ချင်းမှာ ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်တွေ မှေးမှိန်လာမလား

ချင်းလူ့အဖွဲ့အစည်းနှင့် ဘာသာစကားအမျိုးမျိုးကွဲပြားမှုက တခါတရံ လူမျိုးစုစည်းလုံးမှုအတွက် အတားအဆီးတစ်ခုအဖြစ် ရှုမြင်ရသော်လည်း အင်အား၏ အရင်းအမြစ်တစ်ခုအနေဖြင့်လည်း ပို၍ကောင်းမွန်စွာနားလည်နိုင်သေးသည်။

By NICOLA EDWARDS and ASHLEY SOUTH | FRONTIER

ချင်းလူ့အဖွဲ့အစည်း၏ ကွဲပြားမှုက များလွန်းလှသည်။ များစွာဝေဖန်ခံရသော်လည်း တရားဝင်မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုမှာ ၁၃၅ မျိုးဖြစ်ပြီး ချင်းမျိုးက ၅၃ မျိုးရှိသည်။
သို့သော်လည်း သုတေသီတချို့၏အဆိုအရ ချင်းလူမျိုးစုဘာသာစကားအုပ်စုမှာ ၇၇ မျိုး သိုမဟုတ် ၇၈ မျိုးအထိများပြားပြီး ၎င်းတို့တွင် ရခိုင်ပြည်နယ်၊ အန်းတစ်ဝိုက်ရှိ အရှိုချင်းနှင့် အိန္ဒိယအခြေစိုက်အခြားချင်းများကဲ့သို့ ချင်းပြည်နယ်ပြင်ပ အခြေစိုက်ချင်းများပါဝင်သည်ဟု ဆိုသည်။ ချင်းပြည်နယ်မြောက်ပိုင်းက ဇို တို့ကမူ ၎င်းတို့အား ချင်းအဖြစ်သတ်မှတ်ခြင်းကို ကန့်ကွက်ကြပြီး ခြားနားသည့် ဇို လူမျိုးစုတစ်ခုအဖြစ်သာ ရှိနေခြင်းကို ပို၍နှစ်သက်သည်။
ယင်းကဲ့သို့ အမျိုးမျိုးကွဲပြားမှုက ဘာသာစကားတွင်သာမက ရိုးရာအစဉ်အလာများ၊ အကများ၊ ယက်လုပ်သည့်ပုံစံများနှင့် ဝတ်စုံများတွင်ပါ အမျိုးမျိုးကွဲပြားနေသည်။ ဝတ်စုံများတွင် ဖြူကောင်၏ဆူးများ၊ အောက်ချင်းငှက်အတောင်များနှင့်ပြုလုပ်ထားသည့် ဦးခေါင်းဝတ်များ၊ ကွာဝေးသည့် ကမ်းခြေများနှင့် ကုန်သွယ်မှုပြုလုပ်ခဲ့သည်ကို ပြသနေသော ချင်းပြည်နယ်ပြင်ပမှ တိရစ္ဆာန်အခွံများနှင့်ပြုလုပ်သောခါးပတ်များ ပါဝင်သည်။
အတိတ်ကာလက ချင်းပြည်နယ်တောင်ပိုင်းက အမျိုးသမီးအများအပြား ခြားနားသည့် အုပ်စုများအလိုက် ခြားနားသည့် ဒီဇိုင်းများဖြင့် မျက်နှာများတွင် တက်တူးများ ထိုးထားခဲ့ကြသည်။ သို့သော်လည်း ယခုအခါ ၎င်းအလေ့အထမရှိတော့ဘဲ အသက်ကြီးကြီးအမျိုးသမီးများအနည်းငယ်တွင်သာ မျက်နှာတက်တူးရှိကြတော့သည်။
ယခုကဲ့သို့ကွဲပြားနေမှုက တခါတရံ လူမျိုးစုကြားစည်းလုံးမှုရရှိရေး ကြိုးပမ်းမှုကို အားနည်းစေသည့် အားနည်းချက်တစ်ခုအဖြစ် ယူဆသည်။ လူမျိုးစုစည်းလုံးမှုမှာ နိုင်ငံရေးနှင့် ရုပ်ပိုင်းဆိုင်ရာအရင်းအမြစ်များ ရယူသုံးစွဲနိုင်ရေးမှာ တိုင်းရင်းသားအခွင့်အရေးအပေါ် မူတည်လေ့ရှိပြီး လူမျိုးအများအပြားရှိ လူ့အဖွဲ့အစည်းတစ်ခုတွင် နေထိုင်လျက်ရှိသော လူမျိုးအုပ်စုများ၏ ပြင်းပြသောဆန္ဒတစ်ခုအဖြစ် နားလည်နိုင်သည်။
သို့သော်လည်း ချင်းလူ့အဖွဲ့အစည်း၏ လူမျိုးများပြားမှုကို အင်အားတစ်ခုအဖြစ် ရှုမြင်သင့်သည်။ ကွဲပြားမှုထဲမှ စည်းလုံးမှုအဖြစ်။

