ကွီးဖြိုးနှင့် တစ်မနက်တာ လိုင်းကားစီးခြင်း

ဒီနေရာမှာနေလာတာ နှစ် နှစ်ကျော်ပြီ မှတ်တိုင်မှာ ဒီလောက်များတဲ့လူအုပ်ကြီးကို မတွေ့ဖူးဘူး။ မှတ်တိုင်မှာ လက်ကမ်းစာစောင်တွေ ဝေနေတဲ့ အဖွားကြီးတွေတော့ တွေ့ရတယ်။ ပါးစပ်ကလည်း အော်တယ် “စပါယ်ယာကို မေးစီးကြပါ၊ စပါယ်ယာကို မေးစီးကြပါ” တဲ့။

မြတ်ကျော်သူ ရေးသားသည်။

ညကတည်းက အိပ်မပျော်တာ မနက်အထိပဲ။ နိုးတဝက်၊ ပျော်တဝက်နဲ့။ မနက်ကျရင် ကွီးဖြိုးနဲ့တူတူ ကားစီးရမယ်ဆိုပြီး ရင်တွေတောင် ခုန်မိတယ်။ မနက်လည်း လင်းရော ပြည်သူ့ရင်ပြင်ရှေ့က ရန်ကုန်တိုင်း အစိုးရရုံးဆီ ပြေးရတယ်။ အဲ့မှာ စတွေ့တာပဲ။ စံပြဈေးမှတ်တိုင်မှာ ဆန္ဒပြနေသလားပဲ။ ဦးရေ ၁၀၀ လောက်ရှိမယ့် မျက်စိသူငယ်နားသူငယ်ဖြစ်နေသော လူအုပ်ကြီး။ ဒီနေရာမှာနေလာတာ နှစ် နှစ်ကျော်ပြီ မှတ်တိုင်မှာ ဒီလောက်များတဲ့လူအုပ်ကြီးကို မတွေ့ဖူးဘူး။ မှတ်တိုင်မှာ လက်ကမ်းစာစောင်တွေ ဝေနေတဲ့ အဖွားကြီးတွေတော့ တွေ့ရတယ်။ ပါးစပ်ကလည်း အော်တယ် “စပါယ်ယာကို မေးစီးကြပါ၊ စပါယ်ယာကို မေးစီးကြပါ” တဲ့။

အချိန်ကြာတာလည်း မစောင့်နိုင်တော့ လမ်းသင့်တဲ့ ကားတစီး တက်စီးလိုက်တယ်။ တက်စီးလိုက်တာဆိုတာထက် တွယ်စီးလိုက်တယ်ဆိုရင် ပိုမှန်မယ်။ “အတွင်းဘက်ကို တိုးလေ၊ လမ်းပေါက်ဖယ်ပေး၊ ခင်ဗျားတို့ ပိတ်ထားတော့ နောက်လူဘယ်လိုတက်မလဲ”။ သူ အော်လေပြီ။ ဘယ်သူက ခြေထောက် တက်နင်းသွားတယ် မသိဘူး။ စပါယ်ယာလည်း ‘တောက်’ တခေါက်ခေါက်နဲ့။ “တယောက် ၂၀၀၊ တယောက် ၂၀၀၊ ပုံသေ ၂၀၀ လို့ရေးထားတယ်။ မမြင်ဘူးလား”။

စပါယ်ယာအော်ငေါက်တာကို ကလင်ဒါကျ ခံရင်း ယုဇနပလာဇာကို ရောက်လာတယ်။ နာရီကြည့်လိုက်တော့ ၇ နာရီထိုးပြီ။ အင်း ကွီးဖြိုးတော့ စောင့်နေတော့မှာပဲ။ “ဂိတ်ဆုံးပြီ။ စောစောစီးစီးနှုတ်ဆက်ကြတော့”။ ယုဇနပလာဇာကနေ “ဆူးလေ၊ ဆူးလေ” အော်နေတဲ့ နောက်တစီး ထပ်တွယ်စီးရတယ်။ မရောက်နိုင်သေးဘူး။ ဒီလိုနဲ့ပဲ ၁၅ မိနစ်လောက်စီးလိုက်တော့ “မဟာဗန္ဓုလ လမ်းမှာ ဂိတ်ဆုံးတယ်” တဲ့။ ကဲ မထူးတော့ဘူး ဆိုပြီး တက္ကစီ ငှားသွားရတယ်။ လက်တချောင်း ထောင်လိုက်တယ်ဆိုရင်ပဲ ကျွန်တော်ရှေ့ကို ဝင်လာတဲ့ အစီးရေက အလကားလိုက်ပို့ပေးမလားတောင် မှတ်ရတယ်။ များမှများပဲ။ အဲ့ဒါနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရှိတဲ့ အစိုးရရုံးကို ၂,၀၀၀ နဲ့ငှားပြီး လာရတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

