ခေါင်းလောင်း ရှာပုံတော် ဖွင့်ကြသူများ

မြန်မာ့နိုင်ငံရေးမှာ အကျပ်အတည်းတစ်ခုခု တွေ့ကြုံတဲ့အခါတိုင်း ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးလုပ်ငန်းဆိုပြီး ပေါ်ထွက်လာတတ်တာဟာ ဆယ်စုနှစ် သုံးခုလောက်ရှိနေပါပြီ

ထွန်းခိုင် ရေးသားသည်။

မွန်တို့ အလွန်လေးစားတဲ့ ဓမ္မစေတီမင်းကြီးဟာ ဟံသာဝတီ(ယခုပဲခူး) ထီးနန်းကို ၁၄၇၁ ခုနှစ်မှာစတင် စိုးစံပြီးနောက် ငါးနှစ်အကြာမှာ(တချို့က ၁၃ နှစ်ဟုဆိုကြသည်) ခေါင်းလောင်းကြီးတစ်လုံးကို သွန်းလုပ်စေခဲ့ပါတယ်။

ပိသာချိန် ၁၈၀,၀၀၀ တနည်းအားဖြင့် တန် ၃၀၀ နီးပါးရှိတဲ့ ခေါင်းလောင်းကြီးကို သူနန်းဆိုက်ရာ ဟံသာဝတီ ကနေ အဲဒီအချိန်က ဒဂုံလို့ ခေါ်ကြတဲ့ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ကြီးဆီကို သယ်ဆောင်သွားခဲ့ပါတယ်။

လှပတဲ့ အဲဒီကြေးခေါင်းလောင်းကြီးဟာ ရွှေတိဂုံစေတီတော်ရဲ့ တစ်နေရာမှာ ၁၂၃ နှစ်တိတိ ရှိနေခဲ့ရာကနေ ၁၇ ရာစုအစောပိုင်းမှာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ရပါတယ်။

မြန်မာတွေက ငဇင်ကာလို့ ခေါ်ကြတဲ့ ပေါ်တူဂီနိုင်ငံသား ဒီဘရီတို (Filipe de Brito e Nicote) က  လက်နှက်သွန်းလုပ်ဖို့ အကြံအစည်နဲ့ ခေါင်းလောင်းကြီးကို ရွှေတိဂုံကနေ ရန်ကုန်တစ်ဖက်ကမ်းက သံလျင်ကို  ၁၆၀၈ ခုနှစ် (တချို့က ၁၆၁၂ ဟုဆိုသည်) မှာေ ရွှ့ပြောင်းသယ်ယူသွားဖို့ ကြိုးစားခဲ့ပါတယ်။

သင်္ဘောလုပ်သားဘဝကနေ သံလျင်မြို့စားဖြစ်တဲ့အထိ အဆင့်ဆင့် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တဲ့ ငဇင်ကာရဲ့ အကြံအစည်က ဒီတခါမှာတော့ မအောင်မြင်ခဲ့ပါဘူး။

ပုစွန်တောင်ချောင်း၊ ပဲခူးမြစ်နဲ့ ရန်ကုန်မြစ်ဆုံရာနေရာမှာ သင်္ဘောဝမ်းဗိုက်ကွဲပြီး ခေါင်းလောင်းကြီး ရေထဲနစ် သွားခဲ့ပါတော့တယ်။

ဒါတွေအားလုံးကတော့ ပျောက်ဆုံးနေတဲ့ ဓမ္မစေတီခေါင်းလောင်းနဲ့ ပတ်သတ်ပြီး ဒဏ္ဍာရီများနဲ့ အသက်သွင်းထားတဲ့ သမိုင်းကြောင်းပဲ ဖြစ်ပါတယ်။ 

ဘယ်လောက်မှန်ကန်တယ်ဆိုတာ မပြောနိုင်ပေမယ့် လူတွေကို ဖမ်းစားနိုင်နေဆဲ ဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

ပျောက်ဆုံးသွားတဲ့ ဓမ္မစေတီခေါင်းလောင်းကြီးဟာ အတိက်က မြန်မာ့သမိုင်းကိုသာမကဘဲ လက်ရှိအချိန်အထိပါ ရိုက်ခတ်နေဆဲပါ။

