ချင်းပြည်နယ်မှ တောင်ပုံရာပုံ အခက်အခဲများ

ရေကြီးရေလျှံမှု ဖြစ်အပြီး ရှစ်လအကြာတွင် ချင်းပြည်နယ်မှ နေအိမ် ပျက်စီးဆုံးရှုံးသွားသော ရွာသားများသည် ပိုမိုမြင့်မားသော ဘေးကင်းလုံခြုံသော နေရာများသို့ ရွာလုံးကျွတ် ပြောင်းရွှေ့ကြရလျက်ရှိသည်။

အိုလီဗာ ဆလိုး ရေးသားသည်။

ဖလမ်းမြို့၏ အပြင်ဘက် မိုင်အနည်းငယ်အကွာ ချင်းတောင်တန်းများပေါ်တွင် လူတစ်ဦးသည် သစ်ချောင်းများကို ဆိုင်ကယ်နောက်၌တင်၍ မတ်စောက်လှသော တောင်တန်းများပေါ်သို့ မောင်းတက်နေသည်။

သူသည် သူ့အိမ်ကို နှစ်မိုင်ခန့်အကွာရှိ တောင်ကုန်းပေါ်သို့ ပြောင်းရွှေ့ရန် တစ်စစီဖြုတ်သယ်နေခြင်း ဖြစ်သည်ဟု သူက Frontier ကို ပြောပြသည်။ တောင်ကြားထဲတွင် တည်ရှိပြီး လူနေအိမ် လေးငါးဆယ်ခန့်နှင့် စာသင်ကျောင်း တစ်ကျောင်း၊ ဘုရားရှိခိုးကျောင်း တစ်ကျောင်း ရှိသည့် သူ၏ရွာဖြစ်သော တီလီရွာသည် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ပျက်စီးသွားခဲ့ရသည်ဟု ဆိုသည်။

မြေပြိုမှုကြောင့် ရွာမှ အိမ် နှစ်လုံး မျောပါပျက်စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။ သေဆုံးသူ တစ်ဦးမျှ မရှိခဲ့ခြင်းမှာ ကံကောင်းသည်ဟု ၎င်းတို့က ဆိုသည်။

A hilltop view of Falam, Chin State. (Oliver Slow / Frontier)

A hilltop view of Falam, Chin State. (Oliver Slow / Frontier)

ဇွန်လနှောင်းပိုင်းနှင့် သြဂုတ်လ အစောပိုင်းတွင် ဖြစ်ပွားခဲ့သော မုတ်သုံမိုးကြီးမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ လူ ရာချီ၍ သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုထဲမှ ၁၂ ခုတွင် လူ သန်းချီ၍ နေရာ ပြောင်းရွှေခဲ့ရသည်။ သီးနှံများ ပျက်စီးခဲ့သည်။ နေအိမ်များ ပျက်စီးခဲ့ရသည်။ ယင်းရေကြီးမှုသည် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံးဖြစ်ပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ယင်း၏ အကျိုးဆက်သည် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားသော ဆိုင်ကလုန်းမုန်တိုင်း ကိုမန်ကြောင့် ပျက်စီးသည်ထက် ပိုမိုဆိုးရွားခဲ့သည်။

အချို့သော လူ့အဖွဲ့အစည်းများသည် ပြန်လည်နာလန်ထူလာနိုင်ပြီ ဖြစ်သော်လည်း အချို့ကမူ နာလန်မထူနိုင်ကြသေးပေ။

ဖလမ်းမြို့ရှိ အရပ်ဘက် လူ့အဖွဲ့အစည်းဖြစ်သော Falam Youth Association ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဆလိုင်း လာသန်ပွီး Salai Lal Than Pui က တီလီရွာ အပါအဝင် ဖလမ်းမြို့နယ်ရှိ ရွာ ၁၆ ရွာခန့်သည် မိုးရာသီ မစတင်မီ ဘေးကင်းသော နေရာများသို့ ပြောင်းရွှေ့နေကြပြီ ဖြစ်သည်ဟု ဆိုသည်။ အများစုသည် အစိုးရ၏ အကူအညီ မပါဘဲ ပြောင်းကြရခြင်း ဖြစ်သည်။