ကျွန်တော်ကို အဝေးကလှမ်းမြင်ကတည်းက ကွီးဖြိုးက သူ့ရဲ့ နာမည်ကြီးတဲ့ နာရီကြီးထောင်ပြတယ်။ “ဟ သေပြီဆရာပဲ။ နာရီနဲ့ပတ်သက်လို့လည်း ဘာမှ မလုပ်ရပါလား” လို့ လန့်သွားတယ်။ ရောက်တာနဲ့ ကွီးဖြိုးက အပစ်တင်တော့တာပဲ။ “အချိန်ကိုလေးစားပါ ဆရာကြီး။ ကျွန်တော်စောင့်နေတာ နာရီဝက်ကျော်သွားပြီတဲ့။” အင်း စကားမစပ် ကွီးဖြိုးတယောက် သတင်းထောက်တွေကို ဆရာကြီး၊ ဆရာမကြီး ပြောင်းခေါ်နေတာ အံ့သြစွာတွေ့ရတယ်။ ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ မတတ်နိုင်ဘူး။ “ကျွန်တော်လည်း စောစော ထ လာတာပဲ ဝန်ကြီးချုပ်ရယ်။ ဝန်ကြီးချုပ်ရဲ့ ကားလမ်းကြောင်းတွေကို မှ ကျနော် နားမလည်တာ” လို့ ပြန်ပြောရတယ်။ “နောက်ကျတာ ကျွန်တော်တယောက်တည်းမဟုတ်ဘူး။ ဝန်ကြီးချုပ်။ ရန်ကုန်တမြို့လုံး နောက်ကျကုန်တာ။” ကွီးဖြိုးလည်း ဘာပြန်ပြောရမှန်း မသိတော့ မျက်စိသူငယ်၊ နားသူငယ်ပဲ။ ဒါပေမယ့် တခုတော့ ပြောရှာပါတယ်။

“အားလုံး ပူးပေါင်းပါဝင်ပေးကြပါဗျာ” တဲ့။

ဒီလိုနဲ့ ပြည်လမ်းပေါ်မှာတွေ့တဲ့ ကြုံရာကားတစီးပေါ် နှစ်ယောက်သား တက်လိုက်လာကြတယ်။ ကွီးဖြိုးတယောက်ကတော့ သူ့ကို လူတွေသိမှာစိုးလို့ ရုပ်ဖျက်ထားတယ်။ နှုတ်ခမ်းမွေးနဲ့ မျက်မှန်နက်ကြီးနဲ့။ လက်ပတ်နာရီကြီးကတော့ နည်းနည်း ‘ထင်း’ နေပေမယ့် ကွီးဖြိုးမှန်း မသိသာပါဘူး။

“နှုတ်ခမ်းမွေးနဲ့ မျက်မှန်နဲ့ လူ၊ အထဲတိုးလေဗျာ။ ခင်ဗျားပိတ်နေတော့ နောက်လူ ဘယ်လိုတက်မလဲ။” ကွီးဖြိုးတယောက် စပါယ်ယာ အော်ခံထိလေပြီ။ ဘာမှတော့ ပြန်မပြောပါဘူး။ နောက်ကို ခပ်ယို့ယို့ ဝင်သွားတယ်။ ထိုင်ခုံမရတော့ နှစ်ယောက်သား မတ်တပ်ရပ်စီးရတယ်။ ရုပ်ဖျက်ထားတဲ့ သူ့နှုတ်ခမ်းမွေးကြီးက ပြုတ်မလိုလို ခဏခဏဖြစ်နေတော့ ပြန်ပြန်ကပ်နေရတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

