Myanmar Farmer Union founder Daw Su Su Nway. (Nyein Su Wai Kyaw Soe | Frontier)
မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂတည်ထောင်သူ ဒေါ်စုစုနွေးကို ၎င်းတို့ရုံးချုပ်တွင် တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

စက်ရုံ၊ အလုပ်ရုံမှသည် လွှတ်တော်ဆီသို့

အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားမလို၊ အားမရဖြစ်ကြတဲ့ အလုပ်သမားနဲ့ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ၁၂ဦးဟာ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အလုပ်သမားနဲ့ လယ်သမားထုရဲ့ အသံကို လွှတ်တော်အတွင်း ကိုယ်စားပြုမယ်လို့ သူတို့က ကြွေးကြော်ထားကြပါတယ်။

ပြည့်စုံအောင် ရေးသားသည်။

အလုပ်သမား၊​ လယ်သမားတက်ကြွလှုပ်ရှားသူ ၁၂ဦးဟာ လာမည့် နိုဝင်ဘာရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ 

အဲဒီတက်ကြွလှုပ်ရှားသူတွေဟာ မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ လယ်သမားသမဂ္ဂစတဲ့အဖွဲ့အစည်းတွေကဖြစ်ပြီး ဥပဒေပြုလွှတ်တော်အတွင်း အလုပ်သမား၊​ လယ်သမားထုရဲ့ အသံတွေ၊​ လုပ်ငန်းခွင်တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်ဖို့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ဇူလိုင်လဆန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူတို့က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရလက်ထက်မှာ အလုပ်သမား၊ လယ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ဥပဒေက ထိထိရောက်ရောက် အကာအကွယ်မပေးနိုင်ဘူးလို့ သူတို့ကဆိုပါတယ်။ ဥပမာ လယ်သမားတွေဆိုရင် အသိမ်းဆည်းခံရတဲ့ သူတို့ရဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး အစိုးရဆီက အာမခံချက် ဘာတစ်ခုမှမရကြပါဘူး။ 

ဒီလိုပဲ အလုပ်သမားတွေဆိုရင်လည်း လုပ်ငန်းခွင်အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ဆေးတဲ့အခါမှာ ဥပဒေအားနည်းချက်ကြောင့် ချိုးဖောက်တဲ့လုပ်ငန်းရှင်တွေကို ထိထိရောက်ရောက် အရေးမယူနိုင်ဘူးလို့ ရွေးကောက်ပွဲဝင်မယ့် တက်ကြွလှုပ်ရှားသူတွေက ဆိုပြီး ဒီလိုဖြစ်နေတာတွေကို လွှတ်တော်ထဲကနေ တည့်မတ်နိုင်ဖို့ ရွေးကောက်ပွဲဝင်ရတာ ဖြစ်ကြောင်း သူတို့က ပြောပါတယ်။

မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့

သူတို့အထဲက တစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေဦးဌေးဟာ ရန်ကုန်ရဲ့ စက်မှုဇုန်များ စုဝေးရာ လှိုင်သာယာမြို့နယ်ရဲ့ မဲဆန္ဒနယ်အသစ်ဖြစ်တဲ့ အရှေ့လှိုင်သာယာ၊​ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

လက်ရှိအာဏာရပါတီ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ အခြေခံအလုပ်သမားအရေးနဲ့ ပတ်သက်လာရင် အစိုးရဟာ ယခင်ပြည်ခိုင်ဖြိုးအစိုးရလောက် အရပ်ဘက်အဖွဲ့အစည်းတွေ၊​ အလုပ်သမားသမဂ္ဂတွေနဲ့ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်တာမျိုးမရှိဘဲ၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းသွားတယ်လို့ ၁၉၈၈ကတည်းက အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူအဖြစ် ရပ်တည်ခဲ့တဲ့ ဦးဌေးက ပြောပါတယ်။

