ငြိမ်းချမ်းရေး အကြောင်းပြချက်ဖြင့် KNU ခေါင်းဆောင်သစ် ရွေးချယ်ရေး နှောင့်နှေးနေ

အစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်းရေးရရှိလာခြင်း၏ အကျိုးသက်ရောက်မှုက ဒေသတွင်းနေ ပြည်သူများအတွက်သာမက KNU ခေါင်းဆောင်ပိုင်း ရွေးချယ်ရေးအထိပါ ရိုက်ခတ်လာခဲ့ခြင်း ဖြစ်သည်။

ထွန်းခိုင် ရေးသားသည်။

မြန်မာအစိုးရနှင့် ဆက်ဆံရေးကောင်းများ ရှိနေပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ထိပ်ပိုင်းခေါင်းဆောင်များက ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထိပ်ပိုင်းရာထူးများကို ဆက်လက်ယူထားရန် ဆုံးဖြတ်ခဲ့ကြရာ ကရင်တော်လှန်ရေးသမိုင်းတွင် အရေးအကြီးဆုံးသော အဖြစ်အပျက်တစ်ခု ဖြစ်လာသည်။

KNU ခေါင်းဆောင်များက ၎င်းတို့၏ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကို ပုံမှန်ကျင်းပနေသည့် အခြေအနေမှ ရွှေ့ဆိုင်းရန်ဆုံးဖြတ်ခဲ့ကြပြီးနောက် လာမည့်နှစ် မတ်လတွင်မှ ကျင်းပရန် ဗဟိုကော်မတီဝင်များက ဆုံးဖြတ်လိုက်ကြသည်။

ဗြိတိသျှတို့ထံမှ ၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ဆယ်စုနှစ် ခုနစ်ခုနီးပါး စစ်တလင်းဖြစ်ခဲ့ရသည့် ကရင်ပြည်နယ်အတွက်၂၀၁၅ ခုနှစ်သည် အငြိမ်းချမ်းဆုံးကာလများအနက် တစ်ခုဟု ပြောနိုင်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ကိုးဦးမြောက် ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ထိပ်ပိုင်းခေါင်းဆောင်အချို့သည် သမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရဘက်က ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးအစီအစဉ်ကို လက်ခံခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA-Nationwide Ceasefire Agreement) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလလယ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

သမိုင်းနှင့်ချီကာ ရန်သူဖြစ်လာခဲ့သည့် မြန်မာ့တပ်မတော်နှင့် KNU တို့အကြားတွင် ထိုအချိန်က စတင်ပြီး အသေးစား ပစ်ခတ်မှုတစ်ကြိမ်သာဖြစ်ပွားခဲ့ကာ  ကာလရှည်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အဆုံးသတ်သွားခဲ့သည်။

ထိုမတိုင်မီကာလများက တပ်မတော်နှင့် KNU တို့အကြားတွင် ရက်စက်ကြမ်းတမ်းသော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ပြည်သူများအပါအဝင် နှစ်ဖက်လုံးမှ တပ်ဖွဲ့ဝင် ထောင်နှင့်ချီကာ သေကြေခဲ့ကြရသလို  သိန်းနှင့်ချီသော ပြည်သူများမှာ အိုးအိမ်စွန့်ခွာကာ နေရပ်ဒေသများမှ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

ယခုကဲ့သို့ နှစ်ဘက်အကြား ငြိမ်းချမ်းရေးရရှိလာခြင်း၏ အကျိုးသက်ရောက်မှုက ဒေသတွင်းနေ ပြည်သူများအတွက်သာမက KNU ခေါင်းဆောင်ပိုင်း ရွေးချယ်ရေးအထိပါ ရိုက်ခတ်လာခဲ့ခြင်း ဖြစ်သည်။

အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များ၏အဆိုအရ လေးနှစ်တကြိမ်ကျင်းပသည့် ခေါင်းဆောင်သစ် ရွေးချယ်မည့်အစည်းအဝေးကို ငြိမ်းချမ်းရေးအကြောင်းပြချက်ဖြင့် ရွှေ့ပြောင်းရန် စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်၏ အဓိကရည်မှန်းချက်မှာ မြန်မာအစိုးရနှင့် ဆက်ဆံရေးကောင်းများရှိနေပြီး လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အောင်မြင်စွာလုပ်ကိုင်နိုင်ခဲ့သည့် ထိပ်ပိုင်း အရာရှိများက KNU ၏ ထိပ်ပိုင်း ခေါင်းဆောင်ရာထူးများကို ဆက်လက်ရယူထားရန်ပင် ဖြစ်သည်။