သူ့အနားကပ်ပြီး “အစက လူတွေထင်ခဲ့တာက လိုင်းသစ်တွေပြောင်းမယ်၊ ကားသစ်တွေ ပြောင်းမယ်ပေါ့။ ခုကျတော့ ကားဟောင်းတွေမှာ စာတန်းသစ်၊ နံပါတ်သစ် ပြောင်းကပ်တာပဲ ရှိတယ်။ ဘယ်လိုဖြစ်တာလဲ”လို့ ကျွန်တော်လည်း ကိုယ့်အလုပ်က မေးခွန်းမေးရတဲ့အလုပ်ဆိုတော့ မေးရတယ်။ “အားလုံး အသစ်ပြန်ဝယ်ဖို့ မလွယ်ဘူးလေ။ ဘတ်ဂျက်… ဆရာကြီး၊ ဘတ်ဂျက်” ဆိုပြီး မျက်နှာသိပ်မကောင်းဘူး။ လူတွေကြားထဲ ကျပ် ညပ်လို့။

“ဝန်ကြီးချုပ်ရေ အခြားတိုင်းနဲ့ ပြည်နယ်တွေကတော့ လက်ခုပ်သံတွေကြားရတယ်ဗျ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ လက်သံပြောင်တယ်။ လုပ်သင့်တာလုပ်တယ် စသဖြင့် ချီးကျူးကြတယ်ဗျ။” ဝန်ကြီးချုပ်မျက်နှာပြုံးဖြီးဖြီးနဲ့ ဖြစ်နေတာမြင်ရတယ်။ ရုတ်တရက် အုန်းကနဲ ကားနောက်က ဘန်ပါကြီး ပြုတ်ကျလာလို့ လန့်ပြီး သူ့နှုတ်ခမ်းမွေးကြီး ပြုတ်ကျမလို ဖြစ်သေးတယ်။ “ဒါပေမယ့် သြင်္ကန်ကိစ္စနဲ့ အထပ်မြင့်ကိစ္စမှာတော့ သိပ်အဆင်မပြေခဲ့ပါဘူးကွာ” တဲ့။ ဟုတ်တယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့  ကြိုးစားအားထုတ်မှုတွေထဲ သြင်္ကန်မဏ္ဍပ်၊ အထပ်မြင့်အဆောက်အုံ၊ လမ်းဘေးဈေးသည်၊ ညဈေး၊ မဘသ၊ ကုန်တင်ယဉ်နဲ့ ခု မထသ ကိစ္စ တွေ ဆက်တိုက်လုပ်လာတာ။ ကိစ္စတိုင်းလိုလိုမှာ အစပိုင်းမှာ ဝေဖန်မှုတွေ ဆက်တိုက်ရှိခဲ့ပေမယ့် သြင်္ကန်မဏ္ဍပ်ကိစ္စနဲ့ မည်သို့မည်ပုံဖြစ်သွားသည်မသိနိုင်တဲ့ အထပ်မြင့် အဆောက်အဦးကိစ္စတွေကလွဲလို့ အများစုဟာ အထမြောက်ခဲ့တယ် ဆိုရပါမယ်။

ပြောရင်းဆိုရင်း လှည်းတန်းမှာ ပွိုင့်မိနေတာ မိနစ် ၂၀ ရှိသွားပြီ။ ကျနော်ကတော့ “ကဲ ဘယ်လိုလဲ” ဆိုတဲ့သဘောနဲ့ ကွီးဖြိုးကို တချက်ရှိုးလိုက်တယ်။ ပူလို့ပဲလား၊ စိတ်ညစ်နေတာလားတော့ မပြောတတ်ဘူး။ ချွေးတွေလည်း ပြန်လို့။ စကား ပြန် မရဘူး။ “မနက်ကတည်းက စီးလာတာ။ ခုထိ မရောက်နိုင်သေးဘူး။ အလုပ်ပြုတ်ရင်တော့ ကွီးဖြိုးကိုပဲ အပြစ်ပုံချရမယ်”။ ကားနောက်က ၂၅ နှစ်အရွယ် အမျိုးသားတဦးက စိတ်ညစ်ပြုံး၊ ပြုံးပြီး ငြီးတွားတယ်။ ကွီးဖြိုးခမျာမတော့ ချွေးတွေပြန်လို့။ “ဟင် နောက်တစီး ထပ်စီးရဦးမလား၊ ၂၀၀ ကုန်သွားပြီ။ နောက်ထပ် ၂၀၀ ထပ်ကုန်မှာပေါ့။ နှစ်ဆင့်စီးရင် အသွားအပြန် ၈၀၀။ တလကို ကားခက နှစ်ဆတက်သွားပြီ” လို့ ကုမ္ပဏီဝတ်စုံနဲ့ မိန်းကလေးတယောက်က ငြီးတွားတယ်။ ကားသမားတွေ ‘တရုတ်မ’ လို့ခေါ်တဲ့ ပါရမီကားအဟောင်းကြီးကို တံဆပ်ပြောင်းပြီး YBS လုပ်ထားတော့ ကားကြီးက တော်ရုံကုန်းတက်ကို တဗြီးဗြီးအော်ပြီး တက်ရတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