“ဥပဒေကြမ်းတွေကို အလုပ်သမားဥပဒေအဖြစ်ပြဌာန်းဖို့ လွှတ်တော်ကို တင်သွင်းတဲ့အခါ မှာတော့ ကျွန်တော်တို့ရဲ့ လိုလားတောင်းဆိုချက်တွေ ပါမလာတော့ဘူး။ သူတို့ဟာ အလုပ်သမားတွေနဲ့ အရက်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ လိုလားချက်တွေကို နားလည်နိုင်စွမ်းအားနည်းတော့ ဥပဒေကြမ်းတွေရေးဆွဲဖို့ လွှတ်တော် (ကော်မတီ)နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားရာမှာ အခက်အခဲတွေရှိတယ်”လို့ ဦးဌေးကပြောပါတယ်။ 

ပြည်ခိုင်ဖြိုးအစိုးရကမှ အလုပ်သမားတွေနဲ့သက်ဆိုင်တဲ့ ဥပဒေတွေ ရေးဆွဲရာမှာ ပြင်ပတတ်သိပညာရှင်တွေအပြင် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အသံတွေ၊​ စိုးရိမ်မှုတွေကို နားထောင်ခဲ့သေးတယ်လို့ သူက ဆိုပါတယ်။

“အခုအစိုးရလက်ထက်မှာ တည်ဆဲအလုပ်သမားဥပဒေတွေဟာ အလုပ်သမား အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်ဖို့လိုအပ်ချက်တွေရှိနေပြီး ဥပဒေကို တင်းကျပ်ရာမှာလည်း အားနည်းမှုတွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ လွှတ်တော်ကို အလုပ်သမားအသံတွေ သယ်ဆောင်သွားဖို့ အသံထုတ်ဖို့ လိုအပ်တယ်” လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ သမဂ္ဂတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့အတူ အရင်နှစ် နိုဝင်ဘာကနေ ဒီနှစ်မတ်အထိ ဆွေးနွေးဝိုင်းတွေ တောက်လျှောက်လုပ်လာတာ နောက်ဆုံး လာမယ့် အထွေထွေရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက်ကျသွားတယ်”လို့ သူက ပြောပါတယ်။

အလုပ်သမားအရေးနဲ့ပတ်သက်လာရင် ဦးဌေးလိုပဲ တခြား အလုပ်သမားသမဂ္ဂ အများအပြားကလည်း လက်ရှိအာဏာရပါတီအပေါ် အားမလို၊​ အားမရဖြစ်တဲ့ သဘောထားတွေ ရှိနေပါတယ်။ အထူးသဖြင့် မနှစ်ကအလုပ်သမားအငြင်းပွားမှုဆိုင်ရာ ဥပဒေကို ပြန်လည်ပြင်ဆင်ရာမှာ အလုပ်သမားသမဂ္ဂတွေ အစဉ်တစ်စိုက် ဝေဖန်တောင်းဆိုနေတဲ့ အချက်ကို ဥပဒေမှာမပြင်ပေးခဲ့ပါဘူး။​ 

အဲဒါကတော့ အလုပ်ရှင်က ဥပဒေချိုးဖောက်ပြီး ခုံသမာဓိကောင်စီအဆုံးအဖြတ်ကို လိုက်နာဖို့ပျက်ကွက်တဲ့အခါ အပြစ်ပေးရာမှာ ငွေဒဏ်တင်မက ထောင်ဒဏ်ပါ ထည့်သွင်းပေးဖို့ ဖြစ်ပါတယ်။ ဒီအချက်ကို အစိုးရက လိုက်လျောပေးခဲ့ခြင်းမရှိတဲ့အတွက် အာဏာရပါတီဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို မငဲ့ကွက်ဘူးဆိုတဲ့အမြင်တွေ အလုပ်သမားထုနဲ့ တက်ကြွလှုပ်ရှားသူတွေအကြား ကျယ်ပြန့်လာပါတယ်။

လက်ရှိဥပဒေအရ ချိုးဖောက်တဲ့အလုပ်ရှင်ကို ငွေဒဏ်အရသာ အရေးယူတာကြောင့် အလုပ်ရှင်က ဥပဒေကိုလိုက်နာဖို့ထက် အလုပ်သမားအခွင့်အရေးချိုးဖောက်ပြီး အရေးယူခံရရင် ဒဏ်ငွေပဲဆောင်လိုက်မယ်ဆိုတဲ့ ဖြစ်စဉ်တွေ ပိုများလာတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

