စစ်ဘက်ဆိုင်ရာတရားရုံးများအရေးပါလာချိန်

မြန်မာပြည်၏စစ်ဘက်ဆိုင်ရာတရားစီရင်မှုသည် အမြဲလိုတိတ်တဆိတ်ပြီးသွားသည်သာများသည်။ သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာ သည် အပြည်ပြည်ဆိုင်ရာတရားရုံးအထိရောက်လာသည့်အခါ စစ်ဘက်ဆိုင်ရာတရားရုံးများ၏အရေးပါမှုက ကျယ်လောင်လာသည်။

ရဲမွန်

ဒီဇင်ဘာလအတွင်းက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနှင့်ဂမ်ဘီယာကြား ပြုလုပ်ခဲ့ကြသော အပြန်အလှန်လျှောက်လဲချက်များကြောင့် မြန်မာစစ်တပ်၏တရားစီရင်ရေးစနစ်အပေါ် ကမ္ဘာက အာရုံစိုက်လာကြသည်။
ဂမ်ဘီယာနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စွပ်စွဲခဲ့မှုအပေါ် ပြန်လည်တုန့်ပြန်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်း စစ်ရာဇဝတ်မှုမြောက်နိုင်သည့် ရာဇဝတ်မှုမျိုးကျူးလွန်ခဲ့သောတပ်မတော်သားများ၊ တပ်မတော်အရာရှိများကို စုံစမ်းစစ်ဆေး၊ တရားစီရင်ရာမှာ  စစ်ဘက်ဆိုင်ရာတရားစီရင်မှုစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း The Hague မြို့အခြေစိုက် အဆိုပါတရားရုံးတွင် ပြောကြားခဲ့ပါသည်။
နောက်တစ်နေ့တွင် ဂမ်ဘီယာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Paul Reichler က တရားရုံးအားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပြောဆိုချက်သည် ရယ်ဖွယ်ရာသာဖြစ်သည်ဟု တရားရုံးတွင် ပြောခဲ့ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်၏ထိပ်တန်း ဗိုလ်ချုပ် ခြောက်ဦးကို ကုလသမဂ္ဂအချက်အလက်မှန် ရှာဖွေရေးအဖွဲ့က လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စွပ်စွဲထားပြီး ရုံးတင်တရားစွဲဆိုရန် ထောက်ခံတင်ပြထားချိန်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မိမိကိုယ်ကိုတာဝန်ရှိပါသည်ဟု ပြောဆိုရန် တပ်မတော်ကို မည်သို့မျှော်လင့်နိုင်ပါမည်နည်းဟု ဂမ်ဘီယာရှေ့နေက တရားသူကြီးများကို မေးခွန်းထုတ်ခဲ့ပါသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်သည် အင်းဒင်နှင့်ဂူတာပြင် စစ်ခုံရုံးများကို တရားခွင်တွင် ထည့်ပြောခဲ့ပြီး ICOE အစီရင်ခံစာထွက်ပြီးပါက နောက်ထပ်စစ်ခုံရုံးများရှိလာနိုင်ကြောင်းပြောကြားခဲ့သည်။
ဇန်နဝါရီနောက်ဆုံးပတ်တွင် အစီရင်ခံစာထွက်လာပြီးနောက် လူမျိုးတုန်းသတ်ဖြတ်သည့်အထောက်အထားမတွေ့ရသော်လည်းစစ်ရာဇဝတ်မှုများကျူးလွန်ကြောင်းထောက်ပြခဲ့သည်။ သမ္မတကလည်းအဆိုပါအထောက်အထားများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံပေးပို့ခဲ့ပြီးဖြစ်သည်။
အစီရင်ခံစာနှင့်ပတ်သက်ပြီး တပ်မတော်က  “တပ်မတော်အနေဖြင့် ကြိုတင်ကြံရွယ်ချက် မရှိဘဲ ARSA အဖွဲ့များနှင့် ဒေသရှိသူများ၏ အကြမ်းဖက် တိုက်ခိုက်မူများကြောင့် နိုင်ငံတော် အချုပ်အခြာအာဏာ နှင့် ဒေသခံတိုင်းရင်းသား များ၏ အသက်အိုးအိမ်စည်းစိမ် နှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ကွပ်ကဲမှုအဆင့်ဆင့်တွင် မှားယွင်းစွာ လုပ်ဆောင်သူများကို စုံးစမ်းစစ်ဆေးရေးခုံရုံးက ဆက်လက် စုံစမ်းစစ်ဆေးသွားမည် ဖြစ်ပါသည်။ စုံစမ်းစစ်ဆေးရေးခုံးရုံး၏ တွေ့ရှိချက်အရ ပြစ်မူတစ်စုံတစ်ရာ ကျူးလွန်ကြောင်း ခိုင်လုံသည့် သက်သေအထောက် အထားတွေ့ရှိခဲ့ပါက စစ်ဘက် တရားစီရင်ရေး၏ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း” သတင်းထုတ်ပြန်ခဲ့သည်။