“မဆံ့တော့တာကို အတင်းတက်နေတယ်။ နောက်ကားနဲ့လိုက်။ ဟေ့ကောင်၊ မဆံ့ရင် မတင်နဲ့တော့။ … လိုပဲ။” စပါယ်ယာရဲ့ ပီယဝါစာသံတွေကတော့ လိုင်းကားစီးနေရတဲ့ နေ့စဉ်လူထုအတွက်တော့ အနတ္တသဘောတရားတွေပါပဲ။ ကွီးဖြိုးကတော့ ချွေးတွေပြန်နေတုန်း။ နောက်ဆုံး သူလည်း တောင့်မခံနိုင်တော့ဘူး ထင်ရဲ့။ ကျနော့်ကို လက်တို့ပြီး “ဆရာကြီး ဆင်းမယ်ဗျ” တဲ့။ ကျွန်တော်လည်း လိုက်ဆင်းရတယ်။ အပေါက်ဝရောက်တော့ ကွီးဖြိုးကို စပါယ်ယာက တွန်းချပါလေရော။ “မြန်မြန်ဆင်း၊ လက်လွှတ်လေ။” ရုတ်တရက် ကိုင်ထားတဲ့လက်ကို ဖြုတ်ခံလိုက်ရတဲ့ ကွီးဖြိုးခမျာ ပလက်ဖောင်းပေါ် မှောက်လျက်လဲတော့တာပဲ။ ကျနော်လည်း အမြန်ကောက်ထူရတယ်။ “ဟာ…. နှုတ်ခမ်းမွေး မရှိတော့ဘူး။ ဝန်ကြီးချုပ် အမြန်ကောက်တပ်လိုက်ဦး”။ သူလည်း ကမန်းကတန်း နှုတ်ခမ်းမွေးကောက်ကပ်ပြီး မျက်မှန်ကြီးပြန်တပ်ရတယ်။ တော်သေးတယ် ဘယ်သူမှ မတွေ့ဘူး။

အင်စိန်လမ်းပေါ်က မှတ်တိုင်တွေမှာတော့ မြို့ထဲသွားဖို့ တန်းစီနေတဲ့ မျက်စိသူငယ် နားသူငယ်နဲ့ လူအုပ်ကြီးဟာ တိုးမပေါက်ဘူး။ “ရုံးပြန်တော့မယ်ကွာ” လို့ ကွီးဖြိုးက ဆိုလာတယ်။ “ဝန်ကြီးချုပ် ခုမှ သမိုင်းလမ်းဆုံရှိသေးတယ်။ ဆက်သွားဦးမယ်လေ” “ဟာ တော်ပါပြီကွာ” တဲ့။ အဲ့ဒါနဲ့ မှတ်တိုင်မှာရှိတဲ့ စေတနာ့ဝန်ထမ်းမိန်းကလေးတယောက်ကို မေးရတယ်။ “မြေနီကုန်း ဘာကားစီးရလဲ ညီမ။” YBS အင်္ကျီလေးနဲ့ လှလှပပ ဝတ်ဆင်ထားတဲ့ မိန်းကလေးက စပါယ်ကို လှမ်းအော်တယ်။ “အစ်ကိုရေ ကားပေါ်ကနေ ဘယ်ကိုရောက်လဲ အော်ပေးပါလားနော်” တဲ့။ ကားပေါ်က စပါယ်ယာက ဂရုမစိုက်ပေမယ့် အောက်က မိန်းကလေးကတော့ လှမ်းပြောရှာပါတယ်။ “ကျေးဇူးပါ အစ်ကို” တဲ့။

