ကော်ဖီယဉ်ကျေးမှုကို ပြုစု ပျိုးထောင်ခြင်း

ကော်ဖီအဖျော်သမား အုပ်စုတစ်ခုကို လေ့ကျင့်ပျိုးထောင်ပေးနေသော ကိုယ်ကျိုးမကြည့်သည့် စီးပွားရေးသမား တစ်ဦးနှင့် အရည်အသွေးမြင့် အာရေဗီကာကော်ဖီ စိုက်ပျိုးနည်းကို လယ်သမားများကို သင်ပြပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုက မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် ကော်ဖီ သောက်သုံးသည့် ယဉ်ကျေးမှုကို ပျိုးထောင်ပေးနေသည်

ပီတာ ဂျင်ဆင် ရေးသားသည်။

ဓာတ်ပုံများ- အန်းဝမ်

“ကျွန်တော်က ကော်ဖီအဖျော်သမားတစ်ယောက် ဖြစ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ကော်ဖီကို ရူးသွပ်လို့ပါ” ဟု ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်ရှိ Sithar Coffee Co Ltd တွင် ကော်ဖီအဖျော်သမားသင်တန်း တက်ရောက်နေသော အသက် ၂၉ နှစ်အရွယ် ကိုဖြိုးသူအောင်က ပြောကြားသည်။

ကိုဖြိုးသူအောင်သည် ဆယ်ကျော်သက်အရွယ်တွင် ကော်ဖီကို စတင်သောက်သုံးခဲ့သည်။ သို့သော် သူ၏ ကော်ဖီအတွေ့အကြုံသည် မြန်မာနိုင်ငံသား အများစုကဲ့သို့ပင် အသင့်ဖျော် ကော်ဖီမစ်များသာ ဖြစ်သည်။ Sithar Coffee တွင် လေ့လာသင်ယူခဲ့သော တစ်လအတွင်းတွင် ကိုဖြိုးသူအောင်၏ နှာခေါင်းနှင့် လျှာသည် အဆင့်မြင့် ကာဖိန်းများကို ကြိုက်နှစ်သက်တတ်လာသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် Espresso၊ Caffe Latte နှင့်  Cappuccino များကို မည်ကဲ့သို့ ဖျော်ရမည်ကို သင်ယူခဲ့ရသောကြောင့် ဖြစ်သည်။ “Cappuccino ကော်ဖီရဲ့ အမြုပ်တွေကို တစ်ယောက်ထဲ လုပ်ရတာ ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ကျွမ်းကျင်အောင် ကြိုးစားမှာပါ” ဟု ကိုဖြိုးသူအောင်က Frontier ကို ပြောသည်။

ကိုဖြိုးသူအောင်သည် Sithar Coffee တွင် ကော်ဖီအဖျော်သမား သင်တန်းတက်နေသော မသန်းစွမ်းသူ ခြောက်ဦးထဲမှ တစ်ဦးဖြစ်သည်။ Sithar Coffee သည် ကော်ဖီဖျော် ကိရိယာတန်ဆာပလာများ ရောင်းချသော ကုမ္ပဏီဖြစ်ပြီး Sithar နှင့် Highland ကော်ဖီအမှတ်တံဆိပ် နှစ်ခုကို ထုတ်လုပ်ရောင်းချနေသူ ဖြစ်သည်။ Highland ကို ရန်ကုန်မြို့ရှိ စူပါမားကတ်ကြီးများတွင် ရရှိနိုင်ပြီး အဆင့်မြင့် Sithar ကော်ဖီများကို ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များထံ တိုက်ရိုက်ရောင်းချနေသည်။