မျက်မှောက်ခေတ်မှာတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေ့တဲ့အခါတိုင်း ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးလုပ်ငန်းဆိုပြီး ပေါ်ထွက်လာတတ်တာဟာ ဆယ်စုနှစ် သုံးခုလောက်ရှိနေပါပြီ။

tzhdhamazedi_bell4g.jpg

ဓမ္မစေတီခေါင်းလောင်းကြီးဟာ ရွှေတိဂုံစေတီတော်ရဲ့ တစ်နေရာမှာ ၁၂၃ နှစ်တိတိ ရှိနေခဲ့ရာကနေ ၁၇ ရာစုအစောပိုင်းမှာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ရတယ်လို့ ဆိုကြပါတယ်။ ဓာတ်ပုံ-တေဇလှိုင်

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးကို လူထုကြားထဲ ကျယ်ကျယ်ပြန့်ပြန့် ချပြခဲ့တဲ့ ပထမဆုံးသောသူကတေ့ ၂၀၀၄ ခုနှစ်မှာ ရာထူးကနေ ဖြုတ်ချပြီး ဖမ်းဆီးခံခဲ့ရတဲ့ တပ်မတော်ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွန့်ဖြစ်ပါတယ်။

သူက “ဓမ္မစေတီခေါင်းလောင်းကြီးတည်နေရာကို အနီးစပ်ဆုံး ဖော်ထုတ်ရရှိပြီ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူတွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။

အဲဒီနေ့ကတော့ ၁၉၉၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့ပါ။ တစ်နည်းအားဖြင့် အာဇာနည်နေ့လည်း ဖြစ်ပါတယ်။

နှစ်စဉ် ဇူလိုင် ၁၉ ရက်၊ အာဇာနည်နေ့ရောက်တိုင်း ၁၉၄၇ ခုနှစ်က လုပ်ကြံခံလိုက်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်တွေကို အခမ်းအနားနဲ့ ဂုဏ်ပြုကြလေ့ရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်ပြီး အဲဒီအချိန်က နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ ထိန်းချုပ်ထားတဲ့ ရုပ်မြင်သံကြားလိုင်းနဲ့ သတင်းစာတွေကနေ ပြည်သူတွေက တွေ့နိုင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက အာဇာနည်နေ့မှာ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို လာရောက် ဂါရဝပြုတာကို သတင်းတွေကနေ စောင့်ကြည့်ကြတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို ရုပ်မြင်သံကြားတွေနဲ့ သတင်းစာတွေမှာ အနည်းအကျဉ်းသာ ဖော်ပြခဲ့ပြီး ဓမ္မစေတီခေါင်းလောင်း ရှာပုံတော်ကို အကြီးအကျယ် ထုတ်လွှင့်ခဲ့ပါတယ်။

ရွေတိဂုံစေတီတော် အလယ်ပစ္စယံပတ်လမ်း အရှေ့ဘက်စောင်းတန်းအနီးမှာ တူးဖော်တွေ့ထားတဲ့ နေရာကို ဓမ္မစေတီခေါင်းလောင်းတင်ခုံလို့ ယူဆတယ်လို့ ဗိုလ်ချုပ်ကြီးခင်ညွန့်က ထုတ်ပြောခဲ့ပြီး ခေါင်းလောင်းရှိတဲ့ အနီးစပ်ဆုံးနေရာက ရာဇဝင်တွေထဲကအတိုင်း ပုစွန်တောင်ချောင်း၊ ပဲခူးမြစ်နဲ့ ရန်ကုန်မြစ်ဆုံရာနေရာ ဖြစ်တယ်လို့လည်း နောက်တစ်နေ့ထုတ် အစိုးရသတင်းစာများက ရေးသားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့သူ့ရဲ့နောက်လိုက်တွေဟာ နောက်ထပ်နှစ်လအကြာ သြဂုတ်နဲ့ စက်တင်ဘာလတွေအထိ ခေါင်းလောင်းကြီး ရှာဖွေရေးအတွက် အကြီးအကျယ် ကြိုးစားနေကြတယ်လို့လည်း အစိုးရက မကြာခဏ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက တပ်မတော်အစိုးရဟာ နိုင်ငံရေးဖိအားမျိုးစုံ ကြုံတွေ့နေရတဲ့ အခြေအနေမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အာဆီယံအသင်းဝင်ဖို့အတွက် ရှေ့မတိုး နောက်မဆုတ်သာ အနေအထားဖြစ်နေခဲ့ပြီး ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက အစိုးရသတင်းစာတွေရဲ့ ခေါင်းစီးပိုင်း သတင်းတွေကတော့ “ငွေစက္ကူများ ပြန်လည်ရုပ်သိမ်းမည်မှာ မဟုတ်ကြောင်း၊ မြန်မာသည် အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်လာတော့မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည် အန္တရာယ်ဖြစ်ကြောင်းနဲ့ ခေါင်းလောင်းကြီးကို ဆယ်ယူနိုင်ဖို့ နီးစပ်နေပြီး ဆယ်နိုင်ခဲ့ရင် ကမ္ဘာမှာ မြန်မာအတွက် ဂုဏ်ယူစရာဖြစ်ကြောင်း” တွေပဲ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် စက်တင်ဘာ၂၉ ရက်ကနေစပြီး ဓမ္မစေတီခေါင်းလောင်း အကြောင်းကို အစိုးရက သတင်းမလုပ်တော့ဘဲ  စစ်ဗိုလ်ချုပ်ကြီးတွေ ခရီးထွက်တာကိုပဲ ဆက်လက် ထုတ်လွှင့်နေပါတော့တယ်။