မြို့နယ်၊ ခရိုင်နဲ့ တိုင်းဒေသကြီးအဆင့်ဆင့်မှာရှိတဲ့ အလုပ်သမားခုံသမာဓိကောင်စီတွေမှာ အလုပ်သမား၊ အလုပ်ရှင်နဲ့ အစိုးရကိုယ်စားပြု ကိုယ်စားလှယ်တွေပါဝင်နေပေမဲ့ အငြင်းပွားမှုတွေဖြေရှင်းရာမှာ များသောအားဖြင့် အလုပ်ရှင်ဘက်က အနိုင်ရလေ့ရှိတယ်လို့ သူတို့က ဆိုပါတယ်။

အစိုးရရဲ့ အခြေခံလုပ်သားထုအပေါ် အရေးစိုက်မှုနည်းနေတာကို ပြုပြင်ပြောင်းလဲလိုတဲ့ နောက်ထပ် ကိုယ်စားလှယ်လောင်းတစ်ဦးကတော့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂတည်ထောင်သူနဲ့ ဥက္ကဌဖြစ်သူ ဒေါ်စုစုနွေးပဲ​ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့သူဟာ ယခင်စစ်အစိုးရလက်ထက် ၂၀၀၅မှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခံရတာကို ဆန့်ကျင်တဲ့အနေနဲ့ ဒေသအာဏာပိုင်တွေကို တရားစွဲ၊​ ထောင်ကျစေခဲ့သူဖြစ်ပြီး အဲဒီအချိန်က ရှားရှားပါးပါးအရပ်သားက အာဏာပိုင်ကို နိုင်တဲ့အမှုလို့လည်း ပြောစမှတ်တွင်ပါတယ်။

သူက ယခင်က ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီမဲဆန္ဒနယ်မှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မယ်ဆို တာကြောင့် တိုင်းဒေသကြီးအမှတ်(၁)မဲဆန္ဒနယ်က ယှဉ်ပြိုင်ဖို့ ပြန်လည်ပြင်ဆင်လျှောက်ထားခဲ့ပါတယ်။ သူ့အတွက် “အမေလို”ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ရမှာကို မလိုလားဘူးလို့ သူကဆိုပါတယ်။

ဒေါ်စုစုနွေးကတော့ တောင်သူလယ်သမားတွေရဲ့ လိမ်ယာမြေသိမ်းဆည်းခံရမှုတွေ၊ သီးနှံစျေးနှိမ်ခံရမှုနဲ့ အစိုးရဆီက စိုက်ပျိုးစရိတ်ချေးငွေ လုံလုံလောက်လောက်မရတာ စတဲ့ပြဿနာတွေကို အဖြေရှာရင်း တောင်သူလယ်သမားတွေရဲ့ အသံတွေကို လွှတ်တော်ထဲ ကိုယ်စားပြုပေးဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

“လယ်သမားတွေဟာ ကူရာကယ်ရာမဲ့နေတဲ့အခြေအနေမှာ ရှိနေပါတယ်။ မြန်မာ့စီးပွားရေးဟာ စိုက်ပျိုးရေးကို အခြေခံနေသော်လည်းပဲ ဘယ်သူကမှ လယ်သမားတွေရဲ့အကျိုးကို ရှေးရှုပြီးလုပ်မနေဘူး။ မြန်မာတွေအများစုက လယ်သမားတွေပါ သူတို့တွေ အခက်အခဲကြုံလာရင် ဘယ်သူ့ဆီသွားလို့သွားရမှန်းမသိဘူး။ ဒါကြောင့်မို့ လွှတ်တော်မှာ လယ်သမားတွေအတွက် ပြောပေးမယ့် ကိုယ်စားလှယ်ရှိဖို့လိုတယ်လို့ ကျွန်မယုံကြည်တယ်”လို့ ဒေါ်စုစုနွေးက ပြောပါတယ်။ 

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် အရှေ့လှိုင်သာယာပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးဌေးကို မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