သို့ဖြစ်ရာ စစ်ဘက်ဆိုင်ရာတရားရုံးများ၏ ဆောင်ရွက်ချက်ကိုမြန်မာကရောကမ္ဘာကပါ ယခင်ကထက် ပိုမိုမြင်တွေ့လာရဖို့ရှိနေသည်။
စစ်တရားရုံးများသည် ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေနှင့် စစ်ခုံရုံးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အောက်တွင် လုပ်ကိုင်ကြရပါသည်။ ကျူးလွန်ခံရသူများသည် အရပ်သားများဖြစ်လျှင်သော်မှ ကျူးလွန်သော စစ်သည်များအား အရပ်ဘက်တရားရုံးများတွင် ရုံးတင်စစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်ပြုထားသည်။ လုပ်ထုံးလုပ်နည်းငယ်မျှကိုသာ အများပြည်သူ လူထုအား သိရှိခွင့်ပြုထားသည်ဖြစ်ရာ စစ်တရားရုံးများသည် ဥပဒေစည်းကမ်းများအား မည်မျှလိုက်နာလုပ်ဆောင်ကြသည်ကို သိရှိဖို့ အလွန်ခဲယဉ်းပါသည်။ 
၁၉၅၉ခုနှစ် တပ်မတော်အက်ဥပဒေတွင် စစ်တရားရုံး လေးမျိုးရှိပါသည်။ စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ အကျဉ်းစစ်တရားရုံးချုပ်နှင့် တပ်တွင်းစစ်တရားရုံးတို့ဖြစ်သည်။ 
စစ်တရားရုံးချုပ်ကို ဖွဲ့စည်းရန် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) ၎င်းတို့က တာဝန်လွှဲအပ်သော မည်သည့်အရာရှိမဆိုက အမိန့်ပေးနိုင်သည်။ စစ်တရားရုံးချုပ်တွင် ကြားနာစစ်ဆေးသူအရာရှိ ငါးဦးထက်မနည်းပါဝင်ရပြီး ထိုအရာရှိများမှာ ပြန်တမ်းဝင်အရာရှိအဖြစ် အနည်းဆုံး သုံးနှစ်တာဝန်ထမ်းဆောင်ဖူးခြင်းရှိရမည်။ ထိုအထဲမှ အနည်းဆုံး လေးဦးမှာ ဗိုလ်ကြီးအဆင့်ရှိရမည်။ တရားလိုသည် အရပ်သားဖြစ်နေသည့်တိုင် ထိုတရားလိုအတွက် အရပ်သားအရှေ့နေများ လိုက်ပါဆောင်ရွက်ခွင့်မရှိဟု ပါရှိပါသည်။
ထိုဥပဒေတွင် စစ်ခုံရုံးမတင်နိုင်သော ရာဇသတ်ကြီးနှင့်ဆိုင်သော ပြစ်မှုများအပါအဝင် ပြစ်မှု (၄၁)မှု ပါရှိသည်။ သို့သော် အင်းဒင်ရွာလူသတ်မှုတွင် ပါဝင်သောတပ်ဖွဲ့ဝင် ခုနစ်ဦးအား မည်သည့်စွဲချက်များဖြင့် စွဲဆိုခဲ့သည်ကို မသိရချေ။
၂၀၁၇ စက်တင်ဘာလ အစောပိုင်းက ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ် အင်းဒင်ရွာတွင် ရိုဟင်ဂျာ (၁၀)ဦးကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ ထိုအမှုကို ရိုက်တာသတင်းထောက် ဝလုံးနှင့် ကျော်စိုးဦးတို့က ဖော်ထုတ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဧပြီ (၁၀) ရက် လူမှုကွန်ရက်မီဒီယာ၌ တပ်မတော်က ဖော်ပြရာတွင် ထိုအစုအပြုံလိုက် သတ်မှုတွင်ပါဝင်သော တပ်မတော်တပ်ဖွဲ့ဝင် ခုနစ်ဦးကို အပြစ်ပေးလိုက်ပြီဟု ဖော်ပြခဲ့သည်။ 
အရာရှိ လေးဦးကို တပ်မတော်မှ ထာဝရထုတ်ပယ်ကာ ဝေးကွာသော အကျဉ်းထောင်တစ်ခုတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်လိုက်သည်။ အခြားအဆင့် စစ်သည် သုံးဦးကို ရိုးရိုးတပ်သားအဖြစ် ရာထူးချပြီး စစ်တပ်မှ ထာဝရထုတ်ပယ်ကာ ဝေးကွာလှမ်းသော အကျဉ်းထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်လိုက်သည်ဟု ထိုဖော်ပြချက်တွင် ပါရှိပါသည်။
ထိုစစ်သည် ခုနစ်ဦးတို့ကို တစ်နှစ် မပြည့်မီ ၂၀၁၈ နိုဝင်ဘာလထဲမှာပင် လွှတ်ပေးလိုက်သည်ဟု ၂၀၁၉ ခုနှစ်မေလတွင် ရိုက်တာက သတင်းရေးခဲ့သည်။ ရိုက်တာ၏ သတင်းရင်းမြစ်ထဲတွင် ထောင်ကျသွားသော စစ်သည်တစ်ဦးပါဝင်ပြီး ထိုသူမှာ ဝလုံးနှင့် ကျော်စိုးဦးတို့လောက်ပင် ထောင်ထဲတွင် မနေခဲ့ရချေ။ သူတို့ နှစ်ဦးကို တရားဝင်လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေဖြင့် ၂၀၁၈ စက်တင်ဘာလတွင် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရပြီး မေလတွင်မှ လွှတ်ပေးခဲ့သည်။