အဲ့ဒါနဲ့ ကျွန်တော်တို့ဖက် လှည့်လာပြီး “ဒီစာရွက်လေးတချက်ကြည့်ပေးပါလား” တဲ့။ YBS လက်ကမ်းစာစောင်လေး ပေးတယ်။ ကွီးဖြိုးတယောက်ကတော့ ကျနော့်ဘေးကနေ မျက်မှန်အောက်က ချွေးတွေ သုတ်နေလေရဲ့။ “ဝန်ကြီးချုပ် ကျနော်တို့ ခဏတော့ အခြေအနေလေး စောင့်ဦးမယ်ဗျာ” လို့။ အဲ့ဒါနဲ့ သူလည်း သူ့ဖုန်းထုတ်ပြီး ဖေ့စ်ဘွတ်ဖွင့်ပြီး ပွတ်နေတော့တာပဲ။ ကျွန်တော်လည်း ကိုယ့်ဖေ့စ်ဘွတ်လေးဖွင့်ပြီး ပွတ်တာပေါ့။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

ဖေ့စ်ဘွတ်ပေါ်မှာတော့ တောင်ဒဂုံ မှတ်တိုင်တခုမှာ လူ ၂၀၀ လောက် ကားစောင့်နေကြောင်း၊ လှိုင်သာယာမှာ မျက်စိသူငယ် နားသူငယ်နဲ့ လူအုပ်ကြီးက ကားလမ်းကို ခေတ္တပိတ်လိုက်ကြောင်း၊ ဘယ်ကားစီးရမှန်း မသိလို့ တက္ကစီစီးပြီး အလုပ်သွားရကြောင်း၊ တချို့ အလုပ်ကိုခွင့်တိုင်ပြီး အိမ်ပြန်သွားကြောင်းနဲ့ တော်တော်များများကတော့ ကွီးဖြိုးကို စိတ်ကောက်နေကြတော့တယ်။ ကျနော် ကွီးဖြိုးဖက် တချက်လှမ်းကြည့်တော့ သူလည်း မေတ္တာတေးသံတွေ ကြားရတယ်ထင်ရဲ့။ သူ့ဖုန်းကို ပိတ်ပစ်လိုက်တာ မြင်ရတယ်။

ကျနော့်ရှေ့ လှမ်းမြင်နေရတော့ လိုင်းကားတွေဟာ မှတ်တိုင်မှ လူအတင်အချ လုပ်ရုံကလွဲပြီး အချိန်ပိုမရပ်တော့ဘူး။ ဆိုတော့ လိုရာခရီးမြန်မြန်ရောက်တာတွေ့ရတယ်။ ကွီးဖြိုးတယောက် ပုံစံကြည့်ရတာ သိပ်မဟန်တာနဲ့ “ဝန်ကြီးချုပ် အဆင်ပြေရဲ့လား” လို့ မေးရတယ်။ “အိမ်သာတက်ချင်လို့” တဲ့။ မျက်နှာကြီးနီမြန်းပြီး ပြန်ပြောတယ်။ ကျနော်လည်း ဒါ ကွီးဖြိုးသိအောင် ပြောရမယ့်အလှည့်ပဲလို့ မြင်လိုက်တယ်။ အရင်အစိုးရအဆက်ဆက်က သယ်ယူပို့ဆောင်ရေးအပါအဝင် အများပြည်သူသုံးသန့်စင်ခန်းတွေ ကောင်းကောင်းမလုပ်ခဲ့လို့ ရန်ကုန်နေလူထုဟာ အစိုးရရဲ့ဝန်ဆောင်မှုဆိုတဲ့စကားလုံးကိုတောင် မကြားဖူးတာ ကြာလှပေါ့။ အများပြည်သူသုံးသန့်စင်ခန်းတွေကို လူစည်ကားရာနေရာတွေမှာ လုပ်ပေးခဲ့ပေမယ့် သိပ်မကြာတော့တဲ့အချိန်အတွင်းမှာ ညစ်ပတ်စုတ်ပြတ်လာပြီးနောက်ပိုင်း တော်တော်များများ ပိတ်သိမ်းသွားတာ တွေ့ရတယ်။ ကဲ ခုတော့ လမ်းဆုံကြီးမှာ အိမ်သာတက်ချင်တဲ့ ကွီးဖြိုးအတွက် တိုင်ပတ်လေပြီ။