typeof=

Sithar Coffee ၏ အမှုဆောင်ဒါရိုက်တာ ဦးသူဇော်က မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖက်ဒရေးရှင်း (Myanmar Federation of Disabled Persons) ၏ အဖွဲ့ဝင် ၉,၀၀၀ ထဲမှ ရွေးချယ်ကာ ကော်ဖီအဖျော်သမား အုပ်စုတစ်ခုကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် မျှော်လင့်လျှက်ရှိသည်။ မြန်မာနိုင်ငံတွင် အဆင့်မြင့်ကော်ဖီ သောက်သုံးသည့် ယဉ်ကျေးမှုကို ပျိုးထောင်ပေးရန် သူက မျှော်လင့်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကော်ဖီသောက်သုံးသည့် ဓလေ့သည် အစပျိုးခါစသာ ရှိသေးပါသည်။ “သူတို့တွေ အရည်အသွေး ပြည့်မီလာမယ်ဆိုရင် Starbucks နဲ့ တခြားနိုင်ငံတကာ ကော်ဖီဆိုင်တွေ မြန်မာနိုင်ငံမှာ လာဖွင့်ရင် သူတို့ အလုပ်တွေ ရနိုင်ပါတယ်”ဟု ဦးသူဇော်က ပြောကြားသည်။

နိုင်ငံတကာ ကော်ဖီဆိုင်ကြီးများ မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်နေပြီဖြစ်ရာ ဩစတြေးလျနိုင်ငံမှ Gloria Jean’s ကော်ဖီဆိုင်သည် မြန်မာပလာဇာတွင် မတ်လက ပထမဆုံး ဆိုင်ခွဲတစ်ခုကို ဖွင့်လှစ်ခဲ့သည်။ ထိုင်းနိုင်ငံမှ ကော်ဖီဆိုင်ကြီးများ ဖြစ်ကြသည့် True Coffee၊ Black Canyon နှင့် Chao Doi၊ ထိုင်ဝမ်နိုင်ငံမှ Gong Cha တို့သည် မြန်မာပိုင် ကော်ဖီဆိုင်များနှင့် ပူးပေါင်းပြီး  ပြီးခဲ့သောနှစ်အတွင်းတွင် ဆိုင်ခွဲများကို ရန်ကုန်၌ ဖွင့်လှစ်ခဲ့ကြသည်။ ထိုးဖောက်ဝင်ရောက်လာသော ကော်ဖီယဉ်ကျေးမှုသည် Espresso ကော်ဖီဖျော်စက်များနှင့် ကော်ဖီနှင့် ဆက်စပ်ပစ္စည်းများကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီသွားများကို ရောင်းချနေသော ကော်ဖီဆိုင်များနှင့် ပြည်တွင်း စားသုံးသူများကို ရောင်းချပေးနေသော Sithar Coffee အတွက် သတင်းကောင်းဖြစ်သည်။ အရည်အသွေးမြင့် ကော်ဖီများကို ဝယ်လိုအား များပြားလာခြင်းသည် အပြန်အလှန်အနေဖြင့် အရည်အသွေးမြင့် ကော်ဖီများအကြောင်း နားလည်သော လူများကို လိုအပ်ချက်လည်း များပြားလာစေသည်။

Ann Wang / Frontier

Ann Wang / Frontier

မြန်မာနိုင်ငံသည် ကော်ဖီကမ္ဘာတွင် အသစ်ရောက်ရှိလာသူ ဖြစ်သည်။ မကြာမီကာလအတွင်း ဗီယက်နမ်နှင့် ဘရာဇီးနိုင်ငံများကဲ့သို့ ကော်ဖီအများအပြား ထုတ်လုပ်သော နိုင်ငံဖြစ်လာနိုင်ခြေသည် နည်းပါးနေသေးသည်။ ၁၈၈၅ ခုနှစ်တွင် ကော်ဖီကို တနင်္သာရီတိုင်းဒေသကြီးသို့ နိုင်ငံခြားသာသနာပြုများက မိတ်ဆက်ပေးခဲ့သည်။  သို့သော် လက်ဖက်ရည်ကိုသာ အများဆုံး သောက်သုံးကြသော ဗြိတိသျှကိုလိုနီများ လက်ထက်တွင်လည်း ကော်ဖီစိုက်ခင်းများ တိမ်ကောမသွားခဲ့ပေ။ လွတ်လပ်ရေး ရရှိပြီးနောက် လက်ဖက်ရည် ကြိုက်နှစ်သက်သော မြန်မာများ၏ လက်ထဲတွင်လည်း တိမ်ကောမသွားခဲ့ပေ။ မြန်မာနိုင်ငံသည် တစ်နှစ်လျှင် ကော်ဖီစေ့တန်ချိန် ၂,၀၀၀ မှ ၇,၀၀၀ အထိ ထုတ်လုပ်သည်ဟု ဆိုကြသည်။ သို့သော် ထိုခန့်မှန်းချက်များသည် စိတ်ချ ယုံကြည်ဖွယ်မရှိသည့် စာရင်းအင်း အချက်အလက်များကြောင့် ပြောင်းလဲနေပါသည်။ မြန်မာနိုင်ငံသည် ကော်ဖီသောက်သုံးမှု နောက်ကျခဲ့သဖြင့် ကျွမ်းကျင်ပညာရှင်များက အပေါစား ကော်ဖီများကို သောက်သုံးမည့်အစား အဆင့်မြင့် အရည်အသွေးမြင့် ကော်ဖီများကို သောက်သုံးကြရန် တိုက်တွန်းနေကြသည်။

