တွေနဲ့ ပြည်သူတချို့ကတော့ အရင်စစ်အာဏာရှင်တွေ နာဂစ်ဘေးအန္တရာယ်ကို ရင်ဆိုင်တုန့်ပြန်ခဲ့ပုံနဲ့ လက်ရှိ ရွေးကောက်ခံအစိုးရရဲ့ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်တုန့်ပြန်နေပုံတွေကို နှိုင်းယှဉ်ပြောဆိုမှုတွေ ရှိလာနေပါတယ်။ သဘာဝ ဘေးအန္တရာယ်ဖြစ်စေ၊ ကပ်ရောဂါဘေးဖြစ်စေ အာဏာရှင်တွေ တုန့်ပြန စီမံခန့်ခွဲပုံနဲ့ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ရွေးကောက်ခံအစိုးရ တုန့်ပြန်ပုံချင်း မတူညီနိုင်ပါဘူး။

ဘယ်နေရာတွေမှာ ဘာတွေကွာခြားသလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

၂၀၀၈ မေလ ၂ ရက် နာဂစ်မုန်တိုင်း ပြဿနာနဲ့ပတ်သက်ပြီ ပြောရရင် မိုးလေဝသပညာရှင် ဦးထွန်းလွင်ကို ချန်လှပ်ထားလို့ ရမှာမဟုတ်ပါဘူး။ မေလ ၂ ရက်မတိုင်ခင် ပင်လယ်ပြင်မှာ မုန်တိုင်းစုဖွဲ့စဉ်ကတည်းက အဲဒီအချိန်က အစိုးရ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ တာဝန်ခံဖြစ်တဲ့ ဦးထွန်းလွင်ဟာ စောင့်ကြည့်၊ ကြိုသိခဲ့ပါတယ်။ စစ်အာဏာရှင်လက်ထက် ဗျူရိုကရေစီ ယန္တရားစနစ်အရ ဦးထွန်းလွင်ဟာ သူသိသမျှကို သတင်းအဖြစ်ထုတ်ပြန်ပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာနကို ပေးပို့ရတာ၊ အထက်အာဏာပိုင်တွေဆီ သတင်းပို့တာလောက်ပဲ လုပ်နိုင်ပါတယ်။

မြန်မာနိုင်ငံထဲ ဝင်ရောက်လာမယ့် အဲဒီမုန်တိုင်း အဖျက်စွမ်းအား ကြီးမားမယ်ဆိုတာ သိပြီးတဲ့နောက် ဦးထွန်းလွင်ဟာ အဲဒီအချိန်က စစ်အာဏာရှင်ကြီးရဲ့ ကိုယ်ရေးအရာရှိဆီ အဆက်မပြတ် သတင်းပို့ခဲ့သလို၊ နောက်ပိုင်း အဆင့်မြင့်အရာရှိ အတော်များများကိုလည်း တယ်လီဖုန်းဆက် သတင်းပို့ခဲ့တယ်လို့ သူ့ရဲ့ အင်တာဗျူးတွေမှာ ပြန်ပြောင်း ပြောဆိုထားပါတယ်။ ဒါပေမဲ့ ဦးထွန်းလွင်ရဲ့ သတင်းပေးပို့ချက်နဲ့ပတ်သက်ပြီး အာဏာပိုင်အသိုင်းအဝိုင်းက သိပ်ပြီးအလေးထားတာ မလုပ်ခဲ့သလို၊ ပြည်သူလူထုအနေနဲ့ အဲဒါကိုနားလည်ပြီး တတ်နိုင်သမျှ ကာကွယ်မှုလုပ်ကြအောင်လည်း မကြိုးစား၊ မစွမ်းဆောင်ခဲ့ကြပါဘူး။

ဒီလိုနဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း နေရာတချို့ နာဂစ်မုန်တိုင်းဒဏ် အလူးအလဲ ခံစားလိုက်ရပါတယ်။ အစိုးရ ထုတ်ပြန်ချက်အရ သေဆုံးသူ စုစုပေါင်း တစ်သိန်းလေးသောင်းနီးပါး၊ အိမ်ခြေပျက်စီးမှု ခုနစ်သိန်းကျော်၊ ထိခိုက်ဒဏ်ရာရသူ နှစ်သောင်းကျော်၊ မုန်တိုင်းကြောင့်ထိခိုက် သက်ရောက်မှုခံရသူ ၁၁ သန်းရှိတဲ့ မြန်မာ့သမိုင်းမှာ အသေအပျောက် အများဆုံး၊ အပျက်စီးဆုံး မုန်တိုင်းဖြစ်ခဲ့ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ဝေဖန်ချက်အရတော့ အစိုးရဟာ အဲဒီမုန်တိုင်းသတင်းကို ဒီထက် လေးလေးနက်နက် နားလည်ပြီး ပြည်သူလူထုကို အသိပေးတာတွေ၊ ကြိုတင် ပြင်ဆင်ပေးတာတွေ ကြိုးစား လုပ်ပေးနိုင်ခဲ့ရင် အသက်ပေါင်း များစွာ ကယ်ဆယ်နိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး လူပေါင်း သိန်းနဲ့ချီ သေဆုံး၊ ပျောက်ဆုံးချိန် စစ်အာဏာရှင်တွေရဲ့ ကိုင်တွယ်ပုံက ဒီထက် အများကြီးဆိုးရွားပါတယ်။ သူတို့ အရင်ဆုံးလုပ်တာက ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းကိုသွားတဲ့ လမ်းတွေကို အရင်ဆုံး ပိတ်ဆို့လိုက်တာပါပဲ။ နိုင်ငံသားတိုင်းကိုစိစစ်ပြီး နိုင်ငံခြားသားတွေဆို လုံးဝသွားခွင့် မပြုတော့ပါဘူး။ ရည်ရွယ်ချက်ကတော့ သတင်းအမှောင်ချလိုက်ဖို့ပါ။ အဲဒီအချိန်ကစ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းထဲ ဘာဖြစ်နေသလဲဆိုတာသိရဖို့ သတင်းထောက်တွေ ခိုးဝင်၊ စွန့်စွန့်စားစား သတင်းယူတာမျိုး လုပ်ကြရပါတော့တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီပေးဖို့ ကမ်းလှမ်းမှုတွေဆိုရင်လည်း လှူချင်တာအားလုံး ရန်ကုန်ကိုယူလာခဲ့၊ စစ်အစိုးရက လက်ခံမယ်၊ ပြီးရင် ကိုယ့်ဖာသာကိုယ် ဖြန့်ဝေတာ လုပ်မယ်၊ အကူအညီပေးရေး အဖွဲ့အစည်းတွေကို ဧရာဝတီတိုင်းထဲ လုံးဝသွားခွင့်မပြုဆိုတာမျိုး လုပ်ခဲ့ပါတယ်။ ဒီလောက်ပဲလားဆိုတော့ မကသေးပါဘူး။

လူတွေ အများကြီးသေ၊ လူအများကြီး ဒုက္ခရောက်တဲ့ဖြစ်စဉ်မို့ မြန်မာနိုင်ငံသား အများစုကြီးကလည်း ကိုယ့်အစုနဲ့ကိုယ် တပိုင်တနိုင်ကူညီဖို့ ကြိုးစားကြပါတယ်။ မြန်မာပြည် အရပ်ရပ်က ပြည်သူတွေဟာ လှူမယ့် တန်းမယ့် ပစ္စည်းတွေကိုစုစည်း၊ ကားကြီးကားငယ်အသွယ်သွယ်နဲ့ ဧရာဝတီတိုင်းထဲ သွားလှူဒါန်းတာမျိုး လုပ်ကြပါတယ်။ ဒါကိုလည်း နောက်ပိုင်းမှာ အာဏာပိုင်တွေကလုံးဝတားမြစ်ပါတယ်။ ၂၀၀၈ မေလ နောက်ဆုံးပတ် ရက် တစ်ရက်မှာ လှိုင်သာယာကနေ ကွမ်းခြံကုန်း၊ ဒေးဒရဲဘက်သွားပြီး လှူဒါန်းကြသူတွေကို အပြန်မှာ ကားတန်းကြီး တစ်ခုလုံးကို လှိုင်သာယာအဝင်ကနေ ဖမ်းဆီးလိုက်ပါတယ်။

အဲဒီ ကားတွေအားလုံး ရန်ကုန် အင်းစိန် ဂျီတီအိုင်ဝင်းထဲ ဖမ်းခေါ်သွားပြီး ကားတွေကို သိမ်းဆည်းလိုက်ပါတယ်။ နောက်ပိုင်းကျမှ ကားပိုင်ရှင်တွေ၊ ဒရိုင်ဘာတွေကို ဧရာဝတီတိုင်းထဲ မသွားပါဘူးဆိုပြီး ခံဝန်ချက်ထိုး ဒဏ်ငွေဆောင်စေပြီးမှ ကားပြန်ပေးတာမျိုးလုပ်ပါတယ်။ အဓိပ္ပာယ်ကတော့ ဒုက္ခရောက်တဲ့ ကိုယ့်နိုင်ငံသားတွေကို ပြည်သူအချင်းချင်း ကူညီကြတာကိုတောင် အာဏာသုံးပြီး ပိတ်ပင်တားမြစ်တာမျိုး လုပ်ခဲ့တာပါ။