အချိန်အခါကောင်းဟုတ်ရဲ့လား

တက်ကြွလှုပ်ရှားသူတွေ လာမယ့်ရွေးကောက်ပွဲဝင်ပြိုင်တယ်ဆိုတာ အခက်အခဲတွေ အကန့်အသက်တွေကြားထဲက လုပ်ကိုင်ဆောင်ရွက်နေကြရတဲ့ အလုပ်သမားအရေးလှုပ်ရှားမှုတွေရဲ့ နောက်ခြေလှမ်းတစ်ခုလို့ ကိုနန္ဒာစစ်အောင်က ဆိုပါတယ်။ သူဟာ အလုပ်သမားအရေး ဆောက်ရွက်နေတဲ့ ငါတို့မျိုးဆက်ကွန်ရက် ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဦးဌေးအတွက် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးမှူးအဖြစ် တာဝန်ယူသွားမယ့်သူပါ။ 

လွန်ခဲ့တဲ့နှစ်တွေအတွင်း စက်ရုံအလုပ်သမားတွေ ဆန္ဒပြမှု ပိုမိုများပြားလာတာဟာ ဥပဒေဘောင်အတွင်းက အငြင်းပွားမှုဖြေရှင်းရေး ယန္တရားတွေ အားနည်းလို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။ နောက်ဆက်တွဲ ရင်ဆိုင်ရတဲ့ပြဿနာတွေရှိတာကြောင့် အလုပ်သမားတွေဟာ များသောအားဖြင့် အငြင်းပွားမှုတွေကို အတတ်နိုင်ဆုံးညှိနှိုင်းလေ့ရှိပြီး နောက်ဆုံး မပြေလည်တော့မှ လမ်းပေါ်ထွက်ဆန္ဒပြတဲ့နည်းလမ်းကို ရွေးချယ်လေ့ရှိတယ်လို့ ကိုနန္ဒစစ်အောင်က ပြောပါတယ်။

နောက်ဆက်တွဲ ရင်ဆိုင်ရတဲ့ပြဿနာဆိုတာဟာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာဟာ တကယ့်လက်တွေ့မှာ ငြိမ်းစုစီဥပဒေပုဒ်မတွေနဲ့ အရေးယူခံရတာကို ဆိုလိုကြောင်း သူကပြောပါတယ်။

“အလုပ်သမားတွေ အကြောင်းပြချက်မရှိ အလုပ်ထုတ်ခံရလို့ ဆန္ဒပြတဲ့အခါ အလုပ်သမားတွေဟာ ပုဒ်မတွေအမျိုးမျိုးတပ်ပြီး တရားစွဲဆိုခြင်းခံရတယ်”လို့ သူက ပြောပါတယ်။

“အလုပ်သမားတွေရဲ့ ဥပဒေပါအခွင့်အရေးတွေ အပြည့်အဝရရှိဖို့ ကျွန်တော်တို့ ကြိုးစား လုပ်ဆောင်နေတာက လမ်းဆုံးနေပြီ။ တရားဥပဒေအရ ထပ်သွားစရာ လမ်းကြောင်းလည်း မရှိတော့ဘူး။ အလုပ်သမားဥပဒေမှာပါတဲ့ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ယန္တရား တွေဟာ တစ်ချို့ဆို အပြင်မှာတောင်မရှိသေးဘူး။ ပိတ်နေပြီ။ အဲဒီတော့ ဗျူဟာအသစ်တစ်ခု ချမှတ်လုပ်ဆောင်တဲ့သဘောပဲ။ အလုပ်သမားတွေရဲ့အသံကို လွှတ်တော်မှာဖော်ထုတ်မယ်။ သူတို့အခွင့်အရေးကို လွှတ်တော်မှာ ကာကွယ်လုပ်ဆောင်မယ့်သဘောပဲ” လို့ ကိုနန္ဒာစစ်အောင်က ဆက်ပြောပါတယ်။

“လွှတ်တော်မှာ အလုပ်သမားဥပဒေတွေ မူဝါဒတွေ ဆွေးနွေးတဲ့အခါတိုင်းမှာ အလုပ်သမားတွေရဲ့ အသံ၊ သူတို့ရဲ့အကြံပြုချက်၊ လိုလားချက်တွေကို အလုပ်သမား ကိုယ်စားလှယ်ကနေတစ်ဆင့် လွှတ်တော်မှာ တင်မယ်။ ကျွန်တော်တို့လိုချင်တဲ့ ဥပဒေတွေ မူဝါဒတွေကိုလည်း သူကနေတစ်ဆင့်တင်မယ်”လို့ သူက ပြောပါတယ်။