ဘာသာစကားနှင့် ကိုးကွယ်ရာဘာသာ

ချင်းပြည်နယ်တွင် လူအများအပြားမှာ ဘာသာစကားအချို့ဖြင့် ဆက်သွယ်နိုင်ကြသည်။ ကလေးများသည် ၎င်းတို့၏ မိခင်ဘာသာစကားကို ဆန်းဒေးစကူးများတွင်သင်ယူကြသလို နွေရာသီကျောင်းပိတ်ရက်များအတွင်းလည်း ကြာရှည်စွာသင်ယူကြရသည်။ ဒေသခံဘာသာစကားသင်ကြားပေးမှုမှာ ၂၀၁၆ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သော အမျိုးသားပညာရေးမဟာဗျူဟာ၏ ဒေသခံသင်ရိုးမာတိကာနှင့် အတူမြှင့်တင်ခဲ့သည်။
၎င်းမူဝါဒအရ ဘာသာစကား ၂၂ မျိုးကို ချင်းပြည်နယ်တွင် သင်ကြားပေးရန် ခွင့်ပြုထားပြီး ချင်းအများအပြား နေထိုင်လျက်ရှိသော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ စာသင်ခန်းများတွင် စုစုပေါင်းချင်းဘာသာစကား ၃၅မျိုးကို သင်ယူခွင့်ပြုထားသည်။
စာသင်ကျောင်းအများအပြားတွင် ဒေသခံဘာသာစကားအတွက် စာသင်ချိန်တစ်ချိန်ကို ကျောင်းတွင်းစာသင်ချိန်များ၏ နောက်ဆုံးတစ်ချိန်ကို များသောအားဖြင့် သင်ကြားရေးလက်ထောက်များ သို့မဟုတ် ဒေသခံဘာသာစကားဆရာများက သင်ကြားပေးသည်။ ယင်းသို့သင်ကြားမှုအများစုကို ဒေသခံတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများက ရွေးချယ်ကြသည်။
ဗြိတိသျှကိုလိုနီခေတ်က ခရစ်ယာန်ဘာသာပြုမစ်ရှင်များမှာ ချင်းဘာသာစကား စာလုံးပေါင်း သတ်ပုံရေးထုံး ဖွံ့ဖြိုးအောင် ပထမဆုံးဆောင်ရွက်ခဲ့သူများဖြစ်ကြပြီး အဖွဲ့တစ်ခုဆီကို ၎င်း၏ ပထမဆုံးသမ္မာကျမ်းစာများ၊ အဘိဓါန်များနှင့် ဓမ္မတေးစုများ ပေးအပ်ခဲ့သည့်နှစ်မှာ ဂုဏ်ယူဖွယ်ဒေသခံလူ့အသိုင်းအဝိုင်းသမိုင်း၏ အစိတ်အပိုင်းဖြစ်သည်။
တာဝန်ယူခဲ့သည့် ခရစ်ယာန်သာသနာပြုအဖွဲ့များကို ချင်းပြည်နယ်မြောက်ပိုင်းတီးတိန်ရှိ Newland Hall ကဲ့သို့ ဘုရားရှိခိုးကျောင်းခန်းမများ၏ အမည်များဖြင့် အမှတ်တရဖြစ်အောင်ပြုလုပ်ထားသည်။ ဒေသခံဘာသာစကားနှင့် ယဉ်ကျေးမှုတွင် ယင်းသို့ဂုဏ်ဆောင်ခြင်းက ဘာသာရေးနှင့် ကျယ်ပြန့်စွာနှီးနွယ်နေသည်။