အခုလက်ရှိ ကမ္ဘာ့မိသားစုကြီးနဲ့အတူ ကြုံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးကတော့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ စ ဖြစ်ပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကမ္ဘာ့ကပ်ရောဂါအဖြစ် မကြေညာခင်ကတည်းက အစိုးရ ကျန်းမာရေးဝန်ကြီးဌာနဟာ ကာကွယ်ရေး လုပ်ငန်းတွေ၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွေ စနစ်တကျ စ လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် ပြည်သူလူထုကို အသိပညာပေးတဲ့လုပ်ငန်းကို အရှိန်မြှင့် လုပ်ကိုင်တာပါ။

အဲဒီအထဲမှာ ရွေးကောက်ခံ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်လုပ်ကိုင်နေတာ တွေ့ကြရပါတယ်။ နိုင်ငံတကာနည်းတူ ကာကွယ်ရေးလုပ်ငန်းတွေကို အဆင့်ဆင့်လုပ်ကိုင်ရာမှာ ပြည်သူလူထု ပါဝင်ပူးပေါင်းမှု အပြည့်အဝနီးပါး ရတာကိုလည်း တွေ့မြင်ကြရပါတယ်။ သတင်းထုတ်ပြန်မှုတွေကိုလည်း စနစ်တကျ လုပ်ကိုင်ပေးနေတာ တွေ့ကြရပါတယ်။ WHO လို အဖွဲ့အစည်းမျိုးနဲ့ဆက်စပ်ပြီး ဗိုင်းရပ်စ် ပြဿနာကို ကိုင်တွယ်သလို အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ အကူအညီပေးမှုတွေ လက်ခံပါတယ်။

အထူးသဖြင့် ဗိုင်းရပ်စ်ပြဿနာကို အောင်အောင်မြင်မြင် ကိုင်တွယ်ဖြေရှင်းပေးတဲ့ တရုတ်နိုင်ငံကနေ ရုပ်ဝတ္တုအကူအညီ၊ အကြံပေးဖွဲ့အကူအညီတွေ ရယူပါတယ်။ ဒီလိုနဲ့ နိုင်ငံပေါင်း ၁၈၆ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ သိန်းနီးပါး ရှိလာချိန် မတ်လ ၂၃ ရက်နေ့မှာတော့ နိုင်ငံခြားက ပြန်လာတဲ့ လူ ၂ ယောက် ဗိုင်းရပ်စ် ကူးစက်ခံထားရတာ စပြီးတွေ့လာခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း ဗိုင်းရပ်စ်တိုက်ဖျက်ရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ COVIT-19 တုန့်ပြန်ရေးအရေးပေါ်ရန်ပုံငွေ ထူထောင်တာ၊ သူဌေးကြီးတွေနဲ့ ပြည်သူတွေဆီက အလှူခံတာတွေ လုပ်ပါတယ်။ ဒီကြားထဲ ကိုင်တွယ်မှု ချို့ယွင်းချက်တချို့လည်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါကတော့ ဗိုင်းရပ်စ်ပျံ့နှံ့မှု ပိုများလာတဲ့ ထိုင်းနိုင်ငံထဲရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နယ်စပ်ဂိတ်တွေကနေ အလုံးအရင်းနဲ့ ပြည်တွင်း ပြန်ဝင်လာကြတဲ့ပြဿနာပါ။

အဲလိုအခြေအနေမျိုးကို အစိုးရကမျှော်လင့်ထားတာ မဟုတ်ခဲ့လေတော့ ပြန်ဝင်လာတဲ့လူတွေကို နယ်စပ်မှာပဲ ပိတ်ဆို့ပြီး Quarantine လုပ်ဖို့ ပြင်ဆင်မှုမရှိ ဖြစ်သွားစေခဲ့ပါတယ်။ ဒါကြောင့် အရေအတွက် ၅-၆ သောင်းရှိမယ့် နိုင်ငံခြားပြန် ရွှေ့ပြောင်းအလုပ်သမားတွေ သူ့ရပ်သူ့ရွာကို ပျံ့နှံ့ရောက်ရှိသွားပြီး အဲဒီ ရောက်ရာအရပ်မှာပဲ Quarantine လုပ်ဖို့ ပြင်ဆင်ပေးလိုက်ရပါတယ်။ အစိုးရဟာ ပြည်သူတွေကို အိမ်မှာပဲ နေကြဖို့ လှုံ့ဆော်ပါတယ်။