ဗေဒင်ကိန်းဂဏန်းတွေကို ယုံကြည်တယ်လို့ လူပြောများတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ဟာ ခေါင်းလောင်းကြီးကို သိပ္ပံနည်းကျ ဆယ်ယူရေးထက် အကြားအမြင်ဆရာတွေရဲ့ ပြောကြားချက်နောက်ကို လိုက်ခဲ့တယ်လို့ ဓမ္မစေတီ ခေါင်းလောင်းအကြောင်းကို အစဉ်တစိုက် စောင့်ကြည့်နေတဲ့ မွန်သမိုင်း သုတေသနအသင်း (Mon Historical Research Society ) က တွဲဘက်အတွင်းရေးမှူး နိုင်ရဲဇော်က ထောက်ပြပါတယ်။

“သူလည်း အကြားအမြင်အမျိုးသမီးတယောက်နဲ့ ပတ်သက်ခဲ့တယ်။ ခေါင်းလောင်းရှာဖို့ထက် အဲဒီအမျိုးသမီးရဲ့ အယူအဆအတိုင်း သွားနေခဲ့တယ်”လို့ နိုင်ရဲဇော်က ထောက်ပြပါတယ်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်ထက်စောပြီး ခေါင်းလောင်းကြီးကို ရှာဖွေခဲ့တဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာ ဖြစ်ပါတယ်။

ဒီရှာဖွေမှု နှစ်ခုကြားထဲက တစ်ခုတည်းသောဆက်စပ်မှုကတော့ ပြည်သူတွေလက်ထဲမှာ လှည့်လည် သုံးဆွဲနေတဲ့ ငွေစက္ကူတွေကို တရားမဝင်တော့ဘူးလို့ ကြေညာခဲ့တဲ့အတွက် ဆိုရှယ်လစ်အစိုးအပေါ် လူတွေ ဒေါသထွက်နေကြတဲ့ အချိန်ပါဘဲ။

ဦးနေဝင်းအစိုးရဟာ ၁၉၈၇ ခုနှစ်၊ စက်တင်ဘာ ၅ ရက်မှာ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန်တွေကို တရားမဝင်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။

မရှေးမနှောင်းမှာပဲ ခေါင်းလောင်းဆယ်ယူရေးအတွက် မိတ်ဆက်တာတွေ စတင်ပါတော့တယ်။

tzhu_san_lin_1.jpg

ခေါင်းလောင်းဖော်ယူမယ့် လုပ်ငန်းတွေကို ယခုနှစ်မှာ ထပ်မံပြုလုပ်မယ်လို့ ဦးစံလင်းက ဇွန် ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဓာတ်ပုံ-တေဇလှိုင်

ဓမ္မစေတီခေါင်းလောင်း ရေထဲမှာရှိနေတယ်လို့ ယုံကြည်သူများထဲမှာ အရှေ့တောင်အာရှရဲ့ ခေတ်အမှီဆုံးဖြစ်တဲ့ စင်ကာပူနိုင်ငံလည်း ပါဝင်ပါတယ်။