KNU က ထိန်းချုပ်ထားသည့် ကရင်ပြည်နယ်၊ လော်ခီးလာတွင် KNU ၏ ၁၅ ကြိမ်မြောက်ညီလာခံ၏ (၅) ကြိမ်မြောက် ဗဟိုကော်မတီပုံမှန်အစည်းအဝေးကို အောက်တိုဘာ ၃၁ နေ့က စတင်ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးတွင် KNU ၏ အနာဂတ်ခေါင်းဆောင် တင်မြှောက်ရေးအတွက် ဆွေးနွေးမည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

KNU ၏ တွဲဖက်အတွင်းရေးမှူး(၂) ဖြစ်သူ ပဒိုမန်းမန်းကမူ ခေါင်းဆောင်သစ်ရွေးချယ်မည့် အစီအစဉ်ကို ရွေ့ပြောင်းရန် ဆန္ဒရှိသူများ ရှိကောင်းရှိနိုင်သော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ဦးကမှ တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဟု ဆိုသည်။

“ယနေ့အထိတော့ အဲ့ဒိအကြောင်းကို တရားဝင်ပြောတာဆိုတာ မရှိသေးဘူး”ဟု ပဒိုမန်းမန်းက နိုဝင်ဘာ ၆ ရက်နေ့တွင် Frontier က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုကို တုန့်ပြန်ခဲ့သည်။

ခေါင်းဆောင်သစ် ရွေးချယ်ပွဲကို ရွှေ့လိုက်ပါက ကရင်တော်လှန်ရေးသမိုင်းတွင် အရေးအကြီးဆုံး အဖြစ်အပျက်တစ်ခု ဖြစ်လာနိုင်ကြောင်း Karen Youth Network ၏ Communication and Coordination Team(Kayin Devision) ၏ အဖွဲ့ဝင် စောရိုမန်က ပြောသည်။

knu_1.jpg

KNU ခေါင်းဆောင် စောမူတူးစေးဖိုးနှင့် အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်တို့ ဦးသိန်းစိန်နှင့် ၂၀၁၂ ခုနှစ်အတွင်းက တွေ့ဆုံကြစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

နှစ်ပေါင်း ၇၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာအစိုးရနှင့် KNU တို့အကြား ပထမဆုံးအကြိမ် ရရှိခဲ့သည့် ငြိမ်းချမ်းရေးသည်  အပြည့်အဝအောင်မြင်သည့် ငြိမ်းချမ်းရေးတစ်ခုအဖြစ် မတင်စားနိုင်သော်လည်း အတိုင်းအတာတစ်ခု အထိ အောင်မြင်သည့် ငြိမ်းချမ်းရေးဖြစ်ခဲ့ကြောင်း Frontier Myanmar ၏ ပင်တိုင်ဆောင်းပါးရှင်နှင့် နိုင်ငံရေးဆိုင်ရာ လေ့လာသုံးသပ်သည့် ဆောင်းပါးများ ရေးသားနေသူ ဦးစည်သူအောင်မြင့်က ပြောကြားသည်။

အဆိုပါငြိမ်းချမ်းရေးသည် မြန်မာအစိုးရနှင့် သဘောထားတင်းမာသည့် ဆက်ဆံရေးရှိသည့် KNU ခေါင်းဆောင်သစ်များနေရာရလာပါက အလှည့်အပြောင်း ဖြစ်လာနိုင်သည်ဟု ၎င်းကဆိုသည်။

“ဆန့်ကျင်ဘက် အခြေအနေတွေကို ပြောင်းသွားရင် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တာတွေ ဖြစ်နိုင်တယ်” ဟု ဦးစည်သူအောင်မြင့်က ဆိုသည်။