ဘာသာစကားအများစုတွင် ၎င်းတို့၏ မိခင်စကားတွင် ဘာသာရေးစာသားများပါရှိကာ ကလေးများအတွက် ပုံပြင်စာအုပ်များ သိုမဟုတ် လူကြီးများအတွက် မဂ္ဂဇင်းစာအုပ်များတွင်လည်း အနည်းငယ်ပါရှိတတ်သည်။ သို့သော်လည်း ဟားခါးလိုင်နှင့်ဖလမ်းလိုင်ဇိုတို့ကဲ့သို့ တချို့အုပ်စုများကမူ ၎င်းတို့၏အသိုင်းအဝိုင်းသတင်းစာများကို ထူထောင်ထားကြသည်။
ချင်းတောင်ပေါ်သို့ ခရစ်ယာန်သာသနာပြုအဖွဲ့များစွာလာရောက်ကာ ရံဖန်ရံခါယှဉ်ပြိုင်သည့်သဘောသက်ရောက်နေရာ ချင်းနှင့် ဆက်နွယ်အုပ်စုများကို ယခုအခါ ဘာသာစကားအားဖြင့်လည်းကောင်း ဘာသာရေးဂိုဏ်းခွဲအားဖြင့်လည်းကောင်း ခွဲခြားထားသည်။
မြို့ငယ်များမှာပင် ဘာသာစကားမတူသောချင်းအုပ်စု ၁၀ အုပ်စုနှင့် ၁၅ အုပ်စုကြားရှိနေပြီး ၎င်းတို့ထဲက အုပ်စုတစ်ခုစီတွင်လည်း ဘက်ပ်တစ်၊ မက်သဒစ်၊ ရိုမန်ကက်သလစ်၊ Seventh Day Adventist နှင့် အခြားဂိုဏ်းခွဲများကို ကိုယ်စားပြုသည့် ဘုရားရှိခိုးကျောင်းများရှိသည်။
ချင်းပြည်နယ်တောင်ပိုင်းတွင် လူတချို့မှာ နတ်ကိုးကွယ်မှုရှိနေသေးပြီး တချို့မှာ ဗုဒ္ဓဘာသာဖြစ်သည်။ သို့သော်လည်း အများစုမှာ ခရစ်ယာန်များသာဖြစ်သည်။ ၂၀၁၄ သန်းခေါင်းစာရင်းအရ ချင်းလူမျိုး ၈၅ ဒဿမ ၄ ရာခိုင်နှုန်းမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကာ ချင်းပြည်နယ်မှာ ခရစ်ယာန်ဘာသာဝင်အများစုရှိသည့် ပြည်နယ်ဖြစ်သည်။
တရားဒေသနာများကို မိခင်ဘာသာဖြင့် ဟောပြောကြပြီး တခြားဘာသာဖြင့် ဝတ်တက်မှုပြုလုပ်ခဲသလို ဟောပြောချက်ကိုလည်း နားလည်ခဲသည်။
ယင်းအခြေအနေက ချင်းလူ့အဖွဲ့အစည်း၏ ခြားနားသော အစိတ်အပိုင်းများကြား ပေါင်းစည်းညီညွတ်မှုအားနည်းခြင်းကို ဖြစ်စေသည်။ တခါတရံ သေးငယ်သည့် လူ့အသိုင်းအဝိုင်းများကြားမှာပင် အက်ကြောင်းများသို့ ဦးတည်စေသည်။ ပိုကြီး၍ ပို၍အင်အားကောင်းသောအုပ်စုများက ပို၍သေးငယ်သော ဘာသာစကားနှင့် ဘာသာရေးအုပ်စုများကို ခြွင်းချန်ခဲ့သည်ဟု သိထားကြသည်။