စင်ကာပူအခြေစိုက် SD Mark International LLP က အမေရိကန်ဒေါ်လာ ၁၀ သန်း အကုန်အကျခံပြီး ခေါင်းလောင်းကြီးကို ဆယ်ယူပေးမယ်လို့ ၂၀၁၀ ပြည့်နှစ်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနကို ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရဘက်က ဒီကုမ္ဗဏီဟာ ပွဲစားအဆင့်မှာသာရှိပြီး မြန်မာအစိုးရဘက်က လက်ခံရင် အလှူရှင်ရှာပြီး ဆက်လုပ်မယ့် ပုံစံဖြစ်နေလို့ ပယ်ချလိုက်တာလို့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးသန်းဆွေက ၂၀၁၃ ခုနှစ်၊ သြဂုတ်လထဲက ပြည်သူ့လွှတ်တော်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဓမ္မစေတီခေါင်းလောင်း အမှန်တကယ် ရှိခဲ့တယ်ဆိုတာကို နိုင်ရဲဇော်ကလည်း ယုံကြည်ထားပါတယ်။ သူကတော့ အခြားသူတွေလို ယုံကြည်ကိုးကွယ်မှုကြောင့်မဟုတ်ပဲ ကျောက်စာ အထောက်အထားတွေကြောင့်လို့ ဆိုပါတယ်။

ဓမ္မစေတီခေတ်က ရေးထိုးထားတယ်လို့ ယူဆရတဲ့ ပဲခူးမြို့က ကလျာဏီမွန်ကျောက်စာမှာ ဓမ္မစေတီမင်းက ရွှေတိဂုံစေတီတော်ကို ခေါင်းလောင်းသွန်းပြီး လှူဒါန်းခဲ့တာကို အတိအကျ ရေးထိုးထားတယ်လို့ သူကထောက်ပြပါတယ်။

ဒါပေမယ့် ခေါင်းလောင်းဆယ်ယူသူတွေကတော့ ခေါင်းလောင်းဆယ်ယူရေးထက် လူစိတ်ဝင်စားမှု ရရှိရေးကိုသာ ဦးစားပေးနေကြတယ်လို့ သူကထောက်ပြပါတယ်။

“သုတေသနပြုတာထက် ဘယ်နေရာကို ကျွမ်းထိုးဆင်းပြီး ရှာမလဲဆိုတာကိုပဲ လုပ်နေကြတယ်။ တကယ်တော့ ဘယ်နေရာကို ကျွမ်းထိုးဆင်းရမလဲဆိုတာလုပ်ဖို့ပဲ တော်တော်ကြာဦးမှာ” လို့ နိုင်ရဲဇော်ကဆိုပါတယ်။

ခေါင်းလောင်းကြီး ဘယ်နေရာမှာ နစ်မြုပ်ခဲ့သလဲဆိုတာကို အတိအကျသိရင်တောင် နှစ်ပေါင်း ၅၀၀ လောက် ကြာနေပြီဖြစ်တဲ့အတွက် မူလနစ်မြုပ်တဲ့နေရာမှာပဲ ရှာဖွေမယ်ဆိုတဲ့အသိဟာ မှားယွင်းတဲ့အယူအဆဖြစ်တယ်လို့ ရေကြောင်းပညာရှင်တွေက ဆိုပါတယ်။

ရေကြောင်းပညာရှင် ဦးချာလီသန်းက အဲဒီနေရာတွေဟာ နှစ် ၁၀၀ မှာ ၁၂ မိုင်နှုန်းနဲ့ ရေကြောင်းပြောင်းလဲနေတဲ့ အတွက် နှစ် ၄၀၀ ကျော်အကြာမှာ မူလမြုပ်သွားတဲ့နေရာကနေ မိုင် ၅၀ လောက်အကွာမှာ ရောက်နေပြီဖြစ်တဲ့အတွက် ရှာဖွေရေးက ထင်သလောက် လွယ်မှာမဟုတ်ဘူးလို့ ထောက်ပြပါတယ်။


မွန်တွေရဲ့ ခေါင်းလောင်းဟာ ပျက်ရယ်ပြုခံရလာတယ်။ တိုင်းရင်းသား လူမျိုးတမျိုးအတွက် မကောင်းသလို တိုင်းရင်းသား စည်းလုံးမှုအတွက်လည်း မကောင်းဘူး