A convoy of military trucks passes through Bago Region on August 29, 2018. (AFP)

A convoy of military trucks passes through Bago Region on August 29, 2018. (AFP)

‘သေနဂ်မဟာဗျူဟာ လေ့လာရေးအဖွဲ့’ မှ ဒါရိုက်တာဖြစ်သူ ဦးသိန်းထွန်းဦးက ဇန်နဝါရီ ၁၁ ရက်က Frontier အားပြောပြရာတွင် ‘အင်းဒင်’ လူသတ်မှုကို စစ်တရားရုံးချုပ် (သို့) အကျဉ်းစစ်တရားရုံးတွင် ကြားနာစစ်ဆေးခဲ့ပုံရှိကြောင်း၊ အကြောင်းမှာ အခြားစစ်တရားရုံးများမှာ ထောင်ဒဏ် နှစ်နှစ်ထက် ပိုမချမှတ်နိုင်သောကြောင့်ဖြစ်ကြောင်း ပြောပြပါသည်။ 
“တပ်မတော်အက် ဥပဒေအရ စစ်တရားရုံးချုပ်နှင့်တိုင်းစစ်တရားရုံးတို့ဟာ အဆင့်မြင့်တရားရုံးတွေဖြစ်ပြီး စစ်တရားရုံးချုပ်ကို အနည်းဆုံး ဒုဗိုလ်ချုပ်ကြီးကသာ ဦးဆောင်ရပါတယ်” ဟု သူက ပြောပါသည်။ 
“ဥပဒေအရ စွပ်စွဲမှုတစ်ခုကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းရေးကော်မရှင်တစ်ခုကို စစ်တပ်က ခန့်အပ်နိုင်ပါတယ်။ ဒီစွပ်စွဲချက်က စစ်ခုံရုံးတင်ဖို့သင့် မသင့်ဆုံးဖြတ်ဖို့ပါ၊ အကယ်၍ ဒီစွပ်စွဲချက်ဟာ ယုံကြည်လောက်တယ်လို့ စုံစမ်းရေးကော်မရှင်က ဆုံးဖြတ်ရင် စစ်တရားရုံးတင်ရပါမယ်၊ ဒီလိုမဟုတ်ရင်တော့ ဒီကိစ္စဟာ ကော်မရှင်နဲ့တင် ပြီးဆုံးသွားပါတယ်” ဟု ဦးသိန်းထွန်းဦးက ပြောပြပါသည်။
သေနဂ်အဖွဲ့က အင်းဒင်အမှုကို စောင့်ကြည့်ခဲ့ကြောင်း၊ စစ်တရားရုံးချုပ်မှာ မျက်မြင်သက်သေအဖြစ်ရွာသားတွေကို ဖိတ်ခေါ်ခဲ့ကြောင်း ဦးသိန်းထွန်းဦးက ပြောပါသည်။ ၂၀၁၇ခုနှစ် ဩဂုတ် ၂၇ ရက်နေ့ ရခိုင်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ရိုဟင်ဂျာတွေ အစုလိုက်အသတ်ခံရမှုနဲ့ တပ်မတော်တပ်ဖွဲ့ဝင်အချို့ စစ်တရားရုံးရင်ဆိုင်နေကြရပါသည်။ သို့သော် တရားစီရင်မှုနှင့်ပတ်သက်၍ မည်သည့်အချက်မျှ မသိရသေးပါ။ အရေအတွက်မသိရသော စစ်သည်အချို့ကို အထွေထွေစစ်ခုံရုံးတွင် ကြားနားမှုပြုလုပ်လျက်ရှိပါသည်။