KNU ၏ လက်ရှိခေါင်းဆောင်ဖြစ်သည့် စောမူတူးစေးဖိုးသည် မြန်မာအစိုးရအပြင် မြန်မာ့ တပ်မတော်ခေါင်းဆောင်များနှင့်ပါ ကောင်းမွန်သည့် ဆက်ဆံရေးရှိနေသည်ဆိုခြင်းကိုမူ ငြင်းဆို၍ မရနိုင်ပေ။ စောမူတူးစေးဖိုးသည် နိုဝင်ဘာလ နောက်ဆုံးပတ်က နေပြည်တော်သို့ လာရောက်ခဲ့ကာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံ၏ စစ်အစိုးရခေါင်းဆောင်ဟောင်း အငြိမ်းစာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ပါ တွေ့ဆုံခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုဝင်ဘာ ၂၅ ရက်နေ့က တွေ့ဆုံစဉ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု-ပင်လုံ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးရမည့် ကိစ္စရပ်များနှင့် နှစ်ဖက်တပ်များ တပ်နေရာချထားရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာအစိုးရနှင့် KNU တို့အကြားငြိမ်းချမ်းရေးသည် သွေးထွက်သံယိုမှုများ မရှိအောင်ထိန်းထားနိုင်သည်ဟုဆိုသော်လည်း ခြောက်ပစ်ကင်းသဲလဲစင် ငြိမ်းချမ်းရေးတစ်ခုတော့ မဟုတ်ပေ။

ကရင်ပြည်နယ်အတွင်း KNU မဟုတ်သည့် အခြားလက်နှက်ကိုင်များနှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး မြန်မာ့တပ်မတော်ဘက်ကလည်း တပ်အင်အား တိုးချဲ့မှုများရှိနေရာ သည်းခံမှုများနှင့် ခရီးဆက်နေရကြောင်း KNU ၏ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းကပြောသည်။

“တိုက်ပွဲမဖြစ်ပေမဲ့ စစ်ရေးလှုပ်ရှားမှုကတော့ လျှော့မသွားဘူး”ဟု ပဒိုမန်းမန်းကပြောသည်။

မြန်မာအစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်းရေးသည် မအောင်မြင်သည့် ငြိမ်းချမ်းရေးဟု မဆိုနိုင်သော်လည်း ကရင်တိုင်းရင်းသားများဘက်က မူလကတည်းက ချမှတ်ထားသည့် တန်းတူညီမျှရေးအပါအဝင် အဓိကရည်မှန်းချက်များ မရရှိသေးကြောင်း စောရိုမန်ကလည်း ထောက်ပြထားသည်။

“ငြိမ်းချမ်းရေးမအောင်မြင်ဘူးလို့ မပြောဘူး။ ဒါပေမယ့် လိုချင်တဲ့ကိစ္စကိုတော့ မရသေးဘူး။ ခေါင်းဆောင်နှစ်ယောက်ပဲ အဆင်ပြေနေတာကို ငြိမ်းချမ်းရေးအောင်မြင်ပြီလို့တော့ ပြောလို့ မရဘူး” ဟု ၎င်းကပြောသည်။

သို့သော် KNU ခေါင်းဆောင်ပိုင်း အပြောင်းလဲကြောင့် ငြိမ်းချမ်းရေးထိခိုက်မည့်ဆိုသည့် ခန့်မှန်း ပြောဆိုချက်များကိုမူ ပဒိုမန်းမန်းက ပယ်ချခဲ့ပြီး KNU သည် မူဝါဒဖြင့် ခရီးဆက်နေသောအဖွဲ့အစည်း ဖြစ်ပြီး လူပုဂ္ဂိုလ်ဖြင့် ခရီးဆက်နေသည့် အဖွဲ့အစည်းမဟုတ်ဟု တုန့်ပြန်ခဲ့သည်။

“ငြိမ်းချမ်းရေးက လူတိုင်းလိုချင်တာဘဲ။ ဘယ်လိုခေါင်းဆောင်မျိုးက ဘယ်လိုအခြေအနေမှာ တက်တက် ငြိမ်းချမ်းရေးက ထိခိုက်စရာမရှိပါဘူး”ဟု ပဒိုမန်းမန်းက ပြောသည်။

ထို့ကြောင့် KNU ၏ ၁၆ ကြိမ်မြောက် ညီလာခံနှင့် အနာဂတ်ခေါင်းဆောင် ရွေးချယ်ရေးကိစ္စသည် ကရင်တိုင်းရင်းသားများအကြား လတ်တလော ရေပန်းစားနေပြီး KNU ၏ ခေါင်းဆောင်သစ် မည်သူဖြစ်လာမည်ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

ခေါင်းစီးဓာတ်ပုံ- စောမူတူးစေးဖိုးနှင့် အမျိုးသားဖွံ့ဖြိုးရေးပါတီမှ ခေါင်းဆောင်တစ်ဦးတို့အား နေပြည်တော်တွင် သြဂုတ်လက ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး(J)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.