ဆုံးရှုံးမှာစိုးရိမ်ရသည့်အရာ

ဘာသာတရားကို ဘာသာစကား၊ ယဉ်ကျေးမှုတို့နှင့် ချည်နှောင်ခြင်းသည် ရှေးဟောင်းရိုးရာအစဉ်အလာဓလေ့များ ဆုံးရှုံးမှုကို ဖြစ်စေသည်။ ချင်းအများအပြားက ခရစ်ယာန်ဘာသာမတိုင်မီခေတ်ကာလနှင့် ပတ်သက်သည့်အကြောင်းကို မပြောလိုကြပေ။ အမှောင်ခေတ်ကာလများဟူ၍သာ ဖော်ပြကြသည်။
ဒေသသမိုင်းကို မိသားစုများကြား နုတ်အားဖြင့် လက်ဆင့်ကမ်းခဲ့ကြသဖြင့် ခရစ်ယာန်ဘာသာရောက်မလာမီကအချိန်များကို မှတ်မိသိရှိသော လူကြီးသူမများကွယ်လွန်သွားသည်နှင့် အဆိုပါအကြောင်းအရာများမှာ ပျောက်ကွယ်သွားမည့် အခွင့်အလမ်းရှိနေသည်။
အိန္ဒိယနယ်စပ်အနီး တွန်းဇံမြို့နယ်ရှိ ကျီခါး ကဲ့သို့ ချင်းပြည်နယ်၏ တချို့ဧရိယာများမှာ အဓိကအားဖြင့် ၁၉၈၀ ပြည့်လွန်နှစ်များမှသာ ခရစ်ယာန်ဘာသာဖြစ်လာခဲ့သည်။ သို့သော်လည်း တခြားဧရိယာအများစုတွင် အသက် ၇၀ သို့မဟုတ် ၈၀ အထက်ရှိသူများသာ ခရစ်ယာန်မတိုင်မီက အခြေအနေများကိုမှတ်မိပြီး ဆက်စပ်ယဉ်ကျေးမှုအသိကို ပိုင်ဆိုင်နေသေးသည်။
အမျိုးသမီးများ၏ မျက်နှာများကို တက်တူးထိုးခြင်းက ချင်းလူမျိုးများ ဆွေးနွေးရန် ဆန္ဒမရှိသော သာဓကတစ်ခုဖြစ်သည်။
ယခုကဲ့သို့ မျက်နှာတက်တူးထိုးခြင်းကို မည်သို့စတင်သည်နှင့် ပတ်သက်၍ ရှင်းလင်းမှုမရှိသော်လည်း စစ်ပြုကြသည့်အခါ ပြိုင်ဘက်လူမျိုးစုများအတွက် ၎င်းတို့၏အမျိုးသမီးများက ဆွဲဆောင်မှုမရှိစေရန် ထိုးစေခြင်းဖြစ်နိုင်သည်ဟု ချင်းတချို့က မရမကမေးသည့်အခါ ပြောသည်။ ပြင်းထန်စွာတိုက်ခိုက်သူများ၊ ရန်သူကိုခေါင်းဖြတ်သူများအဖြစ် အတိတ်ကရှက်စရာအဖြစ်များကြောင့် တစိတ်တပိုင်းအားဖြင့် ယင်းအမှတ်ရစရာများကို ချိုးနှိမ်ထားသည်ဟု ယူဆရသည်။
ချင်းလူ့အဖွဲ့အစည်းကို ခေတ်မီအောင်ပြုလုပ်ခြင်းမှာ မဆလခေတ်၊ နောက်ပိုင်း စစ်တပ်၊ အစိုးရများလက်ထက်တွင် အရှိန်ရလာခဲ့ပြီး ၎င်းတို့၏ ပေါ်လစီများနှင့် ဗမာမှုပြုခြင်းတို့ကြောင့် တိုင်းရင်းသားဘာသာစကားများကို အစိုးရကျောင်းများတွင် ပွင့်ပွင့်လင်းလင်းမသင်ယူနိုင်ပေ။ သို့သော်လည်း ချင်းပြည်နယ်ရှိ တိုင်းရင်းသားဘာသာစကားများကို ၁၉၈၀ပြည့်လွန်နှစ်များအထိ စာသင်ခန်းများတွင် တစ်သီးတစ်ခြားစီ အသုံးပြုခဲ့ကြပြီး ထိုစဉ်ကတည်းက ဝေးလံခေါင်သီသောဒေသများတွင် တရားဝင်မဟုတ်သော သင်ကြားမှုမီဒီယာအဖြစ် အသုံးပြုလေ့ရှိသည်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့ကဲ့သို့ အခမ်းအနားများကိုလည်း ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ၂၀၁၂ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးနောက်အထိ ခွင့်ပြုချက်မရခဲ့ပေ။ CNF သည် ၁၉၈၈ တွင် ဗဟိုအစိုးရကို လက်နက်ကိုင်ပုန်ကန်မှုစတင်ခဲ့သည်။
ရလဒ်အနေဖြင့် ပိုမိုငယ်ရွယ်သောမျိုးဆက်များမှာ ၎င်းတို့၏မိဘများလောက် မိခင်ဘာသာစကားကို တတ်ကျွမ်းလေ့မရှိဘဲ အထူးသဖြင့် အရေးနှင့် ပတ်သက်၍ဖြစ်ပြီး ချင်းအကများမကနိုင်သကဲ့သို့ ရိုးရာတူရိယာများလည်း မတီးမှုတ်နိုင်သလို ပုံပြင်ဟောင်းများလည်း မပြောနိုင်တော့ပေ။
မကြာသေးမီက ချင်းပြည်နယ်၏ မြို့ပြဧရိယာများကို မိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ရက်များနှင့် ချိတ်ဆက်ခြင်းက ချင်းလူ့အသိုင်းအဝိုင်းများအတွက် အရေးကြီးသောကာလတစ်ခုတွင် ရောက်ရှိနိုင်ပြီး လူကြီးသူမများကွယ်လွန်သည့်အခါ အမှတ်ရစရာများ၊ ရိုးရာအစဉ်အလာများမှာ စပ်ကူးမတ်ကူးကာလတွင် ရပ်ဆိုင်းသွားနိုင်သည်။
ခန့်မှန်းခြေ တစ်သန်းခန့်ရှိသောချင်းလူမျိုးများ၏ ထက်ဝက်ခန့်မှာ ယခုအခါ ချင်းပြည်နယ်ပြင်ပတွင် နေထိုင်ကြသဖြင့် ယင်းအန္တရာယ်မှာ ပို၍စိုးရိမ်စရာဖြစ်စေသည်။ ချင်းဘာသာစကားနှင့် ချင်းယဉ်ကျေးမှုများကို မည်သို့ထိန်းသိမ်းမည်နည်းဆိုသည့် မေးခွန်းမှာ ဖရန်တီယာ၏ နောက်တစ်ပတ်ထုတ်ထဲက ဆောင်းပါးတစ်ပုဒ်၏ အကြောင်းအရာဖြစ်လိမ့်မည်။

အောင်ကျော်ဦးဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ-ကန်ပက်လက်မြို့နယ်အတွင်းတွေ့ရသော ချင်းမိသားစုတစ်စု။ ဓာတ်ပုံ AFP

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.