၂၀၁၉ ဩဂုတ်လ နှောင်းပိုင်းတွင် တပ်မတော်မှ ထုတ်ပြန်ကြေငြာရာတွင် တိုက်ပွဲစည်းကမ်းများလိုက်နာရေးကို အဆိုပါစစ်သည်များက အားနည်းမှုများရှိခဲ့ကြောင်း စုံစမ်းတွေ့ရှိရသည်။ စစ်ဘက်တရားစီရင်ရေး လုပ်ထုံးနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟုသာပါရှိပြီး နောက်ထပ်ဘာမှ မရှိပါချေ။ 
ဂူတာပြင်သတ်ဖြတ်မှုများကို ၂၀၁၈ ဖေဖော်ဝါရီ ၂ရက်နေ့တွင် အေပီသတင်းဋ္ဌာနက ဖော်ထုတ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးပြီး မသေဘဲကျန်နေသူများကို ပြုလုပ်သည့် အင်တာဗျူးများနှင့် ရွာတွင် အစုလိုက်အပြုံလိုက်မြုပ်နှံသည့်သင်္ချိုင်းနေရာငါးခုကိုတွေ့ရှိမှုတို့အပေါ် သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။ မိုဘိုင်းဖုန်းအသုံးပြုကာ အချိန်နှင့် တပြေးညီရိုက်ကူးထားသည့် ဗီဒီယိုများကလည်း ယင်းပြောဆိုချက်များကို အထောက်အကူပြုလျက်ရှိသည်ဟု အေပီကပြောကြားခဲ့သည်။
ထိုနေ့ နောက်ပိုင်း နောက်ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုတွင် အစိုးရက ပြောကြားခဲ့သည်မှာ အေပီ၏ အစီရင်ခံမှုမှာ မှန်ကန်မှုမရှိဟု ဖော်ပြခဲ့သည်။ သို့သော်လည်း ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့များကို အကြမ်းဖက်သမားများက တိုက်ခိုက်စဉ် အကြမ်းဖက်သမား ၁၉ဦးကို သတ်ဖြတ်ခဲ့သည်ကိုသာ ထပ်မံပြောကြားခဲ့သည်။ ဘူးသီးတောင်စစ်အခြေစိုက်စခန်းရှိ စစ်ခုံရုံးတွင် ယခုအချိန်ထိ ကြားနာမှုငါးခုပြုလုပ်ခဲ့ပြီး တရားစွဲဆိုမှုများကို လေ့လာရန် ဂူတာပြင်ကျေးရွာမှ အမျိုးသားအမျိုးသမီးများကို ဖိတ်ကြားထားခဲ့ကြောင်း ဒီဇင်ဘာ ၃၀ရက်နေ့က ထုတ်ပြခဲ့သည့် ကြေညာချက်တစ်ခုတွင် တပ်မတော်က ပြောကြားခဲ့သည်။
လေ့လာသူများမှာ၎င်းရွာမှဟုတ်မဟုတ် ဖရန်တီယာက အတည်မပြုနိုင်ခဲ့ပါ။