အလုပ်သမားရေးဆောင်ရွက်နေတဲ့သူတိုင်းကတော့ အခုလိုလွတ်တော်အတွင်း ဝင်ရောက်ပြီး စနစ်ကိုပြုပြင်ပြောင်းလဲမယ့် လမ်းကြောင်းကို ထောက်ခံအားပေးတာတော့ မဟုတ်ပါဘူး။ အခုအချိန်ဟာ လွှတ်တော်အတွင်းဝင်ရောက်ဖို့ အချိန်မတန်သေးကြောင်း လှိုင်သာယာနဲ့ရွှေပြည်သာမြို့နယ်တွေမှာ အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေသင်တန်းတွေ ပို့ချပေးနေတဲ့ Action Labor Rights အဖွဲ့ဒါရိုက်တာ ကိုသူရိန်အောင်က ဆိုပါတယ်။

“အလုပ်သမားရေးလှုပ်ရှားကြသူတွေ အလုပ်သမားကိုယ်စားပြုရွေးကောက်ပွဲဝင်ပြိုင်ကြမယ်။ ဒါဟာတစ်နေ့နေ့ဖြစ်လာမယ့်ဟာပဲ။ ကျွန်တော်မူအားဖြင့်ထောက်ခံတယ်။ ဒါပေမဲ့ အခုက အချိန်မတန်သေးဘူး။ အလုပ်သမားတွေရဲ့အခွင့်အရေးတွေ အပြည့်အဝရဖို့ အရမ်းအရေး ကြီးပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ တစ်ခြားဦးစားပေးရမယ့် ပြဿနာကြီးတွေရှိသေးတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့၊ ငြိမ်းချမ်းရေးရဖို့၊ လွှတ်တော်တွေထဲက စစ်သား ၂၅ရာခိုင်နှုန်းကိစ္စတွေ၊ ဒါတွေလုပ်ရအုံးမယ်”လို့ သူက ပြောပါတယ်။

အလုပ်သမား၊ လယ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခြင်းဟာ ယှဉ်ပြိုင်သူတွေအကြား မဲကွဲစေနိုင်တယ်လို့ သူကဆိုပါတယ်။

“တကယ်လို့သာ မဲကွဲလို့ ကျွန်တော်တို့မလိုချင်တဲ့ ပါတီက ဒီနေရာတွေမှာ အနိုင်ရသွားတယ်ဆိုရင် ကျွန်တော်တို့အရှုံးပဲဖြစ်မယ်”လို့ သူက ပြောပါတယ်။

ဒါ့ပြင် အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်ထဲမရောက်ဖြစ်ခဲ့ဘဲ အပြင်မှာတက်ကြွလှုပ်ရှားသူအနေနဲ့ ပြန်လည်ရပ်တည်မယ်ဆိုရင် လှုပ်ရှားမှုဘောင် ကျဉ်းသွားနိုင်တယ်လို့ သူကထောက်ပြပါတယ်။

“သူတို့ရွေးကောက်ပွဲဝင်တယ်ဗျာ။ ရှုံးခဲ့ရင် သူတို့အရင်အလုပ်တွေပဲ ပြန်လုပ်ကြမှာပဲ။ အဲဒီအခါ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ရမှာပဲ။ အဲဒီအခါမှာ အစိုးရအနေနဲ့ ဒီလူတွေကို အလုပ်သမားအရေး လုပ်နေတာလို့မမြင်ဘဲ နောက်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာလို့မြင်ရင် ပူးပေါင်း လုပ်ဆောင်ရတာအခက်အခဲရှိလာနိုင်တယ်”လို့ ကိုသူရိန်အောင်က သူ့အမြင်ကိုပြောပါတယ်။