အရည်အသွေးမြင့် ကော်ဖီထုတ်လုပ်မှုကို ထောက်ပံ့ပေးနိုင်ရန် အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တစ်ခုဖြစ်သော Winrock International က US Agency for International Development ၏ ဘဏ္ဍာရေး အကူအညီဖြင့် မြန်မာနိုင်ငံမှ လယ်သမားများကို အရည်အသွေးမြင့် အာရေဗီကာ (Arabica) ကော်ဖီ စိုက်ပျိုးနည်းများကို လေ့ကျင့်ပျိုးထောင် ပေးလျှက်ရှိသည်။ Arabica ကော်ဖီသည် သာမန် လူသုံးကုန်အဆင့် ကော်ဖီဖြစ်သည့် Robusta ကော်ဖီ၏ ပျမ်းမျှ ဈေးနှုန်းထက် နှစ်ဆခန့် ပိုမိုမြင့်မားပါသည်။ Robusta ကော်ဖီကို ကမ္ဘာ့ဈေးကွက်တွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃,၅၀၀ မှ ၄,၀၀၀ အထိ ရောင်းချပါသည်။

Ann Wang / Frontier

Ann Wang / Frontier

လူမှုရေးလုပ်ငန်း အစီအစဉ်များဖြင့် ကျေးလက်ဒေသ၏ ဝင်ငွေကို မြင့်တင်ပေးရန် အထူးပြု လုပ်ဆောင်သော Winrock သည် ၂၀၁၄ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံမှ ကော်ဖီစိုက်ပျိုးသူ ၃,၄၀၀ ကို အကောင်းဆုံး စိုက်ပျိုးရေး နည်းစနစ်များ၊ ရိတ်သိမ်းပြီး နည်းစနစ်များ၊ အခြောက်ခံခြင်း၊ လှော်ခြင်းမှစတင်ပြီး ဖျော်သည့်အဆင့်အထိ နည်းပညာများကို သင်ကြားပေးနေသည်။ ထိုသို့ ကွင်းဆင်းလေ့ကျင့်သင်ကြားပေးမှုက အကျိုးရလဒ်များ စတင်ရရှိစ ပြုလာပြီဖြစ်သည်။

ပြီးခဲ့သောနှစ်က မြန်မာနိုင်ငံတွင် ကျင်းပသော ပထမဆုံးအကြိမ် ကျွမ်းကျင်သူအဆင့် ကော်ဖီအဖျော်ပြပွဲတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော Winrock ၏ ကျွမ်းကျင်ပညာရှင်များက ပြသထားသော ကော်ဖီ အမျိုးအစား ၆၀ မျိုးတွင် ၂၀ ခုကိုသာ အမှတ် ၁၀၀ တွင် ၈၀ အထိ သတ်မှတ်ပေးခဲ့သည်။ Specialty Coffee Association of America နှင့် Specialty Coffee Association of Europe ကဲ့သို့သော အဖွဲ့အစည်းများက ရမှတ် ၈၀ အထက်ပေးသော ကော်ဖီများကို အရည်အသွေးမြင့် အထူးကောင်းမွန်းသည့် Specialty ကော်ဖီအဖြစ် ယူဆထားကြပြီး ၎င်းတို့သည် ဈေးပိုမိုမြင့်မားကြသည်။ မတ်လတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ကျင်းပသော ကော်ဖီအဖျော်ပြပွဲ တစ်ခုတွင်လည်း ကော်ဖီအမျိုးအစား ၅၆ ခုကို ရမှတ် ၈၀ ကျော် ပေးခဲ့ပြီး အမြင့်ဆုံး ရမှတ်သည် ၈၇ မှတ် ဖြစ်ခဲ့သည်။