၂၀၁၉ခုနှစ်နိုဝင်ဘာ ၂၆ က ဂူတာပြင်အမှုကို စစ်ဘက်ဆိုင်ရာတရားရုံးဖြင့် ကြားနာစစ်ဆေးမှုအား အများပြည်သူလာရောက်ကြည့်ရှုခွင့်ပြုခဲ့သည်။ ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

၂၀၁၉ခုနှစ်နိုဝင်ဘာ ၂၆ က ဂူတာပြင်အမှုကို စစ်ဘက်ဆိုင်ရာတရားရုံးဖြင့် ကြားနာစစ်ဆေးမှုအား အများပြည်သူလာရောက်ကြည့်ရှုခွင့်ပြုခဲ့သည်။ ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

သို့သော် လေ့လာသူအများစုမှာ တခြားနေရာမှလူများသာဖြစ်သည်ဟု အမည်မဖော်ရန်တောင်းဆိုသော ဂူတာပြင်ဒေသခံတစ်ဦးက ဖရန်တီယာသို့ပြောသည်။ အမည်မဖော်လိုသူ အခြားဒေသခံတစ်ဦးကလည်း “အဲဒီလူတွေဟာ ဂူတာပြင်ကမဟုတ်ဘူးဆိုတာ သေချာပါတယ်”ဟု ပြောသည်။ လာရောက်လေ့လာသူအချို့မှာ တပ်မတော်သားများ၏ ဆွေမျိုးများဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
စစ်ခုံရုံးရှိရာနေရာကို လူသိရှင်ကြားအသိမပေးဘဲ ဂူတာပြင်ဒေသခံများကိုလည်း ကြားနာမှုများကိုလေ့လာရန် ဖိတ်ကြားခြင်းမရှိခဲ့ဟု ဖရန်တီယာက ဆက်သွယ်ခဲ့သည့် ဘူးသီးတောင်မြို့နယ်မှ နောက်ထပ်သတင်းရင်းမြစ်တစ်ခုကလည်း ပြောသည်။
“ ကြားနာမှုတွေဟာ ချောချောမောမောနဲ့ ပွင့်လင်းမြင်သာမှုရှိတယ်လို့ ဘူးသီးတောင်မြို့နယ်ပြင်ပကလူတွေကတော့ ထင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါက မမှန်ပါဘူး” ဟု၎င်းရင်းမြစ်က ပြောသည်။
ကြားနာမှုများကို လေ့လာရန် ၎င်းအားဖိတ်ကြားခြင်းမပြုဘဲ မည်သည့်နေရာတွင် ကြားနာမှုများပြုလုပ်သည်ကိုလည်း မသိရှိကြောင်း ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးမောင်ကျော်ဇံက ပြောသည်။ ၎င်း၏မဲဆန္ဒနယ်တွင် ဘူးသီးတောင်ပါဝင်သည်။ 
“ကျနော့်ကိုမဖိတ်ဘဲနဲ့ ကျနော်ကဘယ်လိုတက်မလဲ” ဟု ၎င်းကပြောသည်။ ထို့အပြင် အွန်လိုင်းသတင်းမှ ကြားနာမှုများကိုသာသိရှိသည်ဟုလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။
ပွင့်လင်းမြင်သာမှုဖြစ်ရန် လိုလားပါကစစ်တရားရုံးသို့ တက်ရောက်ရန် တပ်မတော်အနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများ၊ အမတ်များ၊ ဂျာနယ်လစ်များနှင့် ဂူတာပြင်ဒေသခံများကို ဖိတ်ကြားသင့်သည်ဟု နေပြည်တော်အခြေစိုက် ထင်ရှားသည့်ရှေ့နေတစ်ဦးဖြစ်သည့် ဦးခင်မောင်ဇော်က ပြောသည်။ 