ကိုနန္ဒာစစ်အောင်ကတော့ တက်ကြွလှုပ်ရှားသူတွေ ဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာဟာ မြေစမ်းခရမ်းပျိုးကြည့်ခြင်းသာ ဖြစ်တယ်လို့ပြောပါတယ်။ 

“အလုပ်သမားကိုယ်စားပြုကိုယ်စားလှယ်တွေ နိုင်တာ၊ မနိုင်တာက အဲဒီလောက်အရေး မကြီးဘူး။ လမ်းဆုံးနေတာကို ကျော်ြဖတ်ဖို့ ကျွန်တော်တို့လုပ်လို့ရတာ အကုန်လုပ်ကြည့်ဖို့ လိုတယ်။ အစိုးရလည်း အလုပ်သမားရေးကို ဒီအတိုင်းလစ်လျူရှုလို့မရဘူးဆိုတာ သဘောပေါက်လာလိမ့်မယ်” လို့သူကဆိုပါတယ်။

ဖြစ်မလာခဲ့တဲ့ အလုပ်သမားပါတီ

အခုဝင်ပြိုင်ကြမယ့် တက်ကြွလှုပ်ရှားသူ ကိုယ်စားလှယ်လောင်းတွေဟာ အလုပ်သမား၊ လယ်သမားသမဂ္ဂနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ကိုယ်စားပြုမယ့်သူ ၁၂ဦးကို ရွေးချယ်ထားတာဖြစ်ပါတယ်။ ပါတီထောင်မလားဆိုတဲ့ စဉ်းစားချက်တွေရှိခဲ့ပေမဲ့ အလုပ်သမားနဲ့လယ်သမားတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ လွဲချော်သွားနိုင်လို့ ပါတီထောင်မယ့်အကြံကို စွန့်လွှတ်ခဲ့တယ်လို့ သူတို့က ဆိုပါတယ်။

“ကျွန်တော်တို့ကြားထဲမှာလည်း အလုပ်သမားပါတီထောင်ဖို့ အကြံပြုတာတွေ ရှိပါတယ်။ တစ်ခုကတော့ အချိန်အဲဒီလောက်မရခဲ့ဘူးပေါ့ဗျာ။ နောက်တစ်ခုက ကျွန်တော်တို့ဆီမှာ ပါတီပေါင်းကိုးဆယ်ကျော်ရှိတာပဲ။ အမျိုးမျိုးသော အလုပ်သမားမူဝါဒတွေနဲ့ အောင်မြင်အောင် လုပ်နိုင်သေးတာ မရှိဘူး”လို့ ဦးဌေးက ပြောပါတယ်။

ကိုနန္ဒာစစ်အောင်ကတော့ ပါတီနိုင်ငံရေးက ပါဝင်မယ့်သူတွေအကြား မညီမညွတ်မှုတွေ ဖြစ်စေနိုင်တာကြောင့် ပါတီထောင်ဖြစ်တော့တာလို့ ဆိုပါတယ်။

“ကျွန်တော်တို့က ပါတီနိုင်ငံရေး၊ ဖဆပလနိုင်ငံရေးကိုကြောက်တယ်ဗျ။ ဖဆပလခေတ်တုန်းကလည်းရှိတာပဲ အမျိုးမျိုးသော ပါတီအလံတွေအောက်မှာ အလုပ်သမား၊ လယ်သမားသမဂ္ဂတွေ ကွဲကြပြဲကြတာပဲ။ ပါတီဖွဲ့လိုက်ရင် ညီညွတ်ရေးလုပ်ဖို့မလွယ်ဘူး။ နောက်တစ်ခု ပါတီဆိုရင် ပါတီအကျိုးစီးပွားကို ဦးတည်ပြီးသွားတာဖြစ်တဲ့အတွက် မြေပြင်က အလုပ်သမား၊ လယ်သမားတွေရဲ့ အကျိုးစီးပွားတွေနဲ့ မကိုက်ညီတာမျိုးတွေဖြစ်လာနိုင်တယ်။ အဲ့ဒါကြောင့် အလုပ်သမားပါတီမထောင်တာ” လို့ သူက ပြောပါတယ်။