ထိုလမ်းအတိုင်း ရှေ့ဆက်သွားသောအခါ လူ သုံးလေးဆယ်ခန့်သည် ဖြိုချထားသော သစ်အပိုင်းအစများကို တစ်စစီ ဖြုတ်နေပြီး အစုလိုက် အစုလိုက် စည်းနှောင်နေကြသည်။ ယင်းတို့ကို လူဖြင့်သော်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်သော်လည်းကောင်း ကုန်းမြင့်ပေါ်တွင် တည်ရှိသည့် တီလီရွာသစ်သို့ ပို့ဆောင်နေကြသည်။ အများစုမှာ အသက် ၅၀ ကျော် ၆၀ အရွယ်များ ဖြစ်ကြသည်။

တီလီရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ အသက် ၅၆ နှစ်အရွယ် ခေါင်းဆောင် ပါဆိုင်သောင်း Pa Sai Thaung က မိုးရာသီ မကျရောက်မီ အိမ်များအားလုံးကို ပြောင်းရွှေ့အခြေချရန် အချိန်လု၍ လုပ်နေကြရသည်ဟု ဆိုသည်။

“မိုးကျလာရင် ဒီရွာက လုံးလုံး ပျက်စီးသွားမှာပဲ။ ရွာသစ်ကတော့ ဘယ်လိုနေမယ် မသိသေးဘူး။ အဖြစ်ဆိုးတွေ ထပ်မကြုံပါရစေနဲ့လို့ပဲ မျှော်လင့်တယ်” ဟု သူက သူ့ဘဝတွင် ကြုံတွေ့ခဲ့ရသော အဆိုးရွားဆုံး ရေကြီး၊ မြေပြိုမှုကို ရည်ညွှန်း၍ ပြောဆိုခဲ့သည်။

ပါဆိုင်သောင်းက သူတို့၏ အခြေအနေကို ရယ်ရယ်မောမော ပြောပြနေသော်လည်း ထိုရယ်မောမှုသည် သူ အမိဝမ်းကကျွတ်ကတည်းက ယခု လယ်သမားဘဝအထိ နေထိုင်လာခဲ့သော နေအိမ်ကို စွန့်ခွာရခြင်းကြောင့် ဖြစ်ပေါ်သော စိတ်အနှောင့်အယှက်ကို မဖုံးကွယ်ထားနိုင်ပေ။

“ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ သီးနှံတွေကို မြေပြိုထားတာကြောင့် သွားမသိမ်းနိုင်တော့ဘူး” ဟု လျှိုမြောင်၏ တစ်ဘက်တွင်ရှိသော ယခင်က ပြောင်းသီးနှံများစိုက်ခဲ့သည့် ကွင်းပြင်ကို ညွှန်ပြပြီး ပြောသည်။ “ကျွန်တော်တို့က သီးနှံတွေကိုလည်း ရွှေ့စိုက်ရဦးမယ်။ နေအိမ်တွေကိုလည်း ရွှေ့ပြောင်းရဦးမယ်။ အားလုံး တစ်ကနေ ပြန်စရတာ မလွယ်ပါဘူး” ဟု ပြောပြသည်။ ပြောင်းသည် ချင်းပြည်နယ်တွင် အဓိက စိုက်ပျိုးစားသုံးသော သီးနှံဖြစ်သည်။

Residents in Tili village have spent seven months moving their properties to a new location after their homes were destroyed in last year’s floods. (Oliver Slow / Frontier)

Residents in Tili village have spent seven months moving their properties to a new location after their homes were destroyed in last year’s floods. (Oliver Slow / Frontier)

ရွာသားအချို့သည် လွန်ခဲ့သော နှစ်အတန်ငယ်ကတည်းက နေရာသစ်သို့ ပြောင်းရွှေ့ပြီး ဖြစ်သည်။ ၎င်းတို့သည် တီလီရွာတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ၏ ဝေးလံမြို့ပြလူ့ဘောင် ဖွံ့ဖြိုးရေးစီမံကိန်း Community Development for Remote Township Projects ၏ အကြံပေးချက်အရ ပြောင်းရွှေ့ခြင်း ဖြစ်သည်။ UNDP သည် တီလီရွာတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ စီမံကိန်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က တီလီရွာတွင် လူနေအိမ် ၃၅ လုံးခန့်ရှိပြီး ရွာသားများကို ၎င်းတို့ရွာ၌ မြေပြိုမှုအန္တရာယ် ကျရောက်နိုင်ကြောင်း ပြောပြထားသည်ဟု UNDP ပြောခွင့်ရသူက ပြောပြသည်။ UNDP က ၂၀၁၂ ခုနှစ်တွင် နေရာသစ်သို့ ပြောင်းရွှေ့သွားသော အိမ်ထောင်စု ငါးစုခန့်သာ ရှိခဲ့သည်ဟု ဆိုသည်။