ဒီဇင်ဘာ ၃၀ရက်နေ့က ထုတ်ပြန်ခဲ့သည့် တပ်မတော်၏ကြေညာချက်မှာ လုံလောက်မှုမရှိဟုလည်း ၎င်းကပြောသည်။
“စစ်တပ်မှာ တင်းကျပ်တဲ့စည်းမျဉ်းတွေရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ ဒီအမှုမှာ အားကောင်းတဲ့ စိတ်ဝင်စားမှုရှိပါတယ်။ အနည်းဆုံးတော့ ဒေသခံပြည်သူတွေ၊ အမတ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းကလူတွေကို စစ်တရားရုံးတက်ဖို့ ဖိတ်ကြားသင့်ပါတယ်” ဟု၎င်းကပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့နယ် မုံးယော်ကျေးရွာ ဒေသခံငါးဦးအား သတ်ဖြတ်မှုပါဝင်သည့်၂၀၁၆က အမှုတစ်ခုကစ၍ စစ်တရားရုံးများအပေါ် ပွင့်လင်းမြင်သာမှု မျှော်လင့်ချက်များ ပေါ်ပေါက်လာခဲ့သည်။ 
၎င်းတို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းပြီး ရက်အနည်းငယ်အကြာ ၎င်းတို့၏ ရုပ်အလောင်းများကို ကျင်းတိမ်တိမ်များတွင် တွေ့ရှိခဲ့သည်။
အဆိုပါသတ်ဖြတ်မှုများအတွက် တပ်မတော်တွင် တာဝန်ရှိပြီး ကျူးလွန်သူများကို တရားစွဲဆိုမည်ဖြစ်ကြောင်း နောက်လ နှောင်းပိုင်း သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့သည်။ အမှားလုပ်မိကြောင်း ဝန်ခံခြင်းနှင့် စစ်တရားရုံးသို့တက်ရောက်ရန် ကျေးရွာဒေသခံများကို ဖိတ်ကြားမှုမှာ ယခင်က မရှိခဲ့ဘူးပေ။
အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်ရှိ စစ်တရားရုံးက သတ်ဖြတ်မှုအတွက် အရာရှိခုနှစ်ဦးကို အပြစ်ရှိကြောင်း စက်တင်ဘာတွင် အမိန့်ချခဲ့သည်။ ၎င်းတို့တစ်ဦးချင်းစီ၏ ရာထူးကိုရုပ်သိမ်းခဲ့ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ်စီချမှတ်ခဲ့သည်။
၂၀၁၇ခုနှစ် မေလက ကချင်ပြည်နယ် မန်စီမြို့နယ်ရှိ ဒုကသည်စခန်းတစ်ခုမှ အမျိုးသားသုံးဦးကို သတ်ဖြတ်သည်ဟု စွပ်စွဲခဲ့ရသော တပ်မတော်သားခြောက်ဦးအမှုတွင်လည်း စစ်တရားရုံးသို့ တက်ရောက်ရန် သတ်ဖြတ်ခံရသူများ၏ ဆွေမျိုးများ၊ နှင့် အရပ်ဖက်အဖွဲ့အစည်းများမှလူများကို ဖိတ်ကြားခဲ့သည်။  