ပါတီနိုင်ငံရေးနဲ့ ကင်းရှင်းပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ လမ်းညွှန်ချက်တွေအတိုင်း အလုပ်သမား၊​ လယ်သမားတွေအတွက် အလုပ်လုပ်တာက အကောင်းဆုံးပဲလို့ သူက ဆိုပါတယ်။

ပါတီမတည်ထောင်ရတဲ့ နောက်အကြောင်းရင်းတစ်ခုကတော့ လွှတ်တော်ထဲ ရောက်သွားသည့်တိုင် အလုပ်သမား၊​ လယ်သမားအရေးနဲ့ပတ်သက်လာရင် တက်ကြွလှုပ်ရှားသူတွေအဖြစ် ဆက်လက်ရပ်တည်လိုတာကြောင့်ဖြစ်တယ်လို့ ကိုယ်စားလှယ်လောင်းတွေက ဆိုပါတယ်။ ဥပမာအားဖြင့် ဥပဒေကြမ်းတွေ တင်သွင်း၊​ ဆွေးနွေးတဲ့အခါ ဘယ်သူ့မျက်နှာမှမထောက်ဘဲ လွတ်လွတ်လပ်လပ်၊​ အမှီအခိုကင်းကင်းနဲ့ အလုပ်သမား၊ လယ်သမားတွေအတွက် ဆွေးနွေးထောက်ပြနိုင်ဖို့ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ယောက်အဖြစ် ယှဉ်ပြိုင်ခြင်းအားဖြင့် လွှတ်တော်အတွင်း လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးနိုင်မှာဖြစ်သလို လွှတ်တော်ပြင်ပမှာလည်း လူထု၊ သမဂ္ဂနဲ့ပူးပေါင်းပြီး လှုပ်ရှားနိုင်မှာဖြစ်တယ်လို့ ဦးဌေးက ပြောပါတယ်။ လွှတ်တော်အတွင်းသာမက၊ လွှတ်တော်ပြင်ပ လမ်းကြောင်းနှစ်ခုလုံးနဲ့ အလုပ်သမားတွေ အကျိုးများမယ့် ဥပဒေတွေပြုနိုင်ဖို့ ရည်မှန်းထားတယ်လို့ ဦးဌေးက ပြောပါတယ်။

ဒေါ်စုစုနွေးကလည်း သူလွှတ်တော်ထဲရောက်ဖြစ်ခဲ့ရင် လယ်သမားတွေအတွက် အမှန်တကယ်အကျိုးများပြီး လယ်သမားအခွင့်အရေးတွေ အကာအကွယ်ပေးမယ့် ဥပဒေတွေကို ကိုယ်စားလှယ်အများစုရှိတဲ့ပါတီတွေက တားဆီးပယ်ချခဲ့မယ်ဆိုရင် မှတ်တမ်းတင်ထားပြီး ဘယ်သူတွေဟာ ဒီဥပဒေတွေကို ပယ်ချခဲ့သူတွေပါဆိုပြီး  ပြည်သူလူထုကိုချပြသွားမယ်လို့ ဆိုပါတယ်။ လွှတ်တော်ပြင်ပမှာလည်း ပြည်သူနဲ့ပူးပေါင်းပြီး အစိုးရကို ဖိအားပေးသွားမယ်လို့ ဆိုပါတယ်။

၂၀၁၉၊​ အောက်တိုဘာလအတွင်းက ရန်ကုန်မြို့တော်ခန်းမအနီး၊ မဟာဗန္ဓုလပန်းခြံအနီးက အလုပ်သမားဆန္ဒပြပွဲတစ်ခုကို မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

အခြေတည်ဆောက်ခြင်း

အရေအတွက်အားဖြင့်နည်းပါးလှတဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ခံရလို့ လွှတ်တော်ထဲရောက်ခဲ့ရင်တောင် သူတို့မျှော်မှန်းထားတဲ့ ကိစ္စရပ်တွေ အောင်မြင်အောင်ဆောင် ရွက်နိုင်ဖို့က အကန့်အသတ်တွေအများအပြားရှိနေပါတယ်။ 