ဒီအတွက် အဆင်းရဲဆုံးပြည်သူတွေ ထိခိုက်နိုင်တာမို့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တွေ အခမဲ့ ဝေငှတာ လုပ်ပါတယ်။ အင်တာနက်ဖိုးတွေ သက်သာအောင် မိုဘိုင်းဖုန်းအော်ပရေတာတွေကို မေတ္တာရပ်ခံ ညှိနှိုင်းပေးပြီး အိမ်ထောင်စုတိုင်းအတွက် တစ်လတာ မီတာခ ကျပ် ၁၁,၅၀၀ လျှော့ပေးမယ့် အစီအစဉ်တွေလုပ်ပါတယ်။ အဲဒါဟာ ကပ်ဘေးကာလအတွင်း ပြည်သူတွေအတွက် အစိုးရကနေ မီတာခ ကျပ် ဘီလျံ ၅၀ ဝန်းကျင်၊ ဒေါ်လာနဲ့ဆို ၃၅ သန်းဖိုးလောက် စိုက်ထုတ်ကျခံပေးမယ့် သဘောပါ။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး အစိုးရရဲ့လမ်းညွှန်ချက်တွေကို ပြည်သူအများစု နားလည်၊ လက်ခံ၊ လိုက်နာနေကြသလို၊ အစိုးရရဲ့ ဝန်ကိုတောင် နိုင်သလောက် ဝင်ထမ်းနေကြတာ တွေ့မြင်ကြရပါတယ်။ ဥပမာအားဖြင့် သူဌေးကြီးတွေကိုယ်တိုင် သူတို့စိတ်သဘောဆန္ဒနဲ့သူတို့ ဒေါ်လာသန်းချီတန်တဲ့ ဆေးဘက်ဆိုင်ရာ အထောက်အကူတွေလှူတာ၊ ငွေကြေးလှူဒါန်းတာတွေအပြင် သာမန်ပြည်သူတွေကလည်း သူတို့ကို သက်သာခွင့်ပေးတဲ့ မီတာခအစိုးရကို ပြန်လှူတာ၊ ဆင်းရဲသားတွေကို အခြေခံစားသောက်ကုန် လိုက်လံထောက်ပံ့တာတွေကို လုပ်နေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြဿနာဟာ ဖြေရှင်းလို့မပြီးသေးတဲ့ ပြဿနာမို့ ရွေးကောက်ခံအစိုးရက ဆက်ပြီးစီမံခန့်ခွဲ၊ ကိုင်တွယ်ဖြေရှင်းနေရဦးမှာ ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်ဖြစ်စေ၊ ကပ်ရောဂါဘေးဖြစ်စေ မြန်မာနိုင်ငံအတွက်ဆိုရင်တော့ စစ်အာဏာရှင်တွေ ကိုင်တွယ်ပုံနဲ့ ရွေးကောက်ခံအစိုးရကိုင်တွယ်ပုံ မိုးနဲ့မြေကြီးလောက် ကွာခြားပါတယ်။ အဓိက ကွာခြားချက်ကတော့ ပြည်သူလူထုအပေါ် သဘောထားဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ ပြည်သူလူထုအပေါ် စောင့်ရှောက်ဖို့ဝေးလို့ ရန်သူသဖွယ် ပြုမူခဲ့တာကို စစ်အာဏာရှင်စနစ် နှစ်ပေါင်း ၅၀ ကျော်အတွင်း အကြိမ်ကြိမ် မြင်ခဲ့ရမှာ ဖြစ်ပါတယ်။

ရွေးကောက်ခံ အစိုးရကတော့ ပြည်သူလူထုကို အလုပ်အကျွေးပြုပါတယ်။ အခုလို ကမ္ဘာ့ကပ်ရောဂါဘေး ဆိုက်ရောက်ချိန် မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေလက်အောက်မှာပဲ ရှိနေသေးရင် ပြည်သူတွေရဲ့ဘဝဟာ မတွေးရဲစရာကောင်းလောက်အောင် ဆိုးရွားသွားနိုင်ပါတယ်။ ရွေးကောက်ခံအစိုးရတစ်ရပ် စီမံခန့်ခွဲနေလို့သာ ပြည်သူတွေ အတော်လေး ကံကောင်းနေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့လိုဆိုးရွားလှတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးကို ရင်ဆိုင်နေရချိန် မြန်မာနိုင်ငံသား အတော်များများကတော့ ၂၀၀၈ ခုနှစ် စစ်အာဏာရှင် အစိုးရလက်အောက်မှာ နာဂစ်မုန်တိုင်းနဲ့ နောက်ဆက်တွဲပြဿနာ ရင်ဆိုင်ခဲ့ရတာတွေကို မမေ့မလျော့ သတိရနေကြမှာကတော့ သေချာလှကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.