Ann Wang / Frontier

Ann Wang / Frontier

ကော်ဖီအဖျော် ကျွမ်းကျင်ပညာရှင်များ ပြပွဲပြီး၍ အိမ်ပြန်သွားပြီးနောက်တွင် ကော်ဖီ၏ အရည်အသွေးကို ဆက်လက်ထိန်းထားနိုင်ရန်မှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ တသမတ်တည်းဖြစ်သော အရည်အသွေးကို ထိန်သိမ်းထားနိုင်ရန်မှာ ကျွမ်းကျင်မှုများကို ထိန်သိမ်းထားရန် လိုအပ်သည်။ လုပ်ငန်းအတွင်း ပါဝင်နေသော လယ်သမားမှ စတင်ကာ အဖျော်သမားအဆုံး ကျွမ်းကျင်မှုရှိရန် လိုအပ်သည်။ အပြန်အလှန် ဖလှယ်ရန် လိုအပ်သည်။ “ကျွန်တော်တို့ရဲ့ ကော်ဖီကို ဘယ်လို အသုံးတော်ခံတယ်ဆိုတာ သိဖို့လိုပါတယ်။ ကော်ဖီစေ့ လှော်သူ၊ အဖျော်သမား၊ ကော်ဖီစိုက်ခင်း မန်နေဂျာ၊ ဘယ်သမားအဆုံး ကော်ဖီကို ဘယ်လို အသုံးတော်ခံတယ်ဆိုတာ သိဖို့လိုပါတယ်” ဟု ဦးသူဇော်က ပြောသည်။ သူလေ့ကျင့်ပျိုးထောင် ပေးထားသော မသန်စွမ်းသူ ကော်ဖီပညာရှင်များသည် သူ၏ ကော်ဖီကို နိုင်ငံခြားဈေးကွက်သို့ တင်ပို့နိုင်စေရန် အကူအညီ ပေးလိမ့်မည်ဟု မျှော်လင့်ထားသည်။ ဧပြီလတွင် ကျင်းပသော ကော်ဖီပြပွဲတွင် Sithar သည် ရမှတ် ၈၃ မှတ် ရထားသည်။

မြန်မာနိုင်ငံ၏ တိုးတက်လာသော ကော်ဖီလုပ်ငန်းသည် မသန်စွမ်းသော လူအဖွဲ့အစည်းအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနေသည်။ မသန်စွမ်းသူ အများစုသည် အလုပ်အကိုင်ရရှိရန် ရုန်းကန်နေရသည်။ မသန်စွမ်းသူများ၏ အခက်အခဲကို ဖြေရှင်းပေးခြင်းသည် နိုင်ငံရေး ကိစ္စရပ်တစ်ခုလည်း ဖြစ်လာသည်။ လျစ်လျူရှု ခံထားရသော မသန်စွမ်း လူ့အဖွဲ့အစည်းအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လက်အောက်တွင် အစိုးရသစ်သည် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးမည့် ဥပဒေများ ပြဌာန်းပေးမည်ဟု မျှော်လင့်ထားသည်။

“ကျွန်တော်တို့ ဖောင်ဒေးရှင်းထဲက နာယကတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်” ဟု လွန်ခဲ့သော ကိုးနှစ်က စတင်တည်ထောင်ခဲ့သည့် Myanmar Federation of Disabled Persons ၏ တည်ထောင်သူလည်းဖြစ်၊ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သော ဦးမြတ်သူဝင်းက ပြောကြားသည်။