“ဝန်ကြီးချုပ်ရေ… ဒါပြီးရင်တော့ အိမ်သာအသစ်တွေ ဆောက်ပေးရတော့မယ်ထင်တယ်ဗျ။” “ဆရာကြီး ကျနော့်ကို အရင် အိမ်သာလေး ရှာပေးဦးဗျာ” တဲ့။ မျက်နှာငယ်လေးနဲ့ ဆိုတယ်။ အဲ့ဒါနဲ့ ကျနော်လည်း အနီးအနားကြည့်တော့ စီတီးမတ် သွားတွေ့တယ်။ “ကဲ ဝန်ကြီးချုပ် လာဗျာ။ စီတီးမတ်ထဲ သွားရအောင်။”

၁၀ မိနစ်လောက်ကြာပြီး ကြည်လင်လန်းဆန်းတဲ့ မျက်နှာနဲ့ ပြန်ထွက်လာတယ်။ “ဆရာကြီး တက္ကစီငှားပြီး ပြန်ရအောင်ဗျာ။ ကျွန်တော် လုပ်စရာတွေ ရှိသေးတယ်” တဲ့။ အဲ့ဒါနဲ့ တက္ကစီငှားရတယ်။ တက္ကစီပေါ်ရောက်တော့ “ဝန်ကြီးချုပ်ရဲ့ မထသ ပြုပြင်ပြောင်းလဲရေးက စပါယ်ယာတွေရဲ့ မိုက်ရိုင်းတာတွေ၊ မတရားမှုကျူးလွန်တာတွေကို ပြည်သူတွေ ဆက်တိုက်ခံစားခဲ့ရပြီးနောက်ပိုင်း လုပ်တာဆိုတော့ ခု လိုင်းသစ်တွေက စပါယ်ယာနဲ့ ဒရိုင်ဘာတွေက အရင်တုန်းက လူတွေက မမိုက်ရိုင်းတော့ဘူး။ မကျူးလွန်တော့ဘူးပေါ့ နော” လို့ ကျနော်က မေးပြော၊ ပြောတယ်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

“အဲ…. ဟိုဝါ… အဲ့လိုတော့လည်း…. ဒီလိုဗျာ… ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ရမှာပေါ့”

“မဟုတ်ဘူးလေ… ဝန်ကြီးချုပ်ရဲ့ ခုက နာမည်နဲ့ လမ်းကြောင်းတွေပဲ ပြောင်းသွားတာ။ လူတွေက အရင်လူတွေပဲ။ မနေ့က ခရီးသည်ကို ရိုက်တဲ့လူပဲ၊ အော်တဲ့သူပဲ ဒီကားကို ပြန်မောင်းတာ။ ဒီလူက မရိုက်ပါဘူးလို့ ဝန်ကြီးချုပ် အာမခံမလား”

“ဒီလိုတော့လည်း ဘယ်ဟုတ်မလားဗျာ။ ဟိုဟာဗျာ…ခင်ဗျားတို့ သတင်းထောက်တွေလည်း သတင်းမှန်ရရှိရေး၊ အချက်အလက်တွေနဲ့ ကူညီပေးကြဗျာ။”

စကားပြောလာရင်း ဗြုန်းကနဲ စီးလာတဲ့တက္ကစီက လွှတ်တော်ရုံးရှေ့မှာ တုန့်ကနဲ ရပ်လိုက်တယ်။ တက္ကစီနောက်က ပါလာတဲ့ ဗန္ဓုလပါရမီပုံပြောင်း YBS ကားတစီးက လှမ်းဆဲတယ်။ “ဟေ့ကောင်၊ ဖင် ကောင်းနေတယ် ဟုတ်လား၊ ခွေးမသား၊ နောက်ကားလေးဘာလေးကြည့်” တဲ့။

ဝန်ကြီးချုပ်ခမျာတော့ ချွေးတွေပြန်ရင်း ကျွန်တော်ကို သူ့နာရီကြီး မြှောက်ပြရင်း လွှတ်တော်ရုံးထဲ ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်ဝင်သွားတော့တယ်။

(ရန်ကုန်မြို့ အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ် ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ရေးသားထားသည့် သရော်စာဖြစ်ပါသည်။)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.