ယင်းသို့ ပြောင်းရွှေ့သွားသော လူများထဲတွင် အသက် ၅၆ နှစ်အရွယ် နုသီယမ် ကွေ Nu Thiam Cuai လည်း ပါဝင်သည်။ သူသည် သူ့မိတ်ဆွေများကို ကူညီရန် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ သူ လုပ်နေသော အလုပ်ကို ခဏနားကာ နဖူးပေါ်မှ ချွေးများကို သူသုတ်လိုက်ပြီး ၁၅ မီတာခန့် ဝေးသော ကွင်းပြင်တစ်ခုကို ညွှန်ပြကာ ပြောသည်။ ထိုကွင်းပြင်တွင် အိမ်အပျက်အစီး အချို့ကို မသဲမကွဲ မြင်ရသည်။

“ကျွန်မက အဲဒီမှာ မွေးဖွားခဲ့တာပါ။ ဝမ်းနည်းစရာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ပြောင်းရွှေ့ရမှာပါပဲ” ဟု သူက ပြောသည်။

ရွာသားများကမူ ၎င်းတို့ အသက်ရှင်သန်နိုင်ရန် မိတ်ဆွေများနှင့် မိသားစုဝင်များ၏ ဖေးမကူညီမှုကိုသာ အားကိုးနေရသည်ဟု ဆိုသည်။ ၎င်းတို့က ဆက်လက်၍ အစိုးရသည် ယာယီတဲများကိုသာ ပေးခဲ့ကြောင်း၊ မိတ်ဆွေများကမူ အစားအစာ နေစရာ နေရာနှင့် ခြုံစောင်များ အားလုံးကို ကူညီကြကြောင်း ဆိုသည်။

“လူတွေရဲ့ အကူအညီကြောင့်သာ စားစရာတွေ ရနေတာပါ။ ဒီအချိန်မှာ အသက်မွေးအလုပ်အတွက် မတွေးနိုင်သေးပါဘူး။ ပထမ ကျွန်တော်တို့ရဲ့ နေအိမ်တွေကို ရွှေ့ပြောင်းရမယ်။ ပြီးမှ အသက်မွေးဝမ်းကျောင်း အလုပ်အတွက် စဉ်းစားနိုင်ပါမယ်” ဟု အသက် ၆၁ နှစ်အရွယ် ပါသွန်ကူးPa Thun Kulh က ပြောပြသည်။ ၎င်း၏ ပြောင်းခင်းသည် ရေကြီးမြေပြိုမှုကြောင့် ပျက်စီးသွားပြီ ဖြစ်သည်။ တီလီရွာသစ်တွင် တိတ်ဆိတ်မှုက  လွှမ်းမိုးထားသော်လည်း တောင်ခြေတွင်မူ လူအများက ရွာပြောင်းရွှေ့ရန် ကြိုးပမ်းနေကြသောကြောင့် ဆူညံနေပါသည်။

အမျိုးသားတစ်ဦးသည် ရေကြီးမှု ဖြစ်ပွားခဲ့အပြီး ရှစ်လ အတောအတွင်း သူဆောက်လုပ်ခဲ့သော နေအိမ်ကို အပြီးသတ်ရန် ဝရန်တာတွင် သံများထုနှက် ရိုက်သွင်းနေသည်။

“အိမ်ဆောက်ရတာ အလွန်ကို ပင်ပန်းခဲ့ပါတယ်။ လူတွေဆီကလည်း အကူအညီတွေ အများကြီး ရခဲ့ပါတယ်။ ဒါပေမဲ့ ဆောက်ပြီးသွားတာနဲ့ ကျွန်တော် သက်သောင့်သက်သာ နေနိုင်ပါပြီ” ဟု ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ချင်းပြည်နယ်တွင် ဟားခါးမြို့နှင့် ဖလမ်းမြို့သို့ ဆက်သွယ်ထားသော လမ်းမကြီးတစ်ခုပေါ်သို့ မြေမှုန်များ ကျရောက်နေပုံ။ ဓာတ်ပုံ – အိုလီဗာ ဆလိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.