ယင်းအမှုတွင် အရာရှိလေးဦးနှင့် အရာရှိမဟုတ်သူနှစ်ဦးကို သတ်ဖြတ်မှုအတွက်အပြစ်ရှိကြောင်း စစ်တရားရုံးက ၂၀၁၈ ဇန်နဝါရီလတွင် ဆုံးဖြတ်ခဲ့ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်စီချမှတ်ခဲ့သည်။ ၎င်းတို့အား တပ်မတော်မှလည်း ထုတ်ပယ်ခဲ့သည်။

 

Soldiers at a parade to mark the 74th Armed Forces Day in Nay Pyi Taw on March 27, 2019. (AFP)

Soldiers at a parade to mark the 74th Armed Forces Day in Nay Pyi Taw on March 27, 2019. (AFP)

စစ်တရားရုံးသို့ဖိတ်ကြားခံရသည့် အရပ်ဖက်လူ့အဖွဲ့အစည်းကိုယ်စားလှယ်များတွင် လူမှုဝန်ထမ်း ကိုအောင်မျိုးစန်းပါဝင်ပြီး လေ့လာရန်ဖိတ်ကြားခြင်းခြင်းအားဖြင့် တပ်မတော်သည် လေးစားမှုကိုပြသခဲ့သည်ဟု ၎င်းကပြောကြားခဲ့သည်။ 
“ကျနော်တို့ ဒါကိုမမျှော်လင့်ခဲ့ပါဘူး။ အဆုံးအဖြတ်ကိုလည်း ကျနော်တို့ ကျေနပ်ပါတယ်။ ဒါပေမဲ့ အဲဒီစစ်သားတွေ ထောင်ထဲမှာပဲရှိနေတုန်းပဲလားဆိုတာကတော့ ကျနော်မသိပါဘူး” ဟု၎င်းက ဇန်နဝါရီအစောပိုင်းက ဖရန်တီယာသို့ ပြောသည်။
မြန်မာနိုင်ငံရှိ စစ်တရားရုံးများမှာ ပွင့်လင်းမြင်သာမှုနှင့် အများ၏လက်ခံယုံကြည်မှုမရှိဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆန်းစစ်လေ့လာသူ ကိုနေယံဦးကပြောသည်။
အင်းဒင်ရွာသတ်ဖြတ်မှုများအတွက် ထောင်ဒဏ်ဆယ်နှစ်ကျခံရသော တပ်မတော်သားခုနှစ်ဦးကို ထောင်ဒဏ်တစ်နှစ်ကျော်ကျော်ကျခံပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဆုံးဖြတ်ချက်ကို နိုင်ငံတကာက ဝေဖန်မှုကနေ တပ်မတော်အနေဖြင့် သင်ခန်းစာယူရန်လိုအပ်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။
ယင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ လူအများက စိတ်မသက်မသာဖြစ်ခဲ့ရကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အိုင်စီဂျေကြားနာမှုများတွင် ပြောကြားခဲ့သည်။
ဂူတာပြင်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြင့် စစ်တရားရုံးတင်ခံရသည့် စစ်သားများသာ အပြစ်ရှိကြောင်းဆုံးဖြတ်ခံရပြီး ထောင်ချခံရပါက ၎င်းတို့၏ပြစ်ဒဏ်များမပြီးဆုံးမီ လွတ်ငြိမ်းခွင့်မပေးလျင် အဆင်ပြေလိမ့်မည်ဖြစ်ကြောင်း ကိုနေယံဦးက ဖရန်တီယာသို့ပြောကြားခဲ့သည်။ 
စစ်ဘက်တရားရုံးများရောအရပ်ဖက်တရားရုံးများပါ တရားမျှတမှုနှင့် ဒီမိုကရေစီ၏ မြင့်မားသောစံနှုန်းများကို လိုက်နာသင့်ကြောင်း တပ်မတော်အစိုးရလက်ထက် နံပါတ်-သုံး ခေါင်းဆောင် အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
“စစ်တရားရုံး ဒါမှမဟုတ် အရပ်ဖက်တရားရုံးတွေအပေါ် သြဇာလွှမ်းမိုးမှုတွေရှိနေရင် ဒီမိုကရေစီက နောက်ပြန်သွားပါလိမ့်မယ်” ဟု၎င်းက ဇန်နဝါရီ ၈ ရက်က အင်တာဗျူးတစ်ခုတွင် ဖရန်တီယာသို့ပြောကြားခဲ့သည်။ 
လက်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ခေါင်းဆောင်ဖြစ်သူ သူရ ဦးရွှေမန်းက ဂူတာပြင်အမှုစစ်ဆေးနေသည့် စစ်တရားရုံးနှင့် ပတ်သက်၍ သုံးသပ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ယခုစစ်တရားရုံး၏ ရလဒ်များနှင့် စစ်ဆေးခံရသူများမည်သူဖြစ်သည်တို့ကို အမှုပြီးစီးပါက ပြည်သူသို့ အပြည့်အစုံအသိပေးမည်ဖြစ်ကြောင်း တပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းထောက်များကို ဇန်နဝါရီ ၁၆ ရက်နေ့က ပြောကြားခဲ့သည်။
“ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့တပ်မတော်က အရေးယူနေပါတယ်” ဟု၎င်းကပြောသည်။

နန္ဒ-ပံ့ပိုးကူညီသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။
 

ခေါင်းစီး ဓာတ်ပုံ-
စစ်တွေလေယာဉ်ကွင်းတွင် လုံခြုံရေးယူနေသော တပ်မတော်သားတစ်ဦး။ ဓာတ်ပုံ-AFP

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.