— နိုင်ရဲဇော်၊ တွဲဖက်အတွင်းရေးမှူး
   မွန်သမိုင်း သုတေသနအသင်း


 

ဒါပေမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်နေတဲ့သူတယောက် ရှိပါတယ်။ သူကတော့ ဦးစံလင်းပဲ ဖြစ်ပါတယ်။ ဦးစံလင်းက ခေါင်းလောင်းကြီးရှာဖွေဖို့အတွက် သူ့ကို နဂါးတွေက အကူအညီပေးလိမ့်မယ်လို့ ဆိုပါတယ်။

ခေါင်းလောင်းကြီးကိုသယ်သွားတဲ့ ငဇင်ကာလို့ခေါ်တဲ့ ဒီဘရီတိုဟာ ပေါ်တူဂီသား မဟုတ်ပဲ စပိန်ကလို့လည်း သူက ဆိုပါတယ်။

မြန်မာတို့ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းကို အိန္ဒိယကို ဖမ်းခေါ်သွားတယ်ဆိုတာကလဲ အရှေ့ အိန္ဒိယကုမ္ဗဏီရဲ့ လုပ်ဇာတ်ဖြစ်ပြီး သီပေါမင်းရဲ့ အုတ်ဂူကို မြန်မာပြည်မှာ သူရှာတွေ့ထားတယ်လို့လည်း ဆိုပြန်ပါတယ်။

၂၀၁၄ ခုနှစ်က ခေါင်းလောင်းကြီးကို ရှာဖွေတဲ့ သူ့လုပ်ငန်းစဉ် မအောင်မြင်တာကတော့ နဂါးတွေမကြိုက်တဲ့ အမှားအယွင်းတချို့ကို ရှာဖွေရေးလုပ်သားတွေ လုပ်ခဲ့တာကြောင့်နဲ့ သူ့လုပ်ငန်းကို နှောင့်ယှက်သူတချို့ကြောင့်လို့ ဦးစံလင်းက ဆိုပါတယ်။

“ရှာတဲ့သူတွေက နဂါးပြည်ကပစ္စည်းကို လိုချင်လို့ သွားယူတဲ့သူတွေရှိတယ်။ သူတို့ နဂါးတွင်းဝကို ရောက်သွားတယ်” လို့ ဦးစံလင်းက ဇွန် ၂၁ ရက်က ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါဟာသဘာဝလွန်တဲ့ ပြောစကားတွေလို့ ဆိုချင်ဆိုနိုင်ပေမယ့် အလုပ်တော့ ဖြစ်ခဲ့ပါတယ်။ ဦးစံလင်းပြောစကား တွေဟာ အဲဒီတုန်းက မြန်မာနိုင်ငံရဲ့ ရောင်းအကောင်းဆုံး သတင်းစာတွေရဲ့ မျက်နှာဖုံးတွေမှာ နေရာယူခဲ့ပါတယ်။

ဦးစံလင်းရဲ့ နဂါးကြီးနဲ့ ခေါင်းလောင်းကြီးဟာ သတင်းစာတွေရဲ့ မျက်နှာဖုံးသတင်းဖြစ်ခဲ့ပြီး ၁၉၈၈ ဒီမိုကရေစီ တော်လှန်ရေးနဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် အရေးအခင်း နှစ်ပတ်လည်လှုပ်ရှားမှုသတင်းတွေကို ဒုတိယ စာမျက်နှာတွေဆီ ရောက်စေခဲ့ပါတယ်။

အဲဒီတုန်းက အဖြစ်အပျက်တွေဟာ မြန်မာမီဒီယာလောကရဲ့ သတင်းစာပညာဆိုင်ရာ အားနည်းမှုကို အကောင်းဆုံးသော သက်သေပြနိုင်တဲ့ သာဓကလို့ အလွတ်တန်းအယ်ဒီတာနဲ့ သတင်းစာပညာသင်ကြားပို့ချသူ ကိုသစ်ငြိမ်းက ဆိုပါတယ်။