Ann Wang / Frontier

Ann Wang / Frontier

အောက်ပိုင်းသေနေပြီး ဘီးတပ်ကုလားထိုင်ဖြင့်သာ သွားလာရသော ဦးမြတ်သူဝင်းသည် မသန်စွမ်းသူများ၏ အခွင့်အရေးအတွက် ဥပဒေများ ရေးဆွဲပေးရန် အစဉ်တိုက်တွန်းနေသည်။ ထိုသို့ဖြင့် မသန်စွမ်းသူများအတွက် အထူးပညာရေး အစီအစဉ်များ၊ မသန်စွမ်းသူများ သွားလာရလွယ်ကူစေသော အဆောက်အဦးများ တည်ဆောက်ခြင်း၊ မသန်စွမ်းသူများကို အလုပ်ခန့်ထားသော လုပ်ငန်းများကို အခွန်လျှော့ပေါ့ပေးခြင်းတို့ကို လုပ်ဆောင်နိုင်စေရန် ဖြစ်သည်။

မကြာမီက ကောက်ယူခဲ့သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ရလာဒ်များအရ မြန်မာနိုင်ငံ လူဦးရေ၏ ၄ ဒသမ ၆ ရာနှုန်းသည် မသန်စွမ်းသူများ ဖြစ်သည်ဟု ဦးမြတ်သူဝင်းက ပြောသည်။

“ကျွန်တော်တို့ရဲ့ အဓိက စိန်ခေါ်မှုကတော့ မသန်စွမ်းသူများအတွက် အလုပ်အကိုင် ရှာဖွေပေးခြင်း ဖြစ်ပါတယ်။ ဒါက ခက်ခဲပါတယ်” ဟု ဦးမြတ်သူဝင်းက ပြောသည်။

မြန်မာနိုင်ငံရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များကို မသန်စွမ်းသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီစေရန် တည်ဆောက်ထားခြင်း မရှိပေ။ လူ့အဖွဲ့အစည်းအတွင်း မသန်စွမ်းသူများ၏ ပုံရိပ်ကလည်း ရှေးရိုးစွဲ ဓလေ့စရိုက်များကြောင့် ထိခိုက်နေရသည်။

“မြန်မာနိုင်ငံက လူအများစုက ကံ၏အကျိုးကို ယုံကြည်ကြတယ်။ အဲဒါက လူတစ်ချို့က ကံကောင်းနေကြတာက အတိတ်ဘဝက ကောင်းတာတွေ လုပ်ခဲ့လို့ဖြစ်တယ်။ လူတစ်ချို့က မသန်စွမ်းသူ ဖြစ်လာတာက အတိတ်ဘဝမှာ မကောင်းတာတွေ လုပ်ခဲ့လို့ဖြစ်တယ် ဆိုပြီးတော့ပေါ့” ဟု စိန်ခေါ်မှုများကြားထဲမှ အောင်မြင်သော အိမ်ခြံမြေ လုပ်ငန်းရှင်ဖြစ်လာသူ ဦးမြတ်သူဝင်းက ပြောကြားသည်။

သူသည် သူ၏ ကံကြမ္မာကို မည်သို့ အနိုင်ယူခဲ့သနည်း။

“ကျွန်တော် ဒီလို အောင်မြင်လာတာကလည်း ကျွန်တော်ရဲ့  ကံကြမ္မာပါပဲ။ ကျွန်တော်က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပါတယ်။ ဒီနေ့ ပြုလုပ်လိုက်တဲ့ ကောင်းမှုတွေက မနက်ဖြန်မှာ ကောင်းကျိုးခံစားရမှာပါ။ ဒီဘဝအတွက်တော့ ကျွန်တော် ဘာမှ မတတ်နိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကောင်းတာတွေ ဖြစ်လာအောင်တော့ ကျွန်တော် တတ်နိုင်ပါသေးတယ်” ဟု ဦးမြတ်သူဝင်းက ဆိုသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.