အောင်မြင်နိုင်ချေနည်းတယ်လို့  ထင်စရာရှိပေမဲ့ နှစ်အတော်ကြာ မြေပြင်မှာ အလုပ်သမားနဲ့ လယ်သမားအရေး တက်ကြွလှုပ်ရှားခဲ့တာကြောင့် ထောင်၊ သောင်းချီလက်တွဲလာတဲ့ အလုပ်သမားနဲ့ လယ်သမားသမဂ္ဂတွေရဲ့အားကိုအခြေပြုပြီး မဲရရှိဖို့ အခွင့်အလမ်းရှိနေသလို ဒီအဖွဲ့အစည်းတွေရဲ့ ရန်ပုံငွေမြှင့်တင်ဖို့လည်း အခြေအနေကောင်းတစ်ခု ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတစ်ပင်မြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုစိုင်းမြတ်ကျော်ထွေးကတော့ သူတို့အနေနဲ့ အလုပ်သမားတွေရဲ့ အင်အားကိုရယူသွားမယ်လို့ ပြောပါတယ်။ သူဟာ မြန်မာနိုင်တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှာ ဗဟိုကော်မတီဝင်အဖြစ် ပါဝင်လျက်ရှိပါတယ်။

“ကျွန်တော်တို့ ကျွန်တော်တို့သမဂ္ဂအဖွဲ့ဝင်တွေ၊ သူတို့မိသားစုတွေ၊ သူတို့ဆွေးမျိုးသားချင်းတွေ အဝန်းအဝိုင်းတွေဆီက မဲတွေရဖို့ အောက်ခြေအဆင့်ထိ အဖွဲ့ချုပ်အောက်မှာရှိတဲ့ သမဂ္ဂတွေနဲ့ ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်သွားမယ်”လို့ သူက ပြောပါတယ်။

အဖွဲ့ဝင် ၆,၀၀၀ ကျော်အထိ အားကောင်းတဲ့ မြန်မာနိုင်ငံအထည်ချုပ်အလုပ်သမားများ သမဂ္ဂများအဖွဲ့ချုပ်တာဝန်ခံ မမိုးစန္ဒာမြင့်ကလည်း အလုပ်သမားကိုယ်စားပြု တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေကို အားပေးဝန်းရံသွားမယ်လို့ သူက ဆိုပါတယ်။

“အလုပ်သမားကိုယ်စားပြုကိုယ်စားလှယ်တွေပေါ်လာတာကောင်းပါတယ်။ အစ်မတို့ကလည်း အဖွဲ့ဝင် သမဂ္ဂဖြစ်တဲ့အလျောက် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အစည်းအဝေးတွေတော့ ပုံမှန်တက်နေတယ် တောင်းဆိုလာရင် အားပေးဝန်းရံသွားဖို့လည်း ရှိပါတယ်” လို့ သူက ပြောပါတယ်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲအကြိုနဲ့ ရွေးကောက်ပွဲအလွန် ကာလတွေမှာ ၈၈မျိုးဆက်ကျောင်းသားတွေ တည်ထောင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ မဟာမိတ်ဖွဲ့သွားမယ်လို့ ဆိုပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တော့ မဟာမိတ်ဖွဲ့ဖို့ အစီအစဉ်မရှိကြောင်း အတိအလင်း ဆိုထားတယ်။ အဲဒီတော့ ကျန်တဲ့ တတိယဒီမိုကရေစီအင်အားစုတွေ ကျောင်းသားပါတီ ပြည်သူ့ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့နဲ့ ကျွန်တော်တို့မဟာမိတ်ဖွဲ့သွားမယ်။ လွှတ်တော်ထဲရောက်တဲ့အခါမှာ တိုင်းရင်းသားပါတီတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင် သွားမယ်”လို့ ဦးဌေးက ဆိုပါတယ်။

“ကျွန်တော်တို့လိုချင်တဲ့အပြောင်းအလဲတွေဟာ သီးခြားတည်ရှိနေတာတွေမဟုတ်ပါဘူး။  အလုပ်သမားအရေးတင်မက ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသည်တို့ကိုလည်း တခြားပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ လာရာ၊ လားရာတူတဲ့ ဘယ်သူနဲ့မဆို ပူးပေါင်းလုပ်ဆောင်သွားဖို့ အဆင့်သင့်ရှိပါတယ်” သူက ဆက်ပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.