“ဒါဟာ ဖြစ်နိုင်သလား။ ဖြစ်သင့်သလား။ ဘာတွေ ဖြစ်လာနိုင်သလဲ။ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင် မလဲဆိုတဲ့ ဦးဆောင်လမ်းပြမှုကို (စာဖတ်ပရိတ်သတ်ကို) မပေးနိုင်ခဲ့ဘူး။ သူတို့(သတင်းစာတွေ)ကိုယ်တိုင် ဦးစံလင်းက ရွှေရောင်နဂါးဆိုရင် လိုက်ပြီး ရွှေရောင်နဂါးကြတဲ့ မီဒီယာတွေ၊ ကောင်းကင်ထက်မှာ ခေါင်းလောင်းပုံရိပ် ပေါ်တယ်ဆိုပြီး ပြောဆိုကြတဲ့ မီဒီယာတွေကအစ တွေ့လာရတယ်” လို့ မြန်မာသတင်းလောကမှာ ၁၁ နှစ်ကြာ ကျင်လည်ခဲ့တဲ့ ကိုသစ်ငြိမ်းက ပြောပါတယ်။

အခုတော့ ၂၀၁၄ ခုနှစ်တုန်းက မအောင်မြင်ခဲ့တဲ့ သူ့ရဲ့လျှို့ဝှက်ဆန်းကြယ် ခေါင်းလောင်းရှာပုံတော်ကို ဒီနှစ်မှာ ဆက်လုပ်ဖို့ ဦးစံလင်းက ထပ်ပြီးကြံစဉ်နေပြန်တာ ဖြစ်ပါတယ်။ လပိုင်းအတွင်း ခေါင်းလောင်းကို ရွှေတိဂုံကုန်းတော် အရောက်ပြန်ပို့မယ်လည်း သူကဆိုပြန်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဦးစံလင်းရဲ့ နဂါးကြီးတွေရယ်၊ ခေါင်းလောင်းကြီးရယ်ဟာ လူမှုကွန်ယက်တွေမှာ ဟာသတစ်ခုလို ဖြစ်လာပါတော့တယ်။

“ဦးစံလင်း ပြန်လာပြီ”ဆိုပြီး သူ့ရဲ့သဘာဝလွန်ပြောကြားချက်တွေကို ဟာသလုပ်နေကြပါတော့တယ်။

မွန်တွေအတွက်တော့ ဒါဟာဝမ်းနည်းစရာကောင်းတဲ့ ဟာသတစ်ပုဒ်လို့ နိုင်ရဲဇော်က ဆိုပါတယ်။

ခေါင်းလောင်းကြီးကို သွန်းလုပ်ခဲ့တဲ့ ဓမ္မစေတီမင်းဟာ မွန်သမိုင်းမှာ အရေးပါတဲ့မင်းတပါးဖြစ်ပြီး ဓမ္မစေတီခေါင်း လောင်းဟာလည်း မွန်ယဉ်ကျေးမှုရဲ့ အထင်ကရဖြစ်တယ်လို့ သူကထောက်ပြပါတယ်။

နိုင်ရဲဇော်က ဦးစံလင်းရဲ့ ပြောကြားချက်တွေကို လှောင်ပြောင်ရင်း ခေါင်းလောင်းကို ထိပါးလာတာ မွန်တွေကို စော်ကားတဲ့လုပ်ရပ်လို့မြင်ပြီး မွန်တွေအထွတ်အမြတ်ထားရာ ခေါင်းလောင်းကြီးနဲ့ ပတ်သက်ပြီး ခံစားချက်ကို ပြက်ရယ်မပြုဖို့သတိပေးခဲ့ပါသေးတယ်။

“မွန်တွေရဲ့ ခေါင်းလောင်းဟာ ပျက်ရယ်ပြုခံရလာတယ်။ တိုင်းရင်းသား လူမျိုးတမျိုးအတွက် မကောင်းသလို တိုင်းရင်းသား စည်းလုံးမှုအတွက်လည်း မကောင်းဘူး”လို့ နိုင်ရဲဇော်က ပြောပါတယ်။

ဓမ္မစေတီခေါင်းလောင်းက ဘယ်မှာဆိုတာ ဘယ်သူမှ လက်တွေ့ မပြနိုင်သေးပါဘူး။ ဓမ္မစေတီဟာ ခေါင်းလောင်းတစ်လုံးဆိုတာထက်ကို နိုင်ငံရေးလို့တောင် ဆိုနိုင်နေပါတော့တယ်။

ပြီးခဲ့သည့်နှစ်က ခေါင်းလောင်းဆယ်ယူမည်ဆိုသည့် လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသည့် သောင်တူးသင်္ဘောတစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.